Friday, 30 August 2013
မီးမီးရှက်ရှက်......
Myanmar Online News Friday, August 30, 2013
အဘိုးကြီး။ ။ ဘာဖြစ်လို့ မြန်မြန်ပြန်ခဲ့တာလဲ သမီးတို့! ဘာတွေဖြစ်လို့လဲ?
ဝဋ်မှာအမြဲ ငရဲမှာ အပ
[www.facebook.com/youngbuddhistassociation.mm]
ဗုဒ္ဓဘာသာ မြန်မာအများ ပြောဆိုသုံးနှုန်းလေ့ရှိကြသည့် မကောင်းမှု အကုသိုလ်နှင့် စပ်လျဉ်းသည့် သတိပေး ပြောဆိုမှု စကားများတွင် “၀ဋ်လိုက်တတ်တယ်၊ ၀ဋ်လိုက်လိမ့်မယ်၊ ငရဲကြီးမယ်…” စသည်ဖြင့် ပြောဆိုကြသည့် စကားများ ရှိ၏။
မကောင်းသည့် လုပ်ရပ်တစ်ခုခုကြောင့် ပြန်ခံရတတ်သည့် တန်ပြန်သက်ရောက်မှုတွင် ၀ဋ်အဖြစ် ပြန်ခံရသည့် အကုသိုလ်အကျိုးနှင့် ၀ဋ်ကျွေးမပါဘဲ အကုသိုလ် အပြစ်သက်သက်ကိုသာ ပြန်ခံရသည့် အကုသိုလ်အကျိုး ဟူ၍ရှိတတ်ရာ အချို့အကုသိုလ်ကံများသည် အကုသိုလ်အကျိုးကို ခံပြီးဖြစ်သော်လည်း နောက်ဆုံးအရိယာ ဘ၀အထိ ၀ဋ်ကြွေးးအနေဖြင့် ပေးဆပ်ရသည့် အကုသိုလ်များအဖြစ် ရှိတတ်ပြီး အချို့အကုသိုလ်ကံ များသည်ကား အကုသိုလ်အကျိုးကို ခံပြီးသည်နှင့် ပြီးပြတ်သွားနိုင်သည့်အပြင် ကုသိုလ်ကံအစွမ်းဖြင့် ယင်းအကုသိုလ်ကံ အကျိုးပေးခွင့်မရအောင်ပင် ပြုလုပ်နိုင်သည့် ကံများအဖြစ် ရှိတတ်၏။
ထို့ကြောင့်ပင် အပြစ်ခံပြီးသော်လည်း အကြွေးကျန်နေတတ်သည့်
သဘောရှိသည့် ကံနှင့် အကြွေးမကျန် အပြစ်ခံကာ ကောင်းသည့်ကံဖြင့် အပပြုနိုင်သည့် သဘောရှိသည့်ကံများကို
ရည်ရွယ်၍ “၀ဋ်မှာအမြဲ ငရဲမှာ အပ”ဟု ပြောစမှတ် ပြုကြခြင်းဖြစ်၏။
အကုသိုလ်အလုပ်တစ်ခုခုသည် အကုသိုလ်အကျိုးကို ပေးတတ်သည်
မှန်သော်လည်း ပြုလုပ်တတ်သူ၏" စေတနာ၊ ရည်ရွယ်ချက်"
သို့လိုက်ကာ အကျိုးအပြစ် အကြီးအသေး ကွာခြားတတ်၏။
စေတနာရည်ရွယ်ချက် အားကောင်းပြီး ကြိုတင်ကြံစည်မှုများဖြင့် မဖြစ်ဖြစ်အောင်
ပြုလုပ်တတ်သည့် အကုသိုလ်ကံများသည် အပြစ်ခံပြီးသော်လည်း အကြွေးကျန်ကာ ၀ဋ်ကြွေးအဖြစ်
ခံရတတ်၏။ စေတနာပါသော်လည်း ရည်ရွယ်ချက်မရှိ ရုတ်တရက် မဖြစ်မနေ လုပ်လိုက်ရသည့်
အကုသိုလ်ကံမျိုးသည်ကား စေတနာပါသဖြင့် အကျိုးသက်ရောက်မှု ရှိနိုင်သော်လည်း အကျိုးပေး
အားနည်းကာ အားကောင်းသည့် ကုသိုလ်ကံတစ်ခုခုဖြင့် လွှမ်းမိုးနိုင်လျှင်
ထိုမကောင်းမှု၏ အကျိုးပေးမှုကို အပပြုထားနိုင်၏။
ထို့ကြောင့် မကောင်းမှု အကုသိုလ်မှန်သမျှ မပြုလုပ်ဘဲ
ရှောင်ရှားရန် လိုအပ်သော်လည်း မဖြစ်မနေလုပ်လိုက်ရသည့် အခါမျိုးတွင်ကား ၀ဋ်ကြွေးတင်သည့်
အကုသိုလ်အပြစ်များ မဖြစ်ကြရန် အထူးသတိပြုသင့်ကြောင်း ဆိုခြင်းဖြစ်၏။
စင်စစ် ၀ဋ်ကြွေးခံရသည် ဖြစ်စေ၊ ငရဲခံရသည် ဖြစ်စေ နှစ်ခုလုံးသည် အကုသိုလ်ကံ၏ အကျိုးပေးမှုများပင် ဖြစ်၏။ မိမိလုပ်ခဲ့သည့် အကုသိုလ်အလုပ်သည် စေတနာရည်ရွယ်ချက် အပြည့်ဖြင့် တမင်သက်သက် ကြိုတင်ကြံစည်ကာ ပြုလုပ်သည့် အကုသိုလ်ကံဖြစ်ပါက အကုသိုလ် အပြစ်ခံပြီးသော်လည်း နောက်ဆုံးအရိယာ ဘ၀အထိ ထိုအကုသိုလ်ကံ၏ အကျိုးပေးသက်ရောက်မှု ရှိနေသေးကာ အကြွေးအဖြစ် ပေးဆပ်ရတတ်၏။
တစ်ခါတစ်ရံ မကောင်းသည့် အကုသိုလ်အလုပ်ကို လုပ်ဖြစ်သွားသော်လည်း
တမင်ကြိုတင်ကြံစည်ပြီး လုပ်သည့်အလုပ်မျိုး မဟုတ်ဘဲ မဖြစ်မနေလုပ်လိုက်ရသည့်
အခါမျိုးလည်း ရှိတတ်၏။ ထိုသို့သော အကုသိုလ် အလုပ်မျိုးသည်ကား
ကောင်းမှုကုသိုလ်တစ်ခုခုဖြင့် ချေဖျက်နိုင်လျှင် မကောင်းမှုအကုသိုလ်
အကျိုးပေးခွင့်မသာဘဲ အဟောသိကံ ဖြစ်သွားတတ်သည့်အပြင် အပြစ်ခံရလျှင်လည်း
ထိုအပြစ်ဒဏ်ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် ပြေပျောက်သွားကာ နောက်ကံတစ်ခု၏
အကျိုးပေးကို ရရှိစေသည့် သဘောရှိ၏။
မှန်၏။ ၀ဋ်ကြွေးသည်ကား အလွန်ကြောက်ဖွယ် ကောင်းလှ၏။
ဝဋ်ကြွေးတင်သည့် အကုသိုလ် အလုပ်ဖြစ်ခဲ့လျှင်ကား လောကအထွဋ် ဖြစ်တော်မူသည့် အနန္တ
တန်ခိုးရှင် ဘုရားပင်လည်း ၀ဋ်ကြွေးမှန်က ပေးဆပ်ခဲ့ရ၏။ ဗုဒ္ဓစာပေများတွင်
ဖော်ပြထားသည့် ၀ိပါက်တော် (၁၂)ပါးသည် မြတ်ဗုဒ္ဓ ပါရမီဖြည့်စဉ် အလောင်းတော်ဘ၀က
လုပ်ခဲ့သည့် အကုသိုလ်ကံများ၏ အကြွေးများပင် ဖြစ်၏။ အကုသိုလ်အပြစ်များကို
ခံပြီးသော်လည်း နောက်ဆုံးဘ၀အထိ ၀ဋ်ကြွေးတော်ကို ပေးခံသွားခဲ့ရ၏။
ဗုဒ္ဓ၏
ဝဋ်ကြွေးတော် (၁၂)ပါးတွင် “ဝေဘာရတောင်စောင်းမှ ကျောက်မောင်းဆင်ကာ ဒေ၀ဒတ်က
လုပ်ကြံသဖြင့် ခြေတော်ကို ကျောက်လွှာထိသည့် ဒဏ်ကို ခံခဲ့ရသည့် ၀ဋ်ကြွေးတော်သည်
အတိတ်ဘ၀ ပါရမီဖြည့်စဉ်က သူကြွယ်အမျိုး၌ ဖြစ်ခဲ့ပြီး ထိုစဉ်က
ညီကိုလှည့်စားခေါ်သွားကာ ကျောက်ဖြင့်ဖိညှပ်၍ ကြိတ်ချေထုသတ်ခဲ့သည့် အကုသိုလ်
အလုပ်ကြောင့် ဖြစ်ကြောင်း၊ ယခုဘ၀ ရှင်တော်ဗုဒ္ဓအဖြစ်မှာ ခါးကိုက်တတ်သည့် ဝေဒနာကို
မကြာမကြာ ခံစားရသည့် ၀ဋ်ကြွေးတော်သည် အတိတ်ဘ၀ လက်ဝှေ့သမား ဖြစ်စဉ်က ပြိုင်ဘက်ကို
အနိုင်ရသည့်အခါတိုင်း ခါးရိုးကို ရိုက်ချိုးကာ မြေပေါ်ချသတ်ပြခဲ့သည့် အကုသိုလ်
အလုပ်ကြောင့် ဖြစ်ကြောင်း၊ ဘုရားဘ၀ နောက်ဆုံးအချိန်တွင် ၀မ်းတော်လားပြီး
အားအင်ချို့ကာ ပရိနိဗ္ဗာန်စံတော်မူခဲ့ ရသည့် ၀ဋ်ကြွေးတော်သည်လည်း အတိတ်ဘ၀ တစ်ခုတွင်
ဆေးစရာဖြစ်စဉ်က ဆေးဖိုမပေးဘဲ ရှောင်လွဲနေတတ်သည့် လူနာတစ်ဦးအား ၀မ်းလျှောဆေးတိုက်ကာ
လုပ်ကြံခဲ့သည့် အကုသိုလ် အလုပ်ကြောင့် ဖြစ်ကြောင်း” စသည်ဖြင့် ဗုဒ္ဓကိုယ်တော်တိုင်
ပြန်လည်ဟောကြားတော် မူခဲ့သည် ဖြစ်စဉ်များကို ကြည့်လျှင် ၀ဋ်မှာအမြဲ ဖြစ်ခဲ့သည်
သာဓကများအဖြစ် အထင်အရှား ရှိနေသည်သာ ဖြစ်ပါ၏။
ထို့အတူ တန်ခိုးတော်အရာတွင် ဧတဒဂ် ရတော်မူသည့်
အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးသည်လည်း ခိုးသားငါးရာ၏ ရိုက်နှက်မှုဒဏ်ဖြင့်
ပရိနိဗ္ဗာန် ၀င်စံတော်မူခဲ့ရ၏။ ထိုအကြွေးသည် အတိတ်ဘ၀ တစ်ခုက မျက်မမြင်
မိခင်အိုကြီးအား တောအုပ်တစ်နေရာ ခေါ်ဆောင်သွားကာ သူခိုးဓားပြများ၏ ရိုက်ပုတ်လုယက်စေမှုကို
ဖြစ်စေခဲ့သည့် အကုသိုလ်လုပ်ရပ်၏ ၀ဋ်ကြွေးကြောင့်ပင် ဖြစ်၏။
ထိုအကုသိုလ်ကြောင့်ပင်
ဘ၀ပေါင်းများစွာ အပြစ်ခံကာ နောက်ဆုံးဘ၀အထိ ကျန်အကြွေးကို ပြန်ဆပ်ခဲ့ရ၏။
ရည်ရွယ်ချက် ကြီးကြီးဖြင့် ကြိုတင်ကြံစည်ကာ စေတနာအပြည့်ထည့်ပြီ့း ပြုလုပ်ခဲ့သည့်
မကောင်းသည့် လုပ်ရပ်တစ်ခုသည် သာမာန်အကုသိုလ်အကျိုး အဖြစ် မဟုတ်တော့ဘဲ အရိယာဘ၀အထိ
လိုက်လာတတ်သည့် ၀ဋ်ကြွေးတစ်ခုအဖြစ် ခံရတတ်သည်ကို မြတ်ဗုဒ္ဓနှင့် အရိယာ
သာဝကကြီးများက ထင်ရှားပြနေပေ၏။
မည်သို့ပင်ဆိုစေ အကုသိုလ်အလုပ်၏ တန်ပြန်သက်ရောက်မှုသည်
“ငရဲ” သို့မဟုတ် မိမိလုပ်ခဲ့သည့် လုပ်ရပ်နှင့် ထပ်တူပြန်ခံရသည့် “၀ဋ်ကြွေး”အဖြစ်
ရှိနေသည်မှာ အသေအချာပင် ဖြစ်ပါ၏။
မကောင်းသည့် အလုပ်တစ်ခုသည် ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ပြုလုပ်သူ၏ စေတနာ ရည်ရွယ်ချက်သို့ လိုက်ကာသာ အကျိုးအပြစ် ကြီးမှုမကြီးမှုကို ဖြစ်စေ၏။ တစ်ခါတစ်ရံ လုပ်လိုက်သည့် မကောင်းမှုအလုပ်သည် အသေးအဖွဲလေးပင် ဖြစ်သော်လည်း လုပ်သည့်ပုဂ္ဂိုလ်၏ စေတနာမှာ ပြင်းထန်ကြီးမားနေသဖြင့် အကျိုးရလာဘ်သည်လည်း ကြီးမားသွားတတ်သည်များ ရှိတတ်၏။
အသေးအဖွဲလေးဟု အထင်သေးကာ
ပြုလုပ်တတ်သည့် အကုသိုလ်သည် အကျိုးပေးသည့်အခါ အလွန်ဆိုးဝါးစွာ အကျိုးပေးတတ်သည်ကို
သတိပြုသင့်၏။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓက “အနည်းငယ်သော မကောင်းမှုသည် ငါ့အား
အကျိုးသက်ရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ၊
မိုးရေပေါက်သည် ကျဖန်များသော် ရေအိုးသည် ပြည့်လာဘိသကဲ့သို့ သူမိုက်သည် အနည်းငယ်
အနည်းငယ်မျှသော မကောင်းမှုကို ပြုဖူးဖန်များလာသော် မကောင်းမှုဖြင့် ပြည့်၏။” ဟု ဟောတော်မူခြင်း
ဖြစ်၏။
မှန်၏။ ယနေ့ခေတ်သည် ဆုတ်ကပ်ကာလ ဖြစ်၍လားမသိ။
ဘုရားအစရှိသည့် သူတော်ကောင်းများက မည်မျှပင် မကောင်းမှု အကုသိုလ်၏ အကျိုးအပြစ်များကို
ဟောပြောပါသော်လည်း မကောင်းမှု၏ ဒဏ်ခတ်မှုကို မခံရသေးသမျှ ပုထုဇင်များသည် မကောင်းမှု
အကုသိုလ်ကို မကြောက်ကြဘဲ ဖြစ်နေပေ၏။ ၎င်းတို့သည် မကောင်းမှုများ အကျိုးပေးမှုကို
စုပြုံပြီး ခံလာရပြီ ဆိုမှသာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ နီးစပ်ရာ အားကိုးကို
ရှာတတ်ကြသည့် သဘောရှိ၏။ အချို့လည်း မိမိ၏ လုပ်ရပ်ကို သတိမပြု မဆင်ခြင်ဘဲ
မကောင်းသည့် ဒဏ်ခက်မှုများ ကြုံသည့်အခါမှသာ “ကံဆိုးလိုက်တာ၊ ၀ဋ်ကြီးလိုက်တာ”ဟု
ဆိုကာ ကံနှင့်ဝဋ်ကို ပုံချတတ်ကြ၏။
စင်စစ် အချို့သော မကောင်းသည့် လုပ်ရပ်များ၏
တန်ပြန်သက်ရောက်မှုသည် နောင်ဘ၀များအထိ မစောင့်တော့ဘဲ ယခုဘ၀မှာပင် လက်တွေ့အကျိုး
ပေးသည်များလည်း ရှိတတ်၏။ သူတစ်ပါးကို ဒဏ်ခတ်သည့် အကုသိုလ်ကံသည် ယခုဘ၀မှာပင်
မိမိကိုယ်တိုင် ပြန်ခံရသည့် အခါများလည်း ရှိတတ်၏။ ထိုအခါ အချို့က “အဲဒါ
ဝဋ်လည်တာ”ဟု ဆိုတတ်ကြ၏။ အချို့ကလည်း “သူ့စရိတ်နဲ့ သူသွားတာပဲ”ဟု ဆိုတတ်ကြ၏။
မည်သို့ပင်ဆိုစေ ဤသည်မှာ မကောင်းသည့်လုပ်ရပ်၏ တန်ပြန်အကျိုးသက်ရောက်မှုပင် ဖြစ်၏။
စေတနာပါသည့် လုပ်ရပ်များသည် ကံမြောက်သည့်
လုပ်ရပ်များဖြစ်သဖြင့် အလုပ်လုပ်သည့် အခါတိုင်း စိတ်စေတနာကို အထူးသတိပြု
လုပ်သင့်လှ၏။ အထူးသဖြင့် မကောင်းသည့် အကုသိုလ် အလုပ်များသည် မလုပ်ဘဲ နေနိုင်လျှင်
အကောင်းဆုံး ဖြစ်သော်လည်း မဖြစ်မနေ လုပ်မိကြသည့်အခါ စေတနာ ရည်ရွယ်ချက်
အားကောင်းသည့် လုပ်ရပ်များ မဖြစ်ရန် ဆင်ခြင်သင့်လှ၏။ ရုတ်တရက် လုပ်ဖြစ်ခဲ့သည့်
မကောင်းမှု လုပ်ရပ်များတွင် စေတနာ ရည်ရွယ်ချက် အားနည်းတတ်သဖြင့် အကျိုးပေးလည်း
အားနည်းတတ်သော်လည်း ကြိုတင်ပြင်ဆင်ပြီး စေတနာရည်ရွယ်ချက် အပြည့်ဖြင့်
ပြုလုပ်ကြသည့် အကုသိုလ် လုပ်ရပ်များသည်ကား စေတနာ ရည်ရွယ်ချက် အားကြီးသဖြင့်
အကျိုးပေးလည်း အားကြီးတတ်သည်ကို သတိပြုသင့်၏။
အသေအချာတွေးကြည့်လျှင်
စေတနာရည်ရွယ်ချက်ဖြင့် ကြိုတင်ပြင်ဆင် ကျူးလွန်တတ်သည့် အပြစ်များသည်
ဓမ္မဥပဒေအားဖြင့် မဆိုထားနှင့် လောကဥပဒေအားဖြင့်လည်း ကြိုတင်ပြင်ဆင်မှု ပါသဖြင့်
ပို၍အပြစ်ကြီးသည်ကို သတိပြုမိကြမည် ဖြစ်၏။ ထို့ကြောင့် မည်သည့်အကြောင်းဖြင့်ပင်
ဖြစ်စေ မကောင်းမှု အကုသိုလ်ကို မလုပ်မိကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။
အချုပ်အားဖြင့် မကောင်းသည့် လုပ်ရပ်တစ်ခုသည် အပါယ်ငရဲအထိ
ကျရောက်နိုင်သကဲ့သို့ အပါယ်ငရဲမှ လွတ်လာပြန်လျှင်လည်း ထပ်တူပြန်လည် ပေးဆပ်ရသည့်
ဝဋ်ကြွေးများ ရှိတတ်သဖြင့် ငရဲနှင့်ဝဋ်ကို ရှည်စေတတ်သည့်
မည်သည့်မကောင်းမှုမျိုးကိုမျှ မလုပ်မိကြရန် လိုအပ်လှပေ၏။ အသေးအဖွဲလေးဟု အထင်သေးကာ
စေတနာပါပါဖြင့် လုပ်မိတတ်သည့် မကောင်းသည့် လုပ်ရပ်တစ်ခုသည် အကျိုးပေးသည့်အခါ
ဘ၀ပေါင်းများစွာ မကောင်းသည့် အပြစ်ဒဏ်ကို ပြန်ခံရပြီး ထိုအပြစ်များ ခံပြီးသော်လည်း
နောက်ဆုံးအရိယာ ဘ၀အထိ ၀ဋ်ကြွေးအဖြစ် ပြန်လည်ပေးဆပ်ရ တတ်သည်ကို သတိပြု
ဆင်ခြင်သင့်လှပေ၏။
ကြိုတင်ပြင်ဆင်မှုနှင့် စေတနာ ရည်ရွယ်ချက်အားကြီးလျှင်
ဝဋ်ကြွေးတစ်ခုအဖြစ် ပြန်လည်ပေးဆပ်ရမြဲ ဖြစ်သဖြင့် ၀ဋ်ကိုမြဲစေမည့် အကုသိုလ်အမှုများ
မလုပ်မိကြရန် ကြိုးစားသင့်လှ၏။ “၀ဋ်မှာအမြဲ ငရဲမှာ အပ”ဟု ဆိုကြသည့်
အကုသိုလ်လုပ်ရပ်၏ တန်ပြန်အကျိုး ပေးမှုသည့် ငရဲ သို့မဟုတ် ၀ဋ်ကြွေး အဖြစ်
ပြန်ခံရတတ်သဖြင့် မည်သည့် အကုသိုလ်အလုပ်မျိုးကိုမျှ မလုပ်မိကြရန် လိုအပ်ပေ၏။
အကောင်းဆုံးကား ၀ဋ်ကင်းပြတ်ရာ အလုပ်ကို လုပ်နိုင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။
ဝဋ်ကင်းရာအလုပ်ကား ကံများကို ဖြတ်ပေးသည့် ဉာဏ်နှင့်ယှဉ်သည့် ဘာဝနာ အလုပ်ပင်
ဖြစ်ပါ၏။
ထို့ကြောင့် ငရဲနှင့်ဝဋ် ကင်းရာဖြစ်သည့်
နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို အချိန်ရှိခိုက် သတိစိုက်၍ ရရှိထားသည့်
ဘ၀အခိုက်တွင် မကောင်းမှုရှောင်ပြီး ကောင်းမှုဆောင်ကာ အားသွန်ခွန်စိုက်
ကြိုးစားလိုက်ကြရန်သာ တိုက်တွန်းလိုက်ရပေတော့၏။ ငရဲနှင့်ဝဋ် တွဲ၍လွှတ်သည့်
အပြစ်အကုသိုလ် ဤထိုထိုကို မပိုသတိ အလိုမရှိအောင် သတိဆောင်ပြီး မကောင်းမှုကို
ရှောင်နိုင်ရန်သာ ကြိုးစားပါဟု အကြံပြုလိုက်ရပေတော့၏။ အားလုံး
ငရဲနှင့်ဝဋ်ကင်းရာဖြစ်သည့် အလုပ်များဖြင့်သာ ဘ၀ပန်းတိုင် လှမ်းကိုင်နိုင်ကြပါစေ….။
[ စာရေးသူ = ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) ]
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
မီးဖိုချောင်သုံးပစ္စည်းများ အလွယ်တကူ သန့်ရှင်းနည်း
Evy's Kitchen's photo.
မီးဖိုချောင်သုံးပစ္စည်းများကို
လွယ်လွယ်နဲ့ မြန်မြန် သန့်ရှင်းရေးလုပ်လို့ရမယ့် အသုံးဝင်စေနိုင်သောနည်းလေးများကို
ရှယ်ပေးလိုက်ပါတယ်
1.မိုက်ခရိုဝေ့ဖ်အာဗင်
မိုက်ခရိုဝေ့ဖ်အာဗင်ထဲမှာ ကပ်နေမယ့် ဆီစက်ကလေးကို
အလွယ်တကူ ဖယ်ရှားနိုင်စေဖို့ ရေဆွတ်ထားတဲ့ မီးဖိုချောင်သုံးစက္ကူအထူကို
မိုက်ခရိုဝေ့ဖ် အပူချိန် High မှာထားပြီး ၃ မိနစ်ခန့်ထည့်မွှေ့ပေးပါ။
စက္ကူအေးသွားရင် အာဗင်မျက်နှာပြင်ကို သုတ်လိုက်ပါ။ ဆီစက်တွေကို
အလွယ်တကူသုတ်ချလို့ရတာ တွေ့ရမှာပါ။
2. ဖျော်ရည်ဖျော်စက်
သစ်သီးဖျော်စက်သုံးပြီးတဲ့အခါမှာ ရေနဲ့
ဆပ်ပြာရည် အနည်းငယ်ကို ထည့်ကာ စက်မှာ စက္ကန့် ၂၀လောက်မွှေပေးလိုက်ပါ။ ပြီးရင်ရေနဲ့
ဆေးချလိုက်ရင်ရပါပြီ
3.ကော်ဖီစက်
ကော်ဖီထည့်တဲ့ ဖန်အိုးလေးတွေ အရောင်ညစ်လာတာအတွက်တော့
စိတ်မပျက်ပါနဲ့။ အိုးထဲကို ရေခဲ လေးပုံတစ်ပုံခန့်ထည့်၊ လီမွန်တစ်ဝက်ကို
စိတ်ပြီးထည့်၊ ကျန်တဲ့ တစ်ဝက်ကို အရည်ညှစ်ကာ ဆား စားပွဲဇွန်း ၂ ဇွန်လောက်ကိုပါ
ထည့်ပြီးမွှေပေးလိုက်ပါ။ ၂ မိနစ်လောက်ကြာရင်တော့ ကြည်လင်တဲ့ ဖန်အိုးလေးကို
ပြန်မြင်ရပါလိမ့်မယ်။
4.Cheese ခြစ်တံ
ချိစ်ခြစ်တဲ့ အတံလေးတွေမှာပါတဲ့ ခြစ်တံလေးတွေဟာ
သေးငယ်လွန်းတာကြောင့် ဆေးရခက်ပါတယ်။ ဒီအတွက်တော့ ဘရှပ်ကလေးကိုသာသုံးပြီး
သန့်ရှင်ပေးလိုက်ပါ။ လွယ်လွယ်ကူကူပဲ သန့်ရှင်းရးလုပ်လို့ရတာ တွေ့ရမှာပါ
5.ကော်ဖီခွက်များ
ကော်ဖီခွက်များ ၀ါကျင်နေတယ်ဆိုရင်တော့ ရှာလကာရည်နဲ့
ဆား ပမာဏ ဆတူကိုသာရောပြီး ခွက်ကိုတိုက်ပေးလိုက်ပါ။ ပြန်လည် ဖြူဖွေးလာပါလိမ့်မယ်
6.ရေခဲသေတ္တာ
ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ဖို့
အကောင်းဆုံးအချိန်ကတော့ ဈေးမသွားခင် တစ်ရက်အလိုပါ။ တော်တော်များများက
ကုန်လုပြီမို့ ရှင်လင်းရ သက်သာပါလိမ့်မယ်။ အနံ့အသက်ဆိုးများ ကင်းစေရန်
ဆိုဒါတစ်ဗူးလောက်ကို ထည့်ထားပေးမယ်ဆိုရင်တော့ အများဆုံး ၆ လအထိခံပါတယ်တဲ့။
7.ဘေစင်ပိုက်များ
ဆိုဒါ နှင့် ရှာလကာရည်ကိုရောပြီး ထည့်ပေးပါ။ ၅
မိနစ်လောက်ထားပြီးမှ ရေဆေးချပေးမယ်ဆိုရင်တော့ အနံ့အသက်ကင်းပြီး
သန့်သန့်ရှင်းရှင်းရှိနေပါလိမ့် ။ တစ်ပတ်တစ်ခါတော့ ပြုလုပ်ပေးဖို့လိုပါတယ်
8.ဒယ်အိုးများမှ ဆီအစွန်းများအတွက်
ဆေးရခက်တဲ့ ဆီချေးများကို ဘိတ်ကင်ဆိုဒါဖြူးကာ
ရေမြှပ်နဲ့တိုက်ချွတ်ပေးလိုက်ပါ ။ ဆီချေးများ ကင်းစင်သွားတာကို တွေ့ရမှာပါ။
Photo and article courtesy of Google
Thursday, 29 August 2013
ပြောသူနဲ့ နားထောင်သူ
Glaxy Lay shared Jay Ki's photo.
ဖားအုပ် တစ်အုပ်ဟာ တောအုပ်တစ်အုပ်ကို ဖြတ်ပြီး ခရီးသွားကြတယ် ...။ သွားရင်းနဲ့ ဖားအုပ်ထဲက ဖားလေး နှစ်ကောင်ဟာ တွင်းနက်တစ်ခုထဲကို ကျသွားသတဲ့ ...။
အဲတော့ ကျန်တဲ့ ဖားတွေအကုန်လုံးကလည်း တွင်းရဲ့အ၀မှာ
ဝိုင်းကြည့်ကြတာပေါ့ ..။
တွင်းဘယ်လောက်နက်လဲဆိုတာ သူတို့မြင်သွားကြတော့ ...
ဒီလိုတွင်းနက်ထဲကျသွားတဲ့အတွက် ကံဆိုးတဲ့
ဒီနှစ်ကောင်တော့ အပြင်ကို ထွက်လို့ရတော့မှာမဟုတ်ဘူးဆိုတော့ 
အချင်းချင်းပြောနေကြတယ် ...။
ဖားနှစ်ကောင်ကတော့ ဒီလိုပြောတာတွေကို မကြားပဲ
တွင်းထဲက ပြန်ထွက်နိုင်အောင် ကြိုးစားပြီး ခုန်နေကြတယ်တဲ့ ...။
အပေါ်ကဖားတွေကတော့ "မင်းတို့တွေ ဘယ်လိုပဲလုပ်လုပ်
တွင်းထဲက ထွက်လို့ရမှာ မဟုတ်ဘူး ... တွင်းထဲမှာပဲ ပိတ်မိပြီး သေမှာပဲ ...
အပင်ပန်းခံမနေနဲ့တော့ ... ရပ်လိုက်ပါတော့" ဆိုပြီး အော်ဟစ် ပြောနေကြတာပေါ့
...။
နောက်ဆုံးမှာ ဖားနှစ်ကောင်ထဲက တစ်ကောင်ဟာ အပေါ်ကဖားတွေ
ပြောနေတာတွေကို သတိပြုမိပြီး လက်လျှော့လိုက်သတဲ့ ...။
တစ်ကြိမ်ခုန်လိုက်ပြီး အကျမှာ
စိတ်လျှော့လိုက်တာကြောင့် မြေကြီးနဲ့ရိုက်မိပြီး သေဆုံးသွားသတဲ့ ...။
နောက်ထပ် ဖားတစ်ကောင်ကတော့ သူတတ်နိုင်သမျှ
ကြိုးစားပြီး ဆက်လက် ခုန်မြဲ ခုန်နေတယ် ...။
တစ်ကြိမ်ခုန်လိုက်တိုင်း ခုန်လိုက်တိုင်း ... အပေါ်က
ဖားအုပ်က သူ့ကို သေမယ့် အတူတူ မထူးတော့လို့ ... ရပ်လိုက်ဖို့ ဆက်ပြီး
အော်ဟစ်နေကြတယ် ...။
ဒါပေမယ့် ဖားလေးဟာ လုံးဝဂရုမစိုက်ပဲ ....
ကြိုးစားပြီး ခုန်ရင်း ခုန်ရင်းနဲ့ နောက်ဆုံးမှာ တွင်းပေါ်ကို တက်နိုင်သွားတယ် ...။
အပြင်လဲ ရောက်ရော ... တခြားဖားတွေက "ဘာဖြစ်လို့
မင်းအဆက်မပြတ် မရရအောင် ခုန်ခဲ့တာလဲ ... ငါတို့ မင်းကို လက်လျှော့လိုက်ဖို့
ပြောနေတာ မကြားလို့လား" ဆိုပြီး ဖားလေးကိုမေးတယ် ...။
ဖားလေးက သူတို့မေးတာကို ဘာမှပြန်မဖြေဘူးတဲ့...။
နောက်မှ သူတို့တွေ သိလိုက်ရတာက ဖားလေးဟာ နားမကြားဘူး
ဆိုတာ ပါပဲ ...။
သူ့အတွေးထဲမှာတော့ ဖားအုပ်ကြီး အော်ဟစ်နေကြဟာ သူ့ကို
အပေါ်ကို ကြိုးစားတက်ဖို့ အားပေးနေကြတာလို့ ထင်ခဲ့ပါတယ်တဲ့ ...။
ဒီပုံပြင်မှာ သင်ခန်းစာယူစရာ နှစ်ချက်ရှိပါတယ် ...
၁) တစုံတစ်ယောက်ကို အောင်မြင်တိုးတက်အောင်
စိတ်ဓာတ်ခွန်အားပေးတာပဲ ဖြစ်ဖြစ်၊ သေလိုတဲ့အထိ စိတ်ဓာတ်ကျဆင်းအောင်
ပြုလုပ်လိုလျှင်ပဲ ဖြစ်ဖြစ် ... အဲလို ပြုလုပ်နိုင်တဲ့ စွမ်းအားတွေဟာ လူတွေရဲ့
လျှာဖျားပေါ်မှာ ရှိပါတယ် ...။
တစ်စုံတစ်ယောက် စိတ်ဓာတ်ကျဆင်းနေချိန်မှာ
နှစ်သိမ့်တဲ့စကားတစ်ခွန်းဟာ ထိုသူကို စိတ်ဓာတ်မြင့်တက်လာအောင် ပြုလုပ်ပေးနိုင်သလို
အခက်အခဲရက်စွဲတွေက ကျော်ဖြတ်နိုင်အောင်လည်း ကူညီပေးနိုင်ပါတယ် ...။
၂) ဖျက်ဆီးလိုတဲ့ စကားတစ်ခွန်းဟာ စိတ်ဓာတ်ကျဆင်းနေတဲ့
တစုံတယောက်ကို အသေသတ်နိုင်ပါတယ် ...။
အဲတော့ တို့တွေလည်း စကားတစ်ခွန်း ပြောတော့မယ်၊
တစုံတခုကို မှတ်ချက်ပေးတော့မယ် ဆိုရင် လက်လွတ်စပယ်မပြောပဲ သေချာဂရုစိုက်
စဉ်းစားတွေးခေါ်ပြီး ပြောဆိုကြပါစို့နော် ...။
Translated by အလင်္ကာမေကျော်
Jay
Ki
Follow Me @ https://www.facebook.com/ JayKi.Twister
For More
Subscribe to:
Posts (Atom)



