Friday 23 May 2014

ရင် ကွဲ နေ့



ကိုကိုမောင်တစ်ယောက် စနေနေ့မို့ အိမ်သန့်ရှင်းရေးလုပ်ရင်း အိမ်းသုံးပစ္စည်းများနှင့် ပရိဘောဂများကို ပြောင်းရွှေ့ကာ နေရာခင်းကျင်းပြင်ဆင်နေသည်။ မိမိအိမ်သည် ဟိုယခင် တစ်ယောက်တည်း နေစဉ်ကကဲ့သို့ အထီးကျန် ခြောက်သွေ့နေမည် မဟုတ်တော့ ဟူသော အတွေးများဖြင့် ပျော်ရွှင်နေသည်။ နောက်လဆိုလျှင် အိမ်သူသက်ထားဖြစ်သော စုသည် မိမိ တာဝန်ထမ်းဆောင်ရာ နေပြည်တော်ရှိ  အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်းတွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ရောက်လာတော့မည်ဖြစ်သည်။
ယခုမှပင် မိမိစိတ်ကူးဖြင့် တည်ဆောက်ခဲ့သော အိပ်မက်ထဲက မိသားစုဘ၀ကို လက်တွေ့ အကောင်ထည်ဖော်ရတော့မည်။ အိမ်၏ဆည်းလည်းဖြစ်သော သားသမီးရတနာများဖြင့် သာယာသော ဘ၀တစ်ခုကို ပျော်ရွှင်စွာ ဖြတ်သန်းရတော့မည်။ မိမိပုံဖော်ထုဆစ်ပေးမည့် ရင်သွေးငယ်များ၏ အနာဂတ်သည်လည်း လင်းလက်တောက်ပလျှက်။ ကိုကိုမောင်၏ အနာဂတ်စိတ်ကူးများလည်း သစ်လွင်မြူးကြွလျှက်။

ပုဆိုးဖြူ မှန်ကူကွက်
မနက်လည်းခြုံ၊ ညလည်းခြုံ
ခြုံနေရက်နဲ့ချမ်းလေခြင်း။
မိနဲ့မောင်မှာ
မနက်လည်းဆုံ၊ ညလည်းဆုံ
ဆုံနေရက်နဲ့လွမ်းလေခြင်း…… ဟူသော စာရေးဆရာမ ဂျူး၏ ကဗျာကို အထီးကျန်ဆန်တိုင်း ရွက်ဆိုညည်းတွားနေမည် မဟုတ်တော့။
ကိုကိုမောင်၏ ပြုမူလှုပ်ရှားမှု အမူအယာတိုင်းသည် ရွှင်မြူး တက်ကြွနေသည်။ အေးချမ်းသာယာသော မိသားစုဘ၀ မျှော်လင့်ခြင်း ရောင်ခြည်များလည်း လင်းလက် တောက်ပနေသည်။
=   =   =   =   =

ဆရာမစုသည် လျှော်ဖွတ်ထားသော အ၀တ်များကို ခေါက်သိမ်းနေရင်း ဘုရားစဉ်ပေါ်မှ ဘုရားပန်းအိုးများကို မော်ကြည့်မိသည်။ မိမိသည် နောက်တစ်ပါတ်ဆိုလျှင် ခင်ပွန်းသည်ရှိရာ နေပြည်တော်ရှိ ကျောင်းတစ်ကျောင်းသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရတော့မည်။ ဤအဆောင် ဤအခန်းမှ ဤဘုရားစဉ်ကလေးရှိ ဤပန်းအိုးများတွင် မည်သူပန်းလှူ၍ မည်သူကများ ဆွမ်း၊ဆီမီး၊ရေချမ်း ကပ်လှူပါတော့မည်နည်း။ ဆရာမစု  ဆက်ပြီး မတွေးဝံ့တော့ပြီ။
တပည့်များယူလာသော ပန်းများဖြင့် နေ့စဉ်ဘုရားလှူရသည့် ပီတိအဟုန်သည် ဆရာမစု၏ ရင်ကို အေးချမ်းစေသည်။ မဖွံ့ဖြိုးသေးသော ဤကျေးရွာကလေးသို့ ဆရာမအဖြစ် ရောက်လာသည်မှ စ၍ တပည့်များဖြင့် စည်ကားသိုက်မြိုက်စွာ ပျော်ရွှင်ရသည့် နေ့ရက်များသည် စုဘ၀၏ ပီတိသုခ အမှတ်တရ နေ့ရက်များပင်။
ဤရွာလေးသို့ မိမိရောက်စက တစိမ်းပြင်ပြင်ဆန်လွန်းသည်ဟု ခံစားရသော်လည်း ကာလကြာသော် ဆွေမျိုးရင်းများသဖွယ် ခင်မင်သံယောဇဉ် တွယ်ရသည်။ စာသင်ဝါသနာပါသော၊ စိတ်ရှည်သည်းခံသော၊ ကျောင်းသားတိုင်း စာတော်၍ လိမ္မာစေလိုသော ဆရာမဖြစ်သောကြောင့် ကျောင်းသားတိုင်းကို စေတနာအပြည့်ဖြင့် သင်ကြားပေးခဲ့သည်သာ။
မပြည့်စုံသော ကျောင်းသားများကို မုန့်ဖိုး၊ထမင်းဗူးအစ ခဲတံ၊စာအုပ်၊လွယ်အိတ်အလယ် ထီး၊ဖိနပ်၊ဦးထုပ်အဆုံး လိုသမျှကို တတ်နိုင်စွမ်းနိုင်သမျှ ထောက်ပံ့ကာ ပညာသင်ပေးခဲ့သည်။ မိမိ အသုံးပြုရန်အတွက် ခင်ပွန်းသည်ကိုကိုမောင် ပေးပို့သော ထောက်ပံ့ငွေအချို့သည် ဆရာမစု၏ စေတနာရေစီးတွင် မျောပါကာ ချို့တဲ့ကျောင်းသားများအတွက် လိုရာသုံး ပဒေသာပင်ကြီး ဖြစ်လာပေတော့သည်။
ကျောင်းသားအများစုသည် ချို့တဲ့စွာ ပညာသင်ယူကြရသည့် ဘ၀များပင်ဖြစ်သော်လည်း ဆရာမစု၏ သွန်သင်ဆုံးမစကားများဖြင့် အနာဂတ်လင်းလက်သော၊ ပညာငတ်မွတ်သော၊ ဗဟုသုတရှာဖွေလိုသော ကျောင်းသားများ ဖြစ်လာကြသည်။ ကျောင်းစာကိုလည်း အပတ်တကုတ် ကြိုးစား သင်ယူကြသည်မို့ ဆရာမစု၏ စေတနာများ အရာထင်ကာ ပီတိစား၍ အားရှိလှပါဘိ။
ယခုတော့ အသီးအပွင့်များဖြင့် ဖူးပွင့်ဝေဆာအံ့သော ပျိုးပင်ငယ်များကို စွန့်ခွာသွားရသည့် ဥယျာဉ်မှူးတစ်ယောက်ပမာ တပည့်များကို ထားခဲ့ရပေတော့မည်။ အရည်အချင်းပြည့်ဝသော ဥယျာဉ်မှူးဟူသည် ရောက်လေရာ အရပ်ဒေသတိုင်းတွင် ရှင်သန်ဖွံ့ဖြိုးသော သစ်ပင်များ စိုက်ပျိုးနိုင်ရမည်ဟူသော ယုံကြည်ချက်ကို လက်ကိုင်ထားသူမို့ နေရာဒေသပြောင်းရွှေ့ရသော်လည်း ရှင်သန်ဖွံ့ဖြိုးသော ပျိုးပင်ငယ်များ စိုက်ပျိုးရန် အားသစ်မွေးကာ၊ လာလတ္တံ့သော အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရန် ကြိုတင်ပြင်ဆင်ထားလေသည်။
=    =   =   =   =

ကျောင်းသားလေး မောင်ပေစိတစ်ယောက် မပျော်ရွှင်ပါ။ အခြားသော ကျောင်းသား ကျောင်းသူများလည်း စိတ်မကောင်းကြ။ တစ်ရွာလုံးရှိ ကျောင်းသားမိဘများလည်း ထိုနည်းနှင်နှင်။ မချိဘ၀င် မရွှင်နှလုံး ကြိမ်မီးအုံးသည့်ပမာ တစ်မြေ့မြေ့ကျင်၍ တစ်ငွေ့ငွေ့ပူလောင်ကြလေပြီ။
ဤရွာကျောင်းကလေးတွင် စာသင်ပေးနေသော ဆရာမစုသည် အခြားကျောင်းတွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသဖြင့် ဤရွာကျောင်းကလေးမှ အပြီးတိုင် ထွက်ခွာသွားတော့မည် ဆိုသော သတင်းသည် ကျောင်းသားကျောင်းသူများ၏ မျှော်လင့်ချက်များကိုသာမက ကျေးရွာကလေးရှိ ကျောင်းသားမိဘအားလုံး၏ ရင်အစုံကို တစစ်စစ် ထိုးနှက်လေသည်။
=   =   =   =   =

မြို့နှင့်လည်းမနီး၊ ကားလမ်း၊ ရထားလမ်းနှင့်လည်း ဝေးကွာသော ပေစိတို့ရွာလေးသည် ကျောင်းပညာရေးတွင် ရေးတတ်ဖတ်တတ် အခြေခံတန်းလောက်သာ ကျေနပ်ခဲ့ရသည်။ ထို့ကြောင့်လည်း ဘွဲ့ရပညာတတ် နည်းပါးခဲ့သည်မှာ အထူးအဆန်း မဟုတ်တော့ပြီ။ ပိုက်ဆံငွေကြေးတတ်နိုင်သော တောင်သူကြီး သားသမီးများသာ ကျောင်းပညာ ပြီးဆုံးအောင် သင်ယူနိုင်ကြသည်။
 ပေစိတို့ရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းလေးကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်သောနှစ်တွင် တစ်ရွာလုံးရှိ ကျောင်းသားများသာမက ရွာနီးချုပ်စပ် ကျောင်းသားများရော ကျောင်းသားမိဘများပါ ပျော်လို့မဆုံး တစ်ပြုံးပြုံး။ ကျောင်းသားများလည်း လူချင်းအတူ သူချင်းအမျှ ပညာသင်ခွင့် ရကြတော့မည်။
အသစ်ရောက်လာသော ဆရာ၊ဆရာမများအားလုံး စေတနာအပြည့်ဖြင့် စာသင်ပေးကြပါသည်။ ထိုထို ဆရာ၊ဆရာမများထဲတွင်မှ စာသင်ကောင်းသော၊ စာသင်ရာတွင် စိတ်ရှည်သည်းခံသော၊ လူငယ်များကိုလည်း ချစ်တတ်သော ဆရာမစုတစ်ယောက် ရောက်လာခြင်းသည် ပေစိတို့ရွာ အတွက်တော့ ပဒေသာပင် ပေါ်ပေါက်လာသည့်ပမာ။
 =   =   =   =   =

ကျောင်းတက်မှန်၍ စာကြိုးစားသော၊ ဆရာဆရာမအားလုံးကို ချစ်တတ်သော၊ ဆရာဆရာမများ စကားကို အမြဲနားထောင်သော မောင်ပေစိတစ်ယောက် ယနေ့တစ်ရက်တော့ဖြင့် ကျောင်းမသွားချင်ပါ။ ဆရာမစုသည် ယနေ့တစ်ရက် စာသင်ပြီးလျှင် ကျောင်းရှိ ဆရာဆရာများနှင့် ကျောင်းသားကျောင်းသူအားလုံးကို နှုတ်ဆက်မည်ဟု ဆိုသည်။ ဤနှုတ်ဆက်ပွဲတွင် “မည်သည့် ကျောင်းသားကျောင်းသူမှ လက်ဆောင်ပစ္စည်း ယူမလာရ”ဟူသော ဆရာမစု၏ မာကြော ပြတ်သားသော စကားလုံးများသည် ပေစိ၏ ကျောင်းသွားခါနီးသော ခြေလှမ်းများကို တုံ့နှေးစေသည်။
=   =   =   =   =

ဆရာမစုသည် ချို့တဲ့သော ပေစိလိုကျောင်းသားများကို စာအုပ်များ၊လွယ်အိတ်များ ပေးကမ်းသည်သာမက ကျောင်းဆင်းပြီးသော ညနေတိုင်း စာသင်ပေးသည်လေသည်။ ဆရာမ၏ ဆုံးမသင်ကြားမှုဖြင့် ကျောင်းသားများ လိမ္မာလာကြသည်။ အမြဲကျောင်းလစ်တတ်သော ပေစိတို့တစ်တွေ ကျောင်းမှန်မှန်တက်သည်။ စာကြိုးစားသည်။ ဆရာမသည် လေးခွတစ်လက်ဖြင့် ငှက်ပစ်တတ်သော၊ ပျားအုံတွေ့လျှင် မဆိုင်းမတွ ဖွပ်ယူတတ်သော ပေစိကို သူများအသက် မသတ်ရဟု အမြဲဆုံးမတတ်သည်။
နှစ်ရှည်လကြာ လေးခွစွန့်ခဲ့သော မောင်ပေစိ ယနေ့တော့ဖြင့် ဆရာမစကားကို နားမထောင်နိုင်တော့ပြီ။ ယခင်လများစွာက ရှားစောင်းပန်းများပွင့်ချိန်တွင် လာစွဲနေသော ပျားအုံကို ဖွပ်ယူပြီး ပျားလဘို့မှ ပျားရည်ညှစ်၍ စစ်ထားသော ဇလုံကို ယူလိုက်သည်။ ဇလုံထဲမှ ပျားရည်များကို ခြောက်သွေ့အောင် နေလှန်းထားသော ပုလင်းခွံအတွင်းသို့ သေသေသပ်သပ် လောင်းထည့်သည်။ ထို့နောက် ပါးပြင်ပေါ်သို့ စီးကျလာသော ၀မ်းနည်းမျက်ရည်များကို လက်ဖမိုးဖြင့်သုပ်ပြီး ပျားရည်ပုလင်းကို သေချာစွာ ပိတ်လိုက်သည်။
 ဤတစ်ကြိမ် ဆရာမကို တွေ့ရခြင်းသည် မည်သည့်အချိန်တွင်မှ ပြန်ဆုံရမှန်းမသိသော ဆရာမတစ်ယောက်ကို ငွေကြေးချို့တဲ့သော တပည့်တစ်ယောက်၏ ဂါရ၀ပြု ကန်တော့နှုတ်ဆက်ခြင်း၊ ဤပျားရည်ပုလင်းလေးသည်သာ ဆရာမစုအတွက် တစ်ခုတည်းသော အမှတ်တရလက်ဆောင်၊ ဆရာများကိုချစ်သော ကျောင်းသားတစ်ယောက်၏ နောက်ဆုံးနှုတ်ဆက်ခြင်းအတွက် တစ်သက်စာ အလွမ်းပြေ။ မောင်ပေစိ ပျားရည်ပုလင်းကို စက္ကူဖြင့်ပတ်ပြီး လွယ်အိတ်ထဲထည့်ကာ ရင်မှာ ပိုက်လိုက်သည်။ တုန်ရီသော နှုတ်ခမ်းအစုံကလည်း တီးတိုးပြောနေမိသည် “သည်တစ်ကြိမ်ကိုတော့ နောက်ဆုံး အကြိမ်အဖြစ် ခွင့်လွှတ်ပါဆရာမ”။
=   =   =   =   =
         

          မောင်ပေစိ ကျောင်းကိုရောက်သောအခါ ဆရာဆရာမအားလုံးက ဆရာမစုကို နှုတ်ဆက်ပြီး၍ ကျောင်းသားကျောင်းသူများက ဆရာမကို ကန်တော့နေကြပြီ။ ပေစိလည်း အတန်း၏နောက်ဆုံးတွင် တိတ်တဆိတ် ၀င်ထိုင်ကာ ဆရာမကို ဦးတည်လျှက် ရှိခိုးကန်တော့လိုက်သည်။
ထို့နောက် ကျောင်းသူအချို့၏ “ဆရာမ သမီးတို့ကို စာသင်မပေးတော့ဘူးပေါ့နော်…” ကျောင်းသားအချို့၏ “ဆရာမ သားတို့ဆီကို ပြန်လာပါနော်…”ဟူသော စကားများဖြင့် ဆရာမကို နှုတ်ဆက်နေချိန်တွင် ပစ္စည်းများ ထုပ်ပိုးနေသော ဆရာမစု၏ ခင်ပွန်းအနီးသို့ အသာအယာ တိုးကပ်သွားလိုက်သည်။
“ဦး… ဒီပျားရည်ပုလင်းက ဦးနဲ့ဆရာမအတွက် လက်ဆောင်ပါခင်ဗျာ၊ ဒါကို ဆရာမ မသိအောင် ယူသွားပေးပါနော်…”ဟု တိုးတိုးကပ်ပြောကာ ပျားရည်ပုလင်းကို လက်ဆွဲခြင်းအတွင်းသို့ ထိုးထည့်လိုက်သည်။
“ဟေ… မပေးလိုက်နဲ့ကွ။ သားတို့ဆရာမစုက ဘာလက်ဆောင်မှ မပေးရဘူးလို့ သားတို့အားလုံးကို မှာထားတယ်လေ။ ဦးလည်း သယ်မသွားချင်ဘူးကွာ။” ဆိုကာ ပြန်ပေးလေသည်။
“ယူသွားပါခင်ဗျာ၊ ရှားစောင်းပျား စစ်စစ်လေးမို့လည်း ဆေးဘက်ဝင်ပါတယ်ခင်ဗျာ”ဟု ပြန်ပြောရင်း အတင်းထိုးထည့်လိုက်သည်။
နှစ်ယောက်သား ထည့်သူထည့် ထုတ်သူထုတ်နှင့် အလုပ်ရှုပ်နေစဉ် “ပေစိ၊ ဘာလုပ်နေလဲ? ဆရာမ သားတို့ကို ဘာပြောထားလဲ?”ဟူသော စကားနှင့်အတူ ဆရာမစု အနီးသို့ ရောက်လာသည်။
“ဟိုလေ ဆရာမရဲ့၊ ဦးအတွက်လက်ဆောင် ပျားရည်ပုလင်းလေး ထည့်… ထည့်…” ပေစိ စကားမဆုံးမီ…
“ပေးစမ်း အဲဒီလက်ဆောင်” ဆရာမစုက ပျားရည်ပုလင်းကို ဆွဲယူလိုက်သည်။ ထို့နောက် ပုလင်းကို အားနှင့်လွှဲကာ ကြမ်းပြင်ပေါ်သို့ ပေါက်ခွဲပစ်လိုက်သည်။
ခွမ်း…”ကနဲ မည်ဟီးသံနှင့်အတူ ကျောင်းဆောင်တစ်ဆောင်လုံး လှုပ်ခါသွားသည်။ ဆရာမစု ရင်အစုံသည် ဗလောင်ဆူပွက် တုန်ခါလျှက်။ ပုလင်းလေးလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်ကြေမွလျှက်။ ပျားရည်များလည်း ကြမ်းပြင်ပေါ်တွင် ဖိတ်စင်ယိုစီးလျှက်။ ကျောင်းသားကျောင်းသူများလည်း တိတ်ဆိတ်ငြိမ်သက်လျှက်။ မောင်ပေစိလည်း လက်အုပ်ကလေး ချီလျှက်။ မျက်ရည်များကလည်း ပါးပြင်ပေါ်သို့ စီးကျလျှက်။
ပုလင်းကွဲများကို ကိုကိုမောင် စုဆည်းသိမ်းကြုံးနေစဉ်… ဆရာမစုသည် လှုပ်ရှားနေသော စိတ်အစဉ်ကို ထိန်းချုပ်ပြီး ပေစိခေါင်းကို ဖွဖွပွတ်လျှက် တိုးညင်းသာယာ ပြောလိုက်သည်…
“သူများအသက် မသတ်ရဘူးလို့ ဆရာမ သားကို ပြောထားတယ်လေ သားရဲ့။ သူများအသက်ကို သတ်ပြီးမှရတဲ့ ပျားရည်ကို လက်ဆောင်အဖြစ် ဆရာမ မယူပါရစေနဲ့ကွယ်။ သား အခုလို လိမ္မာပြီး စာကြိုးစားတဲ့ ကျောင်းသားတစ်ယောက် ဖြစ်နေတာကိုက ဆရာမအတွက် တန်ဖိုးဖြတ်မရတဲ့ လက်ဆောင်ပါ သားရယ်…။ ဆရာဆရာမတွေရဲ့ စကားကို အမြဲနားထောင်၊ ကျောင်းစာကိုလည်း ကြိုးစားနော်”။ “ဟုတ်ကဲ့ပါဆရာမ”ဟု ဖြေလိုက်သော ပေစိ၏ စကားသံသည် လည်ချောင်းဝတွင် တစ်ဆို့နေသဖြင့် နှုတ်ခမ်းဖျားသို့ ရောက်မလာ။
ဆရာမစုသည် ကျောင်းသားကျောင်းသူများဘက်သို့ လှည့်ကာ စကားပြောလိုက်သည်။
          “ဒီမှာ သားတို့သမီးတို့… အားလုံး မှတ်ထားကြ။ သားတို့သမီးတို့  ပြည့်စုံအောင်မြင်တဲ့ ဘ၀ကို  ရအောင်ကြိုးစားကြ။ သားတို့သမီးတို့ ရတဲ့ အောင်မြင်မှုဟာ ဆရာမကို ပေးလိုက်တဲ့ အကောင်းဆုံး လက်ဆောင်ပါကွယ်။ ကဲ ဆရာမ သွားတော့မယ်။ ဘယ်သူမှ လိုက်မပို့ကြနဲ့တော့။ ဆရာမ အားလုံးကို နှုတ်ဆက်ပါတယ်ကွယ်။”
=   =   =   =   =

ဆရာမစု အားလုံးကို ကျောခိုင်းလိုက်သည်။ အ၀တ်များနှင့် အသုံးအဆောင်များ ထည့်ထားသော ခရီးဆောင်လွယ်အိတ်ကို ကောက်လွယ်ရင်း ခင်ပွန်းသည်ကို ပြောလိုက်သည် “သွားကြစို့ ကိုမောင်”။
မျက်ရည်များ သွင်သွင်စီးကျနေသဖြင့် မြင်ကွင်းေ၀၀ါးနေသော စုကို ကိုကိုမောင် လက်တွဲခေါ်ရင်း နှစ်ကိုယ်ကြား ပြောလိုက်သည်။
“စုရယ် ပျားရည်ပုလင်းကို ခွဲပစ်လိုက်တော့ ကလေးတွေ စိတ်မကောင်း ဖြစ်နေကြမှာပေါ့”
“စုလည်း ဘယ်မှာ ပျော်ပါ့မလဲ ကိုမောင်ရယ်။ စု သင်ပေးခဲ့တဲ့ စာတွေကို ကလေးတွေရဲ့ ပါးစပ်ဖျားမှာတင် ရှိနေစေချင်တာ မဟုတ်ဘူး ကိုမောင်၊ သူတို့တွေရဲ့ ဦးနှောက်ထဲမှာ ရှိနေစေချင်တာ။ ပြီးတော့ စု ဆုံးမခဲ့တဲ့ ယဉ်ကျေးလိမ္မာ စကားတွေကိုလည်း ခဏတာ နားထောင်စေချင်တာမဟုတ်ဘူး ကိုမောင်။ ကလေးတွေရဲ့ နှလုံးသားထဲမှာ ထာဝရ ဆောင်ထားစေချင်တာပါ။ ဒါကြောင့်…”
“… … …”
“… … …”
          “… … …”
=   =   =   =   =

          ကိုကိုမောင် ရင်ထဲတွင် စကားလုံးပေါင်း မြောက်များစွာ…
          ဆရာမစု ရင်ထဲတွင် စကားလုံပေါင်း မြောက်များစွာ…
          ကျောင်းသားကျောင်းသူများ ရင်ထဲတွင် စကားလုံးပေါင်း မြောက်များစွာ…
          မောင်ပေစိရင်ထဲတွင်လည်း စကားလုံးပေါင်း မြောက်များစွာ…
          ကျန်ခဲ့သူနှင့် ချန်ခဲ့သူများအကြား မျက်ရည်များဖြင့်ေ၀၀ါးစွာ…
          တုန်ရီနေသော နှုတ်ခမ်းများသည်ကား မည်သည့်စကားလုံးကိုမျှ ဖွင့်ဟနိုင်စွမ်း မရှိကြ။
         
တစ်ယောက် တစ်နေရာ အနေကွာ၍ စကားမဆိုဖြစ်ကြသော်လည်း သန့်ရှင်းဖြူစင်သော၊ ချစ်ခင်ရင်းနီးသော၊ ကောင်းကျိုးလိုလားသော နှလုံးသားများက ထာဝရ နီးကပ်စွာ ရှိနေကြမည်သာ။

ဂုဏိဿရိယ(22-March-2014) 12:58pm









No comments:

Post a Comment