Thursday 31 October 2013

ချမ်းသာတာ



Myanmar Online News Friday, October 25, 2013

အမေရိကန်ကလေးက သူ့ဖခင်ကိုမေးတယ်...
"ဖေဖေ.. သားတို့မှာ ပိုက်ဆံရှိသလား"
ဖခင်ကပြန်ဖြေတယ်....
"ဖေဖေ့မှာ ပိုက်ဆံရှိတယ်၊ သားမှာမရှိဘူး"

ဒါကြောင့် အမေရိကန်ကလေးတွေက ငယ်ငယ်လေးကတည်းက ကိုယ်တိုင်ကြိုးစားရမယ်ဆိုတာကို သိတယ်။
ဘိုးဘွားမိဘတွေရဲ့အရိပ်အရာကို ဆက်ဆံပြီးရင်လည်း ဒီလိုပဲ အဆက်ဆက် လက်ဆင့်ကမ်းသွားကြတယ်။ ဒါကြောင့် သူတို့ရဲ့စီးပွားရေးလုပ်ငန်းက ရာစုနှစ်ချီအောင် တည်တံအောင်မြင်တယ်။

ထိုင်ဝမ်ကလေးက သူ့ဖခင်ကိုမေးတယ်....
"ဖေဖေ.. သားတို့မှာ ပိုက်ဆံရှိသလား"
ဖခင်ကပြန်ဖြေတယ်....
"ဖေဖေတို့ အရမ်းချမ်းသာတယ်.. ဖေဖေသေသွားရင် ဒီပိုက်ဆံတွေက သားအတွက်ပဲ"

ဒီလိုနဲ့ ထိုင်ဝမ်ကချမ်းသာတဲ့ကလေးတွေက ငယ်ငယ်လေးတည်းက အလိုလိုက်ခံရလွန်းလို့ ဆိုးခဲ့တယ်။ ဘာအလုပ်မှ မယ်မယ်ရရမလုပ်ဘဲ အဖေတောင်မသေသေးဘူး... ငွေကို ကြိုက်သလိုဖြုန်းတော့တယ်။ အဖေ့အရိုက်အရာကို ဆက်ခံတော့လည်း မကြာခင် ဒေဝါရီခံရတယ်။

ဒါကြောင့် ရှေးစကားတစ်ခွန်းက ဒီလိုဆိုတယ် ...
"ချမ်းသာတာဟာ မျိုးဆက်၃ဆက် မကူးဘူး"တဲ့။

နှင်းဆီဖူးလေးများ-Love BUDS
 

တည်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ



Myanmar Online News Tuesday, October 29, 2013

ရောင်ရမ်းမှု လျော့ကျစေပါတယ်

တည်သီးမှာ ကက်တီချင်နဲ့ ဂယ်လိုကက်တီချင်တို့လို ကျန်းမာရေးအကျိုးပြု အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့အပြင် အကျိတ်ပြေပျောက်စေတဲ့ ဘီတူလင်းနစ် အက်စစ်လည်း ပါဝင်ပါတယ်။ ကက်တီချင်ဓာတ်မှာ ကူးစက်ပိုး ကင်းစေတာ၊ ရောင်ရမ်းမှု လျော့ကျစေတာနဲ့ သွေးကြောက သွေးယိုစိမ့်မှု မဖြစ်အောင် ကာကွယ်ပေးတာ စတဲ့ အစွမ်းအာနိသင်တွေ ရှိပါတယ်။

အိုမင်းမှုနဲ့ ရောဂါဝေဒနာတွေကို ဟန့်တားပေးပါတယ်

လတ်ဆတ်တဲ့ တည်သီးတွေမှာ ဗီတာမင်အေ၊ ဘီတာကယ်ရိုတင်း၊ လိုင်ကိုပင်း၊ လူတင်၊ ဇီဇန်သင်းနဲ့ ခရစ်ပတိုဇန်သင်းတို့လို အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေ စုပေါင်းပြီး မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးတဲ့အတွက် အိုမင်းမှုကို ဟန့်တားပေးကာ ရောဂါဝေဒနာ အများအပြားရဲ့ ဖြစ်စဉ်ကို နှောင့်နှေးစေပါတယ်။

အသက်ကြီးတာကြောင့် ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်

တည်သီးမှာ ပါဝင်တဲ့ ဇီဇန်သင်းဟာ မျက်စိအာရုံခံလွှာရှိ မက်ကူလာမှာ အင်တီအောက်ဆီးဒင့် ရရှိစေပြီး အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (AMRD) မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကူးစက်ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်

တည်သီးမှာ အများအပြား ပါဝင်တဲ့အစွမ်းထက် အင်တီအောက်ဆီးဒင့် ဗီတာမင်စီကြောင့် ကူးစက်တတ်တဲ့ ရောဂါဝေဒနာတွေကို တွန်းလှန်နိုင်ပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

အရေးပါတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်

လတ်ဆတ်တဲ့ တယ်သီးမှာ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ကြေးနီ၊ ဖော့စ်ဖရပ်စ် စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သတ္တုဓာတ်ပမာဏ ပါဝင်ပါတယ်။ မဂ္ဂနိစ်ဟာ ဖရီးရယ်ဒီကယ် ဖယ်ရှားရေးမှာ အစွမ်းထက်သလို ကြေးနီကလည်း အရေးပါတဲ့ အင်ဇိုင်းဖြစ်ကာ သွေးနီဥ ထုတ်လုပ်ရေးအတွက် လိုအပ်ပါတယ်။

ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်

တည်သီးဟာ ဝမ်းလျှောတာကို ရပ်စေပြီး ချွေးထွက်နည်းစေကာ သွေးထွက်နေရင် နှေးစေပါတယ်။ ဒါ့အပြင် ဗီတာမင်အေ ပါဝင်မှု မြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ရှီဗြူတောနဲ့ ဘီတူလင်းနစ် အက်စစ်တို့ ပါဝင်တာကြောင့် ကင်ဆာ ကာကွယ်နိုင်စွမ်း ရှိတယ်လို့လည်း ထင်ကြပါတယ်။

သွေးကြောစနစ်ကို ကျန်းမာစေပါတယ်

တည်သီးမှာ ဂလူးကို့စ်နဲ့ ဖရက်တို့စ် သကြားဓာတ်တို့ အများအပြား ပါဝင်တာကြောင့် သွေးကြောစနစ်ကို ကျန်းမာစေပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေကို သန်စွမ်းစေပါတယ်။

ဗီတာမင်ဘီအုပ်စု အများအပြား ပါဝင်ပါတယ်

တည်သီးမှာ ပါဝင်တဲ့ ဖောလစ်အက်စစ်၊ ဗီတာမင် B6၊ သိုင်ယာမင်တို့လို ဗီတာမင်ဘီအုပ်စုဟာ ခန္ဓာကိုယ်ထဲက ဇီဝရုပ် ဖြစ်ပျက်မှုဆိုင်ရာ အင်ဇိုင်းတွေရဲ့ လုပ်ငန်းဆောင်တာမှာ ပါဝင် လုပ်ဆောင်ပေးပါတယ်။

အသားအရေ လှပစေပါတယ်

တည်သီးဟာ အရေပြားအတွက်လည်း ကောင်းမွန်တာကြောင့် မျက်နှာပေါင်းတင်ဆေး အဖြစ် ထည့်သုံးလေ့ ရှိကြပါတယ်။ ပြုလုပ်နည်းကတော့ တည်သီးကို ကြက်ဥအနှစ်၊ သံပရာရည်နဲ့ ရောမွှေပြီး မျက်နှာပြင်အနှံ့ သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ကြာမှ ရေဆေးချလိုက်ရင် ချွေးပေါက်ကျယ်တာနဲ့ အရေးကြောင်း ထင်တာတို့ကို လျော့ကျစေပါတယ်။

ကြယ်စင်
Good Health

ဆံပင်ဖြူထွက်ခြင်းကို ကာကွယ်ရန်



Myanmar Online News Wednesday, October 30, 2013

မတည့်သည့်အစားအစာများ မစားမီ၊ မိမိကိုယ်ကို သုံးသပ်ရမည်။ ဆီကြော်၊ ရေကြို၊ အချဉ်၊ အစပ်၊ အခါး စသည်ဖြင့် စားသုံးကြရာတွင် မိမိ၏ ဆံပင်မွေးညှင်းပေါက်များကို အားဖြည့်နိုင်စေရန် အစိုဓာတ်၊ အာဟာရပါသည့် အစားအစာများကို စားသင့်ပါသည်။

ဆေးလိပ်သောက်သူများတွင် များသောအားဖြင့် ဆံပင်ဖြူပို၍ထွက်တတ်သည်။ မိမိ၏ နေ့စဉ် စားသုံးသည့် အစာအာဟာရအား သစ်သီးများ၊ ဟင်းရွက်စိမ်းများ၊ အာလူး၊ နို့၊ ငါး၊ ဒိန်ချဉ်၊ အသည်း၊ ဂျုံနှင့် လုပ်ထားသော အစားအစာများ၊ ဥများကို စားသုံးပေးပြီး ဆေးလိပ်ကို ဖြတ်လိုက်လျှင် ဆံပင်ဖြူပေါက်ခြင်းကို လျော့ပါးစေသည်။

ဖြည့်စွက်အာဟာရအနေနှင့် ဗီတာမင်ကို သောက်သုံးပါ။ ဗီတာမင် A က အရေပြားအောက်ရှိ အဆီဓာတ်(၁)မျိုးဖြစ်သော Sebumကို ထုတ်လုပ်ပေးပြီး ဆံပင်မွေးညှင်းပေါက်များဆီသို့ အစိုဓာတ်ကို စီးဆင်းစေသည်။ ဗီတာမင် B5 ,B6 နှင့် B12 တို့သည်လည်း အထောက်ကူ ဖြစ်စေပြီး ယင်းတို့အနက် B6 သည် မမာမကျန်းမှုကိုဖြစ်စေ၊ ဆံပင်၏ အရောင်ချို့တဲ့မှုကိုဖြစ်စေ ထိန်းသိမ်းအားဖြည့်ပေးသည်။ ဗီတာမင် C က “အင်တီအောက်ဆီးဒင့်”ကို မြင့်မား၍ ဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်၏ ဖျက်ဆီးမှု ခန္ဓာကိုယ် အတွင်းကျရောက်မှု သိသာစွာ ကာကွယ်ပေးသည်။ အခြား အမိုင်နိုအက်စစ်များဖြစ်သည့် “ပါရာအမိုင်နိုဘင်ဇိုးအစ်” သို့မဟုတ် PABA နှင့် “ပင်တိုသနစ် အက်ဆစ်”တို့သည်လည်း အာဟာရကို အကျိုးရှိရှိမြှင့်တင်မှုပေးသည်။

ဆံပင်အခြောက်ခံစက် သုံးခြင်းသည် ဆံကေသာကို ဖျက်ဆီး၍ ဆံပင်ဖြူပေါက်စေသည်။ ထို့အပြင် ပြင်းထန်သော ဆံကေသာပြုပြင်ဆေးများ၊ ဟိုက်ဒြိုဂျင်ပါအောက်ဆိုက်ဒ် ပါဝင်သည့် ဆံပင်ချွတ်ဆေးများ သုံးခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် ဆံပင်ဖြူထွက်ခြင်းကို ကာကွယ်ပါ။

ထူး
facebook

Health Updates Journal

ဂျင်း နှင့် ဆီးသီး



Myanmar Online News
တစ်နေ့က စာလေးနှစ်ပုဒ်ဖတ်ဖြစ်တယ်။ ဂျင်းအကြောင်းနဲ့ ဆီးသီးအကြောင်းပါ၊
Thursday, October 31, 2013

မိန်းကလေးတွေအတွက် သင့်တော်မယ်ထင်လို့ လွယ်ကူတဲ့နည်းလေး ကျွန်မကိုယ်တိုင်လည်း လုပ်နေတဲ့နည်းလေး မျှဝေလိုက်မယ်နော်။

ထွေထွေထူးထူးတော့မဟုတ်ပါဘူး.. ဂျင်းဆိုတာ ဆေးဖက်ဝင်မှန်းအားလုံးသိကြပါတယ်။ မြန်မာအစားအစာထဲက ဂျင်းသုပ်ဆို လူကြိုက်များကြတယ်။ ဂျင်းတွေအမြဲစားပေးရင် ခန္ဓာကိုယ်အတွက်ကောင်းတယ်ဆိုတာ သိကြပါတယ်။ အခုပြောတဲ့နည်းကလည်း လွယ်လွယ်လေးပါပဲ။ ဂျင်းအစိမ်းအနည်းငယ်ကို အနစ်ဖြစ်အောင်လုပ်၊ ခွက်တစ်လုံးထဲထည့်ပြီး ရေနွေးပူလောင်းထည့် ပျားရည်တစ်ဇွန်းထည့် မွှေ... အဲဒီပျားဂျင်းရည်ကို မနက်တစ်ခါ၊ ရေချိုးခါနီးတစ်ခါ တစ်နေ့ကို ၂ကြိမ်သောက်ပေးရင် ကိုယ်ရေစစ်တယ်တဲ့။ ၂လဆက်တိုက်သောက်ရင် ကိုယ်အလေးချိန်လျော့တယ်၊ အသားအရည်လှတယ်၊ တစ်နှစ်ဆက်တိုက်သောက်ရင် အသက်ကြီးပိုင်းလူတွေမှာရှိတတ်တဲ့ လူအိုတင်းတိပ်လို့ခေါ်မလား လက်ဖမိုး၊ လက်မောင်းတွေမှာဖြစ်တတ်တဲ့အမည်းကွက်တွေ လျော့သွားနိုင်သလို ပျောက်သွားနိုင်တယ်တဲ့။ အထူးသဖြင့် ဆောင်းတွင်းမှာ လက်ဖျား၊ ခြေဖျားအေးတတ်သူတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ကျွန်မက ဆောင်းတွင်းဆိုရင် ခြေဖျားအေးတတ်တာကြောင့် လုပ်သောက်နေတာ ၃ ရက်ရှိသွားပါပြီ။ သိသာပါတယ်..

နောက်တစ်ခုက ဆီးသီးခြောက်ပြုတ်ရည်... ဆီးသီးက မြန်မာပြည်မှာလည်း တော်တော်ပေါတယ်။ မြန်မာမှာကျတော့ ဆီးယိုထိုးတာ၊ ဆီးပြားလုပ်တာ၊ အစိမ်းစားတာလောက်ပဲရှိတယ်။ တချို့ကျတော့ ဆီးသီးကို ဟင်းရည်ထဲ ထည့်ပြုတ်တာတို့လုပ်တာပေါ့။ ဆီးသီးက သံဓာတ်၊ သကြားဓာတ်၊ ဗီတာမင်တွေ ပေါပေါများများ ပါဝင်တာကြောင့် လစဉ်ဓမ္မတာ လာတတ်တဲ့ မိန်းကလေးတွေအတွက် အရမ်းသင့်တော်ပါတယ်။ ဆီးသီးခြောက်ပြုတ်ရည်ကို တစ်လလောက် အမြဲသောက်သုံးပေးရင် အသားအရည် သိသိသာသာပြောင်းလဲလာတယ်လို့ ဆိုတယ်။ အသားအရည်စိုပြေဝင်းပလာတယ်။ မွဲခြောက်ခြောက် အသားအရည်ကို ပန်းရောင်သန်းစေတယ်ပေါ့။

ဆီးသီးခြောက်ပြုတ်ရည် လုပ်တာ လွယ်ပါတယ်။ ဆီးသီးခြောက်တွေကို တရုတ်ဆိုင်တွေမှာ ဝယ်ယူလို့ ရပါတယ်။ လုပ်နည်းက ဆီးသီးခြောက်ကို ရေသေချာဆေးပြီး အိုးတစ်လုံးထဲထည့် ရေထဲပြီး နာရီဝက်လောက် ပြုတ်လိုက်ရုံပဲ။ အရည်ကို အအေးခံပြီးပဲ သောက်သောက် ပူနေတုန်းပဲ သောက်သောက်ပေါ့။ များများပြုတ်ပြီး ပုလင်းထဲထည့် ရေခဲသေတ္တာထဲ သိမ်းထားပြီး ရေသောက်သလို သောက်လို့လည်းရတယ်။ ဒါပေမယ့် အအေးက မိန်းကလေးတွေနဲ့ သိပ်မတည့်တာမို့ အနွေးဖြစ်ဖြစ် မအေးတာပဲဖြစ်ဖြစ် သောက်တာပိုကောင်းမယ်လို့ ထင်ပါတယ်။

ခန္ဓာကိုယ်အတွက်ကောင်းတဲ့ သဘာဝပစ္စည်းတွေမို့ သောက်ကြည့်ကြရအောင်ပေါ့နော်။ တအားလှသွားကြရင်တော့ ကျေးဇူးမမေ့နဲ့ပေါ့နော်

*** ယောက်ျားလေးတွေလည်း သောက်နိုင်ပါတယ်

Nine Nine Sanay @ နိုင်းနိုင်းစနေ

မုသားမပါလင်္ကာမချော



Myanmar Online News Thursday, October 31, 2013

တညနေမှာ…
လင်မယားနှစ်ယောက် ရုပ်ရှင်သွားကြည့်မလို့ ပြင်ဆင်နေကြတယ်။
အားလုံးပြင်ဆင်ပြီးတော့ မွေးထားတဲ့ ကြောင်တွေကို အိမ်ပြင်ဆွဲထုတ်ရသေးတယ်။
လူမရှိတုန်း ကြောင်တွေကို အိမ်ထဲပိတ်ထားခဲ့ရင် ချေးပါသေးပေါက်နဲ့ ပြန်လာရင် တအိမ်လုံးနံစော်နေတာ

ကြောင်အားလုံးကို အပြင်ထုတ်ပြီးလို့ တံခါးပိတ်မယ်လုပ်နေတုန်း ကြောင်မကြီးတစ်ကောင်က အိမ်ထဲကို လှစ်ကနဲပြန်ပြေးဝင်သွားတယ်
ဒါနဲ့… …
ယောက်ျားလုပ်သူက အဲဒီကြောင်မကို လိုက်ဖမ်းဖို့ အိမ်ထဲပြန်ဝင်သွားတယ်၊ မိန်းမလုပ်သူက တက္ကစီတစ်စီးကို တားထားပြီး စောင့်နေတယ်

စောင့်ရတာ နည်းနည်းကြာတော့ တက္ကစီသမားက မေးတာပေါ့… …

“ဘယ်သူ့စောင့်နေတာတုန်း အစ်မကြီး”
“အစ်မယောက်ျားကိုပါကွယ်”
“သူက ဘာလုပ်နေတာတုန်း”

အိမ်မှာ ဘယ်သူမှ ကျန်မနေဘူးဆိုတာ သူများကို ပေးမသိစေချင်တာနဲ့ လိမ်ပြီးပြောလိုက်တယ်… …

“ဟိုလေ… ဟိုဟာ၊ အစ်မရဲ့အမေက အပေါ်ထပ်မှာ အိပ်နေတာကွဲ့၊ အဲဒါကို သွားနုတ်ဆက်နေတာ”
“အော်… အော်”

ခဏနေတော့ ယောက်ျားဖြစ်သူ ရောက်လာပြီး စိတ်တိုနေတဲ့ မျက်နှာပေးနဲ့ ပြောတယ်… …

“ကမြင်းမက ကုတင်အောက် ဝင်ပုန်းနေတာလေ၊ တံမြက်စည်းရိုးနဲ့ သုံးလေးချက် ဆောင့်ထိုးလိုက်မှ ထွက်လာတယ်”

“ဟင်…” ဆိုပြီး တက္ကစီသမားလည်း မောင်းပြေးရော…

ဟာသဗိမာန်-ဆရာသန်
သန်၎ကို-ဘာသာပြန်သည်