ဖမ်းဆုပ်ရမယ့် အခွင့်အရေး
Friday, August 16, 2013
လူငယ်လေးတစ်ယောက်ဟာ လယ်သမားကြီးတစ်ဦးရဲ့ သမီးချောလေးကို လက်ထပ်ချင်ပါသတဲ့....
ဒါနဲ့သူက လယ်သမားကြီးဆီသွားပြီး လက်ထပ်ခွင့်တောင်းခဲ့တယ်....
လယ်သမားကြီးက သူ့ကိုအကဲခတ်ပြီး ပြောတယ်....
"လူလေး... ရှေ့ကကွင်းပြင်ထဲသွားရပ်နေကွာ...
ငါ နွားသိုးသုံးကောင်ကို တစ်ကောင်ချင်း လွှတ်လိုက်မယ်... အကယ်လို့
အဲ့ဒီနွားသုံးကောင်ထဲက တစ်ကောင်ကောင်ရဲ့ အမြီးကို မင်းဖမ်းနိုင်မယ် ဆိုရင်
မင်းင့ါသမီးကို ယူလို့ရပြီ..."
လူငယ်လေးဟာ စားကျက်မြေထဲမှာ ရပ်ရင်း
ပထမဆုံးနွားသိုးကို စောင့်ဆိုင်းနေပါတယ်... နွားတင်းကုပ်တံခါး ပွင့်လာပြီး
သူမြင်ဖူးသမျှထဲမှာ အကောင်အကြီးဆုံးနဲ့ အခက်ထန်ဆုံးပုံစံရှိတဲ့
နွားသိုးကြီးတစ်ကောင် ပြေးထွက်လာပါတယ်....
ဒီနွားသိုးရဲ့အမြီးကို ဆွဲမယ့်အစား နောက်ထပ် နွားသိုးတစ်ကောင်ကို
စောင့်လိုက်တာက သူ့အတွက် ပိုကောင်းလိမ့်မယ်လို့ သူ ဆုံးဖြတ်လိုက်ပါတယ်...
ဒါကြောင့် သူက ဘေးကိုပြေးထွက်လိုက်ပြီး နွားသိုးကို စားကျက်မြေရဲ့ နောက်ဘက် ထွက်ပေါက်ကနေ
ပေးဖြတ်သွားလိုက်ပါတယ်...
နည်းနည်းကြာတော့ နွားတင်းကုပ်တံခါး ထပ်ပွင့်လာပြန်ပါပြီ...
မယုံနိုင်လောက်အောင်ပါပဲ... သူ့ဘဝမှာ ဒီလောက်ကြီးပြီး ဒီလောက်ခက်ထန်ကြမ်းကြုတ်တဲ့
နွားသိုးမျိုး သူမမြင်ဖူးပါဘူး.... နွားသိုးကြီးဟာ ခွာနဲ့မြေကြီးကိုယက်ပါတယ်...
နှာတရှူးရှူးမှုတ်ပြီး သူ့ကို စူးစူးစိုက်စိုက်ကြည့်ရင်း သွားရည်တွေ ထွက်ကျနေပါတယ်...
သူ့အတွေးထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်ကောင်ကို
စောင့်လိုက်တော့မယ်ဆိုတဲ့ အတွေးဖြစ်လာပါတယ်... ဒီအကောင်နဲ့တော့ လုံးဝမဖြစ်ပါဘူး...
ဒါနဲ့ သူက ခြံစည်းရိုးဘေးကို ပြေးကပ်လိုက်ပြီး နွားသိုးကြီးကို စားကျက်မြေရဲ့
နောက်ဘက် ထွက်ပေါက်ထဲက ပေးဖြတ်လိုက်ပါတယ်...
နောက်ဆုံးမှာတော့ နွားတင်းကုပ်တံခါးဟာ
တတိယအကြိမ်မြောက် ပွင့်လာပြန်ပါပြီ..... သူ့မျက်နှာမှာ အပြုံးတစ်ခု
ဖြတ်ပြေးသွားပါတယ်.... သူမြင်ဖူးသမျှထဲမှာ အားအနည်းဆုံး အပိန်လှီဆုံး
နွားသိုးငယ်လေး တစ်ကောင်ထွက်လာလို့ပါပဲ... ဒီတစ်ကောင်ကိုတော့ သူ အမိဖမ်းပါတော့မယ်...
နွားသိုးထွက်လာတာနဲ့ သူက အပြေးလေးချဉ်းကပ် သွားလိုက်ပါတယ်...
အမြီးကိုဖမ်းဖို့ ဘေးကနေ အသင့်နေရာယူပြီး အချိန်ကိုက်ရောက်တာနဲ့
နွားသိုးရဲ့နောက်ကို ခုန်ထွက်လိုက်ပါတယ်... နွားသိုးရဲ့အမြီးကို
ဖမ်းဆွဲလိုက်တဲ့အခါမှာတော့....
အဲ့ဒီနွားသိုးမှာ အမြီးမရှိဘူး ဆိုတာ
တွေ့လိုက်ရပါတော့တယ်...
ဒီဇာတ်လမ်းလေးက ပေးတဲ့ သင်ခန်းစာကတော့...
ဘဝမှာ အခွင့်အရေးတွေ အများကြီးပြည့်နေပါတယ်....
တစ်ချို့ အခွင့်အရေးတွေကနေ အကျိုးအမြတ် ရယူဖို့ လွယ်ကူပါလိမ့်မယ်...
တစ်ချို့ကျတော့ ခက်ခဲပါလိမ့်မယ်... ဒါပေမဲ့ (နောက်ထပ်ပိုကောင်းမယ့်
အခွင့်အရေးတွေကို မျှော်ကိုးပြီး) လက်ရှိ အခွင့်အရေးတွေကို လက်လွတ်လိုက်ပြီ ဆိုတာနဲ့
ဒီအခွင့်အရေးတွေကို ဘယ်တော့မှ နောက်တစ်ကြိမ် ပြန်မရနိုင်တော့ပါဘူး...
ဒါကြောင့် ပထမဆုံး အခွင့်အရေးကို အမြဲတမ်း အမိအရဆုပ်ကိုင်ပါလို့
အကြံပြု တိုက်တွန်းလိုက်ရပါတယ်..
Ref: Inspire Your Friends
နှိုင်းရင့်နွေ
No comments:
Post a Comment