Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Tuesday, 7 October 2014

အဝေးအနီး ပုဂံ ရေး-ဆူးငှက်



ထနောင်းပင်တွင် ချိတ်ဆွဲထားသည့် အရွယ်အစားစုံ ကြေးစည်များက နှစ်ဆယ်နီးပါး ရှိမည်။ ထို့အတူ အရွယ်အစားစုံ ကြေးမောင်းများ ကလည်း အရေအတွက် မနည်းလှ။ ကျနော်တို့ကား ကြေးစည်များ၊ ကြေးမောင်းများ အလယ်၌ ရပ်ရင်း မိမိကိုယ်မိမိ သိုက်နန်း တနန်းထဲ ရောက်သွားသလို ခံစားနေရသည်။
မလှမ်းမကမ်း မြေပြင်ပေါ်ရှိ စင်မြင့်ပေါ်မှာလည်း ကြေးဆေးတံ၊ ကြေးရေတကောင်း၊ ကြေးအရုပ်၊ ကြေးကွမ်းညှပ်၊ ကြေးနားတောင်း၊ ကြေးပစ္စည်း အစုံ။ ကြေးစည်များ၊ ကြေးမောင်းများကို တလုံးစီ တီးခတ်ကြည့်တော့ နိမ့်မြင့် အသံ စုံသည်။ ဟုတ်သည်။ သိုက်နန်း ရောက်နေသလိုပါပဲ။
ကိုင်းကျနေသော ထနောင်းကိုင်းမှာ စံပယ်ကုံးတွေ တွဲရရွှဲချကာ အလှဆင်ထားသည့် ကြိုးဒန်း။ သည်ဒန်း ပေါ်မှာ ပြန့်ထဘီ အဖြူပေါ် ရွှေချည်ထိုးကာ အစိမ်းခက် ဘော်ကြယ်လေးတွေ ကြဲဖြန့်ထားသည်။ အပေါ်က အဖြူရောင် ထိုင်မသိမ်း အင်္ကျီ၊ နက်မှောင် ရှည်လျားသော ဆံပင်များက ဒန်းပေါ် ထိုင်နေသည့် ထိုအမျိုးသမီး၏ တင်ပါး ကောက်ကြောင်း အတိုင်း ဝိုက်ပြီး ဆင်းသွားတာ၊ မြေပြင်နှင့် ထိလုထိခင်။ ခေါင်းမှာလည်း သရဖီတွေ ဝေလို့။ ကြေးစည်သံ၊ ကြေးမောင်းသံတွေက ဆူညံနေ၏။ သည်သံစဉ်များနှင့် အတူ ဒန်းကလေးကို ခပ်ဖြည်းဖြည်း လွှဲကာ လွှဲကာ “အဖြူရောင်မလေး” သည် တေးချင်းတပုဒ် ဆိုညည်းနေပေမည်။
“ကိုးမည် လောင်မှ၊
မိုက်မှောင်လင်းလင်း၊ ဧရာခင်းသည်၊
လုပ်ခြင်းတည့် တချွေးချွေး
ဧ လည်း ယင်ယင် ဧ”
ဆံနွယ်များက  ဒန်းအလွှဲလိုက်တွင်  ဝေ့ကာ ဝေ့ကာ လူးနေ၏။ သရဖီ ပန်းရနံ့လေး သင်းခနဲ မွှေးသွားသည်။ မြင်ကွင်း များလည်း ဝေ၀ါးသွား၏။
သရဖီပန်း ရနံ့လေး သင်းခနဲ မွှေးသွားသည်။ “ရီဝေ ၊ ရီဝေ  အတွေးထဲမှ လန့်နိုးလာချိန်၌၊ ကြေးစည်များ၊ ကြေးမောင်းများ အကြား၌ စံပယ်ပန်းကုံး များလည်း မရှိ၊ ဒန်းလည်း မရှိ၊ အဖြူရောင် ဥစ္စာစောင့် မလေးလည်း မရှိ၊ သနပ်ခါးကို ပါးကွက်ထူထူ ကွက်ကာ ကြေးဆေးတံအိုအား ဈေးမေးနေသည့် နိုင်ငံခြားသားများအား အင်္ဂလိပ်လို သွက်လက်စွာ ပြောနေသည့် ပုဂံသူ ဈေးသည်မလေး ရှိသည်။
သူက ဈေးအင်မတန် ချိုကြောင်း၊ လက်ရာ ကောင်းကြောင်း၊ သည်လက်ရာ၊ သည်ဈေးနှင့်  ဘယ်ဘုရားမှာမှ မရနိုင်ကြောင်း တတွတ်တွတ် ပြောပြနေ၏။
ခဏနေတော့ ကြေးဆေးတံလေးကို ဝယ်သွားကာ ထွက်သွားသည်။ ဈေးသည်မလေးက ကျနော်တို့ဘက် လှည့်ကာ ပြုံးပြရင်း “နိုင်ငံခြား သားတွေဆီက အရင်လို ပိုက်ဆံ လွယ်လွယ် မရတော့ဘူး။ ဈေးတွေ တအား ဆစ်တာပဲ” ဟု ပြောပြ၏။
ကျနော်တို့က သူ အလုပ် အပြီးမှာ ကျနော်တို့ သိလိုတာပဲ ဇွတ်မေးကြည့် ကြသည်။ အာနန္ဒာနှင့် ထီးလိုမင်းလို အကြားမှာ ဘယ်ဘုရားကို အပေါ်တက်ခွင့် ရပါ့မလဲ ဆိုသည့် ပြဿနာ။ သူက ကျနော်တို့ကို ဘုရား မုခ်ပေါက်သို့ ခေါ်၏။ ထို့နောက် လှမ်း၍ လက်ညှိုး ညွှန်ပြသည်။
“ဟောဒီက မြင်ရတဲ့ဘုရား။ ဆင်ပြဂူလို့ ခေါ်တယ်။ အဲဒီမှာလည်း တက်လို့ ရတယ်။ ဟို ခပ်လှမ်းလှမ်းမှာ ရွာဟောင်းကြီးဘုရား ဆိုတာ ရှိတယ်။ အဲဒါ လည်း ရတယ်။ ပြီးတော့ ဓမ္မရံကြီးနားမှာ ဂူနီညီအစ်မ ဆိုတာလည်း ရှိတယ်။ အဲဒီမှာလည်း တက်လို့ ရသေးတယ်။ ဂူနီညီအစ်မ သွားချင်ရင် လာခဲ့လေ၊ ကျမ လိုက်ပို့ပေးမယ်။ ဓမ္မရံကြီးက သွားရမှာ အခု ကျမ ဓမ္မရံကြီး သွားပြီးဈေးထွက်ရမှာ၊ အဲဒီမှာ ကျမရှိမယ်” ဟုလည်း ဖော်ရွေစွာ ပြောပြ၏။
ပုဂံက ကြည့်လေရာ “လှ” သည်။ ယုတ်စွအဆုံး သစ်ပင်တိုင်း လိုလိုပင် အမြင်ဆန်းသစ်ကာ လှနေ၏။ နွေဦးပေါက် ရာသီမို့ သစ်ပင်များသည် ဝတ်လစ် စလစ်နှင့် ပင်ကိုယ်အလှကို ဖွင့်ပြနေကြ၏။ ဝီရိယလွန် အပင်တချို့သာ ရွက်သစ် ပုရစ်ဖူးလေး တွေဖြင့် မလုံ့တလုံ အလှဆင်သည်။ ထိုသို့သော သစ်ပင်များထဲတွင် မင်းနန်သူရွာမ အနီး ကားလမ်းမသစ်နှင့် စူဠာမဏိသွား လှည်းလမ်းဆုံရာ အနီးက သစ်ပင်ကြီး တပင်ကိုတော့ ကျနော်တို့ မျက်စိကျနေတာ ကြာပြီ။ သူသည် ရင့်ကျက်၍ ဖွံ့ထွားကျစ်လျစ်သော ကိုယ်ခန္ဓာ ဖွဲ့စည်းမှုမျိုး။ မိုးကို မျှော်နေသော အကိုင်း လက်တံများက ဖြောင့်စင်း။ ပင်စည် ဖွဲ့စည်းပုံက ရှင်းလင်း။
ထိုနေရာ ရောက်သော အခါ ပုဂံနေသည် ခြစ်ခြစ်တောက် ပူနေပေပြီ။ အနီးအနားမှာက ဘောစကိုင်းပင် အရိပ် တရိပ်သာ ရှိသည်။ ကင်မရာ မှန်ဘီလူး ချောင်းကြည့်ပေါက်က ကြည့်တော့ အပင်ကြီးသည် သာမန် မျက်စိအမြင်ထက် ပိုပြီးလှ၏။ သို့သော် ကျနော်တို့သည် တခြား Subject တခုကို သစ်ပင်ကြီး အနားမှာ ထည့်ချင် နေကြသည်။ နွားဆွဲသွားမည့် လယ်သမား၊ သို့မဟုတ် ထင်းစည်းနှင့် မိန်းမပျို။
ကျနော်တို့သည် အစဉ်အလာနှင့် သမားရိုးကျ ကြားက ရုန်းမထွက်နိုင်သေး။ ထိုအခါ အနုပညာနှင့် ပတ်သက်၍ စွယ်စုံ ပညာရှင်ကြီး ဓားတန်း ဦးသန့် ၏ အဆိုအမိန့် တခုကို သွား၍ သတိရတော့သည်။ ဆရာကြီးက  ပြင်သစ်ဓာတ်ပုံ ဆရာ  Henri Cartier Bresson ၏ ပုံနှင့်ပတ်သက်၍ ပြောပြခြင်း ဖြစ်သည်။
ထိုပုံမှာက ပြင်သစ်မြို့ငယ် တမြို့၏ အရက်ဆိုင်ပေါက်တွင် အသက် ၈ နှစ်၊ ၉ နှစ်အရွယ် ကောင်လေး တယောက် သည် သူ့ခါးမှ နေပြီး ခေါင်းလောက် ရောက်နေသော ဝိုင် အရက်ပုလင်းကြီးကို ပိုက်ကာ ထွက်လာ၏။ သူထွက်လာသော အပေါက်ဘေး၌ သူနှင့်ရွယ်တူ ကောင်မလေး တယောက် ဆိုင်ဘေး မှီပြီးရပ်နေသည်။ ကောင်လေးက ကောင်မလေးကို ပြုံးပြုံးကြီးကြည့်ကာ “ငါဘယ်လောက် ဟုတ်တုန်း” ဆိုသည့် မျက်နှာနှင့် မျက်ထောင့်က စောင်းကြည့်ပြီး ခြေလှမ်းကျဲကြီးနှင့် လှမ်းထွက်သွား၏။ ကောင်မလေးကလည်း “ဟုတ်ပါပေတယ်” ဆိုသည့် မျက်နှာထားနှင့် ငေးကြည့် ကျန်ရစ်သည်။
ဓာတ်ပုံက ဒါပဲ ဖြစ်သည်။ ဤသို့သော မြင်ကွင်းမျိုးကို မြင်ပါက သာမန် ဓာတ်ပုံဆရာများ ရိုက်ပြချင်တာက ကောင်လေး အရက် ဆိုင်က အထွက် လမ်းမပေါ်မှာ ဘုန်းကြီးတပါးက မတ်တတ်ရပ်၊ ဒကာမ တယောက်က မြေကြီးပေါ် ဒူးတုပ်ကာ လက်အုပ်ချီလျက်၊ ထို ကလေးကို အံ့အားတသင့် ကြည့်။
ကလေးကလည်း ငါ့ဟာငါ အရက်ဝယ်တယ် ဘာဖြစ်တုန်း ဆိုသည့် ကိုယ့်ကိုယ်ကိုယ် အားပေးသည့် မျက်နှာထားနှင့်။ ဒါမျိုးပဲ မဖြစ်ဖြစ်အောင် ဆင်ရိုက်ကြမည်။ ထိုအခါ ဓာတ်ပုံမှ တဆင့် ခေတ်ကြီးက အတော်ပျက်စီးနေပါ ပကော၊ ရှေးကဆို ဒီအရွယ် အရက်ဆိုတဲ့ အသံတောင် ကြားစေရမှာ မဟုတ်ဘူး။ အခု ကြည့်စမ်း အဖေကိုယ်၌က ကလေးကို အရက်ဝယ်ခိုင်းတဲ့ခေတ်၊ ဆုတ်ကပ်ဟု ဇွတ်တရား ဟောကြမည်။
ဓားတန်း ဦးလေးသန့်က ဆက်၍  အနုပညာ သမားတွေ Sincere  ဖြစ်ဖို့၊ ရိုးသားဖို့ ပြောတတ်သေး၏။ ဓာတ်ပုံ ဆရာဟာ သူ့အရွယ်နဲ့သူ ရှုခင်း အလှလေးတွေ၊ မိန်းကလေးတွေရဲ့ အလှလေးတွေ ခံတွင်း တွေ့ပါရက်နဲ့ တရားပြပုံ တွေ၊ ပညာပေးပုံတွေ ရိုက်နေရင်လည်း မရိုးသားဘူးဟု ပြောတတ်သည်။
“အမှန်က ကိုယ်အခု ခံတွင်းတွေ့နေပြီး အခု ဖော်ထုတ်ချင်တဲ့ သဘောသာ ဖော်ထုတ်ဖို့ လုံးပန်းရမယ်။ နောက်တော့ သူ့ဟာသူ ပြောင်းလဲလာမှာပဲ။ အခုကိုပဲ ဓာတ်ပုံ ပြိုင်ပွဲတွေမှာ ဆိုရင် မိမိတို့ပြဿနာတွေ မျိုးစုံဆင်ခြင်နေတဲ့ လယ်သမား အသက်ကြီး ကြီးပုံတွေ၊ ကိုယ့်ဘဝကိုယ် ဆင်ခြင်နေတဲ့ အဘိုးကြီး ပုံတွေ ပါလာတာ တွေ့ရတယ်။ အဲဒါတွေ တကယ် ရိုက်ပြချင်ရင်တော့ ရိုက်ပေါ့” ဟုလည်း ပြော၏။
ကျနော်တို့ကား ၂၁ ရာစု ခေတ်တွင် လှုပ်ရှား နေကြသော်လည်း အစဉ်အလာဟောင်းကို မစွန့်လွှတ်နိုင်၊ အသစ်ကို လက်ခံဖို့ မဝံ့မရဲ။ မည်သို့သော ပညာရှင်ကြီးများ၏ အဆုံးအမနှင့် ကြုံရစေကာမူ ကျွဲပါးစောင်းတီး။
အခုလည်း ကြည့်လေ။ အပင်ကြီးက သည်အတိုင်း လှနေပါလျက်နဲ့ သည်အတိုင်း မတင်ပြရဲ။ အနားမှာ သမားရိုးကျ အပိုပစ္စည်းတွေ၏ အကူအပံ့ကို ယူချင်နေသေးသည်။ ကံကောင်းသည် ဆိုမလား၊ ကံဆိုးသည် ဆိုမလား ထိုအချိန်၌ တောမှ ဆူးခက်တွေခုတ် ပြန်လာသော လူငယ်တဦးက သစ်ပင်ကြီးဘေး လမ်းကလေး အတိုင်း ဘွားခနဲ တက်လာ၏။ သူ့ကိုပင် အကူအညီ တောင်းရသည်။ ရွာထဲက ရေစည်လှည်းတစီး မောင်းခဲ့ဖို့ အင်္ကျီအနီ ရှိ မရှိ  မသိ။
သို့သော် မိမိဆန္ဒကိုပဲ အတင်းအဓမ္မ ဖြစ်ခိုင်း နေသော အကျင့်က ကျနော်တို့မှာ စွဲကပ်နေပါ ပကော။ ရေစည်လှည်း ငှားရလို့လား သို့မဟုတ် အင်္ကျီအနီ ငှားရလို့လား မသိ၊ ရွာသားလူငယ် ရေစည်လှည်းနှင့် အင်္ကျီအနီနှင့် ပြန်အလာကို အတော် စောင့်ရသည်။ ထိုအခါ ကျနော်တို့ လိုချင်သော ပုံကို အားမနာတမ်း ခိုင်းကာ ရိုက်ရတော့၏။ ရွာသားလူငယ် ပြောပြမှ ထိုအပင်သည် ဖျောက်ဆိတ်ပင်မှန်း သိရတော့သည်။ လိုချင်သောပုံတွေ ရိုက်အပြီး ရွာသားကို ပိုက်ဆံပေး တော့ မယူ။
“ဟာဗျာ ဘာပင်ပန်းတာ မှတ်လို့၊ ကူညီတာပါဗျာ၊ မလုပ်ပါနဲ့” ဟု ဇွတ်ငြင်းသည်။ အဓမ္မပေး ထည့်လိုက်ရ၏။
ပုဂံရောက်သည်မှ စ၍ ကျနော်တို့ သတိထားမိသည်မှာ ပုဂံသူ ပုဂံသားတိုင်းသည် ဖော်ရွေခြင်း၊ အကူအညီပေးဖို့  ဝန်မလေးခြင်းပင်  ဖြစ်သည်။ တကယ်တော့ ထိုစရိုက်က မြန်မာ့စရိုက်ပဲ ဖြစ်သည်။ မြန်မာပျောက်၊ မြန်မာစရိုက် ပျောက်နေသော မြို့ပြ၏ လောင်းရိပ်၌ မိနေသော ကျနော်တို့မှာသာ မိမိ လုပ်ပေးရမည့် အလုပ်အတွက် ဘာ အကျိုးခံစားခွင့် ရမှာလဲ ဟူသော စီးပွားတွက် တွက်မှုကသာ အရိုးစွဲ သွားခြင်း ဖြစ်ပေလိမ့်မည်။ ဝမ်းနည်းစရာတော့ ကောင်းလှချေသည်။
ထို့အတူ ပုဂံမှာ ရှင်သန်ဆဲဖြစ်သော ထို ချစ်စရာကောင်းသည့် ဓလေ့စရိုက်လေးတွေ ငါးရာတန် တရွက်၊ တထောင်တန် တရွက်ကြောင့်၊ ဒေါ်လာကြောင့် ပျက်စီး မကုန်ပါစေနှင့်ဟု လည်း ဆုတောင်းမိသည်။
အရိပ် မရှိသော နေပူလယ်ခေါင်မှာ ကိုယ့်ဇောနှင့် ကိုယ်မို့ ပူမှန်းမသိ။ ကိုယ့် အလုပ်ပြီးတော့ အပူကို သတိရလာသည်။ ရေငတ်လာ၏။ ပါလာသော ရေဘူးတွေလည်း  ကုန်ပြီ။  စရိုက်ပျက်နေသော ပါးစပ်က တော်ရုံရေကို အဝင်မခံရဲ။ ရေသန့်ဘူးကို တောင့်တနေမိသည်။ ကိစ္စမရှိ။ မင်းနန်သူ ရွာက တောအိမ်ဆိုင်လေး တဆိုင်မှာပင် ရေသန့်ဘူးတွေ တံဆိပ်စုံ အစီအရီ။
ရေသန့် ယဉ်ကျေးမှုကတော့ မြန်မာပြည်တွင် အခြေစိုက် ချေပြီ။ စူဠာမဏိသို့  သွားသော လှည်းလမ်းအတိုင်း ကားကို ဖြည်းဖြည်း မောင်းကာ ထွက်ခဲ့ကြသည်။ သောက်၍ ကုန်သော ရေသန့်ဘူးခွံတွေ လှည်းလမ်းဘေး ပစ်ခဲ့သည်။ ပုဂံ၏ အမှိုက်များတွင် တံဆိပ်စုံ စီးကရက် ဘူးခွံ၊ ရေသန့်ဘူးခွံ တွေလည်း တိုးလာမှာပေါ့။
တနေ့က ဂျာနယ်တစောင်မှာ ဖတ်လိုက်ရ တာက ပုဂံကဘုရားတွေပေါ်မှာ အသုံးပြုပြီး “အဖော်” အကာအကွယ် ပစ္စည်းတွေလည်း နေရာအနှံ့ ပြန့်ကျဲလို့တဲ့။
ဟူး…….။     ။

Saturday, 30 November 2013

စင်္ကာပူ ဇာတ်လမ်းများ (၃)




သူက ကျနော်ရဲ့ တက္ကသိုလ် ကျောင်းနေဖက်ပါ… ကျနော်တို့ ချစ်သူဘ၀ ၃ နှစ်ရှိခဲ့ပြီး အခု အိမ်ထောင်သက်တမ်းကလဲ ၃နှစ်ပြည့်ခဲ့ပါပြီ…

ပြသနာ တစ်ခုပါဘဲ… သူနဲ့ကွာရှင်းပြီးတော့ သူနေရာသစ်မရမချင်း ကျနော်တို့ တစ်အိမ်တည်း အတူတူနေရဦးမှာပါ… ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတိုင်း ရယ်ချင်မိတယ်… ချစ်သူဘ၀တုန်းက ကျနော်တို့ဟာ အရမ်းကို ရိုးသားလွန်းတယ်… လက်တွဲတာ ပွေ့ဖက်တာတွေ ထားပါဦးတော့… လက်မထပ်ခင် အတူတူနေဖို့ဆိုတာ စဉ်းတောင် မစဉ်းစားရဲဘူး… အခုကျတော့ ကွားရှင်းလိုက်ရပြီ… တော်တော်လေးကို ခေတ်မီနေပါပြီလေ…

အိပ်ခန်းတစ်ခန်း… ဧည့်ခန်းတစ်ခန်းဘဲ ရှိတဲ့ တိုက်ခန်းလေးဟာ လင်မယား မဟုတ်တော့တဲ့ ကျား မ ၂ ယောက် အတူတူနေနေရဖို့အတွက် တော်တော်လေးကို အကိုင်ရခက်စေတယ်ဗျ… ပထမတစ်ညမှာ ကျနော်အိပ်ယာလိပ်ယူပြီး ဆိုဖာခုံပေါ်မှာဘဲ အိပ်လိုက်တယ်… ပထမတစ်ည အိပ်ရတာ တော်တော်လေးကို အရသာရှိတယ်… ဘေးမှာ နားပူနားဆာလုပ်မဲ့သူမရှိတဲ့ညဟာ အရမ်းကို ကောင်းတာဘဲ… တစ်ခုဘဲ… အိမ်က ဆိုဖာက နည်းနည်းပျော့ရင် ပိုကောင်းမယ်… အခုဟာက မာနေတော့ မနက်ထလာတဲ့အချိန် လည်ပင်း နည်းနည်းညောင်းကိုက်နေတာ တစ်ခုဘဲ…

ရေချိုးခန်းရှေ့ကိုရောက်တော့ အထဲမှာ ရေချိုးသံကိုကြားနေရတယ်… အဲဒီ မိန်းမတော့လေ… ဘယ်အချိန်ကတည်းက ဒီအကျင့်ဆိုးရှိနေလဲ မသိပါဘူး… ညမအိပ်ခင်မှာ ရေချိုးတယ်… မနက်အိပ်ယာထလို့ရှိရင်လဲ ရေချိုးတယ်… တော်ပြီတော်ပြီ… ငါလဲ အကျင့်ပါနေပါပြီ… ကျနော်လဲ တံခါးကို ဆွဲဖွင့်ပြီးတော့ ၀င်သွားတယ်… အိမ်သာ အဖုံးကိုဖွင့်ပြီး အပေါ့သွားဖို့ ပြင်တုန်းမှာ “အား…” ဆိုတဲ့ အသံကြီးကို အမှတ်မထင်ကြားလိုက်ရတယ်…

မနက်စောစောစီးစီး သရဲမြင်တာတော့မဖြစ်နိုင်ပါဘူး… ဘာတွေလျှောက်အော်နေတာလဲ… လန့်သွားလို့ အပေါ့တောင် ပြန်ဝင်သွားပြီ…“ကျမ ရေချိုးနေတာ ရှင်မမြင်ဘူးလား… ရှင် ယောကျား ကော ဟုတ်ရဲ့လာ… ဘယ်ယောကျာ်းက မိန်းကလေး ရေချိုးနေတာကို အထဲဝင်လာပြီး အပေါ့ သွားတာမျိုးရှိလဲ…” သူ ခန်းဆီးကို ဖွင့်ပြီး လက်တစ်ဖက်က ရေချိုးပုဝါကြီးနဲ့ သူ့ခန္ဓာကိုယ်ကို ဖုံးထားပြီး နောက်လက်တစ်ဖက်က ကျနော့ကို လက်ညိုးထိုးပြီး ဆုံးမတော့တာဘဲ…

“နင်ဘာတွေ လာအော်နေတာလဲ… ငါတို့ ကြားမှာ ခန်းဆီးလိုက်ကာ ခြားထားသေးတယ် မဟုတ်လား… ငါ နင့်ကိုဘာမြင်ရမှာလဲ… ပြီးတော့ နင်ရေချိုးနေတုန်း ငါဝင်လာပြီး သေးပေါက်တာ ဒါ ပထမဆုံးအကြိမ်လဲ မဟုတ်ဘူး… ဒီလောက်ထိ အဖြစ်သည်းနေဖို့ လိုလို့လာ… ပြီးတော့ နင့် ကိုယ်ခန္ဓာကိုယ်ကို မြင်နေရတာ ၃နှစ်တောင်ရှိပြီ… မျက်စိမိတ်ထားရင်တောင် ဘယ်လို ပုံစံမျိုးလဲဆိုတာ သိတယ်… ငါချောင်းကြည့်ဖို့ လိုသေးလို့လာ… ”

“ရှင်…” သူဒေါသထွက်လွန်းလို့ ဘာမှပြောမထွက်တော့ဘူး… ပုဝါ ကြီးနဲ့ ဖုံးအုပ်ထားပြီး ရေချိုးခန်းထဲကနေ ကတိုက်ကရိုက် ထွက်သွားတယ်… ပြီးတော့ အိပ်ခန်းတံခါး “၀ုန်း…”ကနဲ စောင့်ပိတ်လိုက်တဲ့ အသံ ကြားလိုက်ရတယ်… မိန်းမကြမ်း… ကြည့်ထားပေါ့… နင့်လိုစရိုက်မျိုးနဲ့ နောက်ကျရင် ဘယ်ကောင်က ယူရဲမှာလဲ… အပေါ့သွားပြီးတော့ ကျနော် အိပ်ခန်းဘက်ကို သွားလိုက်တယ်…
ဒီနေ့ရုံးသွားဖို့ ၀တ်ရမဲ့ အင်္ကျီက အထဲက ဘီရိုမှာ ချိတ်ထားတယ်… ဒီမိန်းမတော့လေ… အထဲကနေ သော့ခက်ထားလိုက်တယ်… တံခါးကို အကြားကြီးခေါက်နေမှ အထဲကနေ တစ်သံထွက်လာတယ်… “ငါအင်္ကျီဝတ်နေတယ်…” တော်ပါပြီ… ကွာရှင်းပြီးပြီဘဲ… သူ့ကို အလျှော့ပေးလိုက်ပါ့မယ်…

နာရီဝက်လောက်ကြာမှ သူထွက်လာတယ်… ၀တ်ထားတာက တောက်ပနေပြီး အသားဖြူဖြူပေါ်မှာ နှုတ်ခမ်းနီရဲရဲ စိုးထားတယ်… နမြောဖို့ ကောင်းတာက သူ အပြင်ထွက်ခါနီးမှာ ကျနော့ကို မျက်စောင်းတစ်ချက် ထိုးလိုက်တာ သူ့အလှကို လျော့စေခဲ့တယ်… ဒီနာရီဝက်ကြောင့် ကျနော် ပထမဆုံးအကြိမ် ရုံးတက်နောက်ကျခဲ့တယ်…

ရုံးဆင်းပြီးနောက် ကျနော် အပြင်မှာဘဲ အချိန်တွေ ဖြုန်းနေခဲ့တယ်… ပျင်းဖို့ကောင်းပေမဲ့ သူမျက်နှာကို မြင်နေရတာထက်စာရင် ကောင်းပါသေးတယ်… ဒီလိုနဲ့ ည၉နာရီအထိ အပြင်မှာဘဲ ခေါက်ဆွဲတစ်ပွဲ စားပြီး အိမ်ပြန်လာခဲ့တယ်…

ကျနော်အိမ်ထဲ ၀င်လိုက်တော့… သူက ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်နေတာကို ရုတ်တရက် တွေ့လိုက်ရတယ်… ကျနော်ဝင်လာတာကို မြင်တော့ မျက်နှာတစ်ချက်ပြုံးလိုက်တယ်… ကျနော်လဲ သံသယ များစွာနဲ့လသူ့ရှေ့မှာ ထိုင်လိုက်တယ်… ဘုရား… ဘုရား… ကျနော့ကို ရေနွေးကြမ်းတွေ ငဲ့ပေးလို့… သူ ဘာအကြံအစည်တွေ ရှိနေပါလိမ့်… ကျနော် စကားတစ်ခွန်းကို သွားသတိရမိတယ်… သိုးရေခြုံထားသော ၀ံပုလွေ…

“ဒီနေ့ ငါလဲ သေချာ စဉ်းစားကြည့်ပြီးပြီ… ငါတို့ နှစ်ယောက်ဟာ လင်မယား မဟုတ်တော့ဘူး… ငါက ရှင့်အိမ်ကို တစ်လငှားပြီး ခဏနေနေပေမဲ့ … ငါစဉ်းစားမိတယ်… ငါတို့ ဟို မလိုလားအပ်တဲ့ ပြသနာတွေ… အထင်လွဲမှားမှုတွေ မဖြစ်ရအောင် ငါတို့ စည်းကမ်း ထုတ်ထားတာ ကောင်းမယ်…”
ပြောရင်းနဲ့ သူစာရွက်တစ်ရွက်ကို ငြင်သာစွာထုတ်လိုက်တယ်… ကျနော့ရှေ့မှာ စာရွက်ကို ကိုင်လှုပ်ပြပြီး ပြောလိုက်တယ်… “ရှင်ကြည့်ကြည့်လိုက်… သဘောတူတယ်ဆိုရင် အောက်မှာ လက်မှတ်ထိုးလိုက်.. ငါတို့တစ်ယောက်တစ်ရွက်စီ ယူထားမယ်…”
ကျနော်စာရွက်ကိုယူပြီး ကြည့်ကြည့်လိုက်တယ်…
နံပါတ်တစ်… ရေချိုးခန်းကို တစ်ယောက်ယောက်က သုံးနေတဲ့အချိန်မှာ နောက်တစ်ယောက်က မည့်သည့်အကြောင်းပြချက်နှင့်မှ မ၀င်ရ… နံပါတ်နှစ်… တစ်ဦး၏ ခန္ဓာကိုယ်ကို အခြားတစ်ဦးက မည်သည့်အကြောင်းပြချက်နှင့်မှ မထိရ… ….. ကျနော်ရေတွက်ကြည့်တာ စုစုပေါင်း ၂၆ ချက်တောင်ရှိတယ်… “သဘောတူတယ်ဆိုရင် လက်မှတ်ထိုးလိုက်…” သူဘောပင်တောင် ကြိုပြင်ဆင်ထားပြီးပြီ…
အစကတော့ သူ့ဒေါသကို ဆွ ပေးမလို့ဘဲ… ပြန်စဉ်းစားကြည့်လိုက်တော့… မလိုအပ်တော့ပါဘူး… အများဆုံးရှိလဲ တစ်လဘဲပေါ့… အောင့်အီးပြီးတော့ဘဲ ကျော်ဖြတ်လိုက်ပါတော့မယ်… ကျနော်သူ့ကို မျက်လုံးအေးအေးနဲ့ တစ်ချက်ကြည့်လိုက်တယ်… ဘောပင်ယူပြီး ကျနော့ လက်မှတ်ကို ကောက်ထိုးလိုက်တယ်…
“ဟုတ်ပြီ… ဒီလက်မှတ်ထိုးပေးတဲ့အတွက် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့… ငါတို့ အတူတူ နေနေရတုန်းမှာ ရှင့်ကို ဆက်ပြီးတော့ ထမင်းချက်ကျွေးမယ်… ”
ဒီစည်းကမ်းချက်တွေ ရှိနေတော့ ဒီရက်ပိုင်းတွေမှာ လွတ်လပ်မှု မရှိတော့သလိုဘဲ…
အစပိုင်းရက်တွေမှာတော့ ဘာလုပ်လုပ် ထိန်းချုပ်ခံနေရတယ်လို့ ခံစားရတယ်… ပြီးတော့ ကျနော်ကလဲ အပြင်မှာဘဲ ဆက်ပြီး ဝှေ့လည်နေပြီး ထမင်းစားတဲ့ နေရာကိုရှာနေတယ်…
ဟွန့်… ထမင်းချက်ကျွေးတာနဲ့ ငါက ကျေးဇူးတင်နေရမှာလာ… သိပ်ပျော်မနေနဲ့… မစားဘူး…
မင်းရဲ့ထမင်းဟင်းကို တစ်လ မစားရလို့ ငါငတ်ပြီး သေမလားဆိုတာကို ကြည့်ရသေးတာပေါ့… အင်း ပြောသာပြောတာ… လျှောက်လည်ပတ်နေတုန်း သူများအိမ်က ထမင်းနံ့ ဟင်းနံ့ရလို့ရှိရင်လဲ စိတ်ထဲမှာတော့ တော်တော်လေးကို အားကျမိသား…
ပထမ တစ်ပတ်လုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်းဘဲ… ဘာပြသနာမှ မဖြစ်လိုက်ဘူး…
တစ်နေ့မှာ ကျနော် အိမ်ထဲဝင်လာတုန်း သူကအပြင်ထွက်ဖို့ပြင်နေတယ်…
“အပြင်ထွက်မလို့လာ?”… ကျနော့ပါးစပ်က လွတ်ကနဲ ထွက်သွားတယ်… သူဒီလို ညဖက်မှာ အပြင်ထွက်တာ နောက်ရေမွှေးဖျန်းထားတာကို ကျနော်သိပ်သဘောမကျဘူး…
“ဟုတ်တယ်… လင်းလင်းက ဒီနေ့သူ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့တဲ့… ရှင်ကြည့်ကြည့်… ဒီနေ့ဝယ်ထားတဲ့ အင်္ကျီ … လှတယ်မှတ်လားဟင်…” သူ မှန်ရှေ့မှာ ကိုယ်ကိုယ်ကို သေချာကြည့်နေတယ်…

“အင်း မဆိုးပါဘူး… ငတုံးတစ်ကောင်ကို ဖမ်းမယ်ဆိုရင်တော့ မိနိုင်ပါတယ်…” အ နေတဲ့လူ တောင်သိတယ်… ကျနော့စကားက အကောင်းပြောနေတာမဟုတ်မှန်း…
“ရှင်… ” သူ့မျက်နှာမှာ မနှစ်ခြိုက်တဲ့ အမူအရာ ပြန်ပေါ်လာပြီ… ဒါပေမဲ့ ပြန်လှည့်သွားပြီးတော့ မရယ်ချင်ရယ်ချင်နဲ့ ခပ်တိမ်တိမ်  အသက်မပါတဲ့ ရယ်သံနဲ့ ရယ်လိုက်တယ်…
“ဟုတ်တယ်လေ… အခုက လူလွတ်ဘ၀ ပြန်ရောက်သွားပြီဆိုတော့ ငတုံးတစ်ယောက်ကို အမိဖမ်းမယ်ဆိုလဲ ငါ့မှာ ဖမ်းခွင့်ရှိပါတယ်… ငါ့ကို တန်ဖိုးထားမဲ့ လူတစ်ယောက် ထွက်ပေါ်လာမှာဘဲ… ရှင်လဲ အသက်မငယ်တော့ဘူးနော်… ကိုယ့်ဘ၀ရှေ့ရေးအတွက်ကြည့်ဦးနော်…” ပြောပြီး ကျနော့်ကို ဒေါသ အကြည့်တစ်ချက်ကြည့်လိုက်တယ်…
“ကဲ… ဒါဆိုရင်လဲ ဒီည ငတုံးကြီးကြီး တစ်ယောက်ကို ဖမ်းမိပါစေဗျာ… သူများက အိမ်ကြီးကြီး လက်ဆောင်ပေးခဲ့ရင် ငါ့ကို နှစ်ညလောက်တော့ ပေးနေဦးပေါ့… ” “အိုး… ဒီစကားမျိုးက သနားစရာလေးပါလား… ဘာလဲ… သ၀န်တိုနေတာလား?”… သူဟားဟားဟား ရယ်မောလိုက်တယ်…
“သွားတော့… သွားတော့… ငါမျက်စိနောက်တယ်…” ကျနော် သူ့ကို တံခါးပါဆွဲဖွင့်ပေးလိုက်တယ်… သူမျက်စောင်းထိုးပြီး အပြင်ထွက်သွားတယ်… ကျနော့ကို “ဟင့်” ဆိုပြီး လုပ်ခဲ့သေးတယ်… ကျနော်လဲ တံခါးကို ၀ုန်းခနဲ ပိတ်လိုက်တယ်…
မျက်စိနောက်တဲ့လူ မရှိတော့ဘူးဆိုတော့ ကျနော်လဲ အင်တာနက်ပေါ်တက်ပြီး… ညီမလေးတွေနဲ့လျှောက် ကျူတော့တာပေါ့… ထိန်းချုပ်မဲ့လူမရှိတော့ လွတ်လွတ်လပ်လပ် ပြောချင်ရာပြောလို့ရပြီ… ဝေး….
ဒါပေမဲ့ ကျနော့စိတ်ထဲမှာ နေလို့မကောင်းနေဘူး… ကျနော် တကယ်ဘဲ သ၀န်တိုနေတာလား?
ကျနော် ကိုယ့်ဟာကိုယ် ရယ်ချင်လာတယ်… လျှောက်စဉ်းစားမနေပါနဲ့… ကွာရှင်းဖို့ဆိုတာလဲ ကျနော်စပြီး ပြောခဲ့တာပါဘဲ…
အချိန် ၂ နာရီလောက်ကြာပြီးတော့… သူပြန်လာပါပြီ… သူ ကျနော့ရှေ့ကို ဖြတ်လျှောက်တုန်း သူ့မျက်နှာကို တွေ့လိုက်တယ်… မျက်နှာပျက်နေတယ်… သူအိပ်ခန်းထဲကိုဘဲ တိုက်ရိုက်ဝင်ပြီး အိပ်လိုက်တယ်… ရေတောင်မချိုးတော့ဘူး…
သူစိတ်မကောင်းဘဲ ဖြစ်ပြီးပြန်လာတာမြင်တော့ ကျနော့ စိတ်ထဲမှာက ပျော်လာတယ်… ဟေဟေ… နည်းတောင်နည်းသေးတယ်… ကျနော်လဲ ပျော်ပျော်နဲ့ အိပ်ချလိုက်တယ်…
ညသန်းခေါင်မှာ သူ့ရဲ့စူးရှတဲ့ အသံကြောင့် လန့်နှိုးလာခဲ့တယ်… ဘာဖြစ်နေတာလဲ ဆိုတာကို ထကြည့်မယ်လုပ်တုန်း သူက အိပ်ခန်းထဲကနေ ညအိပ်ဝတ်နဲ့ပြေးထွက်လာတယ်… ဆိုဖာပေါ်ခုန်တက်လိုက်ပြီး ကျနော့လည်ပင်းကို တုန်တုန်နဲ့ အသေဖက်ထားတယ်…
“ဘာဖြစ်တာလဲ?” ကျနော်သူ့ နောက်ကျောကို ပုတ်ပြီးမေးလိုက်တယ်… “ပိုးဟပ်… ” သူဒီစကား နှစ်လုံးပြောလိုက်တာနဲ့ ကျနော်သဘောပေါက်သွားပြီ…. ဒီ မိန်းမတော့လေ… ကျနော့အပေါ်မှာသာ မောက်မောက်မာမာ ဆက်ဆံတာ… အကောင်သေးသေးလေးတွေကျတော့ အသေကြောက်တတ်တယ်… ပိုးဟပ်… ကြွက်… ကြောင်… ခွေး… စတာတွေ… တွေ့လိုက်တိုင်း အော်လိုက်တာ နေ့ဝက်လောက်ကြာတယ်… ကျနော်ခွေးလေးတစ်ကောင် မွေးချင်တာတောင် မမွေးလိုက်ရဘူး…
“လိမ္မာတယ်… မကြောက်နဲ့တော့နော်… ”ကျနော် ခါတိုင်းလိုဘဲ သူ့ကိုနှစ်သိမ့်ပေးလိုက်တယ်… အခန်းထဲဝင်ပြီး ပိုးဟပ်ကို ချေမှုန်းပေးမယ်ပေါ့… အခန်းထဲဝင်ပြီး နေရာ အနှံ့ရှာပေမဲ့ အရိပ်တောင်မတွေ့ရတော့ဘူး… ပြန်ထွက်လာလိုက်တယ်…
ကျနော်ဆိုဖာပေါ်မှာ ထိုင်လိုက်တာနဲ့ ကျနော့ လည်ပင်းကို ပြန်ဖက်ထားပြီး… “သေသွားပြီလား?” သူမျက်နှာ မှာ ကြောက်လွန်းလို့ မျက်ရည်တောင် ထွက်လာတယ်… ဒါပေမဲ့ ညဘက် မီးမှိန် အောက်မှာ နှင်းဆီပွင့်ပေါ် မိုးရေစက်တင်နေသလို ခံစားချက်လေးကိုပေးတယ်…
“အင်း… ငါရိုက်သတ်လိုက်ပြီ…မကြောက်နဲ့တော့… ပြန်အိပ်တော့… ငါတို့ နှစ်ယောက်လုံး မနက်ဖန်ရုံးတက်ရဦးမယ်… ” ကျနော်သူ့ကို လိမ်လိုက်တယ်… ကျနော်သိတယ် သူ့ကို ရှာမတွေ့ဘူး… မရိုက်သတ်လိုက်ရဘူးလို့ ပြောလိုက်ရင် ကျနော့ကို ထပ်သွားရှာခိုင်ဦးမှာ သေချာတယ်… ကျနော်လဲ ဒီည အိပ်ရတော့မှာ မဟုတ်ဘူး… “ငါမအိပ်ရဲဘူး… ပြန်မအိပ်တော့ဘူး…”
“နင်မေ့သွားပြီလား… ငါတို့ ကွာရှင်းပြီးသွားပြီလေ… ပြီးတော့ ငါတို့ရဲ့စည်းကမ်းချက်ထဲက နံပါတ် ၂ တစ်ချက်ကိုလဲ ချိုးဖောက်လိုက်ပြီ… နင်ဦးဆုံး ငါကို လာထိနေတယ်… ” ကျနော့ လေသံက အေးစက်နေတယ်… “ဟွန့်… ညနေကတော့ ငတုံးတစ်ကောင်ကို သွားဖမ်းတယ်… ပိုးဟပ်တွေ့မှဘဲ ငါ့ကို သတိရတယ်…”
သူ ဒီစကားကို ကြားပြီးတော့ ခဏတာ ငြိမ်သွားတယ်… ပါးစပ်ကို ကိုက်ပြီး “ဆောရီး…” လို့ တစ်ခွန်းပြောပြီး အခန်းထဲ ၀င်သွားတယ်… ပြီးတော့ “၀ုန်း” ဆိုတဲ့ တံခါးပိတ်သံကိုကြားလိုက်ရတယ်…
ကျနော်လဲ ခပ်ကြောင်ကြောင်ထိုင်နေပြီး ရုတ်တစ်ရက် ကိုယ့်ပါးကို ကိုယ် တစ်ချက်ချလိုက်မိတယ်…
ကျနော် ဆိုဖာပေါ်မှာ အိပ်နေတာ… အိပ်ချင်စိတ်တစ်စက်မှ မရှိဘူး… ၀ိုးတိုးဝါးတားမှာ အိပ်ခန်းထဲက ငိုသံကို ကြားနေရသလိုဘဲ… ၀င်သွားရမလား မ၀င်ရဘူးလား ဆိုတာကို စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်နေတယ်… ကိုယ့်ပါးကို ကိုယ် ပြန်ချမိတယ်… ယောက်ျားဆိုရင် ၀င်သွားကွာ ဆိုပြီး ဆုံးဖြတ်လိုက်တယ်…
ကျနော် အခန်းတံခါးကို ဖွင့်လိုက်တယ်… သူစောင်ထဲမှာ ငိုနေတာကို တွေ့လိုက်ရတယ်… ကျနော် ကုတင်ဘေးမှာထိုင်ပြီး စောင်ကို လှန်လိုက်တယ်… သူ့ကို ညင်ညင်သာသာလေး မေးလိုက်တယ်… “ဘာဖြစ်နေတာလဲ?” အမှန်အတိုင်းဝန်ခံရရင် သူ့ မျက်နှာတစ်ခုလုံး မျက်ရည်တွေနဲ့ စိုရွှဲနေတာကို မြင်ရတာ စိတ်ထဲမှာ အရမ်းကို နာကြင်စေတယ်ဗျာ…
“ရှင် ဘာဝင်လာလုပ်တာလဲ… ငါတို့ ကွာရှင်းပြီးသွားပြီ မဟုတ်လား… ရှင့်ရဲ့ ဂရုစိုက်မှုတွေ မလိုချင်ပါဘူး… ထွက်သွား… ထွက်သွား… ” သူကျနော့ကို တွန်းထုတ်တယ်… ခေါင်းအုံးနဲ့ ပေါက်တယ်…
“တောင်းပန်ပါတယ်ကွာ… ခုဏက ငါစကားပြောမှားသွားတာ… ငါ့ကို ခွင့်လွတ်ပါနော်… ”
ကျနော် သူဘာဖြစ်နေသလဲဆိုတာ ဂရုမစိုက်တော့ဘူး… သူ့ကိုရင်ခွင်ထဲမှာ ဆွဲသိပ်ထားလိုက်တယ်… သူ့မျက်နှာပေါ်က မျက်ရည်တွေကို ညင်ညင်သာသာလေး နမ်းပေးလိုက်တယ်… သူကလဲ ကျနော့ကို ထပ်ပြီး မအော်နေတော့ပါဘူး… ကျနော့လည်ပင်းကို သိုင်းဖက်ထားပြီးတော့ အားရပါးရကို ငိုတော့တာဘဲ…
နောက်ဆုံးတော့ သူငိုရင်းနဲ့ ဒီနေ့ဘာလို့ ဒီလောက်ထိ စိတ်ညစ်နေရတဲ့ အကြောင်းရင်းကို ပြောပြတယ်… ဘာလို့လဲဆိုတော့ သူ့ဟို သူငယ်ချင်းကောင်းမဆန်တဲ့ သူငယ်ချင်း လင်းလင်းက သူ့ကို မိတ်ဆက်ပေးတဲ့လူက အဖေ့အရွယ်လောက်ရှိတဲ့ အဖိုးကြီး… ခဏဘဲ တွေ့ရသေးတယ်… လက်ကိုင်ခြေကိုင်လုပ်လာပြီ… လင်းလင်းကလဲ သူ့ကို ဖျောင်းဖျသေးတယ်… နင်က တစ်လင်ကွာထားပြီဘဲ… ဒီအဖိုးကြီးနဲ့ဆို မဆိုးပါဘူး…
“ငါ ကွာရှင်းဖူးတာနဲ့ သူများထက် တစ်ဆင့်နိမ့်နေပြီလား… ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ” သူ ငိုရင်းနဲ့ ကျနော့ကိုမေးတယ်… ကျနော့လည်ပင်းကို ဖက်ထားတာ မလွတ်ဘူး…
ကျနော် သူ့မေးခွန်းအတွက် အဖြေမရှိဘူး… ကျနော်ကိုယ်တိုင်လဲ မသိဘူး…
သူကျနော့လည်ပင်းကို ဖက်ထားတာ အရမ်းကို နာနေပြီ… ဖက်မယ်ဆိုရင်လဲ ဆက်ဖက်ထားပါစေ… သေမှမသေနိုင်တာ… နောက်ကျရင် အတူတူမှ မနေရတော့တာ… ဖက်စေချင်ရင်တောင် အခွင့်အရေး မရှိတော့ပါဘူးလေ… ဒီလိုနဲ့ ကျနော်တို့ ၂ ယောက်လုံး မောမောနဲ့ အိပ်ပျော်သွားကြတယ်…
နိုးလာတဲ့ အချိန်မှာ နေတောင်ထွက်နေပါပြီ… ကျနော်က သူ့ကိုဖက်ထားသေးတယ်… သူကလဲ ကျနော့လည်ပင်းကို ဖက်ထားသေးတယ်… ကျနော် မလှုပ်ရဲဘူး… သူ့အိပ်မက်ကောင်းလေးကို လှုပ်နိုးမိမှာ စိုးလို့… ဒီလို ခံစားချက်မျိုးမရှိတာ တော်တော်လေးကို ကြာခဲ့ပါပြီ… ၂ ယောက်သား အတူရှိနေတဲ့ အချိန်ဟာ ကြာလာလေ… မနက်ခင်း မိုးလင်းတိုင်းမှာ ဒီလို ခံစားချက်ဟာ ပျောက်ဆုံးလေ ဖြစ်နေတယ်…
ပြီးခဲ့တဲ့ နေ့ရက်တွေကို ပြန်စဉ်းစားလိုက်ရင် ကျနော်တို့ဟာ အမြဲတမ်းလိုလို အလုပ်ရှုပ်နေတဲ့ကြားက နိုးထလာရသလိုဘဲ… တစ်ဖက်လူကို ညည်းညူနေပြီး ရုံးတက်ဖို့ကို ပြင်ဆင်နေကြတယ်… ကျနော်တို့နှစ်ယောက် ဘာဖြစ်လို့ ဒီလိုအခြေအနေထိ ရောက်သွားရပါလိမ့်…
သူလဲ နိုးလာပြီ… သူသတိထားမိလိုက်တယ်… လည်ပင်ကို ဖတ်ထားတဲ့လက်ကို ဖြေလျှော့လိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တယ်… “မောနင်း… ” ကျနော်လဲ ဖက်ထားတဲ့လက်ကို ကမန်းကတန်း ဖယ်လိုက်ပြီး ကုတင်ပေါ်ကနေ ခုန်ဆင်းလိုက်တယ်…
“မနေ့ညက… ”
“မနေ့ညက ဘာမှ မဖြစ်ပါဘူ… ရုံးတက်ဖို့ပြင်တော့… နောက်ကျနေဦးမယ်…”
အဲဒီလိုမျိုး တစ်ညတာ ရှိလိုက်တဲ့အတွက် ကျနော်တို့ နှစ်ယောက်ရဲ့ အခြေအနေဟာ ပြောင်းလဲမှု နည်းနည်းလေး စဖြစ်လာတယ်…
ရုံးဆင်းတော့ လမ်းမှာ သူကြိုက်တဲ့ ဆနွင်းမကင်း ရောင်းနေတာတွေ့တော့ ၀ယ်လိုက်တယ်… ၀ယ်ပြီးခါမှ တွေဝေနေရတယ်… အိမ်ဘဲ ပြန်ရင်ကောင်းမလား… ခါတိုင်းလိုဘဲ လျှောက်ပတ်ရေပြီး အချိန်ဖြုန်းရင် ကောင်းမလား…
“အစ်ကို ဒါကတော့ အခုလောလောလပ်လပ်လေး ထွက်လာတာ… မြန်မြန်စားလေ စားလို့ကောင်းလေဘဲ… ကြာသွားရင် သိပ်မကောင်းတော့ဘူး…” ရောင်းတဲ့ကောင်လေးက ကျနော့ကို ပြောလိုက်တယ်…
ကျနော်လဲ မျက်နှာပြောင်နဲ့ အိမ်ကိုဘဲ ပြန်လိုက်တယ်… အိမ်ရောက်တော့ သူက ထမင်းဟင်းချက်နေတယ်… “အင်း… အင်း… ငါလမ်းမှာ ဆနွင်းမကင်းရောင်းနေတာတွေ့လို့ ၀ယ်လာလိုက်တယ်…” မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ သူ့ကို ပြောပြလိုက်တယ်…သူဝမ်းသာစွာနဲ့ဘဲ ထွက်လာပြီး တစ်တုံးယူစားလိုက်တယ်…
“လက်သွားဆေးတော့… ထမင်းစားရအောင်…”
ထမင်းစား စာပွဲပေါ်က ဟင်းတွေမြင်တော့ ကျနော့ အကြိုက်ဟင်းတွေဘဲ… စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်… ပြန်ပြီး ရေတွက်ကြည့်လိုက်ရင် အပြင်မှာ စားနေရတာ ရက်ပေါင်း ၂၀ ကျော်လောက်ရှိပြီ… သူလုပ်တဲ့ ဟင်းတွေက အရမ်းကို မွှေးတာဘဲ…
“စားတော့…”
ကျနော်လဲ ထမင်းပန်ကန်ကို ယူပြီးစစားတော့တယ်…
“ဖြည်းဖြည်းစား… နင်နေဦးမယ်…ရော့… ဟင်းရည်သောက်ဦး…” ကျနော့ကို ဟင်းရည်တစ်ခွက် ခပ်ပေးလိုက်တယ်…
“ရော့… ဒါလေးက လတ်ဆပ်တယ်…” ကျနော့ကို ဟင်းတစ်ဇွန်းထည့်ပေးလိုက်တယ်…
“ရှင်တော်တော်လေး ပိန်သွားတယ်… နောက်ကျရင် အပြင်မှာ မစားနဲ့တော့… ဈေးကြီးပြီး အဟာရလဲ မဖြစ်ဘူး… အိမ်ဘဲ ပြန်စားတော့…”
စားပြီးလို့ ကျနော် ပန်ကန်ဆေးဖို့ ပြင်နေတုန်း…
“ထားပါတော့… အိမ်ထောင်ကျပြီးလို့တောင် ကြာရောပေါ့… ရှင် ဆေးတာ တစ်ခေါက်မှ မတွေ့ဖူးပါဘူး… ငါဘဲ ဆေးလိုက်ပါ့မယ်…”
“ငါ…”
“ဘာမှ မဖြစ်ဘူး… ငါလဲ အကျင့်ပါနေပါပြီ… သွား တီဗွီ သွားကြည့်တော့… ငါခဏလေး သိမ်းလိုက်ရင် ပြီးပါပြီ…”
ကျနော် ရေနွေးကြမ်းတစ်ခွက် ထည့်လိုက်တယ်… သူ့အတွက်လဲ တစ်ခွက်ထည့်ပေးလိုက်တယ်…
သူ ဆေးကြောပြီးတော့ ကျနော့ဘေးမှာ လာထိုင်လိုက်တယ်… ကျနော်လဲ ထည့်ထားတဲ့ ရေနွေးခွက်ကို သူ့ရှေ့ပို့ပေးလိုက်တယ်…
“နင် ဘယ်လိုင်းကြည့်ချင်လဲ…” ကျနော်သူ့ကို မေးလိုက်တယ်…
“ရှင် ဒီနေ့ ဘာလို့ ဒီလောက်ထိ အားနာနေရတာလဲ… ငါမနေတတ်တော့ဘူး… ” သူရယ်ပြီးပြောလိုက်တယ်…
ကျနော်လဲ ရှက်ရှက်နဲ့ ကိုယ့်ခေါင်းကို ပွတ်ပြီးတော့ ပြောလိုက်တယ်… “ငါအရင်က အရမ်းဆိုးလို့လား…” “ဆိုးတယ်? ဘယ်သူက ရှင့်ကို ဆိုးတယ်လို့ပြောနေလို့လဲ… ရှင်က ပျင်းတာ… အခု ငါတို့ ကွာရှင်းပြီးပြီဆိုတော့ ရှင်လဲ ရှင့် အ၀တ်တွေ ဘယ်လို လျှော်ရမလဲဆိုတာ မေ့နေပြီ… မစဉ်းစားကြည့်ဘူးလား… ရှင့်အ၀တ်တွေကို ဘယ်သူလျှော်ပေးနေရတယ်လို့… နောက်ကျရင်တော့ ကိုယ့်ဟာကိုယ် ကောင်းကောင်းဂရုစိုက်နော်…”
“ကွာရှင်း… အင်း… ဟုတ်တယ်… ငါတို့ကွာရှင်းပြီးသွားကြပြီ…” ကျနော် နှုတ်ဆိတ်သွားတယ်…
သူလဲ ငြိမ်သက်သွားတယ်…
အဲဒီညက ကျနော်တို့ ၃နာရီလောက် အတူတူထိုင်ပြီး တီဗွီကြည့်နေလိုက်တယ်… စကားမပြောဘူး… လိုင်းမပြောင်းဘူး… ဘာတွေကြည့်နေသလဲ ဆိုတာလဲ မသိလိုက်ဘူး… ရက် ၃၀ဟာ ခဏလေးနဲ့ ပြည့်သွားတယ်…အဲဒီနေ့က ထမင်းစားပြီးတော့ သူကျနော့ကိုပြောလိုက်တယ်… အိမ်ရှာတွေ့ပြီတဲ့… ဒီအပတ်တနင်္ဂနွေနေ့ဆို အိမ်ပြောင်းလို့ရပြီ… ကြားကြားချင်း ကျနော့စိတ်ထဲမှာ လုံးဝ ဟာတာတာဖြစ်သွားတယ်…
စနေနေ့ဟာ ရောက်လာတာ အရမ်းကိုမြန်တာဘဲ… ကျနော် ဆိုဖာပေါ်မှာထိုင်နေပြီး သူကျနော့ရှေ့ကို ဖြတ်သွားဖြတ်လာနဲ့ ပစ္စည်းတွေသိမ်းနေတယ်…
အခန်းထဲမှာတော့ ရှုပ်ပွနေတယ်… ဒါပေမဲ့ လေထုက ငြိမ်သက်နေတယ်… ကျနော်တို့စကားမပြောကြဘူး… သူဘာများချန်ခဲ့မလဲ? ကျနော့စိတ်ထဲမှာ အရမ်းသိချင်နေတယ်… ဒါပေမဲ့ ကျနော်သူ့ကိုမမေးဘူး…
“နင်ဖြည်းဖြည်းသိမ်း… ငါအပြင်ထွက်လိုက်ဦးမယ်…” သူ့အဖြေမကြားခင်မှာ ကတည်းက ကျနော် အပြင်ထွက်သွားတယ်… အိမ် အပြင်ဘက်က မိုးကောင်းကင်ဟာ အရမ်းကိုပြာတယ်…
လွန်ခဲ့တဲ့ ၃ နှစ်လောက်က လေတံခွန် အတူတူ လွှတ်ခဲ့တဲ့ တစ်နေ့နဲ့ တော်တော်လေးတူတယ်…
အိမ်အပြင်က နေရောင်ခြည်ဟာ တော်တော်လေးနုတယ်…
လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုဘဲ ငါတို့ကို နွေးထွေးစေခဲ့တာလား…
အိမ်အပြင်ဘက်မှာ စုံတွဲတွေ တော်တော်များတယ်…
ငါတိုလဲ ဒီလိုဘဲ ချိုချိုမြိန်မြိန်နဲ့ ၃ နှစ်တာ ဖြတ်သန်းခဲ့ရတယ်…
“မေမေ… ဦးငိုနေတယ်…” ဘေးက ကလေးလေးတစ်ယောက်က သူ့မေမေကို အော်ပြောလိုက်တယ်… ကျနော် မျက်လုံးကို ပွတ်ပြီး… အတင်းပြုံးပြလိုက်တယ်… “ဦး မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ…” ကျနော်လဲ ကိုယ့်ကိုယ်ကို ရယ်လိုက်ပြီး ဦးတည်ရာ လမ်းကြောင်းတစ်ခု ရွေးလိုက်ပြီး လျှောက်သွားနေခဲ့တယ်…
ညနေရောက်တဲ့အထိ အပြင်မှာ လျှောက်သွားနေတုန်းဘဲ…
ဖုန်းသံမြည်လာတယ်… သူ့ဆီက စာဝင်လာတာပါ… “ညစာ ချက်ပြီးသွားပြီ… ငါတို့ နောက်ဆုံးတစ်ကြိမ် အတူတူထမင်းစားရအောင်…”
ကျနော် ချက်ချင်း အိမ်ကို ပြေးပြန်သွားတယ်…
အိမ်ထဲမှာ မီးပိတ်ထားတယ်… ထမင်းစားစာပွဲပေါ်မှာ ဖယောင်းတိုင်ထွန်းထားတယ်… ဟင်တွေက တော်တော်လေးစုံတယ်… ၀ိုင်တစ်ပုလင်းပါပါတယ်…
ကျနော် သူ့ကို မင်္ဂလာဆောင်တုန်းက ၀ယ်ပေးခဲ့တဲ့ အနက်ရောင်ဂါဝန်ကို ၀တ်ထားတယ်…
“ငါတို့ မင်္ဂလာဆောင်တာ ၃ နှစ်ရှိပြီ… ၀ိုင် အတူတူမသောက်ဖူးသေးဘူး…ဒီညပြီးရင် ငါလဲသွားရတော့မယ်…ငါတို့ အတူတူ တစ်ကြိမ်လောက် သောက်ရအောင်နော်… ” သူပြောနေရင်းနဲ့ ကျနော့ ခွက်ထဲကို ၀ိုင်တစ်ခွက်ထည့်ပေးလိုက်တယ်… “Cheers!” ခွက်ချင်းထိတိုက်လိုက်တယ်…
ကျနော်တို့ ဘာမှထပ်မပြောတော့ဘူး… ဘာဆက်ပြောရမှာလဲ? ဘာဘဲပြောပြော မနက်ဖန်ရဲ့ အဖြေကို မပြောင်းလဲနိုင်တော့ပါဘူး… တော်ပါပြီ… မစဉ်းစားချင်တော့ဘူး… အရက်သောက်ပြီး ဟင်းလေးစားလိုက်တယ်… အကောင်းဆုံးကတော့ မူးသွားရင် အကောင်းဆုံးဘဲ… နိုးလာတဲ့အချိန် သူထွက်ခွာသွားပြီးတဲ့အချိန် ဖြစ်နေရင်အကောင်းဆုံးဘဲ… သူထွက်သွားဖို့က တောက်လျှောက် ကျနော် မျှော်မှန်းထားတာ မဟုတ်ဘူးလား… ဒီလောက် လျှာရှည်တဲ့ မိန်းမကို မကြည့်ချင်နေတော့တာ မဟုတ်ဘူးလား… ကျနော် ပျော်ရမှာလေ!
နောက်ကျရင် ဘောလုံးပွဲကြည့်တာ ဘယ်လောက်ထိ ညနက်နက် ဘေးမှာ သွားအိပ်ဖို့ တတွတ်တွတ် ရွတ်နေမဲ့သူမရှိတော့ဘူး… ဘယ်လောက်ထိမိုက်လဲ… ရေမချိုးဘဲ အိပ်ယာထဲ ၀င်ရင်လဲ ညစ်ပတ်တယ်လို့ ရေရွတ်နေမဲ့သူ မရှိတော့ဘူး… ဘယ်လောက်ထိကောင်းလဲ… ငါ မပျော်ရွှင်စရာ အကြောင်းမရှိပါဘူး… ဒါပေမဲ့ ဘာဖြစ်လို့… ဒီဝိုင်ဟာ ငါ့ပါးစပ်ထဲမှာ ခါးတီးနေရတာလဲ?
“ရှင့်ရဲ့ အ၀တ်တွေ ဘီရိုထဲမှာ သေချာ သိမ်းထားပေးပြီ… ဘောင်းဘီတိုနဲ့ ခြေအိတ်တွေကတော့ ကုတင်အောက်က အံဆွဲထဲမှာ… ရှင် အစာအိမ်မကောင်းဘူး… ညဘက်သိပ်မနက်စေနဲ့… ကိုယ့်ကိုယ်ကိုလဲ အစားလေးဘာလေး ချက်ကျွေးဦး… ရေခဲသေတ္တာထဲမှာ အစားတွေ ၀ယ်ထည့်ထားပေးတယ်… ကိုယ့်ကိုယ်ကိုလဲ ထမင်းချက်နည်းလေး သင်ထားဦး… အပြင်မှာဘဲ စားမနေနဲ့… အစာအဟာရရှိအောင်စား… ကြုံစားဘဲ လုပ်မနေနဲ့…”
“ဒီတစ်လ ဖေဖေမေမေတို့ကို လွဲပေးရမဲ့ ပိုက်ဆံလွဲပေးပြီးပြီ… နောက်လတွေမှာလဲ လွဲပေးဖို့ မမေ့နဲ့ဦး… အားရင်လဲ သူတို့ဆီကို ဖုန်းဆက်ဦး… သူတို့က နင့်ကို သတိရနေတယ်… ငါဒီနေ့ သူတို့ဆီ ဖုန်းခေါ်လိုက်သေးတယ်… ဖေဖေ့ ဖုန်းက ပျက်နေတယ်တဲ့… ဒီနေ့ဘဲ ကြုံလို့ ဟန်းဆက် အသစ်တစ်လုံး ၀ယ်ထားပေးတယ်… အမြန်ချောပို့နဲ့ ပို့ပေးလိုက်ဦး… ဖေဖေ အခုတလော ခြေလက်တွေ ကိုက်နေပြန်ပြီ… ဟိုတစ်ခေါက်က ၀ယ်ထားပေးတဲ့ ဆေးလဲ ကုန်လောက်ပြီ… ရော့ ဒါက ၀ယ်ရမဲ့ဆေးနာမည်နဲ့ လိပ်စာ… မနက်ဖန်ဝယ်ပြီး အမြန်ချောနဲ့ တစ်ခါတည်း ထည့်ပေးလိုက်… ”

“ငါတို့ ကွာရှင်းလိုက်တဲ့အကြောင်း သူတို့ကို မပြောရသေးဘူး… နင် နောက်ကျရင် အခွင့်ကြုံမှဘဲ သေချာစဉ်းစားပြီး သူတို့ကို ပြောပြလိုက်ပါတော့… ဖေဖေက ဘာဘဲပြောပြော သူ့ကို စိတ်မဆိုးနဲ့ နော်… ဒါက ဖေဖေနဲ့ မေမေအတွက် သိုးမွေးအင်္ကျီ… မနက်ဖန် တစ်ခါတည်း ထည့်ပေးလိုက်…”
သူ တစ်ခုပြီးတစ်ခု ကျနော့ကို မှာနေတယ်… ကျနော် အားလုံးကို မှတ်မိချင်တယ်… အားလုံးကိုလဲ မမှတ်မိစေချင်ဘူး… ကျနော် ကိုယ့်ကိုယ်ကို တော်တော်လေး တုံးပါလားလို့ ခံစားလာမိတယ်… အိမ်မှာ ၃ နှစ် ၃ မိုးနေလာတာ… အားလုံးဟာ ကျနော်နဲ့ စိမ်းနေသလိုဘဲ… ကျနော် ကြောက်လာတယ်… တစ်ယောက်တည်း ဆက်နေသွားလို့ ဖြစ်ပါ့မလားဆိုတာ မသိဘူး…
“ဒါကတော့ လက်ထပ်တုန်းက မေမေပေးထားတဲ့ လက်စွပ်လေးပါ… ငါမယူသွားတော့ပါဘူး… မေမေ့ကို ငါ့အစား တောင်းပန်ပေးလိုက်နော်…” အစိမ်းရောင် တောက်နေတဲ့ ကျောက်စိမ်းလက်စွပ်လေးပါ… အရောက်တောက်လွန်းလို့ ကျနော့ မျက်စိကိုတောင် စူးရှမတက်မပါဘဲ…
“ငါယူသွားမဲ့ ပစ္စည်းတွေက ငါတို့ သဘောတူထားတဲ့ ဟာတွေပါဘဲ…” သူမတ်တပ်ရပ်ပြီး လေးဘက်တွေကို တစ်ချက်ကြည့်လိုက်ပြီး မေးတယ်… “မရှင်းတာရှိလား?”
ကျနော် မရှင်းတာ ဘာရှိလဲ… ကျနော်ဘာမှမသိဘူး… ကျနော်သိတာ တစ်ခုဘဲ ရှိတယ်… ကျနော်သူ့ကို ထွက်မသွားပါနဲ့လို့ အတားချင်ဆုံး အချိန်မှာ သူကျနော့ဆီက ထွက်ခွာသွားတော့မယ်…

သူကျနော့ကို အမြဲပြောတယ်… ယောက်ျားမဟုတ်ဘူးတဲ့… သူ ကျနော့ကို သိက္ခာချနေတယ်လို့ဘဲ ထင်ခဲ့တယ်… အခုမှ ကျနော် သဘောပေါက်လိုက်တယ်… ဟုတ်ပါတယ်… ကျနော် ယောက်ျား မဟုတ်ပါဘူး… ကလေးလေး တစ်ယောက်လိုဘဲ သူ့ရဲ့ ပြုစုယုယမှုအောက်မှာ နေလာခဲ့တာပါ…
“နင်မေးစရာ မရှိတော့ဘူးဆိုရင် ငါတို့စောစော နားကြရအောင်… ဒီညတော့ နင် အခန်းထဲမှာ အိပ်လိုက် ငါ ဆိုဖာပေါ်မှာဘဲ အိပ်လိုက်မယ်… မနက်ဖန် မနက်အစောကြီး ပြောင်းရွှေ့ရေး က လူတွေလာရင် နိုးနေဦးမယ်… အထဲမှာဘဲ အိပ်လိုက်တော့…”
ကျနော်လဲ ဘာဆက်ပြောရမလဲမသိတော့ဘူး… ခေါင်းငုံ့ပြီးတော့ အခန်းထဲဝင်ပြီး တံခါးကို ပိတ်လိုက်တယ်… ကျနော် တညလုံး မျက်နှာကျက်ကိုဘဲ ကြည့်နေမိတယ်…
မနက် မိုးလင်းလို့ နေရောင်ခြည်ဟာ အခန်းထဲဝင်လာတယ်… တံခါးခေါက်သံကြားလိုက်တယ်… ပစ္စည်းရွှေ့သံကြားလိုက်တယ်… သူ အလုပ်သမားတွေကို “သတိထား…” လို့ ပြောနေသံ ကြားလိုက်တယ်… ဒါပေမဲ့ ကျနော့ ရင်ခုန်သံကို ကျနော် မကြားရတော့ဘူး…
သူတံခါးခေါက်လိုက်တယ်… ကျနော်ကတော့မလှုပ်ဘူး…
“ငါသွားတော့မယ်… နင် ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်နော်… ” သူအခန်းထဲ မ၀င်လာဘူး… တံခါးကို ခြားပြီး ပြောလိုက်တယ်…
တံခါးပိတ်သံ ကြားလိုက်ရတယ်… ဘာအသံမှ ထပ်မကြားရတော့ဘူး…
ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ငါတို့ဘာဖြစ်လို့ကွာရှင်းရတာလဲ…
“အချိန်ရရင် လာလည်ဦးနော်…” အိမ်နီးနားချင်းတွေရဲ့ နှုတ်ဆက်သံ ကြားလိုက်ရတယ်…
“မင်းယောက်ျားကော် ဟုတ်သေးလား?” စိတ်ထဲကနေ ကျနော့ကို အော်နေတယ်…
မင်းယောကျာ်းဆိုရင် အခုပြေးထွက်သွားလိုက်… တားလို့မီသေးတယ်…
ကျနော် ကုတင်ပေါ်က ခုန်ဆင်းပြီး ပြတင်းပေါက်ကနေ အောက်ကိုအော်ပြောလိုက်တယ်…
“ခဏစောင့်… မသွားသေးနဲ့ဦး…”
ကျနော် လှေခါးအောက်ကို ပြေးဆင်းသွားတယ်… ကျနော်ဟာ ယောကျာ်းတစ်ယောက်…
သူကားဘေးမှာ ရပ်နေပြီး ကျနော့ကို ပြုံးပြလိုက်တယ်…
“အောက်ဆင်းလာပြီး လိုက်နှုတ်ဆက်တဲ့အတွက် ကျေးဇူးတင်ပါတယ်… ” သူ့မျက်လုံးထောင့်မှာ မျက်ရည်စက်ရှိနေတယ်…
“မင်းထွက်သွားရင် ငါဘယ်လို လုပ်ရမှာလဲ…” ကျနော်သူ့လက်မောင်းကို ဆွဲပြီးပြောလိုက်တယ်…
“ငါတို့ ကွာရှင်းပြီးသွားပြီလေ…”
“ငါအခု နင့်ကို မသွားစေချင်ဘူး… ငါ နင်မရှိလို့မဖြစ်ဘူး…” ကျနော် ကိုယ့်ဟာကိုယ် အော်နေမိတယ်… သူ့ကို တောင်းပန်နေမိတယ်…
“ကွာရှင်းဖို့ဆိုတာ ရှင် စ ပြောတာလေ…”
“ငါမှားမှန်းသိတယ်… တောင်းပန်ပါတယ်ကွာ… ငါ့ကိုခွင့်လွတ်ပါနော်…”
“ရှင်က ယောက်ျားလေ… ဒီလောက် လူအများကြီးရှေ့မှာ ငိုနေရလား…” သူ့လက်နဲ့ ကျနော့ မျက်ရည်တွေကို သုတ်ပေးနေတယ်… သူလက်တွေက အေးစက်လို့…
“မင်းသာ ပြန်လာမယ်ဆိုရင် ငါယောကျာ်းမလုပ်ဘူး…”
“ငါတို့ ရှေ့ရှေ့နောက်နောက် အတူတူနေလာခဲ့တာ စုစုပေါင်း ၆ နှစ်ရှိပြီ… လက်ထပ်ပြီးနောက်ပိုင်း နင်ငါ့ကို ဂရုမစိုက်တော့ဘူး… ငါဘာလိုချင်သလဲဆိုတာ နင်မသိဘူး… ငါဘာတွေ စဉ်းစားနေလဲဆိုတာ နင် မမေးဘူး… ငါနင့်ကို ပြောပြန်ရင်လဲ လျှာရှည်တယ် ဖြစ်ဦးမယ်… ဒါပေမဲ့ ရှင်သိလာ… ဒီ ၃ နှစ်လုံးလုံး ငါ အရမ်းပင်ပန်းခဲ့တယ်… ရှင့်ကို ချစ်တယ်… ဒီအချစ်ကို ထိန်းထားဖို့အတွက် ငါ တော်တော်လေး ကြိုးစားခဲ့တယ်…”
“တောင်းပန်ပါတယ်… ငါ့ကို အခွင့်အရေး နောက်တစ်ကြိမ်လောက်ပေးပါနော်… ငါ အခွင့်အရေးကောင်းတွေ အများကြီးဆုံးရှုံးခဲ့တယ်… ငါဆက်ပြီး မမှားချင်တော့ဘူး… နင်ကလဲ ငါ့ကို ချစ်နေသေးတာဘဲ… ငါ့ကိုချစ်ရင် ထွက်မသွားပါနဲ့နော်…” ကျနော်စိတ်ထဲမှာ အောင့်နေတယ်… ဘာဖြစ်လို့ ဒီလိုနောက်ဆုံးအချိန်မှ ဒီလိုစကားမျိုး ပြောထွက်လာရတာလဲ…
“ငါတို့ က ကွာရှင်းပြီးသွားပြီဘဲ… ရှင် နောက်တစ်ခေါက် ကျမကို လက်ထပ်ခွင့် တောင်းရမှာပေါ့… ” သူ့မျက်နှာပေါ်မှာ အံ့သြစရာကောင်းတဲ့ အမူအရာလေး ပေါ်နေတယ်…
“ကောင်းပြီ… လက်ထပ်ခွင့်တောင်းမယ်… ငါတောင်းပန်ပါတယ်… နင်ငါ့ကို နောက်တစ်ကြိမ် လက်ထပ်ခွင့်ပြုပါနော်… ” ကျနော် ဒူးတစ်ဖက် ထောက်ပြီး သူ့ကို ဒုတိယ အကြိမ် လက်ထပ်ခွင့် တောင်းခဲ့တယ်…
“လက်ထပ်ခွင့်တောင်းတာ နှင်းဆီပန်းရယ် လက်စွပ်ရယ်လိုတယ်… နင့်မှာ ရှိလို့လာ?”
နှင်းဆီ… လက်စွပ်… ဘုရား ဘုရား… အခုချိန် ဘယ်မှာ သွားရှာရမှာပါလိမ့်…
“ငါတို့ အိမ်က သမီးလေး မနေ့ကမှ နှင်းဆီပန်းတစ်စည်း ရထားတယ်ဟေ့… ကောင်လေး… နင် အမြန်လာယူ…” ဘေးအိမ်က ဦးလေးကြီးက ကျနော့ကို အော်ပြောနေတယ်…
ကျနော်လဲ ဟို ကျောက်စိမ်းလက်စွပ်ကို သွားသတိရလိုက်တယ်…
အိမ်ပေါ်ပြေးတက်သွားပြီး ဘေးအိမ်ထဲကို ၀င်ပြီး ပန်းစည်းယူလိုက်တယ်… ကျနော့အိမ်ထဲကို ၀င်ပြီး ဟိုလက်စွပ်ကို ရှာတယ်… ဒါပေမဲ့ ဘယ်လိုရှာရှာ ရှာမတွေ့ဘူး…
ဘာဖြစ်လို့လဲ… ဘာဖြစ်လို့ ဒီလို အရေးကြုံလာမှ လာနောက်နေရတာလဲ… လက်စွပ်က ဘယ်ရောက်နေပါလိမ့်… ကျနော် တစ်အိမ်လုံးကို မွေနောက်ရှာနေတုန်း သူ အခန်းထဲကို ရောက်လာတယ်… သူ့နောက်မှာက အိမ်နီးနားချင်း ပွဲကြည့်ပရိသတ်တွေ…
ကျနော်သူ့လက်ကိုဆွဲလိုက်ပြီး နှင်းဆီပန်းကို သူရင်ထဲ ထည့်လိုက်တယ်…
“ငါ လက်စွပ် ရှာမတွေ့သေးဘူး… ငါ့ကို အရင် လက်ထပ်ခွင့်ပြုလိုက်ပါနော်…”
သူ ရုတ်တရက် ပါးစပ်လေးဟ ပြီး ရယ်သံ တစ်ချက်ထွက်လာတယ်…
ပြီးတော့ သူ့အိတ်ထဲက ဗူးလေးတစ်ခု ယူထုတ်လာတယ်…
ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ တောက်ပနေတဲ့ အစိမ်းရောင် လက်စွပ်လေးက အထဲမှာကိုး…
“ဆောရီးပါ… ငါအပိုပစ္စည်းတစ်ခု ယူသွားမိပြီနဲ့တူတယ်…” သူ ကျနော့ရင်ခွင်ထဲကို ခိုဝင်ပြီးတော့ ရယ်မောလိုက်တယ်…