Thursday, 16 October 2014

"ဘဝ"

ဘဝဆိုတာ လှေနဲ့တူတယ်
တချို့ က စက် လှေ ပဲ့ကိုင် ထားရုံဘဲ
တချို့က ရွက် လှေ ရွက်လွင့် သွားရုံဘဲ
တချို့က တက် လှေ အားစိုက် လှော်မှ ရွေ့တယ်
ဘယ် လှေ အမျိုးအစားဘဲ ဖြစ်ဖြစ်
ပေါက် နေ တဲ့လှေက ခရီးမ ရောက် သလို
နစ်မြုပ် လွယ် တယ်
ဒီလိုပါဘဲ
အားနည်းချက် တွေ များနေတဲ့လူ ဟာလည်း
မတိုးတက်နိင် သလို ကျရှုံးလွယ် တယ်
ဘဝ မှာမိမိ ကိုယ် ကို အမှန် တိုင်း မြင် ပါ #
အမှန် အတိုင်း မိမိကိုယ်ကို ဝေဖန် ပါ
မိမိလို အပ် ချက် တွေကို ပြုပြင် ပါ #

Credit-မြဝဏိုး စံ (ပေါင်းတည်)

တစ်သက်တာထဲက တစ်ရက်စာ

လူ့ဘဝတစ်သက် ရက်ပေါင်း ၃သောင်းတဲ့။
တကယ်လို့ ၈၃နှစ်အထိအသက်ရှင်ရင် လူ့ဘဝက တကယ့် ရက်ပေါင်း ၃သောင်းလောက်ပဲရှိပါတယ်။
စိတ်ငြိမ်ငြိမ်လေးထားပြီး တွေးကြည့်ဖူးပါသလား...
နေ့ရက်တွေထဲမှာ သင်မပျော်ရွှင်တာက ဘယ်နှရက်လဲ၊
သင်ပျော်ရွှင်တာက ဘယ်နှရက်လဲ၊
တက်ကြွလန်းဆန်းတဲ့ရက်က ဘယ်နှရက်လဲ၊
အေးအေးချမ်းချမ်းဖြတ်သန်းတာက ဘယ်နှရက်လဲ၊
ဘယ်နှရက်က လေးလေးနက်နက်ရှိပြီး ဘယ်နှရက်က ဖြစ်သလိုဖြတ်သန်းနေသလဲ၊
ကိုယ်တိုင်အတွက်အသက်ရှင်တာက ဘယ်နှရက်လဲ၊
တခြားသူအတွက် အသက်ရှင်တာက ဘယ်နှရက်လဲ၊

လူ့ဘဝ ရက်ပေါင်း ၃သောင်းက တိုတောင်းပြီး ဘယ်လောက်တန်ဖိုးရှိလိုက်သလဲ၊
လူ့ဘဝက တန်ဖိုးရှိတယ်ဆိုတာကို လူတိုင်းသိကြပါတယ်.. ဒါပေမယ့် ဘဝကိုတကယ့်တန်ဖိုးထားတဲ့လူ ဘယ်နှယောက်ပဲရှိနိုင်မလဲ။
တရုတ်စာရေးဆရာ Jiǎng dān က ပြောတယ်...
"လူဟာ လောကကြီးထဲ မတော်တဆရောက်လာတယ်ဆိုပေမယ့်
သေမင်းဆီကိုတော့ ဧကန်မလွဲသွားရပါတယ်" တဲ့။ ဒါကြောင့် တစ်ရက်အသက်ရှင်ရင် ဘဝရဲ့ဖြတ်သန်းမှုတွေကို တစ်ရက် စိတ်ပါပါ ကျွန်မတို့ခံစားသင့်ပါတယ်။ ကိုယ့်စိတ်ကူးအိပ်မက်အတွက် ကြိုးစားအားထုတ်နေချိန်မှာ လမ်းနံဘေးပတ်ဝန်းကျင်က လှပတဲ့ရှုခင်းတွေကိုလည်းခံစားဖို့ မမေ့ပါနဲ့။
လူ့ဘဝရက်ပေါင်း ၃သောင်းလေးပါ။ ဘဝအဆုံးကိုရောက်ချိန်ကျမှ ခြေလမ်းကိုရပ်တန့်ပြီး ဘဝကိုမခံစားခဲ့မိဘူးလို့ နောင်တမရမိပါစေနဲ့။ များပြားလှတဲ့အလုပ်၊ အိမ်မှုကိစ္စတွေထဲကနေ ကိုယ့်ကိုယ်ကို အချိန်တစ်ခုပေးပြီး တောအုပ်တန်းထဲက နေရောင်အကြွေတွေပေါ် လမ်းလျှောက်ကြည့်ပါ။ တိတ်ဆိတ်တဲ့ညမှာ ကောင်းကင်ယံကိုငေးမောကြည့်ပါ။ လရောင်ရဲ့ပက်ဖြန်းမှုကို ခံယူကြည့်ပါ။ ကိုယ့်နေ့နံကြယ်လေးကို ရှာဖွေကြည့်ပါ။
ဘဝက အရောင်စုံရနံ့စုံပါတယ်။ အလုပ်အကိုင်၊ ပိုက်ဆံ၊ ရာထူးဂုဏ်တွေအပြင် ဘဝမှာ ကျွန်မတို့ခံစားသက်ဝင်လို့ရတဲ့ လှပတဲ့အရာတော်တော်များများရှိပါသေးတယ်။ အရသာကောင်းတဲ့ အိမ်ထမင်းဟင်း၊ ချမ်းမြေ့တဲ့မိသားစုဘဝ၊ တိမ်ဖြူဖြူ ကောင်းကင်ပြာပြာ၊ ရောင်စုံပန်းနဲ့ မြက်ခင်းစိမ်းတွေ၊ လွင်ပြင်ကျယ်ကြီးတွေ၊ ပင်လယ်ကြီးတွေ ရှိပါသေးတယ်။ အဲဒီအပြင် ကဗျာ၊ ဂီတ၊ စာအုပ်၊ သူငယ်ချင်းမိတ်ဆွေ၊ အားကစား၊ ရာသီပွဲတော်တွေရှိပါသေးတယ်။
လူ့ဘဝရက်ပေါင်း ၃သောင်းလေးပါ။ နောင်ဘဝဆိုတာ ရှိချင်မှရှိပါလိမ့်မယ်။ စိတ်ညစ် ကြေကွဲဝမ်းနည်းစရာ၊ ဒေါသ မောဟတွေနဲ့ ဒီဘဝတစ်ဝက်ကို မသုံးဖြုန်းမိပါစေနဲ့။ လှပအေးချမ်းတဲ့အရာတွေနဲ့ ဘဝကိုသက်ဝင်ခံစားပြီး လူ့လောကထဲရောက်လာတဲ့ ဒီတစ်သက်ကို ကောင်းကောင်းဆက်ဆံနိုင်ပါစေ။
Nine Nine Sanay @ နိုင်းနိုင်းစနေ

ထောပတ်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ထောပတ်သီးဟာ အမျိုးသားများအတွက် ယောက်ျားအားကို ပြည့်ဝစေပြီး အမျိုးသမီးများအတွက် အသားအရည်ကို စိုပြေလှစေကာ ဆံကေသာကိုလည်း သန်စွမ်းနက်မှောင်စေပါသည်။ ဆံပင်ကောင်းစေရန် စားသုံးသင့်သော သစ်သီးဝလံထဲတွင် ထောပတ်သီးသည် ထိပ်ဆုံးမှ ပါဝင်နေ၏။
ထောပတ်သီးသည် နှလုံးကျန်းမာရေးကို အထောက်အကူပေးပြီး သက်လုံကောင်းမွန်စေသည့်အတွက် အားကစားသမားများ အစားသင့်ဆုံး အသီးဖြစ်ပါသည်။
ထောပတ်သီးတွင် ပါဝင်သည့် ဗီတာမင် B, ဗီတာမင် E တို့သည် နှလုံးကျန်းမာရေးကို အထောက်အကူပြုပေးပါသည်။
ထောပတ်သီးတွင် ပါဝင်သော ကိုလင်း (Cho line) ဓါတ်သည် လူ၏ ဦးနှောက်ကိုလည်း များစွာအထောက်အပံ့ပေးနိုင်ပါသည်။
ကိုလက်စထရော (LDL ) နည်းပါးသည့်အတွက် ဆိုးကျိုးများကို လုံးဝမဖြစ်စေပဲ အကျိုးပြု ကိုလက်စထရော (HDL) ကိုသာ ပေးစွမ်းပါသည်။
သွေးကြောရောင်ရမ်းမှုဒဏ်ရာများနှင့် သွေးကြောကျဉ်းရောဂါများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည့် phenolic ဒြပ်ပေါင်းများ ထောပတ်သီးတွင်ပါဝင်နေပါသည်။
ထောပတ်သီးကို ဖျော်ရည်လုပ်ပြီး သောက်နိုင်သလို ဟင်းသီးဟင်းရွက်များနှင့် ရောစပ်၍ စားသောက်လျှင် ဟင်းသီးဟင်းရွက်များက ပေးစွမ်းသည့် အာဟာရများ အပြည့်အဝ ရရှိစေနိုင်ပါသည်။
ဦးနေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Avocado for Health

ချဉ်ပေါင်၏ ကျန်းမာရေး လျို့ဝှက်ချက်

ချဉ်ပေါင်ပင် တစ်ပင်လုံးကို အကျိုးရှိရှိ အသုံးပြုနိုင်ပါသည်။ ချဉ်ပေါင်ရွက်ကို ချဉ်ပေါင်ကြော်၊ ဟင်းချို ၊ ချဉ်ရည်ဟင်း...စသည့် ထမင်းမြိန် ဟင်းလျာများအဖြစ် စာလေ့ရှိကြပါသည်။ တချို့ အရပ်ဒေသများ တွင် အရွက်ရင့်ရင့်၊ အပွင့်နှင့် အသီးတို့ ကို နေပူပူ တွင် အခြောက်လှန်း ပြီးလက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါသည်။
အသားထူသည့် အနီရောင်ချဉ်ပေါင်ဖူးတို့ ကို လည်း ကြော်၍သော်လည်းကောင်း၊ ချဉ်ရည်ဟင်းအဖြစ်လဲချက်စားနိုင်ပါသည်။ ထို့ ပြင် ချဉ်ပေါင်ဖူးနှင့် ချဉ်ပေါင်ပွင့်တို့ ကို ထန်းလျက်(သို့ မဟုတ်)သကြား ဖြင့်ယိုထိုး၍ သော်လည်းကောင်း၊ Jam၊ သကြားရည်အနှစ်၊ ရှာလကာရည် စားသုံးနိုင်ပါသည်။
ချဉ်ပေါင်ဖူးယို သည် အနံ့ အရသာပိုစူးသဖြင့်၊ ၄င်းကို ဇီးယိုထက်ပို၍ လူကြိုက်များကြပါသည်။ ဒါ့အပြင် အသီးရင့်ရင့်ကို သကြား၊ဆားအနဲငယ်တို့ ဖြင့်ရောကြိုပြီး၊ ဆူလာပါက အအေးခံ၍ ဖျော်ရည်အဖြစ်သောက်နိုင်ပါသည်။
၁။ အူသိမ်၊ အူမတို့ ကို ကောင်းကျိုးပြုပါသည်။
၂။ချဉ်ပေါင်ရွက်ထဲတွင် hydroxy နှင့် amino အက်ဆစ်များကြွယ်ဝစွာပါရှိသောကြောင့် ဆီးအား ကောင်းစေပါသည်။ ဆီးရွှင်၍ ၀မ်းကိုလဲ သက်စေပါသည်။
၃။Vitamin C နှင့် သတ္တုဓာတ်တို့ အမြောက်အများပါရှိသောကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊ ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ ကိုကျန်းမာစေခြင်း၊ free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကိုနုပျိုစေ ခြင်း၊ ကင်ဆာရောဂါများ ဖြစ်နိုင်ချေအလားအလာနည်းပါးစေနိုင်ခြင်း၊ အဆုတ်ကိုကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည်ယိုနှာပိတ်ခြင်းတို့ မှလဲ ကာကွယ်ပေးခြင်း...စသည်ဖြင့် ကောင်းကျိုးပြုပါသည်။
၎။ Calcium ဓာတ် အမြောက်အများ ပါရှိသောကြောင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြောအဖွဲ့ အစည်းများနှင့် ကြွက်သားများ ဖွဲ့ စည်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးကျဲခြင်းမှကာကွယ်ပေးခြင်း၊ ခြေလက်များတဆစ်ဆစ်နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို့ ကိုသက်သာပျောက်ကင်းစေခြင်း၊ ကလေးငယ်များ ဖွံ့ ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း.. စသည်ဖြင့် ကောင်းကျိုးပြုပါသည်။
၅။ချဉ်ပေါင်ပန်းပွင့်သည် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါသည်။
၆။ချဉ်ပေါင်ဖူး၏ အစေ့မှလဲ အဆီထုတ်ယူနိုင်ပါသည်။ ထိုအဆီဖြင့် အရေပြားပေါ်ရှိအနာအမျိုးမျိုးတို့ ကို လိမ်းပေးခြင်းဖြင့် ရောင်ကိုင်းခြင်းကိုသက်သာစေပြီး၊ အနာများလဲ ကျက်စေပါသည်။
၇။ ခြေလည်ပင်းပြတ်ရှနာများ၊ ဖက်ခွက်နာနှင့် ပြန်တည်နာများအတွက် ချဉ်ပေါင်ရွက်ကို မီးမြှိုက်၍ အုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။
၈။ချဉ်ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကိုသက်သာပျောက်ကင်းစေပါသည်။ လူကိုလန်းဆန်းစေနိုင် ပါသည်။
၉။ ချဉ်ပေါင်အစေ့ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် အစာနင်ခြင်းနှင့်အစာမကျေခြင်းတို့ ကို သက်သာပျောက်ကင်းစေ နိုင်ပါသည်။
၁၀။ ချဉ်ပေါင်ရွက်ကို လက်ဘက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကိုကျစေခြင်း၊ ကိုယ်အလေးချိန်ကျစေပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါသည်။ ကင်ဆာရောဂါအမျိုးမျိုးတို့ ကိုလဲ ဟန့်  တားကာကွယ်ပေးနိုင်ပါသည်။
၁၁။ဒူးရင်းသီးစားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါသည်။
သတိပြုရန်။
• သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ သွေးပေါင်ချိန်တက်နိုင်ပါသည်။ • ချောင်းဆိုးရင်ကြပ် ဝေဒနာသည်များ နှင့်လည်းမသင့် တော်ပါ။
ဘေးထွက်ဆိုးကျိုးအလွန်နဲပါးပြီး၊ ဈေးနှုန်းလဲမကြီးသော မိမိတို့ လက်တကမ်းမျှ ၁၂-လ ရာသီပတ်လုံး အလွယ်ကတူရရှိနိုင်သော ချဉ်ပေါင်ရွက် တို့ ကို အစာလဲဆေး၊ဆေးလဲအစာ အဖြစ် စားသောက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ဘာသာပြန်သူ ပေါက်ပေါက်
မှီငြမ်း encyclopedia (health benefits of Roselle)

Saturday, 11 October 2014

ကထိန်သင်္ကန်း လှူဒါန်းရကျိုး ငါးမျိုး



“ ရဟန်းတော်များအား ဘုရားရှင်ရဲ့ဝိနည်း(၅)ခုကို အချိန်တစ်ခုထိ လျော့ပါးစေတဲ့ ကထိန်အလှူ”


ကထိန်သင်္ကန်းတည်းဟူသော လှူဖွယ်ဝတ္ထုဟာ ဘယ်လိုထူးခြားချက်နဲ့ ပြည့်စုံသလဲဆိုရင် မြတ်စွာဘုရားရှင်ပညတ်ထားတဲ့မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တချို့ကို အချိန်ကာလ အကန့်အသန့်တစ်ခုအတွင်း ခေတ္တခဏ ပယ်နုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိနဲ့ ပြည့်စုံပါတယ်။ မိမိတို့ လှူလိုက်တဲ့ ကထိန်သင်္ကန်းဟာ ကထိန်အာနိသင်ရတဲ့ သံဃာတော်များကို မြတ်စွာဘုရားရှင်ရဲ့ ၀ိနည်းသိက္ခာပုဒ် ငါးခုကနေ အချိန်ကာလ အကန့်အသတ်အတွင်း ခေတ္တခဏ သက်သာခွင့်ရအောင်ဖန်းတီးပေးနိုင်ပါတယ်။
★ လောကမှာ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာ ဘယ်သတ္တ၀ါမှပယ်လည်း မပယ်နိုင်ပါဘူး။ ဖြည့်လည်းမဖြည့်နိုင်ပါဘူး။ ပြုလည်း မပြင်နိုင်ပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ကို ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ် ပယ်နုတ်ဖြည့်စွက်ခြင်း ပြုပြင်ပြောင်းလဲခြင်း လုပ်လို့မရပါဘူး။ ဒါပေမယ့် ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်းသင်္ဃန်းကတော့ လုပ်နိုင်ပါတယ်။ သိက္ခာပုဒ်တွေအားလုံးကိုတော့ မလုပ်နိုင်ပါဘူး။ သိက္ခာပုဒ်ငါးခုကိုတော့ လုပ်နိုင်ပါတယ်။
(များရာ လိုက်ပြီး ငါးခုလို့ပြောတာပါ။ သိက္ခာပုဒ်အနေနဲ့ကတော့ လေးခုပါပဲ)

★ ကထိန်အလှူရှင်များလှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းနဲ့ သံဃာတော်များက ကထိန်ခင်းလိုက်ရပြီ ဆိုရင် ဒီကထိန်ရဲ့အာနိသင်ရတဲ့ သံဃာတော်များဟာ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ စပြီး တပေါင်းလပြည့်နေ့အထိ ငါးလအတွင်းမှာ မြတ်စွာဘုရားပညတ်ထားတဲ့ သိက္ခာပုဒ်(ငါးခုကို) မလိုက်နာ မကျင့်သုံးနေလို့ ရပါတယ်။ တစ်နည်းပြောရရင် မြတ်စွာဘုရား နဂိုကပညတ်ထားတဲ့
သိက္ခာပုဒ် (ငါး)ခုဟာ ဒီငါးလအတောအတွင်းမှာတော့ ကထိန်အာနိသင်ရထားတဲ့ သံဃာတော်တွေ အတွက် သိက္ခာပုဒ်လို့မဆိုနိုင်ဘူး။ ဒီ ငါးလ အတွင်းမှာ ဒီသိက္ခာပုဒ်မရှိတော့ဘူးလို့ သဘောပေါက်ရင် ပိုရှင်းသွားတော့မှာပေါ့။

★ ဒီသိက္ခာပုဒ်ငါးခုကို ဒီငါးလအတွင်းမှာ မကျင့်ဘဲ နေလို့ရတယ်ဆိုတော့ မျကင့်လို့လည်း အာပတ်သင့်မသွားဘူးလို့ ဆိုလိုတာပါ။ ကျင့်စရာမလိုဘူးဆိုရင် မလေးမစားလုပ်ရမှာမျိုးတော့ မဟုတ်ပါဘူး။ မြတ်စွာဘုရားကိုယ်တိုင်ကိုက ဒီသိက္ခာပုဒ်(၅)ခု မကျင့်လည်းရတယ်။
ဒီသိက္ခာပုဒ်ငါးခု မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပြောထားတာပါ။ တပေါင်းလပြည့်
ကျော်သွားရင်တော့ မူလအတိုင်း ပြန်ပြီးတော့ ကျင့်သုံးရမှာပါ။
အဲ့ဒီလို မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘယ်လောက်ကြီးကျယ်ခန်းနားတဲ့ ဒါနကုသိုလ်ကမှ မပယ်နုတ်နိုင်ပါဘူး။ ဘယ်လောက်ကြီးကျယ်သန့်စင်တဲ့ သီလကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။ ဘယ်လောက်ကြီးကျယ်တဲ့ ဘာဝနာကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။

★ အဆင့်အတန်းမြင့်လှတဲ့ ၀ိပဿနာကုသိုလ်တွေ မဂ်ကုသိုလ်တွေ လောကုတ္တရာကုသိုလ်တွေ ကလည်း မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို မပယ်နုတ်နိုင်ပါဘူး။ ကထိန်အလှူရှင်များ လှူဒါန်းတဲ့ ကထိန်အလှူ တစ်ခုတည်းကသာလျှင် မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်ငါးခုကို ခေတ္တခဏပယ်နုတ်နိုင်ပါတယ်။ အဲ့ဒါကိုက အင်မတန် ထူးခြားမှုတစ်ခုပါပဲ။ ကထိန်အလှူကို အထူးခြားဆုံးအလှူလို့ပြောရတာ ဒီအချက်က အဓိကပဓာန အကျဆုံးပါပဲ။ ဒီတစ်ချက်တစ်ခုနဲ့တင် ကထိန်အလှူဟာ အထူးခြားဆုံး အလှူဖြစ်နေပါပြီ။ ဘာတွေလဲဆိုတော့
★ (၁)“ အနာမန္တစာရ ” ဆိုတဲ့သိက္ခာပုဒ်။ ဘာလဲဆိုတော့ မြို့ရွာထဲက အိမ်တစ်အိမ်က ဆွမ်းစားပင့်ထားတယ်ဆိုရင် အဲ့ဒီအိမ်ကို ဆွမ်းမစားခင်မှာပဲဖြစ်ဖြစ် ဆွမ်းစားပြီးနောက်ပိုင်းမှာပဲဖြစ်ဖြစ် ရပ်ထဲရွာထဲ အကြောင်းကိစ္စ တစ်ခုခုနဲ့ထွက်စရာရှိတယ်ဆိုရင် ကျောင်းတိုက်ထဲမှာ ရှိတဲ့ မိမိရဲ့ မျက်မှောက်မှာ ထင်ရှားရှိတဲ့ သံဃာတစ်ပါးပါးကို ပန်ပြောပြီးမှ သွားရတယ်။ “တပည့်တော် ဘယ်သွားမလို့ပါဘုရား ဘာကိစ္စနဲ့ ဘယ်ကြွမလို့ပါဘုရား” စသည်ဖြင့် ရဟန်းသံဃာတစ်ပါးပါးကို ပန်ပြောပြီးမှ မြို့ထဲရွာထဲကို သွားခွင့်ရှိတယ်။ ဘယ်သူ့မှမပန်ဘဲ ငါဆရာတော်ပဲ သွားချင်ရာသွားမယ်၊ မဟုတ်တာလုပ်တာမှ မဟုတ်တာ၊ အချိန်တန်ပြန်မှာပဲဥစ္စာ လို့ ဘယ်သူ့မှ မပန်ပဲ မြို့ထဲရွာထဲကို သွားခွင့်မရှိပါဘူး။ အာပတ်သင့်ပါတယ်။ ကထိန်အာနိသင်ရပြီဆိုရင်တော့ မြို့ရွာထဲ အကြောင်းကိစ္စရှိလို့ ဘယ်သူ့မှ မပန်ဘဲ သွားလို့ရပါတယ်။ အဲ့ဒီလို သွားလို့လဲ အာပတ် မသင့်တော့ပါဘူး။ အပြစ်မရောက်ပါဘူး။ သို့သော်လည်း ယဉ်ကျေးမှုစည်းကမ်းအရတော့ ပြောရမှာပေါ့ ဒါမှလည်း အကြောင်းကိစ္စရှိတဲ့အခါ ဆက်သွယ်လို့ရတာပေါ့။ ပြောလို့ ဆိုလို့ရတာပေါ့။
★ (၂)“အသမာဒါနစာရ” ဆိုတာကတော့ သံဃာတော်များဟာ တိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းကို တစ်ညမှ ကိုယ်နဲ့ကင်းကွာနေခွင့် မရှိပါဘူး။ မိမိ တိစီဝရိက် အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်း၊
ဧကသီရယ်၊ သင်းပိုင်ရယ်၊ နှစ်ထပ်သင်္ကန်းကြီးရယ် ဒီသုံးထည်ကို
နောက်တစ်နေ့ အာရုံတက်တဲ့ အချိန်မှာ ကိုယ့်ရဲ့ နှစ်တောင့်ထွာပတ်ဝန်းကျင်မှာ ရှိနေရမယ်။ ခန္ဓာကိုယ်မှာ ၀တ်ထားလို့ပဲဖြစ်ဖြစ် မ၀တ်ရင်လည်း  ကိုယ့်ရဲ့ နှစ်တောင်ထွာ အတွင်းမှာ ခေါက်ထားပြီးတော့ပဲဖြစ်ဖြစ် ရှိနေရမယ်။ ကိုယ့်ရဲ့နှစ်တောင့်ထွာအတွင်းမှာ အဲ့ဒီ တိစီဝရိက် အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းသုံးထည် မရှိဘူးဆိုရင် အာပတ်သင့်သွားပြီ။

★ ဒီနေရာမှာ “တိစီစရိက်အဓိဋ္ဌာန်” ဆိုတဲ့ အဓိပ္ပာယ်လေးကို နည်းနည်းလေး အာရုံပြုကြည့်ရအောင်။ တိစီဝရိက် ဆိုတာကတော့ “တိ” ဆိုတာ သုံးခုပါပဲ။“စီဝရိက်” ဆိုတာ သင်္ကန်းပေါ့။
ဝိနည်း တိဝီ၀ရိက်အဓိဋ္ဌာန်တယ် ဆိုတာကတော့ ဧကသီတစ်ခုကိုလည်း
ဤသင်္ကန်းကို ဧကသီအဖြစ်နဲ့ အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ ဒီလို အဓိဋ္ဌာန် တင်ထားရတယ်။ သင်းပိုင်းတစ်ခုကိုလည်းပဲ ဤသင်္ကန်းကို သင်းပိုင်အဖြစ်နဲ့ အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ သင်းပိုင်းမှတ်မှတ် အသုံးပြုပါမယ်။ နှစ်ထပ်သင်္ကန်းကိုလည်း ဤနှစ်ထပ်သင်္ကန်းကြီးကို နှစ်ထပ်သင်္ကန်းကြီးအဖြစ်နဲ့ အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ အဲ့ဒီလို အဓိဋ္ဌာန်ထားရတယ်။

★ အဲ့ဒီလိုအားဖြင့် ဧကသီတစ်ထည် သင်းပိုင်းတစ်ထည် နှစ်ထပ်သင်္ကန်းတစ်ထည် သင်္ကန်းသုံးထည် ကို သူ့ဆိုင်ရာ ဆိုင်ရာ နာမည်တွေနဲ့ အဓိဋ္ဌာန်ထားတာကို တိစီဝရိက် အဓိဋ္ဌာန် တင်တယ်လို့ ခေါ်တယ်။ သုံးထည်ထက်ပိုပြီးတော့ အဓိဋ္ဌာန်မထားရဘူး။ အဲ့ဒီသုံးထည်ကို ၀ိနည်းတိစီဝရိက် အဓိဋ္ဌာန် တင်ထားတဲ့ သင်္ကန်းလို့ ခေါ်တယ်။ လောကမှာ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းပါမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ စာချုပ်မှာ လက်မှတ်ထိုး သလို ဒီသင်္ကန်းသုံးထည်ကို သင်းပိုင်မှတ်မှတ် ဧကသီမှတ်မှတ် သင်္ကန်းကြီးမှတ်မှတ် အသုံးပြုပါမယ်လို့ လက်မှတ်ထိုးပြီးတော့ မခွဲမခွာ သုံးလိုက်တဲ့ သဘောပါပဲ။
★ အဲ့ဒီ ၀ိနည်းတိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းဟာ အရုဏ်တက်တဲ့အချိန်မှာ ကိုယ့်နှစ်ထောင့်ထွာ အတွင်း ရှိနေရမယ်။ မရှိရင် အာပတ်သင့်ပါတယ်။ တိစီဝရိက်က နှစ်မျိုးရှိပါတယ်။ ခုနကပြောတာက ၀ိနည်းတိစီဝရိက်ပါ။
နောက်တစ်ခုက ဓုတင်တိစီဝရိက်ပါ။ ဓုတင်ဆောင်တဲ့ပုဂ္ဂိုလ်များလည်း သင်္ကန်းသုံးထည်ပဲ ထားရပါတယ်။ အဲ့ဒီ ဓုတင်တိစီဝရိက် ဆောင်ထားတဲ့သူကတော့ သင်္ကန်းသုံးထည်ထက် ပိုထားခွင့်မရှိဘူး။ သင်္ကန်းကြီးရယ်၊ သင်းပိုင်ရယ်၊ ဧကသီရယ် ဒါပဲထားရတယ်။ ခုနကပြောတဲ့ ၀ိနည်းတိစီဝရိက် အဓိဋ္ဌာန်ထားတဲ့ ရဟန်းတော်က သင်္ကန်းသုံးထည်ကိုသာ သင်းပိုင်မှတ်မှတ်၊ ဧကသီမှတ်မှတ်၊ သင်္ကန်းကြီးမှတ်မှတ် အဓိဋ္ဌာန်တင်ထားပြီး ကျန်တဲ့သင်္ကန်းတွေကိုတော့ ဆယ်စုံပဲဖြစ်ဖြစ်၊ အစုံတစ်ရာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲဖြစ်ဖြစ် ၊ ပရိက္ခာရစောဠ အဓိဋ္ဌာန်လို့ခေါ်တဲ့ သာမန်အသုံးအဆောင် သင်္ကန်းအဖြစ်နဲ့ပဲ အဓိဋ္ဌာန်တင်ထားလို့ရှိရင် အစုံပေါင်းမျာစွာ သိမ်းဆည်းထားပိုင်ခွင့် ရှိပါတယ်။ သိမ်းစည်းထားလို့ ဘာအာပါတ်မှ မသင့်ပါဘူး။

★ ဓုတင်တိစီဝရိက်ဆောင်တဲ့ ရဟန်းကတော့ သုံးထည်ပဲထားရပါတယ်။ သင်းပိုင် ဧကသီ သင်္ကန်းကြီး ဘာမှအပိုထားခွင့်မရှိပါဘူး။ သင်္ကန်းသုံးထည်ကလွဲရင် အ၀တ်မှန်သမျှ ဘာမှမထားဘဲနဲ့ နေထိုင်ကျင့်သုံးကြတဲ့ နည်းပါပဲ။ သင်္ကန်းများများထားရင် ကိလေသာများများဖြစ်တယ်လို့ ယူဆပြီး ကိလေသာကို ခါတွက်ဖျက်ဆီးတဲ့ အနေနဲ့ ကျင့်သုံးကြတာပါပဲ။ (ဓုတင်=ကိလေသာကို ခါတွက်ခြင်း၏ အကြောင်း)
★ ၀ိနည်းတိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းကိုယ့်ရဲ့ နှစ်တောင့်ထွာတွင်းမှာ မရှိဘဲနဲ့ အရုဏ်တက်သွားရင် အာပတ်သင့်တယ်။ ဒါပေမယ့် ခုကထိန်သင်္ကန်းနဲ့ ကထိန်ခင်းလိုက်ပြီဆိုရင်တော့ ကထိန်အာနိသင်ရတဲ့ သံဃာတော်များဟာ နှစ်တောင့်ထွာ မကလို့ နှစ်မိုင်ပဲဝေးဝေး ထားလို့ရပါပြီ။ အရုဏ်တက်တဲ့အချိန်မှာ ကိုယ့်အနားမှာ မရှိလည်းပဲ ဘာပတ်မှ မသင့်တော့ပါဘူး။ ဘာအပြစ်မှ မဖြစ်တော့ပါဘူး။ တပေါင်းလပြည့်အထိပေါ့။
★ (၃) "ဂဏဘောဇန" ဆိုတာက လူဝတ်ကြောင် ပုဂ္ဂိုလ်များက သာသနာသုံး သံဃာတော်သုံး ဝေါဟာရနဲ့မဟုတ်ဘဲ လူဝတ်ကြောင်သုံး ဝေါဟာရနဲ့သံဃာတော်များကို ဆွမ်းစားပင့်တယ်။ အရှင်ဘုရား တပည့်တော်တို့အိမ် သံဃာငါးပါး မုန့်ဟင်းခါးစားကြွပါ၊ တပည့်တော်တို့အိမ်ကို သံဃာငါးပါး ခေါက်ဆွဲစားကြွပါလို့ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ဆွမ်းစားပင့်တယ်။ အဲ့ဒီလို ဆွမ်းကို သံဃာတော်လေးပါးနဲ့ အထက် တစ်ပေါင်းတည်း ကြွရောက်ပြီးတော့ မဘုန်းပေးကောင်းပါဘူး။ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ဆွမ်းစားပင့်တဲ့ ဆွမ်းမျိုးကို ဘုဉ်းပေးသုံးဆောင် လို့ရှိရင် အာပတ်သင့်ပါတယ်။ အပြစ်ဖြစ်ပါတယ်။ တစ်ပါး၊ နှစ်ပါး၊ သုံးပါးအထိတော့ ဘုဉ်းပေးကောင်းပါတယ်။ တစ်ပါးတည်းကို မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ပင့်ရင်တော့ ဘုဉ်းပေးကောင်းပါတယ်။
★ ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်ခင်းလိုက်ပြီဆိုရင်တော့ ကထိန်အာနိသင်ရတဲ့ သံဃာတော်များဟာ မအပ်စပ်တဲ့ အသုံးမနှုန်း နဲ့ ဘယ်လိုပဲလျှောက်လျှောက် ဘယ်လိုပဲ ဆွမ်းစားပင့်ပင့် တစ်ပေါင်းတည်းကြွရောက်ပြီးတော့ ဆွမ်းဘုဉ်းပေးကောင်းသွားပါပြီ။ အဲ့ဒါကြောင့် ကထိန်အာနိသင် ရပြီဆိုရင်တော့ ၀ါးကြောလို့ပဲလျှောက်လျှောက် ၀ိုက်ကြောလို့ပဲလျှောက်လျှောက် သံဃာတော်များဟာ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ပင့်တဲ့ဆွမ်းကို ဘုဉ်းပေးကောင်းပါတယ်။
★ (၄)“ယာဝဒတ္တစီဝရ” ဆိုတာကတော့ ရဟန်းတော်များဟာ မိမိတို့ကို လှူဒါန်းထားတဲ့ သင်္ကန်းတွေကို ဆယ်ရက်အတွင်းမှာ အဓိဋ္ဌာန်တင်၊ ၀ိကပ္ပနာ ၀ိနည်းကံတစ်ခုခု ပြုမထားဘဲနဲ့ ဒကာ၊ ဒကာမလာလှူတဲ့ သင်္ကန်းတွေကို နိဗ္ဗာနဿပစ္စယော ဟောတု ဆိုပြီး အလှူခံပြီးတော့ ဗီရိုထဲမှာ
သွားထည့်ထားလိုက်တယ်။ အဲ့ဒီလို ဆယ်ရက်ကျော်သွားရင် အဲ့ဒီသင်္ကန်းတွေကို မသုံးကောင်း တော့ဘူး။ စွန့်ပစ်လိုက်ရတော့မယ်။ စွန့်လည်းစွန့်လိုက်ရမယ်၊ သိက္ခာပုဒ်ကိုလည်း ဒေသနာကြား ပြီးတော့ အာပတ်ဖြေရမယ်။ ဆယ်ရက်အတွင်းမှာ အဓိဋ္ဌာန်တင်ခြင်း၊ ၀ိကပ္ပနာပြုခြင်း ဆိုတဲ့ ၀ိနည်းကံတစ်ခုကို ပြုထားမှသာ အဲ့ဒီသင်္ကန်းကို သိမ်းထားခွင့်ရှိပါတယ်။ အခု ကထိန်အာနိသင်ရတဲ့ သံဃာတော်များကတော့ ဆယ်ရက်မကလို့ ဘယ်နှရက်ပဲဖြစ်ဖြစ် လကျော်ပြီးပဲဖြစ်ဖြစ် အဓိဋ္ဌာန် ၀ိကပ္ပနာမပြုဘဲနဲ့ ငါးလအတွင်းမှာ လွတ်လပ်စွာ သင်္ကန်းကို သိမ်းဆည်းထားခွင့် ရသွားပါတယ်။

★ (၅)“ယော စ တတ္ထ စီဝရုပ္ပါဒ” ဆိုတာ ကျောင်းတိုက် တစ်တိုက်အတွင်းမှာ သံဃဿ ဒေမလို့ ဆိုပြီးတော့ သံဃာကို ရည်စူးပြီးတော့ သင်္ကန်းလှူဒါန်းကြပြီဆိုရင် အဲ့ဒီသင်္ကန်းကို အဲ့ဒီ ကျောင်းတိုက်အတွင်းမှာ ရှိတဲ့ သံဃာတော်အားလုံး ခွဲဝေပြီးတော့ ယူကြရပါတယ်။ ကျောင်းတိုက်ရဲ့ ပဓာနဆရာတော်က ကိုယ်ဆီလာပြီးတော့ သံဃဿ ဒေမဆိုပြီး လှူထားတာကို ငါ့ကိုလှူတာ ငါပိုင်တယ် ဆိုပြီး ဒီလို ဆုံးဖြတ်လို့ မရပါဘူး။ ပဓာနဆရာတော် တစ်ပါးတည်းကိုပဲ သံဃဿ ဒေမ ဆိုပြီး လှူပေမယ့် သံဃဿ ဒေမ လို့ နှုတ်မြွက်ပြီး လှူဒါန်းထားတာ ဖြစ်လို့ အဲ့ဒီသင်္ကန်းကို အဲ့ဒီ ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်အားလုံးနဲ့ ဆိုင်ပါတယ်။ ငါးပါးရှိရင် ငါးပါးလုံးနဲ့ ဆိုင်ပါတယ်။ ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်အားလုံး ခွဲဝေကြရမှာဖြစ်ပါတယ်။
★ အပါးစေ့ မဝေလောက်ရင် မဲချပြီး ယူရမှာဖြစ်ပါတယ်။ မဲချပြီးမယူချင်ဘူးဆိုရင် သံဃာတော်များက သဘောတူညီချက်နဲ့ နွမ်းပါးတဲ့ သံဃာတစ်ပါးပါးကို ပေးရမယ့်တာဝန်ရှိပါတယ်။ သံဃာတော်များ အပိုင်းက “သံဃဿ ဒေမ” လို့မြွက်ဆိုပြီးတော့ လှူဒါန်းထားတဲ့ သင်္ကန်းအပေါ် ၀ိနည်းစည်းကမ်း အတိုင်း အဲ့ဒီလို အသုံးပြုရပါတယ်။ ဒီနေရာမှာ ဒကာ ဒကာမတွေအနေနဲ့ ကောက်ချက်တစ်ခုချခဲ့ပေါ့။
သံဃာလှူတာ အကျိုးပိုရှိတယ်ဆိုပြီး နေရာတကာ နှုတ်က “သံဃဿ ဒေမ” လို့မဆိုမိပါစေနဲ့။ “နိဗ္ဗာနပစ္စယော ဟောတု” ဆိုရင် လုံလောက်ပါတယ်။ စိတ်ထဲက သံဃာဂုဏ်ကို အာရုံပြုပြီး သံဃာကို ရည်စူးထားပေါ့။ ဆွမ်းခံကြွလာတဲ့ ရဟန်းတော်ကို “သံဃဿ ဒေမ” လို့ဆိုပြီး ဆွမ်းတစ်ဆွမ်း လောင်းလိုက်ရင် အဲ့ဒီ ဆွမ်းကို ဆယ့်နှစ်တောင် ပတ်ဝန်းကျင်က တွေ့သမျှ ရဟန်းတော်တွေနဲ့ ခွဲဝေသုံးစွဲရတော့မယ်။ သံဃာပိုင်းဆွမ်း ဖြစ်သွားပြီကိုး။

★ အခုကထိန်အာနိသင်ရသွားပြီဆိုရင်တော့ သံဃဿ ဒေမဆိုပြီးတော့ သင်္ကန်းကိုသံဃိကအဖြစ်နဲ့ လာလှူလို့ရှိရင် အဲ့ဒီသင်္ကန်းကို ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်တွေ အားလုံး ခွဲဝေယူစရာ မလိုပါဘူး။ ကထိန်အာနိသင်ရတဲ့ သံဃာတော်တွေပဲ ခွဲဝေယူရတော့မယ်။ သံဃာ ဆယ်ပါးရှိတဲ့ အချိန်မှာ ကထိန်ခင်းထားတယ်။ ကထိန်အာနိသင် ရထားတယ်။ နောက်ရက်ပိုင်း လပိုင်း တခြား ကျောင်းတိုက်က ငါးပါးလောက်ကြွလာတယ် ဆိုပါတော့ ဆယ့်ငါးပါး ဖြစ်သွားတယ်။ အဲ့ဒီ အချိန်မှာ ဒကာ ဒကာမတစ်ယောက်က သင်္ကန်း(၁၀)ကို “သံဃဿ ဒေမ” ဆိုပြီး လာလှူတယ်။ ဒါဆိုရင် (၁၅)ပါးလုံး ခွဲယူစရာ မလိုပါဘူး။ ကထိန်အာနိသင်ရတဲ့ သံဃာ(၁၀)ပါးသာ ခွဲဝေယူလို့ ရပါတယ်။
နောက်မှ ကြွလာတဲ့ ငါးပါးကို ခွဲဝေမပေးလည်းရပါတယ်။ဒါကလည်း ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းကနေ ပေးလိုက်တဲ့ ထူးခြားမှုတစ်ခုပါပဲ။

★ တကယ်လို့ ကထိန်နှုတ်ခဲ့မယ် ဆိုရင်တော့ သံဃိက သင်္ကန်းတွေကို ကထိန်အာနိသင်မရတဲ့ တခြားရဟန်းတော်တွေလည်း ဝေစုရနိုင်ပါတယ်။ ဒါပေမယ့် ကထိန်နှုတ်လိုက်မယ်ဆိုရင် ကထိန်အာနိသင် (၁၀)ပါးလုံး ဘယ်သူမှ မရတော့ပါဘူး။ ကထိန်အာနိသင်တွေ ပျက်သွားပါပြီ။ ကထိန်နှုတ်တယ်ဆိုတာ ကထိန်ခင်းခြင်းအမှု ကထိန်ကံကို ရုတ်သိမ်းလိုက်တာပါပဲ။ ကထိန်နှုတ်ပြီးမှ နောက်ထပ်ကထိန်ထပ်ခင်းလို့ မရတော့ပါဘူး။ ကထိန်ကိုသာ မနုတ်ဘူးဆိုရင် သံဃိက သင်္ကန်းတွေ ကို ၀ါကျိုးဝါပြတ်သူ၊ ဒုတိယ၀ါဆိုသူ၊ တခြားကျောင်းတိုက်က အသစ်ရောက်လာသူတွေ မရနိုင်တော့ ပါဘူး။ ကထိန်နုတ်လိုက်မှ သံဃာအားလုံး ရခွင့်ရှိပါတယ်။
★ သံဃိကဆိုတဲ့ အထဲမှာ ကထိန်ခင်းထားတဲ့ ကျောင်းတိုက်ရဲ့ ဥပစာအတွင်းမှာ မိမိပိုင်ပစ္စည်းကို ဘယ်သူ့ကိုမှ မပေးမလှူဘဲ ပျံလွန်တော်မူသွားတဲ့ ရဟန်းရဲ့သင်္ကန်း (မတသန္တကသင်္ကန်း) ၊သံဃာကို လှူဒါန်းလို့ရတဲ့ သင်္ကန်း၊ ကထိန်ခင်းတဲ့ ကျောင်းတိုက်ပိုင် လယ်ဟာမြေသည်က ထွက်တဲ့ပစ္စည်းတွေနဲ့ လဲလှဲလို့ရရှိလာတဲ့ သင်္ကန်း စတဲ့ သံဃာပိုင်သင်္ကန်းမှန်သမျှ အကုန်ပါဝင်ပါတယ်။
★ ကထိန်အလှူကြောင့် ကထိန်အလှူခံရဟန်းတော်တွေမှာ သိက္ခာပုဒ် ၀န်ထုပ်ငါးခု သက်သာခွင့် ရသွားပါတယ်။ စည်းမျဉ်းစည်းကမ်း ၀န်ထုပ်ကို လျှော့ချပေးတဲ့အလှူ လောကကြီးမှာ ဒီကထိန်အလှူ တစ်ခုပဲရှိတယ်။ ဒါကြောင့် ကထိန်ဒါနဟာ အထူးခြားဆုံးဒါန ဖြစ်နေပါပြီ။ လှူဖွယ်ဝတ္ထူရှု့ထောင့်ကနေ သုံးသပ်မယ်ဆိုရင်လည်း ကထိန်အလှူဟာ အထူးခြားဆုံးအလှူ ဖြစ်ပါတယ်။
{အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)}
(အိုဘယ့်အလှူ တရားတော်မှ ကောက်နှုတ်ချက်)

ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ မတော်တဆ တီထွင်မှုများ


မတော်တဆတွေ့ရှိချက်ကနေ တီထွင်မှုများဖြစ်စေပြီး လူသားအကျိုးပြုစေခဲ့တာအချို့ကို ဖော်ပြပေးလိုက်ပါတယ်
စတိန်းလက်စ်စတီး (Stainless Steel)
သင့်ရဲ့ အိမ်မှာ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ အစားအသောက်တွေ တည်ခင်းဧည့်ခံရာမှာ သုံးတဲ့ဇွန်း၊ ခက်ရင်း၊ ဓားတွေဟာ စတိန်းလက်စ်စတီးနဲ့ လုပ်ထားတာ တွေ့ရပါလိမ့်မယ်။
အဲဒီ စတိန်းလက်စ် စတီးတွေကို မူလအစ ၂၀ ရာစုတုန်းက ဇွန်း၊ ခက်ရင်းတွေ အတွက် ရည်ရွယ် တီထွင် ထုတ်လုပ်ခဲ့တာ မဟုတ်ပါဘူး။ ၂၀ ရာစုထဲမှာ လက်နက် ထုတ်လုပ်တဲ့ သူတွေကနေ အင်္ဂလိပ်လူမျိုး သတ္တုဗေဒပညာရှင် ဟာရီဘယ်ရာရီ (Harry Brealy) ကို သံချေး၊ အညစ်အကြေး မတက်တဲ့ သေနတ်ပြောင်း တီထွင်ဖို့ ငှားရမ်းခဲ့ပါတယ်။

သိပ်မကြာခင်မှာ သတ္တုတွေကို စားတတ်တဲ့ အရာ အမျိုးမျိုး၊ သံပုရာရည်လို အက်ဆစ်တွေနဲ့ပါ ဓာတ်မပြု၊ မစားတဲ့ သတ္တုဓာတ် တမျိုးဖြစ်တဲ့ စတိန်းလက်စ် စတီးကို တီထွင်နိုင်ခဲ့ပါတယ်။
သူဟာ အစားအသောက်တွေ တည်ခင်း ဧည့်ခံရာမှာ သုံးတဲ့ဇွန်း၊ ခက်ရင်း၊ ဓားတွေ ထုတ်လုပ်ဖို့ စိတ်ကူး ရခဲ့ပြီး စတိန်းလက်စ်စတီး ဇွန်း၊ ခက်ရင်း၊ ဓားတွေကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ဒီအချိန်မှာတော့ အစား အသောက်ထည့်တဲ့ ပစ္စည်းတွေ၊ မီးဖိုချောင် ပရိဘောဂတွေနဲ့၊ စားသောက် ကုန်လုပ်ငန်းစက်ရုံတွေမှာ စတိန်းလက်စ် စတီးကို အမြောက်အများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပြီ ဖြစ်ပါတယ်။

လုံခြုံစိတ်ချရတဲ့မှန် (Safety Glass)
ပြင်သစ် ဓာတုဗေဒပညာရှင် အက်ဒဝပ်ဘီနီဒစ်တုစ် (Edouard Benedictus) ဟာ သူ့စားပွဲပေါ်က ဓာတ်ခွဲ ခန်းသုံး ဖန်ပုလင်းကို မတော်တဆ တိုက်မိသွားပါတယ်။

အဲဒီပုလင်းဟာ အောက်ကျပြီး အစိတ်စိတ် အမွှာမွှာ ကွဲသွားရမယ့် အစား အက်သွားတာကို တွေ့ရပါတယ်။
အဲဒီအခြေအနေဟာ ထူးဆန်းနေတာကြောင့် အသေးစိတ် လေ့လာကြည့်တဲ့ အခါမှာ အဲဒီပုလင်းဟာ သိပ်မကြာခင်ကပဲ ပလပ်စတစ်ဆဲလ်လူလို့စ် နိုက်ထရိတ် (Plastic Cellulose Nitrate) ထည့်ထားတဲ့ အတွက် ဖန်ပုလင်းရဲ့ အတွင်းဘက်ကို အဲဒီ ဓာတုပစ္စည်းသုတ်ထား သလိုဖြစ်နေလို့ အစိတ်စိတ် အမွှာမွှာကွဲ မသွားတာကို သတိပြုမိပြီး လုံခြုံစိတ်ချ ရတဲ့ မှန်တွေကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ လုံခြုံစိတ်ချရတဲ့ မှန်ကို ၁၉၀၉ မှာ လုံခြုံစိတ်ချ အန္တရာယ်ကင်းတဲ့ ကားတွေ ထုတ်လုပ်ရာမှာ ကားမှန် အနေနဲ့ သုံးဖို့ မူပိုင်ခွင့် မှတ်ပုံတင်ခဲ့ပေမယ့်၊ ကားထုတ်လုပ်သူတွေက ကုန်ကျစရိတ် လျော့ချနိုင်အောင် အဲဒီမှန်တွေ မသုံးခဲ့ပါဘူး။

ပထမကမ္ဘာစစ် မှာတော့ စစ်ပွဲတွေမှာ သုံးဖို့ဓာတ်ငွေ့ကာ မျက်နှာဖုံး အတွက်အဲဒီမှန် တွေသုံးခဲ့ပါတယ်။ မော်တော်ကားတွေ မှာတော့ ၁၉၃၀ လောက် ကစပြီး တပ်ဆင်သုံးခဲ့ပြီး နောက်ပိုင်း ကားတိုင်းမှာ သုံးဖြစ်ပါတယ်။
စူပါဂလူးကော် (Super Glue)
သေနတ်အတွေ အတွက် ချိန်သီးမှန်ကို ပလပ်စတစ်နဲ့လုပ်ဖို့ ကြိုးပမ်းရင်း စူပါဂလူးကော်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကိုဒတ် (Kodak) သုတေသန ဓာတ်ခွဲခန်းက သုတေသီ ဟာရီကူးဗား (Harry Coover) က ဆိုင်ယန် နိုအခရိုက်လိတ်(Cyano-acrylate) ကနေ အရာဝတ္ထု တော်တော်များများ ကပ်နိုင်စေတဲ့ စူပါ ဂလူးကော်ကို တွေ့ရှိခဲ့ ပါတယ်။

အဲဒီ ကော်ရည်တွေဟာ အရမ်း စေးကပ်နေတဲ့ အတွက် သူ ရည်ရွယ်တီထွင်တဲ့ ပလပ်စတစ်မှန် အတွက် အသုံး မ၀င်ဘူး၊ အဆင် မပြေဘူး ဆိုပြီး မသုံးဘဲ ပယ်ခဲ့ပါတယ်။ နှစ်တော်တော် ကြာခဲ့ပြီးမှ အဲဒါကို ပြန်သတိထားမိပြီး ဒီနေ့ ဈေးကွက် တင်ရောင်းချနေတဲ့ စူပါဂလူးကော်တွေ အဖြစ် ရောင်းချခဲ့တာဖြစ်ပါတယ်။
ရောင်စုံရွှံ့စေးတု (Play Doh)
ကလေးတွေ အရုပ်တွေ လုပ် ကစားဖို့ ရောင်စုံရွှံ့စေးလို ရောင်စုံ အတုံးလေးတွေ ရောင်းချတာ သတိထားမိမှာပါ။

အလွယ် တကူခြောက်မသွားဘဲ ရွှံ့စေးလို၊ ဂျုံလုံးတွေလို ပျော့တွဲ နေပြီး ကလေးတွေ အရုပ်မျိုးစုံလုပ်ကစားဖို့ ရောင်းချ ထားပါတယ်။ အဲဒီ ရွှံ့စေးလို အတုံးလေးတွေကို မူလအစ ၂၀ ရာစုတုန်းက နံရံကပ်စက္ကူတွေ သန့်ရှင်း ရေးလုပ်ဖို့ ကလီယိုမက်ဗစ်ကာ (Cleo McVicker) က ရည်ရွယ် တီထွင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အချိန်က အေးတဲ့ ဒေသတွေမှာ အခန်းကို အပူပေးဖို့ မီးသွေးတွေ သုံးခဲ့တဲ့ အတွက် အခန်းတွေရဲ့ နံရံက စက္ကူတွေ သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။ အဲဒီ သန့်ရှင်းရေးလုပ်ဖို့ ထွင်ထားတဲ့ ရွှံ့စေးတုတွေကို သူ့သားက အရုပ်လုပ် ဆော့တာကို တွေ့ပြီး အရုပ်လုပ် ဆော့ဖို့ ရွှံ့စေးတု (Modeling Clay) တွေ ဈေးကွက်တင် ရောင်းခဲ့တာ အခုထိ ရောင်းချနေဆဲ ဖြစ်ပါတယ်။
ပစ်တိုင်းထောင် စပရိန် (Slinky)
ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ရေတပ် အင်ဂျင်နီယာ ရစ်ချတ်ဂျိမ်းစ် (Richard James) ကနေ စစ်သင်္ဘောတွေမှာ သုံးတဲ့ အထိအခိုက် မခံတဲ့ ပစ္စည်းကိရိယာတွေ အတွက် စပရိန်တွေကို တီထွင်ခဲ့ပါတယ်။

အဲဒီ စပရိန်တခုကို စမ်းသပ်ရင်း မတော်တဆ လက်ထဲက လွတ်ကျသွားပါတယ်။ အဲဒီစပရိန်ဟာ သူ့ဖာသာသူ ပြန်မတ်သွားတာ တွေ့ခဲ့ရပါတယ်။ အဲဒီစပရိန်တွေကို ကလေးတွေ ဆော့ဖို့ ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဓာတုဆိုးဆေး (Synthetic dye)
၁၈၅၆ မှာ ၁၈နှစ်သား ဓာတုဗေဒပညာရှင် ၀ီလီယံပါကင် (William Perkin) ဟာ ငှက်ဖျားရောဂါ ကုသဖို့ ဆေး ထုတ်လုပ် နိုင်ဖို့ အပတ်တကုတ် ကြိုးပမ်းခဲ့ပါတယ်။
သူ့ရဲ့ စမ်းသပ်ကြိုးပမ်း မှုတခုဟာ လုံးဝလွဲနေပြီး၊ ဘာမှ အလုပ် မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဓာတ်ခွဲခန်းသုံး ဖန်ပန်းကန် အ၀ိုင်းပြားလေးထဲမှာ လှပတဲ့ မရမ်းစေ့ရောင်နု တောက်နေတာ တွေ့ရပြီး ဓာတုဆိုးဆေးကို တီထွင် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ငှက်ဖျားရောဂါ ကုသတဲ့ဆေး တီထွင်ဖို့ ကြံတာ ဓာတုဆိုးဆေး ပေါ်ပေါက်လာခဲ့တာ ဆိုတော့ အလွဲကောင်း လို့ပဲ ပြောရမှာပါ။

မိုက်ခရိုဝေ့ဖ်မီးဖို (Microwave Oven)
ချက်ပြုတ် ကျွေးမွေးမယ့်သူ မရှိ၊ ချက်ပြုတ်လည်း မစားချင်တဲ့ တကိုယ်တည်း လူပျိုကြီးတွေ ကျေးဇူး တင် ရမယ့် တီထွင်မှု ဖြစ်ပါတယ်။

အသင့်ချက်ပြုတ်ထားတဲ့ အထုတ်တွေ ၀ယ်လာပြီး ရေခဲသေတ္တာထဲ ထည့်ထားတဲ့ စားစရာတွေ ကို အလွယ် တကူ နွှေးစားနိုင်တဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုကို တီထွင်ထားလို့ ဖြစ်ပါတယ်။
အဲဒီမီးဖိုကလည်း မတော်တဆ တွေ့ရှိခဲ့တဲ့ တီထွင်မှုဖြစ်ပါတယ်။ ၁၉၄၅ ဒုတိယကမ္ဘာစစ် အတွင်းမှာ ရေတပ် ရေဒါအထူး ကျွမ်းကျင်သူ ပါစီစပင်န်ဆာ (Percy Spancer) ဟာ မိုက်ခရိုဝေ့ဖ်တွေ ထုတ်လွှတ်တဲ့ ပစ္စည်း ရှေ့မှာ ဟိုဟိုဒီဒီ သွားလာ လုပ်ကိုင်ရင်း သူ့ရဲ့ အိပ်ကပ်ထဲက ချောကလက်တွေ အရည် ပျော်သွားတာ သတိပြုမိခဲ့ပါတယ်။

ဒါပေမယ့် တခြားတဘက်က ချောကလက်တွေကတော့ အရည်မပျော်တာ တွေ့ရပါတယ်။
အဲဒီအခြေအနေကို သူပြန်သုံးသပ်ကြည့်ခဲ့တဲ့အခါမှာ မိုက်ခရိုဝေ့ တွေဟာ စားအသောက်တွေကို အပူပေးနိုင်ကြောင်း သတိထား မိပြီး တခြား အစားအသောက်တွေကို စပ်းသပ်ခဲ့ပါတယ်။
သူ နောက်ထပ် စမ်းသပ်တာက ပြောင်းစေ့တွေ ဖြစ်ပြီး ပြောင်းဖူး ပေါက်ပေါက် (Popcorn) ဖောက်ကြည့် တာပါ။ တခြားအစား အသောက်တွေ စမ်းသပ်ရာမှာလည်း အောင်မြင်ခဲ့ ပါတယ်။ အဲဒီ အခါမှာ သူဟာ မိုက်ခရိုဝေ့သုံးပြီး အစားအသောက်ချက်ပြုတ်၊ အပူပေးနိုင်တဲ့စက်ကို တီထွင်ခဲ့ပါတယ်။
၁၉၄၇မှာ ရေသီယွန် (Raytheon) ကနေ ပထမဦးဆုံး မိုက်ခရိုဝေ့ဖ်မီးဖိုကို တည်ဆောက်ခဲ့ပါ တယ်။ အဲဒီမီးဖိုဟာ ပေါင် ၇၅၀ လေးပြီး၊ ၅ပေခွဲမြင့်ကာ ကုန်ကျစားရိတ် ဒေါ်လာ ၅၀၀၀ လောက် ရှိပါတယ်။ အိမ်သုံး အနေနဲ့ကတော့ ၁၉၅၀ လောက်ရောက်ရှိ လာပေမယ့် အရွယ်အစားနဲ့ ဈေးနှုန်းကြောင့်ရေပန်းမစား ခဲ့ပါဘူး။

၁၉၆၇ မှာတော့ စားပွဲတင် အရွယ်အစား ထုတ်လုပ်နိုင် ခဲ့ပြီးဈေးနှုန်းက လည်း ၄၉၅ဒေါ်လာဖြစ်လာပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ အများမြင်တွေ့နေကြရတဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုတွေ ဖြစ်လာ၊ ထုတ်လုပ် ရောင်းချလာ ပါတယ်။

၁၉၄၅ ခုနှစ်မှာ စတင်ခဲ့တဲ့ တီထွင် ထုတ်လုပ်မှုဟာ နှစ်ပေါင်း ၆၅ နှစ်ကျော်လောက် ကြာ ပြီးခဲ့တဲ့ အချိန်မှာ တော့ အမေရိကန် နိုင်ငံအိမ်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် မိုက်ခရိုဝေ့ဖ် မီးဖိုတွေ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။
မိုက်ခရိုဝေ့ဖ်တွေဟာ အစားအသောက်တွေကို အပူပေးနိုင်ကြောင်း သတိထားမိပြီး မိုက်ခရိုဝေ့ဖ်မီးဖို (Microwave Oven) တွေဖြစ် လာတာပါ။
ကပ်ခွာ မှတ်စုစာရွက် (Post-it Notes)
အိမ်က မိသားစုတယောက်ကို၊ အခန်းဖော်သူငယ်ချင်း တယောက်ယောက်ကို၊ သင်ကိုယ်တိုင် မမေ့အောင်၊ စာအုပ် တအုပ်မှာ စာမျက်နှာ မှတ်ထားနိုင်အောင် ကော်သုတ်ပြီးသား စက္ကူလေးတွေ သုံးကြပါတယ်။
မလိုအပ်ရင် အလွယ် တကူ ခွာလိုက်နိုင်ပြီး ကော်တွေ စက္ကူတွေလည်း ကပ်ပြီး ကျန်မနေလို့ အဆင်ပြေပါ တယ်။

အဲဒီတီထွင်မှုကို ၁၉၆၈ မှာ စပင်ဆာ ဆီးလ်ဗား (Spencer Silver) ကနေ သရီးအမ် (3 M) အတွက် သိပ် မကပ်တဲ့ ကော်တွေကို တီထွင်ရင်း၊ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အာသာဖရိုင်း (Arthor Fry) ကနေ ဈေးကွက် တင်ရောင်းချဖို့ သတိထားမိခဲ့ပြီး ဈေးကွက်တင် ရောင်းချခဲ့လို့ စာရွက် မှတ်ဖို့ မှတ်စုတွေ၊ မမေ့အောင် ရေးမှတ်ဖို့ သုံးတဲ့ ကပ်ခွာ စက္ကူလေးတွေ (Post-it Notes) တွေ ဒီနေ့သုံးနေကြရတာ ဖြစ်ပါတယ်။
ပလပ်စတစ် (Plastic)
၁၉၀၀ ပြည့်နှစ် အစောပိုင်းလောက်မှာ လျှပ်ကာ၊ အပူကာ ပစ္စည်းတခု ရှဲလ်လက် (Shellac) ကို အရှေ့ တောင် အာရှက ပိုးတောင်မာ (beetle) ကနေ ထုတ်လုပ်နိုင်ခဲ့ ပါတယ်။
ဒါပေမယ့် အဲဒီ ကုန်ကြမ်းပစ္စည်းကို တင်သွင်း ထုတ်လုပ်ဖို့ မလွယ်ကူ ဖြစ်နေပါတယ်။ အဲဒီ အတွက် ဓာတုဗေဒပညာရှင် လီယိုဟင်းန်ဒရစ် ဘိတ်ကီလန်င်း (Leo Hendrik Backeland) ကနေ အဲဒီ ပစ္စည်း ၀ယ်သုံးမယ့် ပိုက်ဆံတချို့ကို အစားထိုး သုံးနိုင်မယ့် ပစ္စည်းတခု တီထွင်ဖို့ သုံးခဲ့ပါတယ်။
သူ့ရဲ့တီထွင်မှုကနေ မိုလောင်းပြီး သုံးနိုင်တဲ့ အပြင် အပူချိန် တော်တော် များများပေးတဲ့ အထိ ပုံပြောင်း မသွားတဲ့ ပစ္စည်းတခုဖြစ်တဲ့ ပလပ်စတစ်ကို တီထွင်နိုင်ခဲ့ ပါတယ်။

တက်ဖလွန် (Teflon)
တက်ဖလွန် (Teflon) သုတ်ထားတဲ့ ဒယ်အိုးတွေ၊ ခွက်တွေက အိုးမကပ်အောင် ကာကွယ်ပေးပါတယ်။
ကြက်ဥမွှေကြော် လို အိုးကပ်တတ်တဲ့ အစားအသောက်တွေ ကြော်ချက်ရာမှာ ဆီအများကြီး ထည့်စရာမလို တော့ပါဘူး။ ဆီလျှော့စားနေတဲ့ ဒီနေ့ခေတ်မှာ တော်တော် အဆင်ပြေပါတယ်။ အဲဒီ တက်ဖလွန် ကို တွေ့ရှိခဲ့တာ ကလည်း စိတ်ဝင်စား စရာပါ။
ဓာတုဗေဒပညာရှင် ရွိုင်းပလန်းကက်(Roy Plunkett) ဟာ ၂၀ရာစု အစပိုင်း လောက်က ဒူးပွန့် (DuPont) ကုမ္ပဏီမှာ အလုပ် လုပ်နေခဲ့ပါတယ်။

အဲဒီမှာ ရေခဲ စေတဲ့အရာ ဓာတုပစ္စည်း တခုကို စမ်းသပ်ရင်း ဓာတ်ပြုမှုကင်းပြီး အိုးမကပ်တဲ့ ဓာတု ပစ္စည်းအသစ် တခုကို တွေ့ရှိခဲ့ ပါတယ်။ ဒူးပွန့်က အဲဒီ ဓာတုပစ္စည်းကို မြန်မြန်ဆန်ဆန်ပဲ မှတ်ပုံတင်မူပိုင်ခွင့် ရယူခဲ့ ပါတယ်။
အဲဒီ ဓာတုပစ္စည်းက အခု လူအများသိနေ၊ သုံးနေကြတဲ့ တက်ဖလွန် (Teflon) ဖြစ်ပါတယ်။

Credit- သုတကမ္ဘာ

Friday, 10 October 2014

ကြွေ ဆိုသည်မှာ

ကြွေ ကို အင်္ဂလိပ် က Porcelain လို့ခေါ်တယ်။ တရုတ်စကား ကို အင်္ဂလိပ်လို
ဘာသာပြန်ထားတာလို့ ထင်တယ်။ တရုပ်လူမျိုးတွေ က ကြွေကို ( TZU ) လို့ခေါ်
ပြီး အနောက်တိုင်းအခေါ်ဝေါ် ( Stone Ware ) နဲ့ဆင်ဆင်တူပါတယ်။
ကြွေထည် တခု လို့ အဓိပ္ပါလ် သတ်မှတ် နိုင်ဖို့ရာ သတ်မှတ်ချက်တွေ ရှိပါတယ်။
ကြွေထည် ဖြစ်ဖို့ရာ မှာ
၁။ ဖြူဖွေးတဲ့အရောင် ရှိ ပြီး ဖန်သားလို ဖြစ်နေရပါမယ်။
၂။ကြည်လင်ပြီး အလင်းဖြတ်သန်းနိုင်ရမယ် ။
၃။ အပူချိန် ၁၂၈၀ ဒီဂရီ စင်တီ ဂရိတ် ခန့် မီးဖုတ်ထားတဲ့အတွက်
ကျောက်သားလို မာကြောနေရပါမယ်။
ဒီအချက်တွေ က ကြွေထည် တခုရဲ့ အဓိပ္ပါလ်ဖွင့်ဆိုချက်ဖြစ်တယ်။
ကြွေထည်မှာ တရုပ် က စံပြဖြစ်တယ်။ တရုတ်တွေ က ကြွေထည်မှာ ပစ္စည်း
တွေ ကို အချိုးဆနဲ့ထည့်ပါတယ်။ ကြွေထည်မှာ မြေစေးဖြူ ( Kaolin) နဲ့
ကြွေထည်ဖြစ်စေတဲ့ ပစ္စည်း ( porcelain stone ..dunzi, a feldspathic rock)
တွေ ကို အမှုန့်ပြုလုပ်ပြီး မြေစေးဖြူ နဲ့အချိုးဆ အတိုင်းရောစပ်ကြပါတယ်။
ကြွေ ထည်လုပ်ဖို့ ရောစပ်ပြီးတဲ့အခါ မှာ လုပ်လို တဲ့ပစ္စည်းကို ပုံသွင်းလုပ်ကြ
ပါတယ်။ ပြီးရင် အခြောက်ခံ ပြီး လေထုစိုထိုင်းမူနည်းတဲ့ မီးဖိုမှာ အပူချိန်
၁၂၀၀- ၁၃၀၀ ဒီဂရီ စင်တီ ဂရိတ်အထိ မီးအပူပေးပြီး ထည့်ဖုတ်ကြတယ် ။
မီးဖုတ်တဲ့အခါ မှာအရေးကြီးတဲ့အချက်က ဖန်သားလိုလဲ ကြည်လင်ရမယ် ။
မီးမဖုတ်ခင် လုပ်ထားတဲ့ ပုံသဏ္ဍန်လဲ မပျက်စီးဘဲထွက်လာမှ သုံးလို့ရ
အဆင့်မှီတဲ့ ကြွေထည်တခု ရလာမှာဖြစ်တဲ့အတွက် မီးဖုတ် ရင် အပူချိန် ၊
ကြွေထည်ရဲ့ အရည်သွေးပုံသဏ္ဍန် တခု မှ ပျက်လို့မရပါဘူး။
ကြွေထည်ပုံသဏ္ဍန်မပျက်အောင် မြေစေးဖြူ ( Kaolin) က စွမ်းဆောင်ပေး
သလို ၊ ကြွေထည် အရောင် တောက်ပဖို့နဲ့ ကျောက်သားလို မာကြောဖို့
( porcelain stone ..dunzi, a feldspathic rock) က လုပ်ဆောင်ပေးပါတယ်။
မြေစေးဖြူမှာပါတဲ့ ကျောက်သားကို အမှုန့်ပြုတဲ့အခါ ပါဝင်တဲ့ ဆီလီကာ(သဲ)
တွေ အပူနဲ့တွေ့တဲ့အခါ အရည်ပျော်ပြီး ဖန် ဖြစ်သွားတဲ့ သဘောကြောင့်
ကြည်လင်လာပါတယ်။ ဒီနေရာမှာ ကြွေထည်သန့်ရှင်းဖို့အတွက် မြေစေးဖြူ
ကို ရေအထပ်ထပ်ဆေးကြောရပါတယ်။ ( dunzi, a feldspathic rock) ကို
အမှုန့်လုပ်ပြီးတဲ့အခါမှာလည်းရေသန့်သန့်နဲ့ကြိမ်ဖန်များစွာဆေးကြောနိုင်
လေလေ အခြားဓါတ်သတ္တု တွေ ပါဝင်မူ နည်းလေလေ ကြွေသားကောင်းလေ
လေပါ။
မှတ်သားဖူးတဲ့ ကြွေလုပ်နည်းမှာ ဘုရင်သုံး ကြွေထည်ပစ္စည်းတခုရဘို့
တရုပ်လူမျိုးတွေ လူ ၇၀ လောက် အသုံးပြုခဲ့ရတယ်လို့ဆိုပါတယ်။ မြေတူးတဲ့သူ
ကတူး၊ ကျောက်ခြေတဲ့ သူကခြေ ၊ ရေဆေးသူဆေး ၊ အချိုးဆ စပ်တဲ့သူ ၊
ပုံသွင်းသူ ၊ ဖင်ကွင်းဖြတ်သူ ၊ ပန်းချီ ဆွဲသူ ၊ လက်မှတ်ရေးထိုးသူ စသဖြင့် အဆင့်
ဆင့်လုပ်ကြရတယ်။ ကြွေထည် အဖြူပေါ်မှာအပြာနဲ့ ရေးဆွဲတာကို White and
translucent porcelain with underglaze blue ချော်ရည်အောက်က အပြာကို
Yuan dynasty (AD 1279-1368) မှာစတင်လုပ်နိုင်ခဲ့ပါတယ်။
အဖြူရောင်မြေစေးဖြူ တမျိုးတည်းသာ ဖုတ်တဲ့ ပစ္စည်းတွေ ကို ceramic လို့
ခေါ်ပါတယ်။ Shang Dynasty (16th century -11th century B.C ) မှာ
မြေစေးဖြူ တမျိုးတည်း သုံးပြီး မီးဖုတ်ရာကနေ အလွန်ပါးလွာတဲ့ အစိမ်းရောင်
ချော်ရည် ပစ္စည်းတွေ စတွေ့ခဲ့ရတယ်လို့ဆိုတဲ့အတွက် တရုပ်ပြည်မှာ ချော်ပညာ
အယူဆဟာ ( ဘီစီ ၁၆ ) လောက်မှာ စတင်ပေါ်ပေါက်နေပြီလို့ဆိုပါတယ်။
အခုလို မျိုးပါးလွာတဲ့ အစိမ်းရောင် ချော်လို့ယူဆရတဲ့ ချော် ဘာ့ကြောင့် ဖြစ်ခဲ့
ပါသလဲလို့ ပညာရှင်တွေယူဆချက်ထဲ မှာ ကြွေပညာရှင် Jan-Erik Nilsson
SWEDEN ရဲ့ယူဆချက်ကို သဘောကျပါတယ်။
သူ့အယူဆအရ အိုးလုပ်တဲ့အခါ သုံးတဲ့ မြေစေးဖြူ ကို မသန့်စင်နိုင်သေးတဲ့
အတွက် သူ့မှာ နဂို က ပါဝင်နေတဲ့ ဓါတ်သတ္တု ၊ အိုးလုပ်တဲ့အခါ အသုံးပြုရတဲ့
ရေ ၊ အိုးတွေကို မီးဖုတ်တဲ့အခါ သုံးရတဲ့ ထင်းတွေ မှာထွက်တဲ့ ပြာတွေ ဓါတ်တိုး
မူကြောင့် သဲမှုန်တွေ ပျော်တဲ့အခါမှာဖန်သားလို တောက်ပလာမဲ့ ချော်ရည်တွေ
အရောင်ထွက်ရခြင်း အရောင်ပြောင်းရခြင်းဖြစ်တယ်လို့သုံးသပ်ထားပါတယ်။
တရုပ်လူမျိုးတွေ ကြွှေထည် အတတ်ပညာကို တတ်မြောက်တာ ရာစု ပေါင်းများ
စွာကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ ဥရောပ သားတွေ ကတော့ ကြွေထည်ကို အေဒီ ၁၇၀၇
မှသာ ထုတ်လုပ်နိုင်ခဲ့တယ်။
မြန်မာ့သမိုင်း ပဒေသရာဇ် စနစ်မှာ ကြွေထည်ထုတ်နိုင်ခဲ့သလားဆိုတဲ့မေးခွန်း
အဖြေတိတိကျကျ မသိသေးပါဘူး။ အရေးကြီးတဲ့ စဥ့်ဖို တွေ့ဖို့လိုနေသေးတယ်။
တွံတေး ကြွေထည်မြေထည် ပြတိုက် ကို အလည်သွားတုန်း က ဆရာကြီး
ဒေါက်တာမျိုးသန့်တင် က မြေဖြူနဲ့ ( pro-porcelain) ( ceramic ) တခု ပြခဲ့
တယ်။ တွံတေးက လုပ်ခဲ့တယ်လို့ထင်တဲ့ မြေဖြူ အိုးလေးလို့ထင်ကြောင်း
ပြောပါတယ်။ ထိုင်းနိုင်ငံ ဗီယက်နမ် နိုင်ငံက မြေထည် ပစ္စည်းတွေ လေ့လာရင်း
တွံတေးဘက်မှာ အခုလို မြေဖြူထည်တွေ ထုတ်လုပ်နိုင်ခဲ့တယ်လို့ ထင်မိပါ
တယ်။ သုတေသန ဆက်လုပ်ရင် သိလာမယ်ထင်ပါတယ်။
( ၉ ၁၀ ၂၀ ၁၄ )
https://www.facebook.com/groups/657921987629585/?fref=ts