Monday 2 December 2013

နံရံပေါ်က ကော်ဖီ





တစ်နေ့က Los Angeles အနီးနားမှာရှိတဲ့ Veniceကမ်းခြေက နာမည်ကြီးကော်ဖီဆိုင်တစ်ဆိုင်မှာ သူငယ်ချင်းတစ်ယောက်နဲ့အတူ ကော်ဖီကို ကျွန်မအရသာခံပြီး သောက်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆိုင်ထဲကို လူတစ်ယောက်ဝင်လာပြီး ကျွန်မတို့ဘေးက စားပွဲခုံမှာ ဝင်ထိုင်လိုက်ပါတယ်။

အဲဒီလူဟာ ဆိုင်ဝန်ထမ်းကိုခေါ်ပြီး "ကော်ဖီနှစ်ခွက်.. တစ်ခွက်ကို နံရံပေါ်ကပ်မယ်"လို့ သူ ပြောပါတယ်။ သူကော်ဖီမှာတဲ့ပုံစံက ထူးဆန်းနေတယ်။ သူ့အတွက် ကော်ဖီတစ်ခွက်ပဲ ရောက်လာခဲ့ပေမယ့် ကော်ဖီနှစ်ခွက်စာအတွက် သူငွေချေလိုက်ပါတယ်။ ကော်ဖီသောက်ပြီး သူ ထထွက်သွားတာနဲ့ ဆိုင်ဝန်ထမ်းက နံရံပေါ်မှာ စာရွက်တစ်ရွက် ကပ်လိုက်ပါတယ်။ စာရွက်ပေါ်မှာ "ကော်ဖီတစ်ခွက်"လို့ ရေးထားပါတယ်။

တအောင့်နေတော့ လူနှစ်ယောက် ဆိုင်ထဲဝင်လာပြန်ပါတယ်။ အဲဒီလူနှစ်ယောက်က ကော်ဖီနှစ်ခွက် သောက်မယ်၊ တစ်ခွက်ကို နံရံကပ်ပေါ်ကပ်မယ် ဆိုပြီး ၃ခွက်မှာပါတယ်။ သူတို့က ကော်ဖီနှစ်ခွက်ပဲ သောက်ပါတယ်။ ၃ ခွက်စာရှင်းပြီး ဆိုင်ကနေထွက်သွားတော့ ဆိုင်ဝန်ထမ်းက အခုနားလိုပဲ နံရံပေါ် စာရွက်တစ်ရွက် ကပ်လိုက်ပါတယ်။ စာရွက်ပေါ်မှာ "ကော်ဖီတစ်ခွက်"လို့ ရေးထားပါတယ်။

ဒီလိုအဖြစ်မျိုးမှာ ဒီဆိုင်ရဲ့ အစဉ်အလာဖြစ်ကောင်းဖြစ်ပေမယ့် ကျွန်မတို့အတွက်က ထူးဆန်းပြီး နားမလည်နိုင်ဖြစ်ရပါတယ်။

ရက်အနည်းငယ်ကြာပြီးတဲ့နောက် အဲဒီကော်ဖီဆိုင်မှာ ကျွန်မတို့ ကော်ဖီသောက်ဖို့ အကြောင်း ဖန်လာပြန်ပါတယ်။ ကော်ဖီကို အရသာခံပြီး ကျွန်မတို့သောက်နေတုန်းမှာ ဆိုင်ထဲ လူတစ်ယောက် ဝင်လာပါတယ်။ ဝင်လာသူရဲ့အဝတ်အစားက ဒီကော်ဖီဆိုင်ရဲ့အဆင့်အတန်းနဲ့ လားလားမျှ မဆိုင်ခဲ့ပါဘူး။ ကြည့်လိုက်တာနဲ့ ဆင်းရဲသားမှန်းသိသာပါတယ်။ ဆိုင်ထဲကို သူဝင်လာပြီး နံရံပေါ်ကို ကြည့်လိုက်ပါတယ်။ ပြီးတော့ "နံရံပေါ်က ကော်ဖီတစ်ခွက်"လို့ သူမှာပါတယ်။ ဆိုင်ဝန်ထမ်းက ခါတိုင်းအပြုအမူလိုပဲ ကော်ဖီတစ်ခွက်ကို သူရှေ့မှာ တရိုတသေ ချလိုက်ပါတယ်။

အဲဒီလူက ကော်ဖီသောက်ပြီး ပိုက်ဆံမရှင်းဘဲ ဆိုင်ထဲကထွက်သွားပါတယ်။ ဒီအဖြစ်ကို ကျွန်မတို့ တအံ့တသြကြည့်နေခဲ့ပါတယ်။ အဲဒီလူထွက်သွားပြီးနောက် ဆိုင်ဝန်ထမ်းက နံရံပေါ်က စာရွက်တစ်ရွက်ကို ဆုတ်ဖြဲပြီး အမှိုက်ပုံးထဲ ထည့်လိုက်ပါတယ်။ အဲဒီအချိန်ကျမှ အဖြစ်မှန်က ရုပ်လုံးပေါ်လာခဲ့ပါတယ်။ ဒီမြို့ခံလူထုတွေရဲ့ ဆင်းရဲသားအပေါ်ထားတဲ့ လေးစားခြင်းက ကျွန်မတို့ကို ခံစားသက်ဝင်စေခဲ့ပါတယ်။

ကော်ဖီက ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနေရာမှာပြောချင်တာက ကျွန်မတို့ဟာ ကောင်းမွန်တဲ့ပစ္စည်းတစ်စုံတစ်ခုကို အရသာခံ ခံစားနေချိန်မှာ တခြားလူကိုလည်း ကျွန်မတို့သတိရသင့်တယ်၊ သူတို့လည်း ဒီကောင်းတဲ့ပစ္စည်းလေးကို ကြိုက်နှစ်သက်ပေမယ့် မတတ်နိုင်ခဲ့တာလည်းရှိတယ်။

ဆိုင်ဝန်ထမ်းအကြောင်း ဆက်ပြောရရင် သူဟာ အဲဒီဆင်းရဲသားကို ဆက်ဆံနေချိန်မှာလည်း မျက်နှာကပြုံးနေပါတယ်။ အဲဒီဆင်းရဲသားကလည်း ဆိုင်ထဲဝင်လာတာနဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို ခဝါချပြီး ကော်ဖီတစ်ခွက် တောင်းသောက်စရာ မလိုခဲ့ပါဘူး။ နံရံပေါ်ကိုပဲ သူကြည့်လိုက်ရုံပါပဲ။

အဲဒီနံရံကို ကျွန်မ မှတ်ထားလိုက်ပါတယ်။ အဲဒီမြို့လေးက လူထုတွေရဲ့ သဘောထားကြီးမှု၊ တခြားလူအပေါ် ဂရုစိုက်ချစ်ခင်မှုက အဲဒီနံရံပေါ်မှာ ထင်ဟပ်နေခဲ့လို့ပါပဲ...


မူရင်းရေးသားသူ--- Wang Hui Yun
မူရင်းလင့် ---
http://blog.sina.com.cn/s/blog_48b0011f0102edn5.html

နိုင်းနိုင်းစနေ (Nov. 30. 2013)

No comments:

Post a Comment