ရေယုန်ပေါက်ရင် ဘာလုပ်ရမလဲ
ဒေါက်တာရှင့် …သမီးအသက် ၂၅ နှစ်
ရှိပါပြီ။ ပြီးခဲ့တဲ့ ရက်က သမီးနှုတ်ခမ်းမှာ အရည်ကြည်ဖုလေး နှစ်လုံးသုံးလုံး
ဖြစ်လာတယ်ဆရာ။ အဲဒီ အရည်ကြည်ဖုလေးက အခုတော့ ပေါက်သွားပြီး နှုတ် ခမ်း ရောင်သလို
ဖြစ်ရပါတယ်။ သမီးတို့ ရပ်ကွက်နဲ့ ဆေးခန်းက အတော်ဝေးပေမဲ့ ဆေးခန်းသွားပြ ခဲ့ပါတယ်။
ဆရာဝန်က ရေယုန်ပေါက်တာလို့ ပြောပြီး ဆေးပေးလိုက်လို့ အခုတော့ သက်သာစ ပြုနေပါပြီ။
သမီး သိလိုတာက ရေယုန်က သမီးတို့လို လူကြီးတွေလည်း ပေါက်တာပဲလား ဆရာ။ သမီးကြားဖူးတာ
ရေကျောက် ပေါက်ပြီးတဲ့ လူပဲ ရေယုန်ပေါက်တာ မဟုတ်ပါလား။ မြဖူးခိုင် (ပျဉ်းမနား)
သမီး မြဖူးခိုင်ကို ဖြေကြား လိုတာကတော့ ရေယုန်ဟာ လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး
ပေါက်တတ်တယ် ဆိုတာပါ။ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်ခံအားကျခြင်း၊ နေလောင်ခြင်းတို့ကြောင့်
ရေယုန် ပေါက်နိုင်ပါတယ်။
သမီးသိထားသလိုပဲ
ရေကျောက်ပေါက်ပြီးတဲ့ သူမှာလည်း ရေယုန် ပေါက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပြန်လည်
အစွန်းပြတဲ့ သဘောပါ။ အဲဒါမျိုး ဆိုရင်တော့ စဖြစ်ဖြစ်ခြင်း ခန္ဓာကိုယ်တစ်ခြမ်း
စူးခြင်း၊ နာခြင်း ဖြစ်ပြီးတော့ ခေါင်းကိုက်တတ်၊ ဖျားတတ်ပါတယ်။ အဲဒီနောက်
အရည်ကြည်ဖု သေးလေးများ မျက်နှာနဲ့ အချို့ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ အပြင်လိုက်၊
အစုလိုက် ပေါ်လာတတ်ပြီး အဲဒီ အဖုလေးတွေ ညှိုး၊ ခြောက်၊ ချပ်သွား ပြီး တစ်ပတ်ခန့်ကြာလျှင်
ပျောက်သွား တတ်ပါတယ်။
သမီး မြဖူးခိုင်ရဲ့ ရေယုန်ကတော့
ရေကျောက်ကြောင့် ပေါက်တဲ့ ရေယုန် မဟုတ်ဘဲ အားနည်းလို့၊ နေလောင်ခံလို့ ဖြစ်တဲ့
ရေယုန်အဖြစ် ဆရာယူဆ မိပါတယ်။ ရေယုန်တွေ မျက်လုံးတစ်ဝိုက် ပေါက်လာရင်တော့ ဆရာဝန်နဲ့
အမြန်ဆုံး ပြသပါ။ အရမ်း မပြင်းထန်ဘူး ဆိုရင်တော့ (၁) ရေယုန်ကြောင့် ဖျားပါက
ကိုယ်ပူကျဆေး သောက်ပါ။ ရေများများသောက်ပါ၊ အကိုက်အခဲ ပျောက်ဆေး သောက်ပါ။
စူးခြင်း၊ နာခြင်း ဖြစ်ပေါ်ပါက ရေခဲဖတ် ကပ်ပေးပါ။ (၂) ရေထိလို့ ရေယုန် မပွားတဲ့အတွက်
ရေနွေးနဲ့ ရေချိုးနိုင်ပါတယ်။ ဆော်ဒါ ရေနွေးဖျော်ရည်၊ Oat Meal၊
ကိုယ်တိုက်ဆပ်ပြာဆီ၊ ဆပ်ပြာရည်တို့နဲ့ ရေချိုးပေးပါ။ မျက်နှာကိုလည်း ရေ၊
ဆပ်ပြာတို့နဲ့ ညင်သာစွာ တိုက်နိုင်ပါတယ်။ (၃) ရေယုန် အရည်ကြည်ဖုက ထွက်တဲ့
အရည်ကြောင့် ရေယုန် ကူးစက်နိုင်တဲ့ အပြင် အရည်ကြည်ဖု အားလုံး ချပ်သွားသည့်တိုင်
မည်သူနှင့်မျှ အရေပြားချင်း မထိမိစေဖို့ ဂရုစိုက်ပါ။ (၄) ဆေးဆိုင်မှာ ရေယုန်
(Shingles) ပျောက်စေသော အရေပြားလိမ်းဆေး ဂျဲလ်မျိုးကို ဝယ်ယူပါ။
အရေးကြီးဆုံးက စိတ်ဖိစီးမှုတွေ
ဖျောက်ဖို့နဲ့ နေလောင် မခံဖို့ပါပဲ။ အရည်ကြည်ဖုတွေ ပြည်တည်လောက်အောင်
ပိုပွားလာရင်တော့ ကြပ်ကြပ်မတ်မတ် ကုသဖို့ လိုအပ်ပါတယ်။ သမီး မြဖူးခိုင် တစ်ယောက်
ရေယုန်ကင်းစင် အလှဖြာဝေနိုင်ပါစေ။ ။
မြ၀တီ
No comments:
Post a Comment