Friday, 16 August 2013

ကံတူသော်လည်း အကျိုးပေး မတူခြင်းအကြောင်း။



မေး။ ။ ကဿပဘုရားရှင် လက်ထက်က ရဟန်းတပါးသည် အနှစ်နှစ်သောင်း ရဟန်းတရားကို အားထုတ်ခဲ့သော်လည်း သေခါနီး၌ မြက်ပင်တို့ကို မတော်တဆ နှုတ်မိသော ၀ိနည်းပြစ်ကို အမှတ်ရ၍ ဘုရားနှစ်ဆူကြား ကာလပတ်လုံး တိရိစ္ဆာန် နဂါးဘ၀ ဖြစ်ရခြင်း။

မလ္လိကာ မိဖုရားကြီးသည် ကြီးကျယ်သော အသဒိသဒါန (အတုမရှိသော အလှူဒါန) ကြီးကို ပေးလှူခြင်းစသော များစွာသော ကုသိုလ်များ ပြုခဲ့ပါလျက် သေခါနီးကာလတွင် ပြုခဲ့ဖူးသော အကုသိုလ် အပြစ်အနည်းငယ်ကို မပြုလုပ်ပါ ဟု ကောသလမင်းကြီးအား မုသားစကား ပြောကြားခဲ့သည်ကို အမှတ်ရ၍ (၇)ရက် ငရဲဒုက္ခ ခံရခြင်း။

တိဿရဟန်းသည် သေခါနီးကာလ၌ မိမိသင်္ကန်းကို စွဲ၍ (၇)ရက် သန်းပြိတ္တာဖြစ်ရခြင်းတို့တွင်

သေးငယ်သော အပြစ်ချင်း တူပါလျက် အဘယ့်ကြောင့် မြက်ပင်နှုတ်မိသော ရဟန်းက အချိန်ကြာမြင့်စွာ တိရိစ္ဆာန်ဖြစ်ရပါသနည်း။


အဖြေ။ ။ ဒါက ဘ၀မှာ ဖြစ်စေတဲ့ အကြောင်းလေးတခုသာ ရည်ညွန်းပြောတာ၊ ဒီပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းက မတူဘူး၊ ပတ်ဝန်းကျင် အခြေအနေတွေချင်းက မတူညီကြဘူး၊ ပုဂ္ဂိုလ်တယောက်နဲ့ တယောက်ဟာ တိုင်းတာလို့ မရနိုင်ဘူး။

အခု ဒီသင်တန်း တက်နေကြတဲ့ သူတွေတောင်မှ တစ်ယောက်နဲ့ တစ်ယောက် အရည်အသွေးချင်း၊ သဘောထားချင်းက တူလို့ မရဘူးလေ၊ ကွဲပြားခြားနားမှုတွေ အမြဲတမ်း ရှိနေတတ်တယ်၊ အဲဒီတူညီတဲ့ သဘောတွေကို တူတယ်လို့ သွားပြီး ယူဆလို့ ရှိရင် မှားသွားမှာပေါ့။ မတူတဲ့ အခြားအခြေအနေ တွေကို ထည့်သွင်းပြီးတော့ စဉ်းစားရမယ်။

ခုနတုန်းက အနှစ်နှစ်သောင်း ရဟန်းတရား အားထုတ်ပြီးတဲ့အခါမှာ နဂါးဘုံ ရောက်သွားတယ် ဆိုတာက နဂါးဘ၀က အသက်ရှည်တဲ့ ဘ၀မျိုးကို ရောက်သွားသည့် အတွက်ကြောင့်ပဲ၊ ပြီးတော့ နဂါးဘ၀ကလဲ တပိုင်းက နတ်နဂါး ဆိုတော့ စည်းစိမ်ချမ်းသာက တစ်ဖက်ရှိနေတဲ့ အနေအထားတခုပေါ့၊ အဲဒီလို အနေအထားရှိတဲ့ ဘုံဘ၀ ရောက်သွားတော့ သူ့သက်တမ်း life span အတိုင်း သွားတော့တာ၊ သူက ကံတင် မကဘူး၊ စိတ်၊ ဥတု၊ အာဟာရ တွေရော ဖန်တီး လာတာ။

သန်းဖြစ်တဲ့ ကိုယ်တော်ကျတော့ သန်းဆိုတာက သက်တမ်းရှည်တဲ့ ဘ၀မဟုတ်ဘူး၊ တိုတောင်းတဲ့ ဘ၀၊ သူ့ရဲ့ဗီဇ ရောက်လာတဲ့ ဘ၀ရဲ့အခြေအနေတွေကလည်း ထည့်ပြီး စဉ်းစားရအုံးမယ်။

ပြီးတော့ မလ္လိကာ မိဖုရားကြီး ငရဲကျတယ်၊ ငရဲဆိုတဲ့ သဘောက ငရဲပြည်မှာ သက်တမ်းသက်သက် မရှိဘူး၊ ကံသည်ပင် သူတို့ရဲ့ သက်တမ်းပဲ၊ သူ့ကံရဲ့ အရှိန်ကုန်တာနဲ့ ချက်ချင်းလွတ်တယ်၊ ကံအရှိန် မကုန်သေးသမျှတော့ ဆက်သွားနေမှာပဲ၊ ဘယ်တော့ မှ သေတယ်လို့ မရှိဘူး။

“ န စ တာဝ ကာလံ ကရောတိ၊ ယာဝ န တံ ပါပကမ္မံ ဗျန္တီ ဟောတိ ”
ကံမကုန်သေးသမျှ ဘယ်ငရဲသားမှ ဘယ်တော့မှ သေတယ် လို့ မရှိဘူး၊ ဘယ်လောက် ညှင်းဆဲ ညှင်းဆဲ၊ ဘယ်လောက် ဒုက္ခတွေ ရောက်ရောက်၊ ကံမကုန်သေးလျင် မသေဘူး လို့ ဆိုတယ်၊ အဲဒီတော့ ကိုယ်လုပ်ခဲ့တဲ့ ကံသည်ပင် ငရဲပြည်ရဲ့ life span ပဲ၊ သက်တမ်းတစ်ခုပဲ။

အဲဒီတော့ လူမှာ အကြောင်းတခုထဲကို မကြည့်ပဲနဲ့ အခြား အခြေအနေကောင်းတွေ၊ အခြေအနေ မကောင်းတာတွေ အများကြီး ရှိသေးတယ်ဆိုတာ ထည့်သွင်းပြီးတော့ စဉ်းစားရမယ်။

သူလည်း ကောင်းတာလုပ်တာပဲ၊ ငါလည်း ကောင်းတာလုပ်တာပဲ၊ သူလည်း မကောင်းတာ လုပ်တာပဲ၊ ငါလည်း မကောင်းတာ လုပ်တာပဲ၊ အကျိုးပေးခြင်းကျတော့ တူတယ်၊ မတူဘူး လို့ သွားပြောလို့ မရဘူး။

ရာဇ၀တ်မှုတစ်ခု ကျူးလွန်တာတောင်မှ လွတ်တဲ့သူက လွတ်သွားတာပဲ၊ ခံရတဲ့သူက ခံရတယ်လေ၊ ဘာဖြစ်လို့တုန်း ဆိုတော့ အခြေအနေချင်း မတူညီလို့။

ဝဋ်ကြွေးပါလာရင် အကုသိုလ်အကျိုးပေးချိန် ကျလာရင် ခံရတာပဲ၊ မလွတ်နိုင်ဘူး၊ ဒါကိုတော့ အခြေအနေလို့ ခေါ်တယ်။

လောဏကပလ္လသုတ်မှာ ဘာဟောထားသလဲ ဆိုတော့ မြတ်စွာဘုရားက ဆားခဲလေးတစ်ခုကို ဖန်ခွက်တခုထဲမှာ ရှိတဲ့ ရေထဲကို ထည့်လိုက်လို့ရှိရင် အဲဒီရေသည် သောက်မရအောင် ငန်သွားနိုင်တယ်၊ သို့သော် အဲဒီ ဆားခဲကိုပဲ ရေကန်ကြီး တစ်ခုထဲ၊ မြစ်ထဲမှာ ထည့်လိုက်မယ် ဆိုရင် ဘာအရသာမှ မပေါ်ဘူး၊ ဘာမှကို ထူးခြားမလာဘူး။

အဲဒီလိုပဲ လူတွေမှာလဲ တစ်ချို့ပုဂ္ဂိုလ်တွေမှာ ကောင်းတာတွေ လုပ်ထားတာတွေက အများကြီး၊ မကောင်းတဲ့ အကုသိုလ် မတော်တဆ လုပ်မိအုံး၊ သူကျတော့ ပျောက်သွားတယ်၊ အကုသိုလ်က အကျိုးမပေးဘူး ၀င်မလာတော့ဘူး။

တစ်ချို့ကျတော့ ကောင်းတာက မရှိဘူး၊ မကောင်းတာတွေက များနေတယ် ဆိုလျင် ခုနက ဆားခဲကို ဖန်ခွက်ထဲက ရေထဲ ထည့်လိုက်သလိုပဲ၊ သူ့ကျတော့ ပိုခံရတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူ့မှာ အခြေအနေကောင်းတွေ မရှိဘူး။

အဲဒီသဘော တွေကို ထည့်စဉ်စားကြည့်လိုက်မယ် ဆိုရင် ကံက အကျိုးပေးတယ် ဆိုတဲ့ နေရာမှာလည်း အခြေအနေတွေ ပေါ်မှာ မူတည်တယ်၊ တစ်ဦးနဲ့ တစ်ဦးဟာ အခြေအနေတွေချင်း မတူဘူး၊ မတူလျင် အကျိုးပေးတာချင်းလဲ မတူညီနိုင်တော့ဘူး။

အဲဒီသဘောကို နားလည်မှသာ ကံအကြောင်းတရားတွေကို လက်ခံ ယုံကြည်နိုင်မှာ ဖြစ်ပါတယ်။

Rf. ပါမောက္ခချုပ်ဆရာတော်ကြီး အရှင်နန္ဒမာလာဘိဝံသ၏ ဓမ္မဗျူဟာ သင်တန်းသားများ၏ အမေးကို ဖြေဆိုခြင်း မှ ကောက်နှုတ် ဖော်ပြပါသည်။

posted by ပန်းကမ္ဘာ။

cretid to Thinpyant Shwekyar.

No comments:

Post a Comment