မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်မှစ၍ ဒင်္ဂါးများကို
အသုံးပြုကြသည် ဆိုသည်။ မြန်မာတို့သည် ဒင်္ဂါးဟူသော ဝေါဟာရကို ပါဠိစကားလုံး “ဋင်္က မှ ထုတ်ယူသုံးစွဲသည်ဟု
အဆိုရှိသည်။ “ဘုရင့်တံဆိပ်လက်ရာရှိသောငွေကြေး”ဟု
အဓိပ္ပာယ်ရသည်။ အချို့ကလည်း မြန်မာအခေါ် ဒင်္ဂါးသည် သက္ကတဘာသာ “တင်္က” ဟူသော စကားလုံးမှ ရွေ့လျောလာသည်ဟု
ဆိုသည်။
ဒင်္ဂါး ဟူသော ဝေါဟာရသည် မြန်မာစကား အသုံးအနှုန်းထဲ၌သာမက
စာပေ ကဗျာ လင်္ကာတို့၌ပင် ပါဝင်နေသဖြင့် မြန်မာတို့ နားရည်ဝနေသည်မှာ ကြာပြီဖြစ်သည်။ မြန်မာလင်္ကာဆရာကြီး
ဖိုးသူတော်ဦးနု၏ အလင်္ကာတစ်ခုတွင် “ဒင်္ဂါး – ဒင်္ဂါး အရင်းစကားမှာ ဘင်္ဂလားအခေါ် မျက်နှာပွင့်ဆေး
သူပါလျှင် ရင်အေးစေ တတ်တာမို့ အနုဆေးလို့လဲ ခေါ်လောက်ပါရဲ့” ဟူ၍ တွေ့ရလေသည်။
ထို့ထက် ရှေးကျသော ကဗျာတစ်ခုမှာ မြန်မာသက္ကရာဇ် ၉၁၂ ခုနှစ်တွင်
နန်းတက်သော ဟံသာဝတီ ဆင်ဖြူရှင်မင်းတရားလက်ထက် ‘ရှင်ကုမာရကဿပ’ ရေးသားသော (ဓမ္မရာသီပျို့)တွင်
“ဆန်းကြယ်တင့်အပ် တံဆိပ်ခတ်သား ကျပ် – မတ် – မူး – ပဲ သုံးစွဲဖွယ်မူ ဒင်္ဂါးပြု၍ အကုဋေမျှရာမကသား”
ဟု စပ်ဆိုထားသည်ကို တွေ့ရသည်။
ဒင်္ဂါးနှင့်ပတ်သက်၍ မြန်မာအဘိဓါန်အကျဉ်းချုပ် အတွဲ၂ (ဆ-န)၌
“တံဆိပ်ခတ်နှိပ်၍ အလေးချိန်နှင့် တန်ဖိုးသတ်မှတ်ကာ သွန်းလုပ်ထားသော ရွှေ ငွေ စသည့် သတ္ထုပြား”
ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
မြန်မာနိုင်ငံတွင် တွေ့ရှိသော ရှေးအကျဆုံး မြန်မာ ဒင်္ဂါးမှာ
ပျူမင်းများခေတ်က သုံးစွဲခဲ့သော ပျူဒင်္ဂါးများ ဖြစ်သည်။ ပျူတို့၏ မြို့တော် ဗိဿနိုး၊
သရေခေတ္တရာနှင့် ဟန်လင်းကြီးတွင် ငွေဒင်္ဂါးများကို တွေ့ရှိရသည်။ ၎င်းပျူတို့ သုံးစွဲသည့်
ရွှေနှင့်ငွေဒင်္ဂါးတို့၏ ပုံသဏ္ဌာန်မှာ လခြမ်းသဏ္ဌာန် ရှိသည်ဟု ထန်ခေတ်တွင် ရေးသားထားသော
တရုတ်သမိုင်း၌ ဖေါ်ပြပါရှိလေသည်။
ပျူဒင်္ဂါးသည် ပျူယဉ်ကျေးမှုခေတ်၏
အလှရတနာ တစ်ပါးဖြစ်သည်။ ပျူဒင်္ဂါးသည် ယနေ့ မြန်မာနိုင်ငံ၌သာ မဟုတ် ကမ္ဘာတွင်လည်း တန်ဖိုးကြီးမားလှသော
ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်လေသည်။ ပျူဒင်္ဂါး၏ လှပမှုနှင့် ထူးခြားလှသော သင်္ကေတများမှာ
တန်ဖိုးမဖြတ်နိုင်သော လျှို့ဝှက်ချက်များ ဖြစ်နေ၏။ ပျူဒင်္ဂါး၏ ဝိသေသ လက္ခဏာများကို ယနေ့တိုင်
မည်သူမျှ တိကျတပ်အပ်စွာ မပြောနိုင်သေးပေ။
ပျူ ယဉ်ကျေးမှုခေတ်ကား များစွာ ကျယ်ပြန့်လှသည်။ ပျူနှင့်
ခေတ်ပြိုင် ဒွာရဝတီနှင့် ရခိုင်ယဉ်ကျေးမှု ခေတ်များတွင်လည်း ပျူယဉ်ကျေးမှု အမှတ်အသားများ
ရောနှောနေကြောင်း တွေ့ရှိရသည်။ ဒွာရဝတီဒင်္ဂါးနှင့် ရခိုင်ဒင်္ဂါးတို့တွင် ပျူခေတ်ယဉ်ကျေးမှု
အမှတ်အသားများ တွေ့ရှိနေရခြင်းဖြင့် ပျူယဉ်ကျေးမှု၏ သြဇာ ကျယ်ပြန့်လှကြောင်း သိသာနိုင်ပေသည်။
သို့သော် ပျူလူမျိုးတို့သည် ငွေဒင်္ဂါးများကို ငွေကြေးလဲလှယ်ရေး မဏ္ဍိုင်အဖြစ် အသုံးမပြုဘဲ
အဆောင်အဖွဲ့သဘောမျိုး အဖြစ်သာ အသုံးပြုခဲ့ဟန် တူပေသည်။
မြန်မာနိုင်ငံ၌ ပျူဒင်္ဂါးနှင့် ပတ်သက်၍ ဗိဿနိုးတွင် နှစ်မျိုး၊
ဟန်လင်းတွင်သုံးမျိုး၊ သရေခေတ္တရာတွင် လေးမျိုး တွေ့ရသည်။ ယင်းမျိုးကွဲများမှ လက္ခဏာများမှာလည်း
များပြားလှပေသည်။ ပျူဒင်္ဂါးများတွင် ခရုသင်း၊ သွတ္တိလာ၊ ဥကင်၊ စကြာ၊ ဝရဇိန်၊ ယစ်ပလ္လင်၊
သီရိဝစ္ဆ၊ နေ၊ လသဏ္ဌာန် တက်နေဝန်းနှင့် နက္ခတ် ၂၇ လုံးစီ ပါရှိသည်။ များသောအားဖြင့် အရွယ်အစားမှာ
မတ်စေ့မှ ကျပ်ပြားအရွယ်အထိ ရှိသည်။ ခေတ်အားဖြင့်မူ အေဒီ ၄ဝဝ-၅ဝဝ အတွင်း အသုံးပြုခဲ့ပုံရသည်။
ပုဂံခေတ်သုံး ဒင်္ဂါးများကိုမူ ယနေ့တိုင် မတွေ့ရသေးပေ။ ပျူဒင်္ဂါးများရောက်
မြန်မာနိုင်ငံ၏ ရှေးအကျဆုံးသော ဒင်္ဂါးမှာ ရခိုင်ဒင်္ဂါးများပင် ဖြစ်သည်။ ရခိုင်ပြည်တွင်
ဒင်္ဂါးများကို အသပြာငွေကြေးအဖြစ် အသုံးပြုရန်အတွက်လည်းကောင်း၊ အချုပ်အချာအာဏာပိုင်ဆိုင်မှုကို
ဖော်ညွှန်းရန်လည်းကောင်း၊ ခရစ်သက္ကရာဇ် အေဒီ-၄ ရာစု လောက်ကပင် ခတ်နှိပ်သုံးစွဲလာခဲ့ကြသည်။
ရခိုင်ဒင်္ဂါးများကို အကြမ်းအားဖြင့်
နှစ်မျိုးခွဲခြားနိုင်သည်။ ယင်းတို့မှာ စာထိုးမထားသော ဒင်္ဂါးနှင့် စာထိုးထားသော ဒင်္ဂါးများပင်
ဖြစ်သည်။ လေးရာစုလောက်က ခတ်နှိပ်သည်ဟု မှန်းဆရသော ဒင်္ဂါးများတွင် စာထိုးမထားချေ။ သို့ရာတွင်
ယင်းတို့၌ မင်္ဂလာနှင့် ပြည့်စုံသော သရုပ်ဖော်ပုံများ ပါရှိသည်။
ယင်းပုံများသည် ဘုရင်စနစ်နှင့်
လျောက်ပတ်ပြီးလျှင် တိုင်းပြည်ဝပြောသာယာရေးကို ရည်ညွှန်းသောပုံများပင် ဖြစ်သည်။ ယင်းဒင်္ဂါးများမှာ
ငွေဒင်္ဂါးများဖြစ်ပြီး အကြီးအသေး နှစ်မျိုးစလုံး တွေ့ရသည်။
သက္ကရာဇ် အေဒီ – ၅ ရာစုမှ အေဒီ ၁ဝဝဝ အထိ ထုတ်လုပ်အသုံးပြုခဲ့သော
ရခိုင်ဒင်္ဂါးများတွင် ရှေ့ဘက်၌ မင်းဆက်၏ တံဆိပ်တော်ဖြစ်သော နွားလား ဥဿဘနှင့် ယင်း၏အထက်၌
သွန်းထုတ်လုပ်သော မင်း၏အမည် ပါရှိသည်။ အသုံးပြုခဲ့သော အက္ခရာများမှာ ဗြဟ္မီပွား အက္ခရာများ
ဖြစ်သည်။ ကျောဘက်တွင်မူ ကနဦး ဒင်္ဂါးများတွင် ပါရှိသည့် မင်္ဂလာနှင့် ပြည့်စုံသော သရုပ်ဖော်ပုံများ
ပါရှိလေသည်။
ရခိုင်ဒင်္ဂါးများ၏ ရှေ့ဘက်၊ ကျောဘက်များတွင် ပါရှိသည့်ပုံများသည်
အေဒီ ၅ရာစု မှ ၁ဝဝဝ အထိ နှစ်ပေါင်းငါးရာတိုင်အောင် အသေးအဖွဲ့ ပြောင်းလဲခြင်းမှအပ ထူးကဲစွာ
ပြောင်းလဲခြင်း မရှိဘဲ တည်တန့်ခဲ့သည်။ ယင်းဒင်္ဂါးများသည် ငွေသားဒင်္ဂါးများဖြစ်ပြီး တစ်ကျပ်၊
ငါးမူး၊တစ်မတ်၊ တစ်မူး အရွယ်များ အဖြစ် အရွယ်အစား အမျိုးမျိုး ထုတ်လုပ်ခဲ့ကြသည်။ ထုတ်လုပ်ခဲ့သော
စေတီကိုလိုက်၍ ယင်းဒင်္ဂါးများကို ဝေသာလီခေတ် ဒင်္ဂါးများဟု ခေါ်ဝေါ်ကြသည်။
ရခိုင်ဒင်္ဂါးများသည် အိန္ဒိယနိုင်ငံထုတ်ဒင်္ဂါးများနှင့် အခြေခံအားဖြင့်
တူညီသော်လည်း ကိုယ့်တံဆိပ် ကိုယ့်အမှတ်အသားနှင့်ကို သွန်းလောင်း ထုတ်လုပ်ထားကြောင်းကို
ယင်းဒင်္ဂါးများနှင့် နှိုင်းယှဉ်ကြည့်ခြင်း အားဖြင့် ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။
ရခိုင်ဒင်္ဂါးများတွင် အစောဆုံး သွန်းလုပ်သုံးစွဲခဲ့သော
ဒင်္ဂါးမှာ မင်္ဂလာ လက္ခဏာပုံများဖြစ်သော ခရုသင်းတစ်ဖက်၊သီရိဝစ္ဆလက္ခဏတစ်ဖက် ပါရှိသော ဒင်္ဂါးဖြစ်သည်။
သုတေသီ “ဂျွန်စတင်း” (E.H.Johnston)က သူပြုစုခဲ့သော Some Sanstrit Inscriptions of
Arakan စာအုပ်တွင် ရေးသားဖော် ပြထားသည်။
ဝေသာလီဒင်္ဂါးများနောက်၌ အစောဆုံးတွေ့ရသော ရခိုင်ဒင်္ဂါးမှာ
စူလမဟာရာဇာ ဒင်္ဂါးပင်ဖြစ်သည်။ ဤဒင်္ဂါးမှစ၍ မင်္ဂလာအမှတ်အသား လက္ခဏာပုံများ မပါတော့ချေ။ ရခိုင်ရာဇဝင်တွင်
ဤအမည်ခံယူသော မင်းကို ရှာဖွေရာ၌ ဝေသာလီနှောင်းခေတ် နောက်ဆုံးမင်း၏ အမည်ကိုသာ တွေ့ရသည်။
ယင်းမင်းမှာ ရာဇဝင်အလိုအရ စူလစန္ဒြားမင်းပင် ဖြစ်သည်။ သက္ကရာဇ် ၉၅၇ အေဒီတွင် တကောင်း၊
ပြည်၊ သင်းတွဲမြို့မှအပြန် မော်တင်စွန်း-နဂါးရစ်အငူတွင် သင်္ဘောပျက်၍ နတ်ရွာစံခဲ့သည်။
အဆိုပါ ဒင်္ဂါး၏် ရှေ့ဘက်တွင် စူလမဟာရာဇာဟူ၍ မြန်မာအက္ခရာဖြင့် ရေးထိုးထားပြီးလျှင် ကျောဘက်တွင်
နာဂရီ အက္ခရာဖြင့် ခတ်နှိပ်ထားသည်။ သက္ကရာဇ် ရေးထိုးမထားချေ။
ယင်းနောက် သွန်းလုပ်ခဲ့သည်ဟု မှန်းဆရသော ဒင်္ဂါးမှ လောင်းကြက်ခေတ်
(၁၂၅ဝ-၁၄ဝ၄) မင်းထီးဘုရင်လက်ထက်က ယင်းမင်း၏ ဦးရီးတော်အမည်ဖြင့် သက္ကရာဇ်ပါ ရေးထိုး၍
ထုတ်ဝေသော ဒင်္ဂါးဖြစ်သည်။ ရှေ့ဘက်၌ မြန်မာအက္ခရာဖြင့် ၆၆ဝ နရာဓိပတိဦးရီးတော် မဟာနန္တဘယ
ဟူ၍ ခတ်နှိပ်ထားပြီးလျှင် ကျောဘက်တွင် နဂရီအက္ခရာဖြင့် စာခတ်နှိပ်ထားရှိသည်။ လောင်းကြက်ခေတ်တွင်
နာမည်ကျော်ကြားဆုံးမင်းမှ မင်းထီးဘုရင်ပင် ဖြစ်သည်။
လောင်းကြက်ခေတ်၏ နောက်ဆုံးမင်းမှာ နရမိတ်လှခေါ် မင်းစောမွန်ဖြစ်သည်။
ယင်းမင်းသည် မင်းထီးဘုရင်၏ မြစ်ပင်ဖြစ်သည်။ မင်းစောမွန်သည် မြောက်ဦးခေတ်မင်းဆက်၏ ပထမဆုံးသော
မင်းလည်း ဖြစ်သည်။
မြောက်ဦးမင်းဆက်ခေတ်သည် ခရစ်သက္ကရာဇ် ၁၄၃ဝ မှ ၁၇၈၄ ခုနှစ်အထိ
နှစ်ပေါင်း ၂၅၄ နှစ် ရှည်ကြာခဲ့သည်။ မြောက်ဦးမင်းဆက်ပေါင်း ၄၈ ဆက် ရှိသည်။ မြောက်ဦးမင်းဆက်၏
နောက်ဆုံးမင်းမှာ မဟာသမ္မတရာဇာ ခေါ် အဂ္ဂေါပုညာဇောရာဇာ ဖြစ်သည်။
မြောက်ဦးခေတ် စောစောပိုင်းက သုံးစွဲခဲ့သော ဒင်္ဂါးများတွင်
ကူဖစ်(Kufic) ဗျည်းသို့မဟုတ် လက်ရေးကွန့်ထားသော ပါရှန်ဗျည်းများဖြင့် ရေးထိုးထားသည့်
ကလီမာတစ်ဖက်ပါ ဒင်္ဂါး (၇) မျိုးကို တွေ့ရသည်။ မြောက်ဦးခေတ်ဒင်္ဂါးများတွင် သက္ကရာဇ်များ
ရေးထိုးထားသော်လည်း ဖတ်ရူနိုင်ရန် ယင်းခေတ်သုံး ဂဏန်းများကို သိရန် လိုအပ်သည်။ မြောက်ဦးဒင်္ဂါးများမှာ
အရွယ်အားဖြင့် ၂ဒသမ ၈ စင်တီမီတာမှ ၃ စင်တီမီတာအချင်းထိ ရှိ၍ အလေးချိန်အားဖြင့် ၁၀ ဂရမ်ဝန်းကျင်တွင်
တစ်မျိုးနှင့် ၇ ဒသမ ၅ ဂရမ် ၀န်းကျင်တွင် တစ်မျိုး တွေ့ရသည်။ ကျပ်ပြည့်ဒင်္ဂါးများမှာ
အရွယ်အားဖြင့် အချင်း ၃ စင်တီမီတာ နှင့် အလေးချိန် ၁၀ ဂရမ် ရှိသည်။
ရှေးခေတ် ရခိုင်ဒင်္ဂါးများသည် ကျောက်စာပါ မင်းများ၏ အမည်များကို
အတည်ပြုပေးသည်သာမက ပံ့ပိုးမှုလည်း ပေးသည်။ ရခိုင်သမိုင်းအတွက် အဖိုးမဖြတ်နိုင်သော အထောက်အထားများကိုလည်း
ပေးသည်။
ရခိုင်ဒင်္ဂါးများနှင့် မရှေးမနှောင်းမှာပင် ဟံသာဝတီ ဆင်ဖြူရှင်လက်ထက်
မြန်မာသက္ကရာဇ် ၉ဝဝ ကျော် (ခရစ်နှစ် ၁၅၄ဝ ခန့်) တွင်မွန်ခဲဒင်္ဂါးများ ပေါ်ခဲ့သည်။ မွန်ဒင်္ဂါးများကို
ဟံသာဝတီဒင်္ဂါး ဟုလည်း ခေါ်ဆိုကြသည်။ ယင်းဒင်္ဂါးများတွင် ဟံသာဝတီ၏ အမှတ်အသားဖြစ်သော ဟင်္သာရုပ်ကို
ခတ်နှိပ်ထားသည်။
‘ဆာအာသာပီဖယ်ယာ’၏ Coins of Arakan ,Pegu, and Burma “ရခိုင်
၊ပဲခူးနှင့် မြန်မာပြည်မှ ဒင်္ဂါးများ အကြောင်း” စာအုပ်၌ ပဲခူးအနီး စစ်တောင်းအရပ်မှ ခရုသင်းနှင့်
ဥကင်ပုံ၊ သို့မဟုတ် ဘီးတပ်ရထား ပုံပါသော ဒင်္ဂါးဟောင်းများ တွေ့ရှိရကြောင်းကို ဓါတ်ပုံနှင့်တကွ
ဖော်ပြထားသည်။ ယင်းအပြင် တနင်္သာရီ နယ်ဘက်မှလည်း သံဖြူနှင့်ခဲစပ်၍ ပြုလုပ်ထားသော ထိုးတံဆိပ်
ဒင်္ဂါးဟောင်းများကို တွေ့ရှိရသည်ဟု ဖော်ပြသည်။ ထို ထိုးတံဆိပ် ဒင်္ဂါး၏ ကျောဘက်တွင် (ဟောသူခံတာဂရံ)
ဟူသော ပါဠိဘာသာပါရှိ၏။ ပါဠိကို ဖယ်ယာက ငြိမ်းချမ်း၍ သုခအပေါင်းနှင့် ပြည့်စုံသော ဌာန
ဟု အဓိပ္ပာယ် ပြန်ဆိုထားသည်။
ညောင်ရမ်းမင်းဆက်များ လက်ထက်တွင် ဒင်္ဂါးသုံးစွဲကြောင်း
မှတ်သားရသော်လည်း ပုံသဏ္ဌာန် အနေအထားကိုမူ အမှတ်အသား မရှိချေ။ ကုန်းဘောင်မင်းဆက်ဖြစ်သော
ဘိုးတော်ဘုရားလက်ထက် မြန်မာ သက္ကရာဇ် ၁၁၄ဝ ကျော် မြန်မာဒင်္ဂါးများ ပေါ်ပေါက်ခဲ့သည်။
ဘိုးတော်ဘုရားသည် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ၏ ကိုယ်စားလှယ်
ကပ္ပတိန်ကော့ ယူဆောင်လာသော ဒင်္ဂါးများကို သွန်းလုပ်စေသည်။ ထို့နောက် အင်္ဂလန်ပြည်မှ ဆက်သသော
ဒင်္ဂါးသွန်းစက်ဖြင့် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် နယုန်လဆုတ် တစ်ရက်နေ့မှစ၍ အမရပူရ ရွှေမြို့တော်၌
စတင် သွန်းလုပ်သည်။ ဘိုးတော်ဘုရားလက်ထက်၌ သွန်းလုပ်သော ဒင်္ဂါးများအနက် ငွေဖြင့် သွန်းသော
ဒင်္ဂါးမှာ တစ်ဖက်တွင် ဘိုးတော်ဘုရား နံတော်သင့် တနင်္လာကျားရုပ် သဏ္ဌာန်ပါရှိ၍ တစ်ဖက်တွင်
၁၁၄၆ ခု အမရပူရ ဆင်ဖြူများရှင်နိုင်ငံ ဟုစာတမ်းထိုးထားသည်။
ကြေးဖြင့်သွန်းသော ဒင်္ဂါးများမှာ
တစ်ဖက်တွင် နံတော်သင့် တနင်္လာက၀ဂ် အဆုံး ၆ အနား ပတ်လည်ကိုထူ၍ ငါးရုပ်ဖိုမနှစ်ကောင် သဏ္ဌာန်ပါရှိပြီးလျှင်
အနားပတ်လည်၌ ဗိန္ဓုပြောက်များနှင့် တကွ တစ်ဖက်တွင် ဘိုးတော်ဘုရား နန်းတက်သော နှစ်ကို
အစွဲပြု၍ ၁၁၄၃ တပို့တွဲလပြည့်ကျော် ၁၄ ရက် ဟူသော စာတမ်းပါရှိလေသည်။ ထိုကြေးဒင်္ဂါးများကို
၁၁၇၄ ခုနှစ်တွင် ပြန်လည်ရုတ်သိမ်းလိုက်သဖြင့် နှစ်ပေါင်း ၂၈ နှစ်သာ သုံးစွဲသည်။
ယင်းဒင်္ဂါးနှစ်မျိုးကို
အမရပူရခေတ် ဒင်္ဂါး ဟု ခေါ်ဆိုကြသည်။ ယင်း ဒင်္ဂါး၂ မျိုးအပြင် ရွှေပြည်စိုး တံဆိပ်တော် ငွေဒင်္ဂါးနှင့်
ကြေးဒင်္ဂါးများလည်း သုံးစွဲခဲ့သေးသည်။ ဘိုးတော်ဘုရားလက်ထက် ဒင်္ဂါးများမှာ တစ်ကျပ်သုံး၊
ငါးမူးသုံး၊ တစ်မတ်သုံး ၊ တစ်မူးသုံး ဟူ၍ ရှိလေသည်။ ဘိုးတော်ဘုရားလက်ထက်တွင် မြန်မာဒင်္ဂါး၊
ရခိုင်ဒင်္ဂါး ၊ ဝေသာလီဒင်္ဂါး၊ ကုလားဒင်္ဂါးဟူ၍ ဒင်္ဂါး ၄ မျိုး ရှိသည်။
ရွှေဘိုမင်းတရားလက်ထက်တွင် သွန်းလုပ်သော ငွေဒင်္ဂါးများမှာ
တစ်ဖက်က လဝန်းနှင့် ယုန်ရုပ်၊ တစ်ဖက်က ပဒုမ္မာကြာပန်းပုံကို ရိုက်နှိပ်ထားသည်။
ပုဂံမင်းလက်ထက်ထုတ် ဒင်္ဂါးများမှာ မူ တစ်ဖက်တွင် ရွှေပြည်စိုးတံဆိပ်
ခတ်နှိပ်၍ တစ်ဖက်တွင် သာသနာနှစ် ၂၃၉၀ ဟု ရေးထိုးထားသည်။
မင်းတုန်းမင်း လက်ထက်တွင်
ဒင်္ဂါးသွန်းစက်ရုံကို မန္တလေးနေပြည်တော် နန်းမြို့တော်အတွင်း ဗဟိုရ်စင် မြောက်ဘက်၌ ဆောက်လုပ်၍
မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၉ ရက်နေ့တွင် ဒင်္ဂါးသွန်းစက်ရုံကို
ဖွင့်လှစ်ကာ ဒင်္ဂါးများကို စတင် သွန်းလုပ်ခဲ့လေသည်။
ယင်းဒင်္ဂါးစက်ရုံမှ ရွှေ၊ ငွေ၊ ကြေးနီ၊ သံဖြူနှင့် ခဲဒင်္ဂါးများ
ထုတ်လုပ်ခဲ့ရာ ဒေါင်းတံဆိပ်ကျပ်သုံး ငွေဒင်္ဂါးများကို မင်းတုန်းမင်း နန်းတက်သက္ကရာဇ်
၁၂၁၄ ခုနှစ်၌ ခတ်နှိပ်၍ ထုတ်လုပ်ခဲ့သည်။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက် ယင်းစက်ရုံမှ
ထုတ်လုပ်ခဲ့သော ဒင်္ဂါးများ တန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် ၂၈ သန်းကျော် ခန့် ရှိလေသည်။
မင်းတုန်းမင်း လက်ထက်က ငွေသားဖြင့် သွန်းလုပ်ခဲ့သော ဒင်္ဂါးများမှ
တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ ပေါင်း ငါးမျိုး ရှိသည်။ ငွေဒင်္ဂါးများတွင်
တစ်ဖက်၌ တံဆိပ်တော်ဟူသော စာတမ်းနှင့် ဒေါင်းရုပ်ပါရှိပြီးလျှင် တစ်ဖက်တွင် ရတနာပုံ
နေပြည်တော် ဟူသော စာတမ်းကို ပန်းခွေဖြင့် အနားပတ်လည် ခွေထားသည်။ ပန်းခွေ အကြားတွင်
၁ သုံး ဒင်္ဂါး ၁၂၁၄ ဟူသော စာတမ်း ထည့်သွင်းထားသည်။ ဒေါင်းတံဆိပ်ကြေးဒင်္ဂါးမှာ ဒေါင်းရုပ်အောက်မှ
သွန်းသော သက္ကရာဇ် ၁၂၂၇ နှင့် တစ်ဖက်တွင် ရတနာပုံ နေပြည်တော်နှင့် ၁ပဲသုံး ဒင်္ဂါး၏ လေးပုံတစ်ပုံ
ဟူသော စာတမ်းပါရှိသည်။
ထိုဒင်္ဂါးများအပြင် ၁၂၂၈ ခုနှစ် ပန်းခွေနှင့် ရတနာပုံနေပြည်တော်
စာတမ်း ပါရှိသော ခြင်္သေ့ဒင်္ဂါးများ၊ ယုန်ရုပ်သဏ္ဍာန်အောက်မှ သက္ကရာဇ် ၁၂၃၁ တစ်ဖက်က ကြေးနီဒင်္ဂါးစပ်လေးပုံတစ်ပုံဟူသော
စာနှင့်ပန်းပါသော ယုန်ဒင်္ဂါး၊ ထိုးနယားရုပ်နှင့်ထိုးနယားတံဆိပ်တော်ဟူသော စာနှင့် တစ်ဖက်က
တစ်မူးသုံး၏ ရှစ်ပုံတစ်ပုံစာတမ်း၊ ယင်းစာတမ်းအောက်မှ ပန်းခွေ၊ ယင်းပန်းခွေအောက်မှ ၁၂၄၀
စာတမ်းပါသော ထိုးနယား ဒင်္ဂါးများကိုလည်း သွန်းလုပ်သေးသည်။
မင်းတုန်းမင်းသည် ဒင်္ဂါးအတတ်ပညာသင်ယူရန် ပညာတော်သင်များကိုလည်း
ပြင်သစ်နိုင်ငံသို့ စေလွှတ်သေး၏။
ထို့နောက် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲသည် ၁၈၈၅ ခုနှစ်တွင်
ဖြစ်ပွား၍ အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ဒင်္ဂါးစက်ရုံရှိ ငွေဒင်္ဂါး ခုနှစ်ပုံများကို
လိုချင်သူတို့ ကောက်ငင်ကာ ဆွဲယူ သွားကြသဖြင့် ကစဥ့်ကလျား ဖြစ်သွားလေသည်။ ထို့နောက်
ဒေါင်းဒင်္ဂါးများကို တရားဝင်ငွေ အဖြစ် ၁၈၉၂ ခုနှစ်အထိ ဆက်လက်သုံးခွင့် ပြုထားသော အခါမှ
မဟာဝန်ရှင်တော်မင်းကြီးသည် ဒေါင်းဒင်္ဂါး ညှပ်ပုံများကို သတိရ၍ စစ်ကြောသိမ်းဆည်းရန် သက်ဆိုင်ရာတို့သို့
ဆင့်ဆိုလေသည်။
စစ်သုံ့ပန်းပစ္စည်းများ ထုခွဲရောင်းချရေး
တာဝန်ခံ လက်ဖနင်ကာနယ်ဒဗလျူဘီ ဘတ်ဂျင်၏ အစီရင်ခံစာအရသော် ဒေါင်းဒင်္ဂါးကျပ်သုံးနှင့်
ငါးမူးသုံးညှပ်ပုံပေါင်း (၇၆) ခုကို အခြားသိမ်းရ ပစ္စည်းများနှင့်အတူ နန်းတော်အတွင်းတွင်ပင်
လေလံတင်ရောင်းချလိုက်ကြောင်း ကျသုံးဒင်္ဂါးညှပ်ပုံပေါင်း ၁ဝ ခုစီပါသော သေတ္တာ ၁၅ လုံးကို
ဗြိတိသျှ စစ်တပ်မှ အရာရှိကြီးများက ဝယ်ယူသွားကြကြောင်း၊ ထို့ပြင်သရက်မြို့ရှိ အရာရှိကြီးများထံသို့လည်း
ညှပ်ပုံတစ်သေတ္တာ ရောင်းလိုက်ကြောင်း သိရပါသည်။
ယင်းသို့ အများသူတကာလက်သို့
ပျံ့နှံ့ရောက်ရှိသွားသော ညှပ်ပုံတို့မှာမည်ရွှေ့မည်မျှ ရှိလေ သည်ဟူ၍ တိတိကျကျ သိရှိနိုင်ရန်လည်းကောင်း၊
ပြန်လည်သိမ်းဆည်းရန်လည်းကောင်း မဖြစ်နိုင်တော့ကြောင်း မဟာဝန်ရှင်တော်မင်းကြီးက မှတ်ချက်ရေးသားထားပါသည်။
ယင်းနောက် ဒင်္ဂါးစက်ရုံကို
နန်းမြို့တွင်းရှိ သေနတ် စက်ရုံနှင့်အတူ စတာလင်ငွေပေါင်း ၂၄ဝ တန်ဖိုးဖြတ်၍ အဖိုးငွေ
၁ဝဝဝ ကျပ်နှင့် ရောင်းရန် ကြေညာလေသည်။ မည်သို့မည်ပုံ အရောင်းအဝယ်ဖြစ်သည်။ သို့တည်းမဟုတ်
မည်သို့ ထုခွဲရှင်းလင်းလိုက်သည်ကို အတိအကျ အထောက်အထား မတွေ့ရသေးပေ။
ဗြိတိသျှခေတ် မြန်မာနိုင်ငံဒင်္ဂါးများကိုမူကား အင်္ဂလန်ပြည်တွင်
သွန်းလုပ်လေသည်။ မြန်မာနိုင်ငံအား အိန္ဒိယပြည်၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်အုပ်ချုပ်စဉ်က
မြန်မာနိုင်ငံသုံး ဒင်္ဂါးများသည် အိန္ဒိယနိုင်ငံသုံး ဒင်္ဂါးများသာ ဖြစ်သည်။ ဗြိတိသျှတို့လက်ထက်၌
ထုတ်ဝေခဲ့သော ဒင်္ဂါးများတွင် တစ်ဖက်၌ ဗြိတိသျှအင်ပါယာ အရှင်ဘုရင်၊ ဘုရင်မများ၏ပုံများနှင့်
ထိုပုံများနှင့် ထိုပုံများအောက်တွင် ဒင်္ဂါးထုတ်ဝေသောနှစ် ပါရှိ၍ အခြားတစ်ဖက် တွင် ဒင်္ဂါး၏တန်ဖိုးကို
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်။ နိုင်ငံတိုင်းလိုလို၌ပင် သက်ဆိုင်ရာ တံဆိပ်များ ခတ်နှိပ်၍
ကြေး၊ ငွေ၊ ရွှေ ၊ နစ်ကယ်စသော သတ္ထုများဖြင့် ဒင်္ဂါးများ သွန်းလုပ် အသုံးပြုကြသည်။
လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံသုံး ဒင်္ဂါးများတွင်
တစ်ဖက်၌ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟူသော စာတမ်းနှင့် ခြသေ့င်္ထိုင်နေဟန် ပါရှိ၏။
ယင်းခေတ်မှ ဒင်္ဂါးထုတ်ဝေသော နှစ်ကို ရေးထိုးထား၏။ အခြားတစ်ဖက်တွင် ကနုတ်ပန်းခွေနှင့်
ပန်းခွေအကြားတွင် ဒင်္ဂါး၏ တန်ဖိုးကို ရေးထိုးထား၏ မြန်မာနိုင်ငံ၏ ငွေကြေးစနစ်ကိုလည်း
ကျပ်၊ ပဲ ၊ ပိုင်စနစ်မှ ကျပ်ကြား စနစ်သို့ ပြောင်းလဲလိုက်ရာ ကျပ်ဒင်္ဂါးမှာ မပြောင်းလဲသော်လည်း
ပဲပိုင်စေ့များကို မသုံးတော့ဘဲ ပြား ၅ဝ၊ ပြားအစိတ်၊ ဆယ်ပြား၊ ငါးပြားနှင့် တစ်ပြားစေ့များကို
ခြင်္သေ့ရုပ်များဖြင့်ပင် သွန်းလုပ်ခဲ့လေသည်။
လွတ်လပ်ရေးရပြီးချိန်မှ ၁၉၆၅ ခု၊ မေလ ၂၄ ရက် နေ့အထိ ပြည်ထောင်စု
မြန်မာနိုင်ငံအတွင်း လည်ပတ်သုံးစွရန် ထုတ်ဝေထားသော ငွေဒင်္ဂါးနှင့် ငွေအကြွေများ၏ တန်ဖိုးမှာ
ကျပ်ငွေ ၇ ဒသမ ၄ ကုဋေ တန်ဖိုးခန့် ရှိသည်။ သို့သော်လည်း မသမာသူများ၏ စုဆောင်းမှုကြောင့်
လုပ်သားပြည်သူများမှာ ငွေဒင်္ဂါးနှင့် ငွေအကြွေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့နောက် တော်လှန်ရေး အစိုးရသည် ပြည်သူတို့အတွက်ကို ပြဿနာ
ပြေလည်စေရန် ၁၉၆၆ ခု၊ အောက်တိုဘာလ ၁၅ ရက်နေ့မှစတင်၍ တစ်ပြား၊ ငါးပြား၊ ၁ဝ ပြား၊ ၂၅
ပြား၊ ပြား ၅ဝ တန်ငွေ အကြွေဒင်္ဂါး ငါးမျိုးကို ပုံစံသစ်ဖြင့် ထပ်မံထုတ်ဝေပေးခဲ့သည်။
မူလငွေဒင်္ဂါး ငွေအကြွေများကိုလည်း မူလတန်ဖိုးအတိုင်း ဆက်လက်သုံးစွဲခွင့် ပြုထားသည်။
ကျပ်ဒင်္ဂါးပြားကိုမူ ထပ်မံထုတ်ဝေခြင်း မပြုတော့ပေ။
တော်လှန်ရေးအစိုးရ ထုတ်ဝေခဲ့သော ငွေအကြွေသစ်များမှာ ယခင်ကကဲ့သို့
သံသတ္ထုဖြင့် ပြုလုပ်ထားခြင်း မပြုဘဲ ပေါ့ပါးသည့် သတ္ထုတစ်မျိုးဖြင့် ပြုလုပ်ထားသည်။
အလွန်ပေါ့ပါးပြီး အဖြူရောင် ရှိသည်။ ထို့ကြောင့် ယခင်က အကြွေများကို အလေးစေ့ ယခုအကြွေးများကို
အပေါ့စေ့ဟု သတ်မှတ်ကြသည်။ အရွယ်အစားအားဖြင့် မူလအကြွေများထက် ယောင်ယောင်သေး၍ အနည်းငယ်
ပို၍ပါးသည်။ ပုံသဏ္ဍာန်မှာ ရုပ်ပုံနှင့် စာလုံးမှအပ ယခင်အတိုင်း ငါးမူးပြားဆိုလျှင် အ၀ိုင်းထောင့်စိတ်များဖြင့်လည်းကောင်း၊
မတ်စေ့ဆိုလျှင် ခြောက်ထောင့်၊ ဆယ်ပြားစေ့ဆိုလျှင် လေးထောင့်၊ ငါးပြားစေ့ဆိုလျှင် ၁၂
ထောင့်နှင့် တစ်ပြားစေ့ဆိုလျှင် အ၀ိုင်းသဏ္ဌာန် ရှိသည်။
ယင်းဒင်္ဂါးများတွင် ထည့်သွင်းခတ်နှိပ်ထားသော ရုပ်ပုံမှာ
ယခင်ကငွေအကြွေဒင်္ဂါးများကဲ့သို့ ခြင်္သေ့ ထိုင်လျက်ပုံ မဟုတ်တော့ဘဲ ပြည်ထောင်စု မြန်မာနိုင်ငံ၏
လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တစ်ပိုင်းပုံ ဖြစ်သည်။ ဗိုလ်ချုပ်ပုံကို
ဝိုက်လျက် အထက်ဘက်တွင် “ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူ့ဘဏ်” ဟူသော မြန်မာစာလုံး
စာဝိုက်နှင့် အောက်ဘက်တွင် ဒင်္ဂါးပြားများ ထုတ်ဝေသည့်နှစ်ကို မြန်မာသက္ကရာဇ်ဖြင့် “သက္ကရာဇ်
၁၃၂၈ ခုနှစ်” ဟူသော စာကော့စာဝိုက်များ ပါရှိသည်။
အပေါ်စာကုံးနှင့် အောက်စာကော့တို့အကြား
နှစ်ဖက်လုံးမှာပင် ငါးထောင့်ကြယ်တစ်လုံးစီ ခံထားကာ ခြားထားသည်။ ဗိုလ်ချုပ် ရုပ်ပုံမှာ
တော်လှန်ရေးခေတ်က ရိုက်ကူးထားသော ဆံပင်ရှည်နှင့် ကိုယ်တစ်ပိုင်း ဘေးစောင်းပုံဖြစ်ပြီး
လက်ဝဲဘက်သို့ မျက်နှာမူလျက် ရှိသည်။ ဒင်္ဂါးပြား၏ အခြားမျက်နှာတစ်ဖက်တွင် ကနုတ်ပန်းထောင့်
နှစ်ခုကို ၀ိုက်ထားပြီး ပန်းခွေအတွင်း၌ ဒင်္ဂါးတန်ဖိုးကိုလည်းကောင်း၊ အောက်ဘက်တွင် ထုတ်ဝေသည့်
ခရစ်နှစ် “၁၉၆၆” ကိုလည်းကောင်း ရေးထိုးပါရှိသည်။
ထူးခြားချက်မှာ ဒင်္ဂါး၏ တန်ဖိုးကို ဖော်ပြရာ၌ မောက်ချစာလုံးဖြင့်
ဖော်ပြမှု မရှိခြင်းပင် ဖြစ်သည်။ ပုံစံအားဖြင့် ခြင်္သေ့ရုပ်ပုံပါ အကြွေဒင်္ဂါးများတွင်
ဆယ်ပြားစေ့၌ “၁ဝါးပြား” ဟု ဖော်ပြလေ့ ရှိသော်လည်း ယခုအကြွေသည် ဒင်္ဂါးများတွင် “၁ဝ ပြား”
ဟုသာ ဖော်ပြထားခြင်း ဖြစ်သည်။
ထို့နောက် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရခေတ်တွင်
ပြည်ထောင်စု မြန်မာနိုင်ငံ ဘဏ်မှ တစ်ကျပ်တန် ငွေအကြွေ ပုံစံသစ်ကို ၁၉၇၆ ခု၊ ဧပြီလ ၁
ရက်နေ့တွင် လည်းကောင်း၊ ပြားငါးဆယ်တန် ငွေအကြွေ ပုံစံသစ်ကို ၁၉၇၉ ခု ဖေဖော်ဝါရီလ ၁၀
ရက်နေ့တွင် လည်းကောင်း၊ နှစ်ဆယ့်ငါးပြားတန် ငွေအကြွေ (အ၀ိုင်းပုံစံ) ပုံစံသစ်ကို ၁၉၈၁
ခု၊ ဇူလိုင်လ ၂၁ ရက်နေ့တွင်လည်းကောင်း၊ ဆယ်ပြားတန် ငွေအကြွေပုံစံသစ်ကို ၁၉၈၃ခု၊ ဖေဖော်ဝါရီလတွင်
လည်းကောင်း ၊ နှစ်ဆယ့်ငါးပြားတန် ငွေအကြွေ (ခြောက်ထောင့်ပုံစံ) ပုံစံသစ်ကို ၁၉၈၆ ခု၊
ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်းကောင်း ၊ ငါးပြားတန် ငွေအကြွေပုံစံသစ်ကို ၁၉၈၇ ခု၊ ဇွန်လ
၃ဝ ရက်နေ့တွင် လည်းကောင်း ထုတ်ဝေခဲ့ပြန်သည်။
ယခုအခါမြန်မာနိုင်ငံသည်ငွေကြေးဖေါင်းပွမှုကြောင့်ငွေအကြွေစေ့များမဆိုထားဘိတစ်ကျပ်တန်၊
ငါး ကျပ်တန်၊ တစ်ဆယ်တန်ငွေ စက္ကူများကို ပင် အသုံးမပြုကြတော့ပေ။
စာကိုး
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ – ၅။ စာပေဗိမာန်ပုံနှိပ်တိုက်၊
၁၉၆၁။
၂။ ရွှေကိုင်းသား၊ “မြန်မာ့ဒင်္ဂါးရာဇဝင်” လူထုစာစောင် (လွတ်လပ်ရေးအထူးထုတ်)၊
မန္တလေး၊ ကြီးပွားရေး ပုံနှိပ်တိုက်၊ ၁၉၄၈။
၃။ အောင်သော၊်ဦး။ “ပျူဒင်္ဂါးများ” ၊ အမျိုးသားယဉ်ကျေးမှုစာစောင်
အတွဲ – ၁၊ ၁၉၆၂။
၎။ နတ်ရှင်၊ဒဂုန်။ ‘ဒင်္ဂါး’ ငွေတာရီမဂ္ဂဇင်း၊ အမှတ် ၅၄၊
၁၉၆၄ ၊ ဒီဇင်ဘာ။
၅။ ကြန်၊ဒေါ်။ ‘ရတနာပုံဒင်္ဂါးစက်ရုံ’၊ ငွေတာရီမဂ္ဂဇင်း၊ အမှတ်
၅၉၊ ၁၉၆၅၊ မေ။
၆။ ကိုဦး၊ သပြေညိုမောင်။ ‘မြန်မာ့ဒင်္ဂါးများ’၊ မဟာသီရီပုံနှိပ်တိုက်
(စာပေဗိမာန်)၊ ၁၉၇၄။
၇။ တင်ဝင်း။ ပျူဒင်္ဂါး ၊ငွေတာရီမဂ္ဂဇင်း၊ (၁၉၈၂ ၊ ဒီဇင်ဘာ)
၈။ စံသာအောင်ဦး၊ ရခိုင်ဒင်္ဂါးများ၊ ရန်ကုန်၊ စိတ္တသုခပုံနှိပ်တိုက်၊
၁၉၇၉၊ ဇွန်။
သန်းဝင်းလှိုင်
(ဤဆောင်းပါးရေးသားရာ၌ လိုအပ်သည့်အချက်အလက်များ ရှာဖွေပေးသော
မြန်မာမှု သုတေသီ ဦးမောင်မောင်ကြီး (မန္တလေးအသင်း) အား အထူးကျေးဇူးတင်ရှိပါကြောင်း)
ဖော်ပြအပ်ပါသည်။