Wednesday, 14 August 2013

သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား???


"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့..."
"ဟာ.. အမေကလည်းဗျာ ဒီမှာ သားလည်း မနည်းနွှင်စားနေရတာ.. အမေစားနေတာလဲ ကြည့်ပါအုံး ထမင်းလုံးတွေက အောက်ကျလို့ ဂရုစိုက်မှပေါ့ အမေရ...."

ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏ အော်ငေါက်သံ နောက်တွင် တိုးလျှိုးပျောက်ကွယ်သွား၏... အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာ မရှိတော့... ဇရာ၏  နှိပ်စက်မှုသည် သူမတစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏ အတွေးများသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်...

သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်ပေါ်တွင်လည်း ပြန့်ကျဲကျလျှက်.... ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်....
နွှင်ပေးသည့်ကြားက မတော်တဆ သား အရိုးစူးသည့်အခါ အရိုးမြန်မြန်ကျစေဖို့ ငှက်ပျောသီး ချော့ကျွေး၍ သား၏ရင်ဘတ်လေးကို ကြင်ကြင်နာနာ သပ်ပေးပြီး မိမိ၏ သေချာဂရုမစိုက်မှု အတွက် ကိုယ့်ကိုကိုယ် အပြစ်တင်မဆုံး ဖြစ်ခဲ့ရသည်...

ခု သူမကိုတော့ သားသည် ထိုသို့မဟုတ်ခဲ့....
သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ ဂရုတစိုက်ရေချိုးပေးခဲ့ရသည့် သူမ.. ခု ရေချိုးခန်းထဲရှိ ရေညှိများဖြင့် ချောနေသော ကြမ်းပြင်ကို အမေချော်လဲမှာ စိုး၍ တိုက်ချွတ် ရှင်းလင်းပေးရမှန်း သား သတိ မထားမိခဲ့...

ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့် သူမအတွက် "သားကိုယ်တိုင် သွေးထားတာ မေမေလိမ်းဖို့ "ဆိုသည့် အပြောမျိုး သားပါးစပ်ဖျားက ထွက်ကျလာသည်ကို သူမ လိုချင်မိသည်...
သို့သော် ငယ်စဉ်က သားကို ပေါင်ပေါ်တင်၍ မိမိသွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီလိမ်းပေးခဲ့သည့် အချိန်များကို သား မမှတ်မိတော့....

သား လက်သည်းခြေသည်းလေးတွေကို တပတ်တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမ မေတ္တာ... တခါတရံ အသားကိုညှပ်မိ၍ သားဆီမှ စူးခနဲ ထွက်ပေါ်လာသည့် ငိုသံသည် သူမရင်ကို ဗလောင်ဆူအောင် ပြာယာခတ် စေခဲ့မှန်း သား မသိခဲ့.....
ခု သူမ လက်သည်းခြေသည်းတွေ ရှည်လာတော့ သားကိုယ်တိုင် မိမိကို ဂရုတစိုက် ညှပ်ပေးတာမျိုး တမ်းတမိသည်... သို့သော် "ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲ ညှပ်လိုက်ပါလား သား မအားဘူး" ဆိုသော သား အပြောအောက်တွင် သူမ၏ စိတ်ကူးလေးများ ပျောက်ပျက် သွားခဲ့ ရသည်။

ကလေးပီပီ ကစားကွင်းသွားရတာ နှစ်သက်သော သား အတွက် တပတ်တခါ အလုပ်အားရက်သည် သားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်... ပျော်ရွှင်မြူးတူးနေသော သားကို ကြည့်ရင်း သူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်... ခုချိန် ဘုရားသွားချင်၍ "သားဘယ်နေ့အားလဲ အမေ့ကိုလိုက်ပို့ပါလား" ဟူသော မျှော်တလင့်လင့် အမေးကို အလုပ်အားရက်တိုင်း သူငယ်ချင်းများနှင့် Golf သွားကစားတတ်သော သား၏ အချိန်များက သား ကိုယ်စား အဖြေပေးခဲ့သည်။

သား ငယ်စဉ် ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှ စာများကို "မေမေဒါဘာရေးထားတာလဲဟင် သားကိုဖတ်ပြ " ဟူ၍ တွတ်တီးတွတ်တာ မေးတတ်သည်.... မိမိ အတွက် သားမေးတိုင်း ကျောင်းမနေရသေးဘူး ငါ့သားက စာတွေ စိတ်ဝင်စားနေပြီ ဟူသော ပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာ အမောတစ်ခုဟု မထင်မှတ်ခဲ့..... ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက်မှုအောက်တွင် အရာရာကို ကြည့်ရမြင်ရသည်မှာ မှုန်တ၀ါးဝါး... သားကို ဘာရေးထားသည်လဲ မေးတော့ သား နှုတ်ဖျား မှ ထွက်ကျ လာသည့် " ဒီလောက် စာလုံးကြီးကြီးနဲ့ ရေးထားတာ မမြင်ရဘူးလား အမေရာ " ဆိုသော စိတ်မရှည်သော သား၏ အော်သံသည် မာရသွန်ပြေးပြီး ပြန်လာသော ကစားသမား တစ်ယောက်ထက် သူမရင်ကို ပို အမောဆို့စေခဲ့သည်....

သားငယ်ငယ်က ညအိပ်ခါနီးတိုင်း မိမိပုံပြင်စာအုပ်လေးတွေ ဖတ်ပြမှ သားအိပ်ပျော်တတ်သည်... သူမသည် သားအတွက် ပုံပြောဆရာမ တစ်ဦးဖြစ်ခဲ့သည်... သားမေးသမျှကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်.. ခု တရားစာအုပ်လေး ဖတ်ချင်သည့်အခါ သားကိုအကူညီ တောင်းမိတော့ "အမေကလည်း တရားခွေတွေ ရှိတာပဲ နားထောင်ပါလား " ဟူသော သား၏ အပြောသည် မှုန်ဝါးဝါးဖြစ်နေသော သူမ၏ မျက်လုံးအစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်.... သားသည် သူ ငယ်စဉ်ဘ၀ မိမိဂရုစိုက်မှုများကို မေ့လျော့နေခဲ့သည်...

မိမိ၏ လက်ရှိ အသက်အရွယ်သည် လူ့ဘ၀၏ နေ၀င်ချိန်ရောက်နေပြီ ဆိုတာကို သား သတိမထားမိခဲ့... ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ်ဘ၀လို သူတစ်ပါး အကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ.... အကူအညီပေးသော ထို သူတစ်ပါးသည် မိမိရင်မှ မွေးဖွားခဲ့သော တစ်ဦးတည်းသော သားလေး ဖြစ်စေချင်သည်ကို သားမေ့နေခဲ့သည်....

ထိုဆန္ဒသည် အသက်အရွယ်ကြီးရင့်၍ လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကို ဒုက္ခပေးလိုခြင်း မဟုတ်... သားရင်ခွင်ထဲတွင် နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်... ကြင်နာမှုကို လိုချင်မိသည်.. သား၏မေတ္တာကို မျှော်လင့်မိသည်.... မိမိဘ၀၏ နောက်ဆုံးအချိန်များကို သား၏ ကြင်နာနွေးထွေးသော ဂရုစိုက်မှုများအောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယာက်၏ စိတ်ဆန္ဒ သပ်သပ်သာဖြစ်သည်....

သို့သော် အထီးကျန်ဆန်လှသော သူမ၏ ဘ၀သည် သူမ၏ စိတ်ကူးနှင့် လွန်စွာခြားနားလှသည်.... မိမိရင်ခွင်ထဲတွင် ပျော်ရွှင်မြူးတူး ဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေးကို
ပြန်လည်မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှိ ထမင်းပန်းကန်ထဲသို့ ပေါက်ခနဲ...................

"သင်၏ ကြင်နာနွေးထွေးသော မေတ္တာတရားကို သင်၏မိဘများ မျှော်လင့်နေကြသည်"
 
ပုဂံအွန်လိုင်းမီဒီယာ

ZinYawNews

No comments:

Post a Comment