Saturday 31 May 2014

ဥပြန်ပြီ နောက်တစ်လုံး


စစ်ကိုင်းမြို့ သောတာပန်သား မောင်မင်းထွန်းဟာ မိန်းမရပြီးဖြစ်သော်လည်း ဆိုးနေတုန်း ဖြစ်ပါတယ်။ Customer တိုက်လိုက်တဲ့ ဘီယာတွေ အလွန်အကျွံသောက်ပြီး ညကိုးနာရီကျော်မှ မန္တလေးကနေ ပြန်သွားပါတယ်။

စစ်ကိုင်းရောက်တော့ မူးမူးနဲ့ အိမ်ကိုအ၀င် အိမ်ရှေ့က ရေဗွက်ထဲ ချော်လဲကျသွားပါတယ်။ ဒါကိုဂရုမစိုက်ပါဘူး။ ကုန်းထပြီး ရေစိုအ၀တ်ကြီးနဲ့ပဲ အိမ်ရှေ့မှာ ထိုးအိပ်လိုက်တယ်။ ခဏအကြာ အလင်းတန်းတစ်ခု ပေါ်လာပြီး မောင်မင်းထွန်းတစ်ယောက် ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။

"သူငယ်၊ မင်း ဦးနှောက်သွေးကြောပြတ်ပြီး သေသွားပြီ၊ လာလိုက်ခဲ့"

အလင်းတန်းက သူ့ကိုပြောပြီး ခေါ်သွားပါတယ်။ ငရဲမင်းရှေ့ ရောက်တော့မှ အဲဒီ အလင်းတန်းဟာ သကြားမင်းမဟုတ်ဘဲ ငရဲသားတွေ ဖြစ်နေတာ သိလိုက်ရတယ်။ အေးလေ၊ ကောင်းတာ တစ်စက်မှ မလုပ်ခဲ့တော့ သေရင် ငရဲရောက်မှာပေါ့လို့ သူ့ကိုယ်သူ တွေးလိုက်ပါတယ်။

"ကျွန်တော် မသေချင်ပါဘူး ခင်ဗျ၊ ကျွန်တော် မသေပါရစေနဲ့၊ ကျွန်တော် အသက်ရှင်ချင်သေးတယ်"

မောင်မင်းထွန်းက အကြောက်အကန် ပြောနေတာကြောင့် ငရဲမင်းက စာအုပ်လှန်ကြည့်လိုက်ပါတယ်။

"မင်း အသက်ရှင်လို့ ရသေးတယ်။ လူသက်ကုန်ပေမယ့် ဖုတ်သက်တော့ ကျန်နေသေးတယ်ကွ။ ဒီတော့ ကြွက်ဖြစ်ဖြစ်၊ ကြက်ဖြစ်ဖြစ် တစ်ကောင်ကောင်အဖြစ်နဲ့ မင်းက သက်ရှိအဖြစ် နေလို့ရဦးမယ်။ အားတော့နာပါတယ်၊ မင်းမှာ ဒီ့ပြင် ရွေးစရာမရှိဘူး"

ကိုယ့်အကြောင်းကိုယ်သိနေတဲ့ မောင်မင်းထွန်းက အချိန်ဆွဲမနေတော့ဘဲ အိမ်ဘေးနားက ကြက်ခြံကို မြင်ယောင်ပြီး ကြက်ကိုရွေးလိုက်ပါတယ်။ ဒိန်းကနဲဆို မောင်မင်းထွန်း ကြက်ဖြစ်သွားပါတော့တယ်။
ကြက်ခြံထဲရှိတဲ့ ကြက်တစ်ကောင်က သူ့ဆီပြေးလာပြီး မေးပါတယ်။

"ဟေ့.....မင်းက အသစ်နဲ့တူတယ်၊ ဘယ်လိုလဲ နေရထိုင်ရတာ အဆင်ပြေရဲ့လား"
"ပြေပါတယ်၊ ဒါပေမယ့် ဗိုက်ထဲက တစ်မျိုးကြီးပဲ"
"မင်း ဥ ဥချင်တာနဲ့တူတယ်။ ညှစ်ထုတ်ကြည့်လေကွာ။ ကြိုးစားကြည့်၊ ကြိုးစားကြည့် လှုပ်ပြီး ညှစ်ထုတ်ကြည့်လိုက်"

အားပေးသံတွေကြောင့် မောင်မင်းထွန်းလည်း အားရပါးရ ညှစ်ထုတ်ကြည့်လိုက်တာ ဥတစ်လုံး ထွက်သွားပါတယ်။

"ဘယ်လိုလဲ"
အားပေးတဲ့ကြက်ကမေးတယ်။

"ပေါ့သွားတယ်ကွ"
မောင်မင်းထွန်းက ဖြေလိုက်ပါတယ်။ ပြီးတော့ မအီမသာ ဖြစ်လာပြန်တယ်။

"ငါ ဥချင်လာပြန်ပြီ"

ပြောပြီးတာနဲ့ မောင်မင်းထွန်းတစ်ယောက် ညှစ်ပြန်တာ တစ်လုံးထွက်သွားပြန်တယ်။ ပေါ့သွားပြန်ပြီပေါ့လေ။

ဟော.....နောက်တစ်လုံး ညှစ်ထုတ်ပြန်တယ်။ ပေါ့သွားပြန်တယ်။

နောက်တစ်လုံး ထပ်ညှစ်ထုတ်ပြန်တယ်။

နောက်တစ်လုံး.....


နောက်တစ်လုံး.....


မိန်းမဖြစ်သူ မေသူမျိုးက သူ့ပါးပြင်ကို ဖြန်းကနဲ ရိုက်လိုက်ပြီး ဒေါသနဲ့ ပြောလိုက်ပါတယ်။

"ကိုမင်းထွန်း။ ငမူးကောင်၊ အရက်သမား၊ သူတောင်းစား!!! နင် အိပ်နေရင်းနဲ့ ချီးပါချပြန်ပြီလား။
သေချင်းဆိုး၊ မသာကောင်!!!
ကျုံး ကျုံး ကိုယ့်လက်နဲ့ကိုယ် ပြန်ကျုံး"

"ဒီည ရှင့်အတွက် ညစာ ကျန်တာမရဘူး။ ဒါပဲရမယ်"

"ဖြန်း.....ဖြန်း.....ဖြန်း"


မင်းမင်းကျော်
https://www.facebook.com/minminkyaw.mmk

No comments:

Post a Comment