Friday, 16 August 2013

ဘ၀ ဆိုတာ



ဒကာ။ ။ ဆရာတော်၊ တပည့်တော် သမီးလေးရဲ့ မွေးနေ့မှာ မှတ်မှတ်သားသား ဖြစ်လောက်စရာ ဘဝအမြင်တခုခုကို ဟောကြားချီးမြှင့်ပေးခဲ့ပါဘုရား။

ဆရာတော်။ ။ ကောင်းပြီ၊ လေးချက် ပြောပြပါမယ်၊ သေသေချာချာ မှတ်ပါ။

(၁) ဘဝဆိုတာ ရေစက်ကလေး တစ်စက်လိုပဲ။
(၂) ဘဝဆိုတာ မြစ်လိုပဲ။
(၃) ဘဝဆိုတာ ပင်လယ်လိုပဲ။
(၄) ဘဝဆိုတာ သမုဒ္ဒရာလိုပဲ.. တဲ့ ဒကာရဲ့။

ဒကာ။ ။ နည်းနည်းရှင်းပြပေးပါဦးဘုရား။

ဆရာတော်။ ။ နွေရာသီ အင်မတန်ပူလောင်လွန်းလှတဲ့ နေ့လည်ခင်းအချိန်မှာ ကွန်ကရစ်လမ်းပေါ်ကို ရေစက်ကလေး တစ်စက် ချလိုက်ရင် အဲဒီရေစက်ကလေးဟာ ခဏကလေးအတွင်းမှာပဲ ဆုံးရှုံး ပျောက်ပျက် သွားရတယ်။

အဲသလိုပဲ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ မနာလိုမှု၊ ဝန်တိုမှု၊ ချောက်တွန်းမှု၊ ညစ်ပတ်မှုတွေနဲ့ ပူလောင်လွန်းလှတဲ့ ဟောဒီလောကကြီးမှာ ဘဝတစ်ခု ဖြစ်လာရတာဟာ အင်မတန်ပူလောင်နေတဲ့ ကွန်ကရစ်လမ်းပေါ်မှာ ရေစက်ကလေး တစ်စက် ကျရောက်လာရသလိုပါပဲ။ ပူလောင်မှု အရှုပ်အထွေးတွေကြားမှာ ခဏတာကလေးပဲ ခံပြီး နောက်ဆုံးတော့ သေကြေဆုံးရှုံးကြရတာပါပဲ။ ဒါကြောင့် ဘဝဆိုတာ ရေစက်ကလေး တစ်စက်လိုပဲလို့ မှတ်ထားပါ။

ဒကာ။ ။ မှန်ပါ။ ဘဝဆိုတာ မြစ်လိုပဲ ဆိုတာကို ရှင်းပါဦးဘုရား။

ဆရာတော်။ ။ မြစ်တွေဟာ ပင်လယ်သို့ ဦးတည်ပြီး အမြဲတမ်း စီးဆင်းနေကြရတယ်။ အဲသလိုပဲ ဘဝဟာ မွေးလာပြီဆိုကတည်းက သေခြင်းတရားဆီသို့ ဦးတည်ပြီးတော့သာ အမြဲတမ်း ရွေ့လျားကြရတယ်။ မြစ်တွေရဲ့စီးဆင်းမှုကို ပိတ်ဆို့လို့ ရနိုင်ကောင်း ရနိုင်လောက်ပေမယ့်၊ ဘဝရဲ့ ရွေ့လျားမှုကိုတော့ ဘယ်လိုမှ ပိတ်ဆို့ဟန့်တားလို့ မရနိုင်ပါဘူး။ အဲသလို သေခြင်းတရားဆီသို့ အမြဲတရစပ် ဦးတည်ရွေ့လျားနေတဲ့အတွက် ဘဝဆိုတာ မြစ်လိုပဲလို့ မှတ်ပါ။

ဒကာ။ ။ ရှင်းပါပြီ ဘုရား။ ဘဝဆိုတာ ပင်လယ်လိုပဲ ဆိုတာကို ဆက်ရှင်းပြပါဦးဘုရား။

ဆရာတော်။ ။ ပင်လယ်တွေဟာ လှိုင်းတံပိုးတွေ မရှိဘူးဆိုရင် နေထွက်ခါစအချိန်တို့ ၊ နေဝင်ဆည်းဆာ အချိန်တို့မှာ အင်မတန် နှစ်သက်ဖွယ်ရာရှိပါတယ်။ ကြည့်ရှုငေးမော လို့လည်း မဝ၊ ရေကူး လှိုင်းစီးလို့လည်း မဝပါဘူး။ အဲ.. သို့သော်လည်း လှိုင်းတံပိုးတွေ တကယ် ထန်လာပြီ ဆိုရင်ဖြင့် ပင်လယ်ဟာ အင်မတန် ကြောက်စရာ ကောင်းတော့ တာပါပဲ။ အမေကယ်ပါ၊ အဖေကယ်ပါ၊ ဘုရားကယ်ပါ၊ သမ္ဗုဒ္ဓေကယ်ပါ ဖြစ်ကြရတော့တာပါပဲ။

အဲသလိုပဲ ဘဝဟာ လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး အစစအရာရာ အဆင်ပြေနေတဲ့ အခိုက်မှာ လှိုင်းတံပိုးတွေ ကင်းဆိတ်နေတဲ့ ပင်လယ်ကြီးလိုပါပဲ။ ကြည့်ရှုငေးမော လို့လည်း မဝ၊ ပျော်ရွှင်မြူးတူးလို့လည်း မဝပါဘူး။ အဲ.. သို့သော်လည်း လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး စသည် တစ်ခုခု ချွတ်ယွင်းလာပြီ ဆိုတဲ့အခါကျတော့ ဘဝဆိုတာ အင်မတန် ကြောက်စရာ ကောင်းတော့တာပါပဲ။ အမေကယ်ပါ၊ အဖေကယ်ပါ၊ ဘုရားကယ်ပါ၊ သမ္ဗုဒ္ဓေကယ်ပါ ဖြစ်ကြရတော့တာပါပဲ။ အဲဒါလို မတည်ငြိမ်တဲ့ အတွက်ကြောင့် ဘဝဆိုတာ ပင်လယ်လိုပဲလို့ မှတ်ပါ။

ဒကာ။ ။ ရှင်းပါပြီ ဘုရား။ ဘဝဆိုတာ သမုဒ္ဒရာလိုပဲ ဆိုတာကို ရှင်းပြပေးပါဦးဘုရား။

ဆရာတော်။ ။ သမုဒ္ဒရာဆိုတာ မိုးတွေဘယ်လောက်ပဲရွာရွာ၊ ပင်လယ်ကရေတွေ ဘယ်လောက်ပဲ ဝင်ဝင် လျှံတက်သွားတယ်၊ မဆန့်တော့ဘူးဆိုတာမျိုး ဘယ်တော့မှ မရှိဘူး။ အဲသလိုပဲ ဘဝ ဆိုတာဟာလည်း ကိုယ်လိုချင်တာ ဖြစ်ချင်တာတွေ ဘယ်လောက်ပဲရရ ဘယ်လောက်ပဲ ဖြစ်ရဖြစ်ရ အလိုပြည့်တယ် ဆိုတာ မရှိဘူး။ လျှံတက်သွားပြီဆိုတာမျိုး မရှိဘူး။ ရလေ လိုလေပဲ။ အဲဒါလို အလို မပြည့်နိုင်တဲ့ အတွက်မို့ ဘဝဆိုတာ သမုဒ္ဒရာလိုပဲလို့ မှတ်ပါ။

ဒကာ ။ ။ ရှင်းပါပြီဘုရား။

ဆရာတော်။ ။ ဒါဟာ စာပေတွေက ရတဲ့ အသိတရားကို ထပ်ဆင့်ချဲ့ထွင်ပြီး ပြန်လည် မျှဝေတာပါပဲ။ အဲဒီတော့..၊ ဘဝကို အဲသလို အချက်လေးချက်နဲ့ တူပုံကို နေ့စဉ်မပြတ် ဆင်ခြင်သုံးသပ်ပြီး၊ ဘဝမှာ မားမားမတ်မတ် ရပ်တည်နိုင်အောင်လည်းကြိုးစား၊ ကြံ့ကြံ့ခံနိုင်အောင်လည်း ကြိုးစား၊ ရောင့်ရဲ တတ်အောင်လည်း ကြိုးစားနိုင်ပါစေ ဒကာတော်။

ဒကာ။ ။ ဆရာတော့် အဆုံးအမအတိုင်း ကြိုးစားပါ့မယ်ဘုရား။ ကျေးဇူးတင်ပါတယ် ဘုရား။

{မှတ်ချက်။ ။ ဤသြဝါဒကို ပြန်လည် ချီးမြှင့်ပေးသော အောင်ရမ္မာကျောင်းဆရာတော် ဘဒ္ဒန္တကုဏ္ဍလ အရှင်မြတ်သို့ ဦးညွတ်လျက်၊ အစီအစဉ်ကျအောင် ပြန်လည်ရေးသား မျှဝေလိုက်ပါကြောင်း..}

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
16/08/2013

No comments:

Post a Comment