Tuesday, 1 July 2014

ကောင်လေးနဲ့ ကောင်မလေး



"ငါတို့ လမ်းခွဲကြရအောင်" ကောင်မလေးက စိတ်ကိုတင်း ပြီးပြောတယ်။
"ဘာဖြစ်လို့လဲ?" ကောင်လေးက နားမလည်စွာနဲ့မေးတယ်။
"ပင်ပန်းပြီ.. မောပြီဆိုမှတော့ အကြောင်းပြချက် မလိုတော့ဘူးထင်တယ်"
ကောင်မလေးစကားကို ကောင်လေးက ဘာမှပြန်မပြောဘဲ ဆေးလိပ်ကို တဖွာပြီးတဖွာ ဖွာနေတယ်။
"မသွားပါနဲ့.. ခွဲမသွားနဲ့လို့တောင် ရင်ဖွင့်ပြီး မတားမြစ်တတ်တဲ့ချစ်သူက ငါ့အတွက် ဘာအပျော်တွေများ သယ်ဆောင်ပေးနိုင်ဦးမလဲ?"
ကောင်မလေးရဲ့ စိတ်တွေ အေးစက်လာသလို ခံစားမိတယ်။ တအောင့်ကြာမှ ကောင်လေး စကားစတယ်။
"ငါဘယ်လိုလုပ်မှ ငါ့ကို နင်ခွဲမသွားမှာလဲ?"
"နင့်ကို ငါမေးခွန်းတစ်ခု မေးမယ်။ တကယ်လို့ နင်ဖြေတဲ့အဖြေက ငါ့စိတ်ထဲတွေးထင်ထားတဲ့ အဖြေနဲ့တူခဲ့ရင် နင့်ကိုငါ ခွဲမသွားဘူး။ ဥပမာ- ချောက်ကမ်းပါးစွန်းမှာရှိတဲ့ ပန်းတစ်ပွင့်ကို ငါ အရမ်းကြိုက်တယ်။ အဲဒီပန်းကို ခူးရင် ချောက်ထဲပြုတ်ကျပြီး သေကို သေရမယ်။ ငါ့အတွက် နင် ခူးပေးရဲလား?"
"အင်း... နင့်ကို မနက်ကျမှ ငါအဖြေပေးမယ်"
ကောင်မလေးရဲ့စိတ်တွေ ရေခဲမှတ်ထိအောင် အေးခဲသွားခဲ့တယ်။
မနက်လင်းလာတော့ ကောင်လေး ရှိမနေတော့ဘူး။ စားပွဲခုံပေါ်မှာ နွားနို့ပူပူတစ်ခွက်နဲ့ ခွက်နဲ့ဖိထားတဲ့ စာရွက်တစ်ရွက်ကို ကောင်မလေးတွေ့လိုက်တယ်။ စာရွက်ကိုယူပြီး ကောင်မလေးကြည့်လိုက်တယ်။
"ကောင်မလေး....
အဲဒီပန်းကို ငါသွားခူးမှာ မဟုတ်ဘူး။ သွားမခူးတဲ့အကြောင်း ငါ့ကို ရှင်းပြခွင့်ပေးပါ။

(၁)
နင်က ကွန်ပြူတာနဲ့ စာတွေပဲရိုက်တတ်တယ်။ စက်ထဲက ဒေတာတချို့ ပျက်သွားခဲ့ရင် နင်က ကီးဘုတ်ပေါ်မှောက်ပြီး ငိုဖို့ပဲသိတယ်။ ဒါကြောင့် ဒေတာတွေပြင်ဖို့ ငါ့လက်ချောင်းတွေ နင့်အတွက် ချန်ထားပါရစေ။

(၂)
အပြင်ထွက်တိုင်း နင် သော့ မေ့တတ်တယ်။ ဒါကြောင့် သော့ပြန်လာပေးဖို့ ငါ့ခြေထောက်တွေ နင့်အတွက် ချန်ထားပါရစေ။

(၃)
လျှောက်လည်ရတာကို နင်ကြိုက်တယ်။ ပြီးတော့ နင်မကြာခဏ လမ်းမှားတယ်။ ဒါကြောင့် နင် လမ်းမပျောက်ဖို့ ငါ့မျက်စိတွေ နင့်အတွက် ချန်ထားပါရစေ။

(၄)
လစဉ် မိန်းမသဘာဝဖြစ်တိုင်း ကိုယ်တွေအေးစက်ပြီး နင်ဗိုက်နာတတ်တယ်။ ဒါကြောင့် နင့်ကိုယ်နဲ့ ဗိုက်လေးနွေးထွေးအောင် ပွတ်သပ်ပေးဖို့ ငါ့လက်ဖဝါးတွေ နင့်အတွက် ချန်ထားပါရစေ။

(၅)
နင့်မှာ သူငယ်ချင်း အပေါင်းအသင်းနည်းတယ်။ အထီးကျန်တဲ့ဝေဒနာမျိုး နင်ခံစားရမှာစိုးတယ်။ ဒါကြောင့် နင်မပျင်းမရိ စကားပြောဖော်ရဖို့ ငါ့ပါးစပ်ကို နင့်အတွက် ချန်ထားပါရစေ။

(၆)
နင်က ကွန်ပြူတာရှေ့မှာ အမြဲရှိတယ်။ ကွန်ပြူတာအလင်းကြောင့် မျက်စိတွေလဲ တော်တော် ထိခိုက်ခဲ့ပြီ။ ဒါကြောင့် နင့်အတွက် ငါကောင်းကောင်း အသက်ရှင်ရမယ်။ နင်အိုလာတဲ့အခါ နင့်ကို လက်သည်းညှပ်ပေးမယ်၊ ဆံပင်ဖြူတွေ နုတ်ပေးမယ်။ နင့်လက်ကို အမြဲတွဲထားမယ်။ ပင်လယ်ဘေးက သောင်ကမ်းစပ်မှာ လမ်းလျှောက်ကြမယ်။ ရောင်စုံပန်းတစ်ပွင့်ချင်းစီက လှပတဲ့ နင့်မျက်နှာနဲ့ တူကြောင်း ပြောပြမယ်။

ဒါကြောင့် ငါ့ထက် နင့်ကိုချစ်မယ့်သူ နင် မတွေ့မချင်း အဲဒီချောက်ကမ်းပါးထိပ်မှာ ပေါက်နေတဲ့ပန်းကို ငါသွားမခူးချင်ဘူး"
ကောင်မလေးရဲ့မျက်ရည်တွေ စာရွက်ပေါ် တစ်ချက်ချင်း စီးကျလာခဲ့တယ်။ မျက်စိကို တစ်ချက်ပွတ်ပြီး ကောင်မလေး ဆက်ဖတ်ပြန်တယ်။
"ကောင်မလေး....
ဒီစာကို ဖတ်ပြီးသွားရင်၊ ငါ့အဖြေကို နင်ကျေနပ်သွားရင် ငါ့ကို တံခါးဖွင့်ပေးပါနော်။ ငါအခု တံခါးအပြင်ဖက် ရောက်နေတယ်။ နင်သိပ်ကြိုက်တဲ့ နွားနို့ပေါင်မုန့် ငါ ဝယ်ခဲ့တယ်"

တံခါးကို ကောင်မလေး အမြန်ဆွဲဖွင့်လိုက်တယ်။ စိတ်လှုပ်ရှားနေတဲ့ ကလေးငယ်တစ်ယောက်လို ကောင်လေးက တံခါးအပြင်ဖက်ကနေ ကောင်မလေးကို လက်ဝေ့ယမ်းပြနေခဲ့တယ်။
ဒါကပဲ အချစ် ဒါမှမဟုတ် ဘဝပဲဖြစ်မယ်ထင်ပါတယ်။
အေးဆေးတည်ငြိမ်တဲ့ အချစ်တွေက ပျော်ရွှင်ခြင်းတွေနဲ့ ပတ်လည်ဝန်းခံရတဲ့အခါ ပြင်းပြတဲ့ဆန္ဒနဲ့ ပိုစိတ်ကူးယဉ်ဆန်တာတွေကို တောင့်တလာတတ်တယ်။

တစ်ဖက်သားရဲ့ သာမန်အပြုအမှုနဲ့ အမှုအရာလေးကိုကြည့်ပြီး ချစ်တယ်၊ မချစ်ဘူးလို့ သတ်မှတ်လို့ မရဘူး။ အချစ်မှာ တသတ်မှတ်တည်းသတ်မှတ်ဖို့ ပုံသေနည်းမရှိဘူး။
အချစ်ဟာ ပန်းတစ်ပွင့်လည်း ဖြစ်နိုင်တယ်။
မနက်ခင်းမှာ နိုးထစေတဲ့ အနမ်းတစ်ပွင့်လည်း ဖြစ်နိုင်တယ်။
စိတ်အားငယ်ချိန်မှာ မှီခိုနိုင်တဲ့ ပုခုံးတစ်စုံလည်း ဖြစ်နိုင်တယ်။
အချစ်ကို ခံစားနားလည်တတ်ဖို့ပဲ လိုပါတယ်.....


ÐO ÑOT ÐͧTRU3

ပထွေးကြောင့် လူဆိုးဖြစ်ရခြင်းနှင့် ပါမောက္ခဖြစ်ရခြင်း




တစ်ခါကမြို့တစ်မြို့တွင်အင်မတန် ဆိုးသွမ်းသော ဒုစရိုက်လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီး ရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ လူဆိုးဘဝဖြင့် ကျင်လည်နေရသနည်းဟုမေးမြန်းကြည့်လေ၏။
မေး - ခင်ဗျား ဘယ်လိုအကြောင်းမျိုးတွေကြောင့် အခုလို လူဆိုးဘဝ ရောက်ခဲ့ရတယ်ဆိုတာ လူငယ်တွေသိပြီး ရှောင်နိုင်အောင်လို့ ပြောပြပေးပါလားဗျာ

ဖြေ- ကျွန်တော် လူဆိုးဖြစ်ခဲ့ရခြင်းရဲ့ အဓိက တရားခံကကျွန်တော့် အမေရဲ့ နောက်ယောက်ျား (ပထွေး)ကြောင့်ပေါ့ဗျာ။

ပထွေးက သူလုပ်ကျွေးရတာဆိုပြီး ကျွန်တော်တို့ကို နှိပ်စက်တယ်၊ ကျွန်တော်လည်း စိတ်ညစ်တဲ့ အတွက် အမေနဲ့ပထွေးကို အရွဲ့တိုက်ပြီး အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ ညညတွေမှာ အိမ်မပြန်တော့ဘဲ လမ်းပေါ်မှာပဲ အချိန်ကုန်ခဲ့တယ်။
အဲဒီမှာတင် ကလေကခြေတွေနဲ့ ပေါင်းမိပြီး ဆေးခြောက်တွေ သုံးစွဲခဲ့ကြတယ်။ ငွေလိုတဲ့အခါ ဒုစရိုက်အလုပ်တွေ လုပ်ကြတယ်။ နောက် အဆင့်ထပ်တက်လာပြီး နံပါတ်ဖိုးတွေ ဘာတွေ စွဲသွားတယ်။ ခိုးတယ်၊ လုတယ်၊ ခါးပိုက်နှိုက်တယ်၊ ဒုစရိုက်မျိုးစုံကို ကျူးလွန်မိတော့တာပဲဗျာ။
မေး- ခင်ဗျားမှာ အစ်ကိုတစ်ယောက်ရှိတယ်လို့ သိရတယ် ဟုတ်ပါသလား။
ဖြေ- ဟုတ်ပါတယ်
မေး- သူကရော ဒုစရိုက်သမားပဲလား
ဖြေ- မဟုတ်ပါဘူး၊ သူက အခြားမြို့မှာ တက္ကသိုလ်ပါမောက္ခ လုပ်နေပါတယ်
မှတ်တမ်းတင်အရာရှိလည်း စိတ်ဝင်စားသွားပြီး တက္ကသိုလ်ရှိရာသို့ လိုက်သွားကာ ပါမောက္ခကို အခုလို သွားရောက်တွေ့ဆုံပြီး မေးမြန်းခဲ့ပါတယ်၊


မေး- ဆရာခင်ဗျာ-အခုလို ပါမောက္ခဖြစ်လာအောင် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ် ဆိုတာကို လူငယ်တွေ စံနမူနာယူနိုင်ကြစေဖို့ ပြောပြပေးစေချင်ပါတယ်။
ဖြေ- ကျွန်တော် ခုလို ပါမောက္ခဖြစ်ရတာ ပထွေးကြောင့်ပါပဲခင်ဗျာ။

မေး- ပထွေးကဘယ်လို အားပေးကူညီခဲ့လို့လဲ
ဖြေ- အားပေးကူညီတာ မဟုတ်ဘူးဗျ၊ နှိပ်စက်တာ၊ စိတ်ညစ်အောင်လုပ်တာ။ ကျွန်တော်ကလည်း အဲဒီလို လုပ်လေ စာကြည့်တိုက်သွားပြီး စာဖတ်လေပဲ။ တစ်ခါတလေ အိမ်မပြန်တော့ဘဲ စာကြည့်တိုက်မှူးကို ပြောပြီး စာကြည့်တိုက်မှာ အိပ်တယ်။ စာကြည့်တိုက်မှူးကလည်း ကျွန်တော်နဲ့ သင့်မယ့်စာအုပ်တွေကို ရွေးပေးပြီး ဖတ်စေတယ်။ စာအုပ်တွေထဲကနေ လောကဓံကို ဘယ်လို ရင်ဆိုင်ရမယ်။ ကိုယ့်ဘဝကို ဘယ်လို ရပ်တည်ရမယ်ဆိုတာ သိလာပြီး ကြိုးစားလိုက်တာ ခုလို တက္ကသိုလ်ပါမောက္ခ ဖြစ်လာတာပါပဲခင်ဗျာ။

ဖော်ပြပါ ဝတ္ထုတို ဇာတ်လမ်းအဖြစ်အပျက်လေးကို ကြည့်တတ်ခြင်းအားဖြင့် စာဖတ်ခြင်းသည် ဘဝအတွက် မည်မျှအရေးပါကြောင်း သိသာထင်ရှားလှပါသည်။
မေတ္တာရှင်(ရွှေပြည်သာ)

သွေးလွန်းတုပ်ကွေး ရောဂါကို ၂၄ နာရီအတွင်း ပျောက်ကင်းစေနိုင်တဲ့ ဆေးနည်း


ယခုဖော်ပြမယ့် ဆေးဝါးဟာ လူတိုင်းလူတိုင်း အလွယ်တကူ လုပ်နိုင်မယ့် နည်းလမ်းကောင်း ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

၎င်းဆေး ဖော်စပ်ဖို့အတွက် လိုအပ်သော ဆေးဝါးကတော့ သင်္ဘောရွက် ဖြစ်ပါတယ်။ ထိုသင်္ဘောရွက်ကို ငရုပ်ဆုံနဲ့ ထောင်းလိုက်ပြီး (သို့မဟုတ်) ကျောက်ပြင်ပေါ်တွင် အရွက်များကို ကြေညက်အောင် ကျိတ်ခြေပြီး ထွက်ရှိလာသော အရည်များကို သွေးလွန်တုပ်ကွေး ဖြစ်နေသော လူနာအား တိုက်ပေးလိုက်ပါ။ ထိုလူနာဟာ ဆေးသောက်ပြီးသည် အချိန်မှ ၂၄ နာရီ အတွင်းမှာ ရောဂါဝေဒနာဟာ သိသိသာသာ သက်သာ လာပြီး လန်းဆန်းလာစေမှာ ဖြစ်ပါတယ်။

သင်္ဘောရွက်၏ အရည်ဟာ ကိုယ်ခန္ဓာအတွင်းရှိ သွေးလွန်တုပ်ကွေး ဖြစ်စေသော ဆဲလ်များကို သန့်စင်ပေးမှာပဲ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံမှ ဒေါက်တာ Marissa Sumera Molawan က ပြောပါတယ်။ ပြုလုပ်ပုံ အဆင့်ဆင့်ကို ပုံတွင်ပြထားသည့်အတိုင်း ကြည့်ကာ လုပ်နိုင်ပါတယ်။
အားလုံး အနာရောဂါ ကင်းစင်ပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

Ref - Health News
ကျော်လင်းနိုင် (ရိုးရာလေး)


ဆေးလိပ်ဖြတ်လျှင် ရနိုင်သော အကျိုးကျေးဇူးများ



၁။ ၈ နာရီကြာသော် ခန္ဓာကိုယ်တွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်အပိုများ ကုန်စင်သွားခြင်း
၂။ ငါးရက်ကြာလျှင် ခန္ဓာကိုယ်တွင်းမှ နီကိုတင်းများ ကုန်စင်သွားခြင်း
၃။ တစ်ပတ်ကြာသော် ခံတွင်းနံ့ကောင်းမွန်လာပြီး လျှာခံတွင်းတွေ့လာခြင်း
၎။ ၁၂ ပတ်ကြာသော် အဆုတ်သည် မိမိကိုယ်တိုင် သန့်ရှင်းရေးလုပ်နိုင်သော စွမ်းရည်ပြန်လည်မြင့်
တက်လာခြင်း

၅။ ၃လကြာသော် အဆုတ်သည် ယခင်အခြေအနေထက် ၃၀ ရာခိုင်းနှုန်း ပြန်လည်ကောင်းမွန်လာ
ခြင်း

၆။ တစ်နှစ်ကြာသော် နှလုံးရောဂါဖြစ်နိုင်ခြေကို တစ်ဝက်တိတိ လျော့ချပေးခြင်း
၆။ တစ်နှစ်ကြာသော် အိတ်ကပ်တွင် အနည်းဆုံး ငွေ သုံးသိန်း (ခန့်မှန်းခြေ) ပိုလျှံနေမည်။
--
ရိုးရာလေး ကျန်းမာရေး

http://www.yoyarlay.com/health/therapy/33960-10-profit-without-smoking

မိန်းကလေးများ သိမှတ်ဖွယ်




(၁) သင့်မှာ အဝတ်အစားတွေ အများကြီးရှိဖို့ မလိုပါဘူး။
ခေတ်နဲ့မလိုက်ဖက်တော့တဲ့ ဇာပန်းထည်တွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေ ဖြစ်နေပါစေ။

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။
Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေး မတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေ ဖြစ်တယ်။

(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။
ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။
တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူ မဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။

(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။
ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု.....စတဲ့စာအုပ်တွေ။ ဘုရားသခင်က သင့်ကို လှပတဲ့ မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။

(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။
ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်က ပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူး ဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။

(၆) ရိုးသားလို့ရတယ်၊ ဒါပေမဲ့ ရိုးစင်းနုံအလို့ မရဘူး။ရိုးရှင်းလို့ရတယ်၊ ဒါပေမဲ့ အလွယ်လိုက်လို့မရဘူး။
အိမ်အလုပ်၊ အိမ်ပစ္စည်းတွေကို သင်နားမလည်လို့ရတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အညွန်းစာအုပ်ကို သင်ဖတ်နိုင်ရမယ်။ ကိုယ့်အပေါ် ကူညီခဲ့သူတွေ အတွက် ကျေးဇူးတရားကို ရင်ထဲ အမြဲထည့်ထားပါ။ ကိုယ့်အပေါ် ကဲ့ရဲ့လှောင်ပြောင်သူတွေအတွက် ပုံမှန်၊ သာမန်စိတ်ကိုမွေးပါ။

(၇) ငွေကြေးတွေကို အမြော်အမြင်ရှိရှိ သုံးပါ။
ကိုယ့်အတွက် ကောင်းမွန်တဲ့အတွင်းခံ၊ ဖိနပ်တွေဝယ်ဖို့ မနှမြောပါနဲ့။ အပြင်ပန်းလှပအောင် ဝတ်ဆင်တယ်ဆိုတာ သူတစ်ပါးကြည့်ဖို့အတွက်ပါ။ ဒါဟာ ဝင့်ဝါခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ သင့်တော်ကောင်းမွန်တဲ့ အတွင်းဝတ်တွေက ကိုယ်တိုင်အတွက်ပါ။ ဒါဟာ သက်သောင့်သက်သာရှိခြင်းကို ဝတ်ဆင်တာဖြစ်တယ်။

(၈) လိုက်လျောညီထွေတဲ့စကားကို ပြောဆိုတတ်ရမယ်။
ကလေးကလားနိုင်တဲ့၊ ကပ်ချွဲနှပ်ချွဲစကားတွေက သင့်မှာရှိသင့်တဲ့ အမှတ်တံဆိပ်တွေ မဟုတ်ဘူး။
သင့်မှာ ဗဟုသုတ မရှိလို့ရတယ်၊ ဒါပေမဲ့ အဆင့်အတန်းမရှိလို့ မရဘူး။ အမြင်မတူ၊ အသွင်ကွဲလို့ ရတယ်။ ဒါပေမဲ့ လေးစားရိုသေမှုတော့ ရှိရတယ်။ ဖြစ်ခဲ့၊ ပျက်ခဲ့တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ နာနာကျင်ကျင် မရွတ်ဆိုပါနဲ့။ ဒေါသထွက်နေတုန်း စကားတစ်ခွန်းပြောဖို့ ၁ကနေ ၂ဝအထိ ရေတွက်ပြီးမှ ပြောပါ။


(၉) သင်ဟာ တကိုယ်တည်းသမားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး။
အရေးကြီးတာက တစ်ပါးသူကို မှီတွယ်မယ်ဆိုတဲ့စိတ် မရှိဖို့ပဲလိုတယ်။ အရာရာတိုင်း သူတစ်ပါးကို အားကိုးနေလို့မဖြစ်ပါဘူး။ သိန်းသောင်းချီတဲ့ လခရနေတာက အကောင်းဆုံးပေါ့။ ထောင်ဂဏန်း လခဆိုလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ရှင်သန်အောင် ရပ်တည်နိုင်တဲ့အစွမ်း သင့်မှာရှိသေးတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်ယူစရာဖြစ်တယ်။

(၁ဝ) ဘဝကပေးတဲ့ အရာတိုင်းကို တန်းဖိုးထားမြတ်နိုးပါ၊ သင်ယူပါ။
အချစ်ခံရ၊ အနှစ်သက်ခံရတယ်ဆိုတာ ပျော်ရွှင်တဲ့ဥစ္စာပစ္စည်းဖြစ်တယ်။ သူတစ်ပါးကိုချစ်တယ်၊ နှစ်သက်တယ်ဆိုတာ ပျော်ရွှင်တဲ့ပေးဆပ်ခြင်းဖြစ်တယ်။ တကယ်လို့ သင့်ကို သူခွဲသွားမယ်ဆိုရင် ပြုံးပြုံးရွှင်ရွှင်နဲ့ တောင်းဆုတွေပေးပါ။

အထီးကျန်တာကို ဂုဏ်ရှိရှိခံယူတာက နာနာကျင်ကျင် ချစ်နေရတာထက်စာရင် ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ သူ့တစ်ပါးကို ခွင့်လွှတ်နားလည်တတ်ပါစေ။ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်၊ ခွင့်လွှတ်နားလည်တဲ့စိတ်၊ တာဝန်သိတတ်စိတ် .. စတဲ့စိတ်တွေ တစ်ခုမှ သင့်မှာ လျော့နေလို့ မဖြစ်ဘူးဆိုတာကို နားလည်ထားပါ။