Tuesday, 1 July 2014

ကြောက်စရာ ချွတ်ဆေးများ




မနေ့က အမေနဲ့ ဈေးထဲလိုက်သွားတယ် ပရဆေးဆိုင် တစ်ဆိုင်ရှေ့မှာ မောလို့ ၀င်နားတော့ အဲ့ လူကြီးက စိတ်ညစ်ညစ်နဲ့ ငြီးတယ်။ သူ့လက်ထဲမှာ အဖြူမှုန့်အနည်းငယ် ထည့်ထားတဲ့ အိတ်လေး။
ကျွန်တော်ဗျာ ဒီ ချွတ်ဆေးကို မရောင်းချင်တော့ဘူး တဲ့ ...
အမေက မေးတယ် ဘာဖြစ်လို့လဲ ဆိုတော့ ဈေးရောင်းတဲ့ သူတွေက လာလာဝယ်တယ်တဲ့ ..
အစွန်းချွတ်ဆေးကို ဘာလုပ်လဲဆိုတော့ ..
(ပဲကြီး၊ ပဲပင်ပေါက်၊ သစ်တော်သီး၊ ပန်းသစ်တော်၊ ပန်းသီး၊ မာလကာသီး) သူပြောတာတော့ တော်တော်များတယ် .. အဲ့ဒါတွေကို ဒီချွတ်ဆေးနဲ့ ချွတ်လိုက်ရင် ဖြူဖွေးပြီး မာတင်းသွားတယ်။ သစ်သီးတွေဆိုရင် စားလိုက်ရင် ကြွတ်ရွစေပါတယ်။
အဲ့ဆေးကို တစ်နေ့တည်း သုံး၊လေးခါ ကိုင်ရင်တောင် ယားပြီး အကွက်တွေ ဖြစ်လာတယ်တဲ့ ... စားရင်တော့ စဉ်းစားသာကြည့်ပေတော့။
အရမ်းကို ကြောက်စရာကောင်းပါတယ်။ ဈေးသည်တွေ ၀ယ်လွန်းလို့ မရောင်းချင်ဘူးတဲ့ ..
အစားအသောက်တွေမှာ လူတွေမစားသင့်တဲ့ ချွတ်ဆေး၊ ဆိုးဆေးတွေကိုသုံးတာဟာ အရမ်းကို အန္တရာယ်များပါတယ် ...
မြန်မာပြည်မှာ အခြားအစားအသောက်တွေထဲမှာလည်း ဘာဆေးတွေ ဘယ်လိုတွေ သုံးထားလဲ ဆိုတာ ရောင်းချတဲ့သူတွေက လွဲပြီး စားသုံးသူတွေကတော့ မသိနိုင်ပါဘူး။ ဒီတိုင်းသာဆို မြန်မာပြည်ဟာ နေလို့တောင် မကောင်းတော့ဘူး။ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး ဘာမှကို စိတ်မချရတော့ဘူး။
Credit to - (SLM)

ကျန်းမာရေးသတင်းများနှင့် မှတ်သားဖွယ်ကောင်းသော Post များကို တင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်။
www.facebook.com/pages/ကောင်းသန့်-မအီတဲ့ဒံပေါက်/183769381716549

"ထင်ချင်သလို ထင်တဲ့စိတ်"



မိမိ မှာရယ်စရာတွေ မကြာခဏပြောတတ်တဲ့ ဓမ္မမိတ်ဆွေ တယောက်ရှိပါတယ်။ သူပြောဘူးတဲ့ဇတ်လမ်း လေးတခုကို ပြန်ပြီး ပြောပြ ချင်ပါတယ်။ ကြားဖူးပြီးသားဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။
တခါက စိတ်ရောဂါကု ဆေးရုံတခုမှာ စိတ်ရောဂါသည် လူနာသုံးဦးကို စိတ်ကုဆရာဝန်တွေက ဆေးကုသမှု တစ်လပေးပြီး တိုးတက်မှု ရှိမရှိပြန်ပြီး စစ်ဆေးကြပါတယ်။

လူနာသုံးယောက်က ဆရာဝန်တွေရှေ့မှာ ခုံကလေးတွေနဲ့ ထိုင်ပြီး ဆရာဝန်တွေမေးတာကို ဖြေရပါတယ်။ ပထမဆုံးလူနာကို ဆရာဝန်က မေးခွန်းတခု မေးလိုက်ပါတယ်။
"သုံးသုံးလီ ဘယ်လောက်လဲ"

လူနာက ပြန်ဖြေပါတယ် "ကြာသာပတေးပါဆရာ"

အနည်းငယ် စိတ်ပျက်သွားတဲ့ စိတ်ကုဆရာဝန်က ဒုတိယလူနာကို ဒီမေးခွန်းကိုပဲ ထပ်မေးပါတယ်။
"သုံးသုံးလီ?" "၆၅၀ ပါဆရာ"

စိတ်ဓာတ်ကျသွားတဲ့ ဆရာဝန်တွေဟာ တတိယမြောက် လူနာကိုစိတ်မပါ လက်မပါနဲ့ ဝတ္တရားကျေ ဆက်မေးလိုက်တဲ့အခါ… "ကိုး ပါဆရာ"
ထခုန်မိမတတ် ပျော်သွားကြတဲ့ ဆရာဝန်တွေဟာ ဝမ်းသာ အားရနဲ့ တတိယလူနာကို ဝိုင်းပြီး ဆက်မေးကြပါတယ်။
"တော်လိုက်တာကွာ သုံးသုံးလီကိုးရအောင် မင်းဘယ်လို တွက်လိုက်တာလဲ"
"ဆရာကလဲ ဘာခက်တာ မှတ်လို့။ ကြာသာပတေးထဲက ၆၅၀ကို နှုတ်လိုက်ရင် ကိုးရတာပဲပေါ့။"
ဆရာဝန်တွေ အကုန် ပက်လက်လန်ကုန်ကြပါတယ်။ လူနာတွေလည်း နောက်ထပ်တစ်လ ဆေးတွေသောက်ပြီး နောက်တစ်ခါ သုံးသုံးလီကို ပြန်ဖြေကြရအုံးမှပါပဲ။

အံ့သြစရာကောင်းတာတခုကတော့ အဲဒီ စစ်ဆေးတဲ့ စိတ်ကုဆရာဝန်တွေကိုယ်တိုင် သုံးသုံးလီ ကိုးဆိုတဲ့ အဖြေမှန်ကို သိပေမဲ့ သုံးသုံးလီ ကိုးရဖို့ သုံးသုံးခါပေါင်းရတယ်ဆိုတဲ့ တွက်နည်းကို မသိကြပါဘူးတဲ့။

သူပြောတဲ့ဇာတ်လမ်းက ဒီမှာတင်ပြီးသွားပေမဲ့ မိမိကတော့ အတွေးတွေ ဆက်နေမိပါတယ်။

မိမိတို့ဘဝထဲမှာလည်း အဲဒီလိုပဲ။ မေးခွန်းပေါင်း များစွာနဲ့ လောကဓံက စာမေးပွဲတွေ စစ်တတ်ပါတယ်။ ဖြေခဲ့ပေါင်းလည်း များလှပါပြီ။ အဲဒီလိုဖြေကြတဲ့နေရာမှာ ခုနက ဇာတ်လမ်းထဲက ပထမလူနာ နှစ်ယောက်လို ထင်ချင်သလို ထင်ပြီး ရမ်းဖြေခဲ့တာလား။ တတိယလူနာလို ကံကောင်းလို့ အဖြေမှန်ပေမဲ့ ထင်ချင်သလို ထင်ပြီး ရမ်းတွက်ခဲ့တာလား။ စိတ်ကုဆရာဝန်တွေလို အဖြေတော့ ကျက်ထားလို့ သိပေမဲ့ တွက်နည်း မသိတာကော မဖြစ်နိုင်ဘူးလား။
အာရုံတွေက စစ်နေတဲ့ စာမေးပွဲ အသေးလေးတွေမှာ မိမိအနေနဲ့ အောင်တာများသလား။ ကျတာများသလား ဆိုတာ ပြန်စီစစ်ကြည့်မိပါတယ်။ မိတ်ဆွေများကိုလည်း ကိုယ့်ကိုယ်ကို စစ်ဆေးကြည့်စေချင်ပါတယ်။ အမှတ်ပေးစည်းမျဉ်းကတော့ ဆုံတဲ့အာရုံတွေနဲ့ ကုသိုလ်ဖြစ်ရင် အောင်တယ်။ အကုသိုလ်ဖြစ်ရင် ကျတယ်။

လောကအကျိုး သာသနာအကျိုး ဟိုအကျိုး ဒီအကျိုးဆိုတဲ့ ခေါင်းစဉ်တွေ ကောင်းတာနဲ့ မဆိုင်ဘူးနော်။ ဓမ္မသဘာဝတွေကတော့ ဟိုဟာကြောင့် ဒီဟာကြောင့်ဆိုတဲ့ ဆင်ခြေတွေကိုလည်း ငဲ့နေမှာ မဟုတ်ပါဘူး။ ဘယ်ခေါင်းစဉ် အောက်မှာပဲဖြစ်ဖြစ် ဘယ်လိုပဲ ဆင်ခြေတွေ ပေးပေး ကုသိုလ်ဖြစ်ရင် အောင်မယ်။ အကုသိုလ်ဖြစ်ရင် ကျပါတယ်။

တချို့လူတွေဟာ ထင်ချင်သလို ထင်ပြီး ရမ်းဖြေနေကြပါတယ်။ တချို့အဖြေသိပေမဲ့ တွက်နည်း မသိပါဘူး။ စာမေးပွဲမှာတော့ နှစ်မျိုးလုံးကျမှာပါပဲ။ မိစ္ဆာဒိဌိဆိုတဲ့ ထင်ချင်သလိုထင်တတ်တဲ့ စိတ်ဟာ မိမိတို့ကို ဘဝထဲမှာ အခက်အခဲများစွာဖြစ်စေ တတ်ပါတယ်။

တစ်ခုခု သိလိုက်ကြားလိုက်တာနဲ့ အကျင့်ပါတဲ့စိတ်က ထင်ချင်သလို ထင်လိုက်ပါတယ်။ ငါထင်တာ မလွဲဘူး ဆိုပြီး အဲဒီအထင်ကို အရင်းအနှီးပြုပြီး ကိုယ့်ကိုယ်ကို အထင်ကြီးလိုက် ပြန်ပါတယ်။ အဲဒီကတဆင့် ကာယကံ ဝစီကံ မနောကံအမှားအယွင်းတွေ ထပ်မံပြုရင်း အကုသိုလ် အကြွေးတွေ တင်စေပါတယ်။

ထင်ချင်သလို ထင်လိုက်တာ တစ်ခု မတော်တဆ မှန်သွားတယ် ဆိုရင်တောင် အဲဒီထင် ချင်သလို ထင်တတ်တာကိုက မှားယွင်းမှု တစ်ခုပါပဲ။ မိစ္ဆာဒိဋ္ဌိပါပဲ။ အမှန်ကို မသိလို့သာ ထင်ချင်သလို ထင် တတ်တဲ့စိတ်တွေ အားကောင်းနေတာပါ။
အမှန်သိတဲ့သူဟာ ကိလေသာနဲ့ ထင်ချင်သလို မထင်တော့ပါဘူး။ မိစ္ဆာဒိဌိဆိုတဲ့ အမြင်မှားကို သမ္မာဒိဋ္ဌိဆိုတဲ့ အမြင်မှန်နဲ့ အစားထိုးနိုင်ပြီ ဖြစ်တာမို့ သူကတော့ ဂုဏ်ထူးထွက်တဲ့ ကျောင်းသားလို့ ပြောရမှာပါပဲ။
အချိန်းအချက်မရှိတဲ့ Final Exam: ကိုတစ်နေ့ မဟုတ် တစ်နေ့ မိမိတို့ သေချာပေါက် ဖြေကြရမှာပါ။ အဲဒီစာမေးပွဲကို မကြာခင် ဖြေရတော့မဲ့ မိမိကိုယ်ကို မေးခွန်းတွေ များစွာ ပြန်မေးနေမိပါတယ်။
စာတွေ လေ့ကျင့်ခန်းတွေ သေချာပိုင်ပြီလား။ အဖြေတွေ သိတယ်ဆိုရင်လည်း တွက်နည်းပါ သေချာသိတာ ဟုတ်ရဲ့လား။ ကြားဘူးနားဝနဲ့ ကိုယ့်ကိုယ်ကို ထင်ချင်သလို ထင်ပြီး တကယ် မဟုတ်ဘဲ အဟုတ် ထင်နေမယ် ဆိုရင်တော့ စာမေးပွဲခန်းထဲရောက်မှ ဒုက္ခရောက်ပါလိမ့်မယ်။

သူများတွေ တပ်ပေးတဲ့ဆိုင်းဘုတ်နဲ့ သူများတွေ ပြောတဲ့ ချီးမွမ်းစကားတွေနဲ့ ကျေနပ်နေမယ် ဆိုရင်လည်း မဟုတ်လို့ကတော့ ကိုယ်သာ အရှုံးကြီးရှုံးလို့ နစ်နာရပါလိမ့်မယ်။
ထင်ချင်သလို ထင်တတ်တဲ့ အကျင့်တွေ အားကောင်းပြီး ရမ်းဖြေမယ် ဆိုရင်တော့ ဒီစာမေးပွဲမှာ အောင်ဖို့ မလွယ်ပါဘူး။

တသက်လုံး ကိလေသာအကြွေး အကုသိုလ်ကံ အကြွေးတွေ ဖြစ်စေခဲ့တဲ့ ထင်ချင်သလို ထင်တတ်တဲ့ ဒီစိတ်ဟာ နောက်ဆုံးစာမေးပွဲအထိ မိမိတို့ကို လမ်းလွဲရောက်အောင်၊ အမှားတွေ ဖြေအောင်၊ ဘုံဌာနတွေ နိမ့်ကျအောင် ပို့ဆောင် ပေးတော့မှာပါ။
ဒီမေးခွန်းတွေဟာ မိမိအပါအဝင် ပုထုဇဉ် အားလုံးနဲ့ ဆိုင်တဲ့ မေးခွန်းတွေပါ။ ဒီFinal Exam ဟာ ညာလို့ မရပါဘူး။ ဘက်မလိုက်ပါဘူး။ ပြန်လည်ဖြေဆိုခွင့် ဆိုတာလည်း တစ်ခါတလေ အခန့်မသင့်ရင် ကမ္ဘာနဲ့ချီပြီး ကြာသွားတတ်ပါတယ်။ ဒီစာမေးပွဲကို အနည်းဆုံးတော့ အောင်မှတ်ရအောင် ဖြေစေချင်ပါတယ်။ ဂုဏ်ထူးလည်း ထွက်စေချင် ပါတယ်။
ထင်ချင်သလို ထင်တတ်တဲ့ အကျင့်တွေနည်းပါးအောင် လေ့ကျင့်ဖို့ကတော့ ဘုရားရှင်ဟောကြား ထားတဲ့ သီလ သမာဓိ ပညာ အကျင့်ကို ကျင့်ဖို့ပါပဲ။ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထားတဲ့ အကျင့်တွေနဲ့ အားထုတ်နေဖို့ပါပဲ။ မိမိစိတ်မှာမဂ္ဂင် ရှစ်ပါးနဲ့ ပြည့်စုံတဲ့ အရည်အသွေးတွေ အားကောင်းအောင် လေ့ကျင့်နေဖို့ ပါပဲ။

ဘဝထဲမှာ အပ္ပမာဒ-သတိနဲ့ ဘုရားဟောသလို နေထိုင် အသက်ရှင်သွားဖို့ပါပဲ။
အဲဒီလိုသာ ဘဝထဲမှာ သတိနဲ့ နေတတ်သွားသူဟာ Final exam မှာ မဖြေတတ်မှာ မဖြေနိုင်မှာကို ပူစရာတောင် မလိုတော့ပါဘူး။

ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဘုရားရှင်ရဲ့ သာသနာနဲ့လည်း ဆုံတွေခွင့်ရနေပါတယ်။
တရားအားထုတ်လို့ ရနိုင်တဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေနဲ့လည်း ပြည့်စုံနေပါတယ်။ အခုချိန်အထိ ကျန်းမာရေးကလည်း ကောင်းမွန်နေပါသေးတယ်။ တရားအစစ်အမှန်တွေလည်း မကွယ်မပျောက် ရှိနေပါသေးတယ်။ နည်းမှန်လမ်းမှန်နဲ့ လမ်းပြနိုင်တဲ့ ဆရာကောင်းတွေနဲ့လည်း သင်ယူခွင့်ရနေပါပြီ။

အခုလောက် ကောင်းတဲ့ အခွင့်အရေးမျိုးတွေ နောင် ဘယ်တော့မှ မရနိုင်တော့ပါဘူး။ သီလ၊သမာဓိ၊ပညာအကျင့်တွေကို အခုလို စွမ်းနိုင်တုံးမှာ အခြေခံကစပြီး မှန်ကန် ပြည့်စုံစွာနဲ့ စွဲစွဲမြဲမြဲ စိတ်ပါလက်ပါသာ လေ့ကျင့် မယ်ဆိုရင် အောင်ဖို့အတွက် ပူစရာမလိုသလို ဂုဏ်ထူးထွက်ဖို့ အတွက်လည်း မခက်တော့ပါဘူး။ ဒီစကားဟာ ဘုရားရှင်ကိုယ်တော်တိုင် အာမခံထားတဲ့ စကားမို့ ထင်ချင်သလို ထင်တတ်တဲ့ စိတ်တွေ မရှိအောင် တရားတော်ကို ယုံကြည်စွာ အားထုတ်ကြဖို့ အကြံပြုပါရစေ။
မိတ်ဆွေများကို ဘဝထဲမှာကြိုက်စရာ မကြိုက်စရာ လို့ သတ်မှတ်ထားတဲ့ အာရုံတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဒါမှမဟုတ် လောကဓံ အကောင်းအဆိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ ဆုံသမျှနဲ့ ကုသိုလ်ဖြစ်အောင် နေနိုင်တဲ့သူတွေ ဖြစ်စေချင်ပါတယ်။ ထင်ချင်သလို ထင်တတ်တဲ့ စိတ်တွေကို ပယ်နိုင်ပြီး တွက်နည်းကော အဖြေပါသိတဲ့ ငြိမ်းအေးတဲ့ သူတွေ ဖြစ်စေလိုပါတယ်။ အဲဒီစေတနာတွေကို အကြောင်းပြုပြီး ဒီစာကို ရေးရပါတယ်။
ထင်ချင်သလို ထင်နေသ၍တော့ အမှန်ကိုသိနိုင်မှာ မဟုတ်ပါဘူး။
အမှန်ကို မသိသ၍ ငြိမ်းအေးဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။
တကယ်တော့ ကိလေသာနဲ့ ထင်ချင်သလို မထင်လေလေ အမှန်ကို သိလေလေ။
အမှန်ကို သိလေလေ ငြိမ်းအေးလေလေပါပဲ။
မေတ္တာဖြင့်

ကိုယ်တိုင်ဖျော်သောက် ကော်ဖီဆိုင်



ရောင်းပေးသူ မရှိ၊ စားပွဲထိုး မရှိတဲ့ ကိုယ်တိုင်ဖျော် ကော်ဖီဆိုင်
အမေရိကန်နိုင်ငံ၊ North Dakota ပြည်နယ်က Valley City မှာ The Vault လို့ အမည်ရတဲ့ ကော်ဖီဆိုင်လေး တစ်ခု ရှိပါတယ်။ သူ့ရဲ့ ထူးခြားချက်ကတော့ ရောင်းပေးသူ မရှိ၊ စားပွဲထိုးလည်း မရှိခြင်း ဖြစ်ပါတယ်။
ဒီတော့ ကော်ဖီ သောက်ချင်သူများက ကိုယ်တိုင် ဖျော်ရပြီး ငွေကိုလည်း ကိုယ်တိုင် ရှင်းရပါတယ်။ ဒီအတွက် အကြွေငွေရှင်းမယ့် သူတွေအတွက် ငွေထည့်ပုံး၊ ခရက်ဒစ်ကဒ်နှင့် ရှင်းမည့် သူများအတွက် စက် တစ်လုံး ထားရှိပေးထား ပါတယ်။ ကော်ဖီကိုလည်း စက်နဲ့ ကိုယ်တိုင်ဖျော်ပြီး ထည့်ရပါမယ်။
ကော်ဖီအပြင် အခြားသော မုန့်အချို့လည်း ရပါသေးတယ်။ မြို့ခံလင်မယား နှစ်ဦးမှ ဖွင့်ထားတဲ့ ဆိုင်ပါ။ လကုန်တဲ့ အချိန် ငွေစာရင်း ချုပ်လိုက်တဲ့ အခါမှာလည်း သာမန်ကော်ဖီဆိုင်လေး တစ်ခုလို အမြတ်ပုံမှန် ရှိနေတာကိုလည်း တွေ့ရ ပါတယ်။
ယင်းဟာ Valley ဒေသခံ ပြည်သူ များရဲ့ ရိုးသာမှုကို ဖော်ပြပြီး အခြားသော လာရောက်လည်ပတ် သူများတောင်မှ ကော်ဖီဆိုင်ကို လာထိုင်နေကြပြီ ဖြစ်ပါတယ်။ ကော်ဖီဆိုင်ထဲမှာ စန္ဒယားနဲ့ အခြား တေးဂီတ တူရိယာ၂ခုလောက်ကိုလည်း တီးခတ်လိုသူ များအတွက် ထားရှိပေးထားပါတယ်။ ပြီးတော့ စာအုပ်စင်နဲ့ ဗီရိုများလည်း ထားရှိပေးထားပြီး လူတိုင်း ဖတ်နိုင်ပါတယ်။ တိတ်ဆိတ် ငြိမ်သက်တဲ့ လမ်းထောင့် တစ်နေရာမှာရှိပြီး လူအများ ဝင်ရောက်လို့ ကော်ဖီသောက် အပန်းဖြေကြကြောင်း သိရ ပါတယ်။

Ref; Metro
အောင်ခမ်း (ရိုးရာလေး)

စားသောက်ဆိုင်နှင့် ဘီလ်ဂိတ်

စားသောက်ဆိုင်မှာ ဘီလ်ဂိတ်တစ်ယောက် အစားစားပြီး ဘေလ်ရှင်းတဲ့ အခါ စားပွဲထိုးကို မုန့်ဖိုးအနေနဲ့ ၅ ဒေါ်လာပေးပါတယ်။
မုန့်ဖိုး ၅ ဒေါ်လာ ရရှိတဲ့ စားပွဲထိုး အနေနဲ့ ထူးခြားတဲ့ ခံစားချက်တစ်ခုဖြစ်လာကြောင်း မျက်နှာက ဖော်ပြနေတော့ ဘီလ်ဂိတ်က
"ဘာစိတ်အလိုမကျ ဖြစ်တာလဲ" လို့ ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်ပါတယ်။
စားပွဲထိုးက
" ဘာမှ မဖြစ်ပါဘူး ဆရာ။ ဆရာ့သား ဒီဆိုင်မှာလာစားရင် အမြဲတမ်း မုန့်ဖိုး ဒေါ်လာ ၅၀၀ ပေးပါတယ်။ သူ့အဖေ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာကျတော့ ဘာလို့ ၅ ဒေါ်လာပဲ ပေးတယ် ဆိုတာကို စဉ်းစားနေမိတာပါ"
ဘီလ်ဂိတ်က ယခုလိုပဲ ခပ်ပြုံးပြုံးပဲ ဖြေလိုက်ပါတယ်။
"အင်း..။ သူက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ရဲ့  သားလေ။ ကျွန်တော် ကတော့ သစ်ခုတ်သမားရဲ့  သားမို့လို့ပါ"

(သင်ခန်းစာ - ဘဝ မမေ့ပါနှင့်။ အတိတ်ဖြစ်ရပ်နှင့် ကိစ္စများက မိမိ၏ အကောင်းဆုံး ဆရာ ဖြစ်သည်)

Ref: quotelove
ရိုးရာလေး အနုပညာ

http://www.yoyarlay.com/international-news/usa/34209-billgate-and-restuarent

စာမေးကောင်းတဲ့ အမေ



ဒီနေ့ကျွန်တော် ရုပ်မြင်သံကြား ကြည့်နေတုန်း အမေက စာအုပ်ကိုင် ၀င်လာပြီးပြောတယ် ‘‘ငါ့ကို
ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don't know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး $@
%!#$^&%#$%@$%@#$%!^%^!^%$^#&..
(တချီဆော်လိုက်တယ်...)

အမေ။ ။ နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင် သိတယ် မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော် သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော် သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင် ပြဿနာ ရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော် သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
&*$
%^@$#!%$@^%#*$^^^##$%
(တချီထပ်ဆော်ပလော်တီးလိုက်တယ်...)

အမေ။ ။နင် သတိကြပ်ကြပ် ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊
ကြည့်ပါဦး အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်
လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခု ထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း ရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါ ဘာသာပြန်ပြစမ်း။ ‘‘i know, but i don't
want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ်။ နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက် ၅၀ လောက် အပြန်အလှန် ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။ သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။
အဲဒီလဲကျရော သူက ထပ်မေးပြန်တယ်။
‘‘သားရယ်၊ i'm very annoyant, don't trouble me ဆိုတာ ဘာ အဓိပ္ပါယ်လဲကွယ်။’’
ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့ ထပ်အဆော် ခံလိုက်ရတယ်။)

အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’
(ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။ ‘‘တခြားလူကို မေးတာ ပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။ အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’
(ထပ်ဆော်ခံရ...)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေး ဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’

အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့’’ (တဆက်ထဲ လက်ပါတော့မယ့် ဟန်ပြင်)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’(အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေး
လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’