ဆရာမင်းလူ အမှတ်တရ

Myanmar Online News “ဆရာမင်းလူ(၁၉၅၄-၂၀၁၃)”
Thursday, August 15, 2013
မင်းလူကို စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညို
တို့မှ ရန်ကုန်မြို့ အမှတ် (၁၄၇) (၄၇)လမ်းတွင် မေ ၁၈ရက်နေ့ ၁၉၅၄ ခုနှစ်၌
မွေးဖွားခဲ့သည်။မွေးချင်းလေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မာင်ဉာဏ်ပေါ်ဖြစ်သည်။
၁၉၅၉ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ စိန်ပေါ
အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်) ၌ ပညာ သင်ကြား ခဲ့သည်။ ၁၉၆၈ မှ ၁၉၇၂
အထိ အထက(၁) သင်္ကန်းကျွန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပြီး အခြေခံပညာ
အထက်တန်း အောင်မြင် ခဲ့သည်။ ကျောင်းသား ဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့
အတွင်းရေးမှူးနှင့် သိပ္ပံပညာအသင်း တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်တွင်
တက်ရောက် သင်ကြားပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ်
စာစောင်နှင့် နှစ်ပတ်လည် မဂ္ဂဇင်း တို့တွင် တောကျောင်း ဘုန်းကြီး အမည်ဖြင့်
ကဗျာများ ရေးသား ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ဝတ္ထုတို စတင်
ဖော်ပြခံပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ကျောင်းတက်ရင်း စာအုပ် ထုတ်ဝေရေး
လုပ်ငန်း လေ့လာ လုပ်ကိုင်ခဲ့သည်။ မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း)
နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သမီး နှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင်
ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ စတင် ရေးသား ခဲ့သည်။
ယခုအခါ မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံရှိ
မိခင်၏ နေအိမ်တွင် နေထိုင်ရင်း ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဇာတ်ညွှန်းများ ရေးသားလျက်
ရှိသည်။ ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင် ဇာတ်ညွှန်း များစွာ ရိုက်ကူးခြင်း
ခံခဲ့ရပြီး အများစုကို ကိုယ်တိုင် ဇာတ်ညွှန်း ရေးခဲ့သည်။၂၀၁၃သြဂုတ်၁၄ညပိုင်းတွင်
ဝိတိုရိယ ဆေးရုံး၌ကွယ်လွန်အနိစ္စရောက်သည်။
(ပုံမှာ"ပန်းကျောင်း"အရှင်သခင်
ဆရာမင်းလူရဲ့ ပုံရိပ်ဟောင်းလေးဖြစ်ပြီးဆရာ့သမီးဖြစ်သူ
ဆရာမYu Ya ထံမှ တစ်ဆင့်“မင်းလူ၏ ၀တ္တုတိုများ”
ဖေ့ဘုတ်မှတောင်းဆို ကူးယူ၍ ဖော်ပြထားသော
ပုံအားထပ်ဆင့်ဖေါ်ပြခြင်းဖြစ်ပါသည်။)
Popular Journal
= = =
မင်းလူ ကိုယ်ရေး နှင့် စာပေ ဘဝ အကျဉ်း
မိုးမခ ။ သြဂုတ်၊ ၁၅၊ ၂၀၁၃
မင်းလူ (၁၉၅၄-၂၀၁၃)
(ပန်းချီ မျိုးမြင့် @ Artist Myo Myint)
စာရေးဆရာ၊ ကဗျာဆရာ မင်းလူကို စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊
ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့က ရန်ကုန်မြို့ အမှတ် (၁၄၇)၊
(၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။
စာရေးဆရာ/ဒါရိုက်တာ မောင်ဝဏ္ဏ (ကွယ်လွန်)၊ စာရေးဆရာ/အဆိုကျော်/ရုပ်ရှင်မင်းသား
သုမောင် (ဗလ) (ကွယ်လွန်)၊ ရုပ်ရှင်မင်းသား ရူပ မွေးချင်း အရင်း လေးယောက်
အနက် အငယ်ဆုံး ဖြစ်သည်။ စာရေးဆရာ၊ စတူရီယိုတေးရေး/တေးဆို၊ ဒါရိုက်တာ အာယု
(ကွယ်လွန်) နှင့် အဖေတူ၊ အမေကွဲ အကို တော်စပ်သည်။ အမည်ရင်း မှာ
မောင်ဉာဏ်ပေါ် ဖြစ် သည်။
၁၉၅၉-၁၉၆၈ ခုနှစ်များတွင် စိန့်ပေါ
အထက်တန်းကျောင်း (ယခု အ.ထ.က(၆)၊ ဗိုလ်တထောင်) ၌ ပညာ သင်ကြား ခဲ့သည်။ ၁၉၆၈
-၁၉၇၂ ခုနှစ်များတွင် အထက(၁) သင်္ကန်းကျွန်း ကျောင်း သို့ ပြောင်းရွှေ့
ပညာသင်ကြားခဲ့ပြီး အခြေခံပညာ အထက်တန်း အောင်မြင် ခဲ့သည်။ ကျောင်း သား
ဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူး နှင့် သိပ္ပံပညာ
အသင်း တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၇၂-၁၉၇၇
ခုနှစ်များတွင် ရန်ကုန် တက္ကသိုလ် ၌ ဆက်လက် တက်ရောက် ပညာသင်ကြားခဲ့ပြီး
ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင် နှင့်
နှစ်ပတ်လည် မဂ္ဂဇင်း များ တွင် “တောကျောင်း ဘုန်းကြီး” အမည်ဖြင့် ကဗျာများ
စတင် ရေးသား ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ဝတ္ထုတို
စတင် ဖော်ပြခံရပြီး စာပေနယ်သို့ စတင် ဝင်ရောက်ခဲ့ သည်။ ကျောင်းတက်ရင်း
ဖခင်ဖြစ်သူ ၏ လုပ်ငန်းတခု ဖြစ်သည့် စာအုပ် ထုတ်ဝေရေး လုပ်ငန်း ကို လေ့လာ
လုပ်ကိုင်ခဲ့သည်။
မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း)
နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သမီး နှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂
ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ စတင် ရေးသား ခဲ့သည်။
မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံ နေအိမ်တွင် နေထိုင်ခဲ့သည်။ ၂၀၁၃
သြဂုတ် (၁၄) ရက် သန်းခေါင်ကျော်၊ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်
အနိစ္စ ရောက်သည်။ မကွယ်လွန်ချိန် အထိ ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ သရော်စာ၊
စာပေရုပ်ပုံလွှာ၊ ရုပ်ရှင်ဇာတ်ညွှန်း အမျိုးအစား စုံ များစွာ ရေးသားခဲ့သည်။
ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင် ရိုက်ကူးခြင်း ခံခဲ့ရပြီး အများစုကို
ကိုယ်တိုင် ဇာတ်ညွှန်း ရေးခဲ့သည်။
မင်းလူ ရေးသား ခဲ့သော လုံးချင်း
စာအုပ်များ၊ ဝတ္ထုတိုပေါင်းချုပ်များ၊ အက်ဆေး ပေါင်းချုပ်များ စာရင်း
(ပြုစုဆဲ၊ အမှားအယွင်း နှင့် လိုအပ်တာများရှိနိုင်ပါသည်။)
၁) ကံကော်နီ (၂၀၀၄)
၂) ကျွန်တော် ကျွန်မတို့သည် (၁၉၈၅)
၃) ခုနစ်စဉ်အလွမ်း – (၁၉၈၆) (ရုပ်ရှင် ၁၉၉၀၊ အစ်ကို များ ဖြစ်သူ ဒါရိုက်တာ
မောင်ဝဏ္ဏ နှင့် ရုပ်ရှင် သုမောင် တို့ အကယ်ဒမီရခဲ့သည်။ ဆုပေးချိန်တွင်
မင်းလူ မှာ နိုင်ငံရေး ပုဒ်မ ဖြင့် နဝတ စစ်အစိုးရ ၏ ထောင်သွင်း
အကျဉ်းချခြင်းခံနေရသည်။)
၎) ချစ်ဒုက္ခ
၅) ချစ်မှာလားကွယ်၊ ကြိုက်မှာလားကွယ် တိုးတိုးတိတ်တိတ်ရယ် (၁၉၈၇) (ချိုးကူသံ အမည်ဖြင့်ရုပ်ရှင်ရိုက်)
၆) ချစ်မြားရှင် အစ ချစ်မြားရှင်အဆုံ (၁၉၉၆)
၇) ချစ်သောပန်းကလေး (၁၉၇၉)
၈) ခိုးခိုးခစ်ခစ် (အသစ်စက်စက်လုံးချင်းဝတ္ထု) (၂၀၀၉)
၉) ခေါင်းလုံးထိုးသောဝတ္ထုတိုများ
၁၀) ဂန္တဝင်အိမ်မက် (၂၀၀၂)
၁၁) ငိုအားနှင့် ရယ်အား (၁၉၉၆)
၁၂) ငှက်ကလေး (၁၉၈၁)
၁၃) စာပေကယ်ရီကေးချား
၁၄) စာပေကြော်ငြာ စတိတ်ရှိုး ပွဲတော်နှင့် အခြား ဝတ္ထုတိုများ (၂ဝဝ၁)
၁၅) စာပေလေလံပွဲ (၂ဝဝ၁)
၁၆) စိန်အလွမ်း
၁၇) နွေသစ်ရွက်
၁၈) နှစ်ကိုယ်ခွဲ (၁၉၉၆)
၁၉) နှုတ်ခမ်း၏ထောင့်စွန်းများ
၂၀) ပန်းကျောင်း (၁၉၉၇)
၂၁) ပြန်ခေါ်သက်သေ
၂၂) ပြောတိုင်းယုံတဲ့ပုတ်သင်ညို (၁၉၉၉)
၂၃) ဖော်ကွာဝေး (၁၉၈၉)
၂၄) ဖူးစာရှင်ကိုရွေးတော့မည်
၂၅) ဘာမှမတတ်နိုင်ဘူး (၁၉၉ဝ)
၂၆) မိညီမ (၁၉၉၆)
၂၇) မိုးထဲကနှင်းဆီ
၂၈) မင်းမဆိုးပါဘူး (၂ဝဝဝ)
၂၉) မျောက်လက် (၂၀၁၁)
၃၀) ယမကာလုလင် (၁၉၉၉)
၃၁) ရေတမာ (၂ဝဝဝ)
၃၂) ရင်ခုန်သူများ (၁၉၈၈)
၃၃) ရင်ထဲကဆောင်းရာသီ (၁၉၈၉) (၁၉၉၉ တွင် အစ်ကို ဖြစ်သူ မောင်ဝဏ္ဏရုပ်ရှင် ရိုက်)
၃၄) ရယ်စရာ မောစရာ (ပ-၁၉၈၇၊ ဒု-၁၉၉၅)
၃၅) ရင်မောခြင်းနှင် ရယ်မောခြင်း (၁၉၉၇)
၃၆) ရယ်မောခြင်း လက်ရွေးစင် (၁၉၉၉)
၃၇) ရယ်မောခြင်း လက်ကျန်
၃၈) ရွှေနှလုံးသား
၃၉) ရွှေရောင်မမရဲ့ ပုံတူ (စာရေးဆရာစုံ) (၁၉၉၉)
၄၀) လမ်းဖြတ်ကူး သောဝတ္ထုတိုများ (၁၉၉၅)
၄၁) လွန်လေပြီးသောနှလုံးသား (၁၉၉၅)
၄၂) လွမ်းရအောင် (၁၉၈၄)
၄၃) ၀ထ္ထုဖြစ်စေသတည်း
၄၄) သဘာဝကျကျ ဟာသရသ
၄၅) သာဓုအင်ဆန်း (ဖခင် ဆရာ သာဓု၊ အစ်ကို များ ဖြစ်သူ မောင်ဝဏ္ဏ၊ သုမောင်တို့ နှင့်တွဲလျက်) (၁၉၇၈)
၄၆) သူကလည်းသူ ကျွန်တော်ကလည်း ကျွန်တော်
၄၇) သူငယ်ချင်း တယောက်အကြောင်း (၁၉၉၇)
၄၈) သူတို့ ပျော်ကြလေပြီ (၁၉၈၆)
၄၉) သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
၅၀) သုံးနားညီ
၅၁) သံမဏိ ဝတ်မှုန်နှင့် လတ်ဆတ်သော ဝတ္ထုများ (စာရေးဆရာစုံ) (၁၉၉၄)
၅၂) သံယောဇဉ် အဖွဲ့ (၁၉၉၆)
၅၃) အချစ်မြို့သားများ
၅၄) အချစ်ရူးကြီး ရူးတော့သည် (၁၉၉၄)
၅၅) အချစ်လားဟေ့ ဝင်ခဲ့လေကွယ် (ကဗျာ) (၁၉၇၈)
၅၆) အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ
၅၇) အချစ်သက်သက် ဝတ္ထုတိုများ (၁၉၉၆)
၅၈) အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း (၁၉၈၁)
၅၉) အခြားဝတ္တုတိုများ (၂ဝဝဝ)
၆၀) အတွေ့လေးရယ်မှ အို အကြုံ (၁၉၉၆)
၆၁) အမုန်းခွန်အား (ဝတ္ထုများ) (၁၉၉၆)
၆၂) အမည်မဖော်လိုသူ အချစ် (၂ဝဝ၁)
၆၃) အမုန်းအလိုမရှိ (၁၉၉၆)
၆၄) အလွမ်းသစ်
၆၅) အလွမ်း၌ချစ်စေသတည်း
၆၆) အီးကော်လာ
၆၇) အော်ဆွေး
၆၈) အောင်ဘာလေ (၂၀၀၉)
၆၉) အက်ဆေးချစ်သူ(အက်ဆေး ပေါင်းချုပ်) (၂ဝဝ၁)
၇၀) ဦးမင်းလူ ကောင်းမှု (ကဗျာ ပေါင်းချုပ်) (၂ဝဝဝ)
၇၁) ဒေ၀တာမြို့တော် (ဖြည့်စွက်)
၇၂) အချစ်၊ အလွမ်း၊ စွန့်စားခန်း (ဖြည့်စွက်)
ကျန်ရှိနေသေးသော ဆရာ မင်းလူ စာစုစာရင်း များ၊ အချက်အလက်
အမှားအယွင်းများကို မိုးမခ စာဖတ်ပရိသတ် အနေနဲ့ မှတ်ချက်ပြု ဆက်လက်
ပြုစုပေးပါရန် ပန်ကြားအပ်သည်။ ကိုယ်ရေး အကျဉ်း မှာ မိသားစု ၏ တရားဝင်
ထုတ်ပြန်ချက် မဟုတ်ပါ။
ဆရာ မင်းလူ အခုလို ကွယ်လွန် အနိစ္စ
ရောက်သွားခြင်း အတွက် မိုးမခ က မိသားစု နှင့် ထပ်တူ၊ ထပ်မျှ ဝမ်းနည်းကြေကွဲ
ဖြစ်ရသည်။ တိုင်းပြည် အတွက် အဖိုးမဖြတ် နိုင်သည့် ဆုံးရှုံးမှုလည်း
ဖြစ်သည်။ ဆရာ မင်းလူ သက်ဆုံးတိုင် တိုင်းပြည် အတွက် တာဝန်ကျေ ပေးဆပ်ခဲ့သည်
စာပေ လုပ်အားများအတွက် အမြဲတမ်း ကျေးဇူးတင် သမိုင်းမှာ နာမည်ကျန်ရစ်နေမည်
ဖြစ်သည်။
ဆရာ မင်းလူ ကောင်းရာ သုဂတိ လားပါစေ။
= = =
“ အော့..အော် ” - ဆရာမင်းလူ
ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်မနက် ကျောင်းထွက်မယ်။
မောင်လဲလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်။
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်။
မောင်မဆော့ပါ စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်။
လိုက်မယ်၊ လိုက်မယ်။
သမီးသည် မူကြိုကျောင်းက ပြန်အလာတွင်
ကျောင်းကသင်လိုက်သော ကဗျာကို ရွတ်ဆိုရင်း အိမ်ပေါ် ပြေးတက်လာသည်။ ကျွန်တော်ကား
ကဗျာလေး မတောက်တခေါက် ရေးတတ်သူဖြစ်၏။ ကဗျာတွေ အများကြီးတော့ ဖတ်ထားသဖြင့် “ကဗျာ နား”
ရှိနေသည်။
ဆွမ်းအုပ်နီနီ ကဗျာကို ကြားရတိုင်း စိတ်ထဲမှာ ဘဝင်မကျ
ဖြစ်ခဲ့ရ၏။ ထိုကဗျာတွင် တစ်နေရာ၌ ကာရန်လွတ်နေသည်။ “ကျောင်းကြီးပေါ်မှာ
မောင်ငယ်ဆော့တော့” ဆိုသော စာကြောင်းနှင့် “ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်”
ဆိုသော စာကြောင်းနှစ်ကြောင်းတွင် ကာရန် အချိတ်အဆက် မညီဘဲ ရှိနေ၏။
ကျောင်းကြီးပေါ်နှင့် ဘုန်းကြီးအော်ကို ချိတ်ထားသည်ဟု ဆွဲယူနိုင်သော်လည်း နေရာ
အထားအသို မမှန်။ ကာရန်ကို ဒီလိုချိတ်လို့ မရ။
ထိုကဗျာကို ဆရာကြီး ရေးခဲ့ခြင်း ဖြစ်၏။ ဆရာကြီးလို
ပုဂ္ဂိုလ်မျိုးကတော့ ကာရန် အံမကိုက်အောင် လုပ်ထားခြင်းမဟုတ်။ တစ်နေရာရာမှာ တစ်ခုခု
လွဲချော်ခဲ့ခြင်းပင် ဖြစ်လိမ့်မည် ထင်ပါသည်။ ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာ မတင်မကျ
ဖြစ်ခဲ့ရတာ အမှန်။
တစ်လောက ဆရာကြီး၏ ဆောင်းပါးတစ်ပုဒ်မှာ အဖြေကို
သွားတွေ့သည်။ ဆရာကြီးက သူ၏ ကဗျာအချို့တွင် မူလရေးသားချက်နှင့် လူအများ ယခု မှတ်ယူနေကြခြင်းတို့
အကြားတွင် ကွဲလွဲချက်ကလေးတွေ ရှိနေကြောင်း ရေးထား၏။ ထိုအထဲတွင် ဆွမ်းအုပ်နီနီ
အစချီ ဥပုသ်စောင့်ကဗျာလည်း ပါသည်။
မူလရေးစဉ်က....
“ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့”
ဟူသော စာကြောင်းမှ “ဆော့” နှင့် ကာရန်ကိုက်အောင်
နောက်တစ်ကြောင်းတွင် “ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်” ဟူ၍ “အော့” ကို
သုံးထားသည်။ နောက်ပိုင်းတွင် စာစီမှားသောကြောင့် ဖြစ်စေ၊ အမှတ်မှားသောကြောင့်
ဖြစ်စေ “အော့” မှသည် “အော်” ဖြစ်သွားရခြင်းပင်။
ထိုဆောင်းပါး ဖတ်ပြီးတော့မှ ကျွန်တော်
စိတ်ချမ်းသာသွားသည်။ “အော့” ဆိုသော စကားလုံးမှာ “ဆော့” နှင့် ကာရန်ကိုက်ရုံမျှ
မဟုတ်၊ အဓိပ္ပာယ်ကလည်း အလွန်တာသွားသည်။ ကျွန်တော် စဉ်းစားကြည့်သည်။ “အော့” ဆိုသော
စကားလုံး၏ အဓိပ္ပာယ်။ အော့သည်၊ အန်သည်၊ မအန်ခင်မှာ ထွက်ပေါ်လာသော အသံ....။ အော့သံ၊
နောက်တစ်နည်း အော်ခြင်းကဲ့သို့ အသံ မကျယ်လောင်ဘဲ ကျိတ်၍ မာန်မဲသည့်သဘောဟု
ယူနိုင်သည်။ ဟုတ်ပြီ။ လှလိုက်သည့် စကားလုံးကလေး။ ဘုန်းတော်ကြီး၏ စရိုက်နှင့်
အံကိုက်ကွက်တိဝင်သည်။
သို့ရာတွင် ခုထိ လူအများက “ဘုန်းကြီးအော်လို့
ရိုက်လိမ့်မယ်” ဟူ၍သာ ဆိုနေကြတုန်းပင်။ သမီးလည်း ဒီအတိုင်း။ ထို့ကြောင့် သမီးကို
ခေါ်ပြီး “ခုန ဆိုတဲ့ကဗျာ ပြန်ဆိုပြစမ်း သမီး”
သမီးက ဆိုပြသည်။ ဘုန်းကြီးအော်.... နေရာရောက်သောအခါ “ခဏနေဦး
သမီး၊ သမီးဆိုတာ မှားနေတယ်၊ ဘုန်းကြီးအော်လို့ မဟုတ်ဘူး။ ဘုန်းကြီးအော့.... လို့
ဆိုမှ မှန်တယ်”
“အော့.... ဟုတ်လား၊ အော့ ဆိုတာ ဘာလဲ ဖေဖေ”
ကလေး နားလည်အောင် ရှင်းပြဖို့ စကားလုံး ရှာရသည်။
“အော့ ဆိုတာ ဒီလိုလေ၊ တစ်ခါတစ်ခါ ဧည့်သည်တွေရှေ့မှာ
သမီးက ဖေဖေ မကြိုက်တာကို လုပ်တဲ့အခါ ဖေဖေက သမီးနော်၊ ဟင်း.... ဟင်း ဆိုပြီး
မာန်တယ် မဟုတ်လား၊ အဲဒါကို ပြောတာ ဘုန်းကြီးကလည်း ဟင်း.... ဟင်း ဆိုပြီး မာန်ပြီး
ထရိုက်လိမ့်မယ်လို့ ပြောတာ၊ ရှင်းပြီလား”
သမီး ခေါင်းညိတ်သည်။
“ဒါဆို ပြန်ဆိုကြည့်စမ်း”
“ဆွမ်းအုပ်နီနီ အမေရွက်လို့....
.... ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်”
“အေး ဟုတ်ပြီ”
ကျွန်တော် ဘဝင်ကျသွားသည်။
သို့ရာတွင် နောက်တစ်နေ့ သမီး မူကြိုကျောင်းက
ပြန်လာသောအခါ အလိုမကျသလို သုန်သုန်မှုန်မှုန် ဖြစ်နေသည်။
“ဖေဖေ မကောင်းဘူး သိလား၊ ဖေဖေ ပြောသလို
ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်လို့ ဆိုတော့ သူများတွေက ဝိုင်းရယ်ကြတယ်၊
ဆရာမကလည်း ပီအောင် ဆိုမှပေါ့လို့ ပြောတယ်”
ဟု ငိုမဲ့မဲ့ ပြောသည်။ ကျွန်တော်က
“မဟုတ်ဘူး သမီး၊ သမီးက ပီတယ်၊ သူတို့က မပီတာ၊ အော့က
မှန်တယ်၊ အော်က မှားတယ်”
သမီးက ခြေကလေးဆောင့်ပြီး
“အော့ချင်ရင်လည်း ဖေဖေ တစ်ယောက်တည်းပဲ အော့နေ၊
သူများတွေ အားလုံး အော်နေတာ၊ သမီးလည်း အော်ရမှာပဲ”
ကျွန်တော်သည် စကားတစ်လုံးသာ ရေရွတ်နိုင်သည်။
“သြော်...”
- မင်းလူ
--------------
မဟေသီမဂ္ဂဇင်း၊
ဇွန်၊ ၁၉၈၈
မူရင်း - ဆရာမင်းလူဝတ္ထုတိုများ
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
= = =

ဒီကဗျာရေးပြီး ထောင်ကျခဲ့ရတဲ့
.................စာရေးဆရာမင်းလူ။။
"ဘာတွေဖြစ်ကုန်ကြပြီလဲ"
(၁)
အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။
(၂)
ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား
(၃)
ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။
(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..
(၅)
သူ့ရဲ့ အနှစ်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့
(၆)
ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ ဘီလူးသွားကို လဖြဲ ” တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ”
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ… …..
မင်းလူ(၁၉၈၉)
____________________________________
Reference and Credit to -သန်းထိုက်သူ
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
No comments:
Post a Comment