မာနအကြောင်း
မာနဓာတ်ခံရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌
မောက်မော်လို၏။ ကြွ တတရှိ၏။ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာအဆင်း၊ ရောဂါကင်းခြင်း စသောဂုဏ်တို့ဖြင့် သူများထက်သာနေသောအခါ “ငါက
သင်တို့နှင့် တူသလား၊ ငါနှင့် အဖက်တန်သလား”ဟု ကိုယ့်ကိုယ်ကို အထင်ကြီးကာ
သူတစ်ပါးကို အထင်သေးတတ်၏။
သူများထက်မသာဘဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံ
ရှိနေသူတို့မှာ “သင်နဲ့ငါနဲ့ ဘာထူးသေးသလဲ၊ သူ့လောက်တော့ ငါလဲရတာပဲ”ဟု
တန်းတူထားလျက် မာန်တက်ပြန်၏။
ရာထူးစည်းစိမ် စသည်တို့က အောက်တန်းကျပြန်လျှင်လည်း
မာနဓာတ်ခံရှိနေသူမှာ “သူတို့က ငါ့ထက်သာကော ငါက ဘာအရေးစိုက်ရမှာလဲ၊ ကိုယ်ရှိမှ
ကိုယ်စားရ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ၊ ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုန်း”ဟု
အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင်။
"အများဖြစ်တတ်သောမာန်များနှင့် ပယ်ရှားနိုင်ဖို့
နည်းလမ်း"
"ဇာတိမာန်"
အမျိုးကောင်းသည့်အတွက် မာန်မာနတက်နေခြင်းကို
“ဇာတိမာန်”ဟုခေါ်သည်။ ယခုခေတ်၌ အတော်အတန် အမျိုးကောင်းသူတွေ ရှိပါပေသည်။ သို့သော်
မာန်တက်လောက်၊ ဟန်ကြီးပန်ကြီး လုပ်လောက်အောင် တစ်ဘက်သားကို ခြေဖ၀ါးအောက်ကဟု
ထင်လောက်အောင် အမျိုးမကောင်းပါ။ ရှေးက မဟာသွေး မဟာမျိုးဖြစ်၍
တကယ်အမျိုးကောင်းသည်ပင် ဆိုဦးတော့ အမျိုးမြတ်သူက မာနမဖက်ဘဲ ညက်ညက်ညောညော
အပြောချိုကာ အရာရာမှာ လိုက်လျောပါမူ အောက်တန်းကျသူတို့က ပိုမို၍ ချစ်ခင်ကြည်ညို
ရိုသေကြမည် မဟုတ်ပါလော။
“အရောဝင်တော့ အရိုသေတန်”ဆိုသကဲ့သို့
အချို့ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုအသေတန်ကောင်း တန်ပေလိမ့်မည်။ သို့သော်
ထိုအရိုအသေတန်မူအတွက် ထိုသူ အပြစ်သာ ဖြစ်၍ ထိုသူပင် နစ်နာပေလိမ့်မည်။ ဤသို့ အရာရာ
ရှေ့နောက် စိစစ်လျက် ဇာတိမာန် မတက်မိအောင် သတိဆောင်ကြပါကုန်။
"ဓနမာန်"
အထိုက်အလိုက် ဥစ္စာရှိသူတို့၏ မာန်ကို “ဓနမာန်”
ဟုခေါ်၏။ ယခုအခါ အတော်အတန် ဥစ္စာရှိသူတွေ ရှိပါပေသည်။ သို့သော်
ဥစ္စာနည်းပါးသူများနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကားမပြောနိုင်လောက်အောင်
မကုန်မခန်းပေါများကြသည် မဟုတ်ပါ။
“မမြင်ဖူးတော့ မူးမြစ်ထင်”ဆိုသလို မိမိကိုယ်ကို
သူဋ္ဌေးသူကြွယ်ဟုပင် ထင်စေဦးတော့ ဆင်းရဲသူ ဆင်းရဲသားတို့အပေါ်မှာ သဘောကြီးကြီးထား၍
သနားကြင်နာ ကရုဏာသက်တတ်ပါလျှင် သာ၍ပင် ဂုဏ်မရှိပါသလော။
မိမိပစ္စည်း၌ ဘေးအန္တရာယ် မထူအောင် အကူအညီပင်
ရနိုင်သေးသည် မဟုတ်ပါလော။ ဓနရှင်တို့၏ ပြုံးရွှင်သောမျက်နှာ ချိုသာသော စကားအသုံးသည်
ဆင်းရဲသားတို့အတွက် အမြိန်ရှက်ဆုံး အမြိုက်ဆေး တစ်မျိုးပင် ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ရှေးက ဒါနကုသိုလ်အကျိုးပေး၍
တစ်သက်လျာအတွက် ရရှိသော စည်းစိမ်ဥစ္စာလေးကို နောင်သံသရာ အရေးဝယ် အမျိုးအနွယ်
အောက်ကျသွားဖို့အကြောင်း မကောင်းသော မာန၏ အောက်ခံကားပုံသဖွယ် မဖြစ်စေဘဲ ဓနရှင်ပီပီ
တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားရာဖြစ်အောင် ကြိုးစား၍ သတိဆောင်ကြပါကုန်။
ယခုတစ်ဘ၀ ကြီးကျယ်သော စည်းစိမ်သည် ဘေးအန္တရာယ်
အလွန်များလှ၏။ ဘေးအန္တရာယ်ကင်းစေကာမူ တစ်သက်လျာမျှသာ သုံးစွဲနိုင်ပါသည်။
“ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊
ပျော်စံရိပ်ငြိမ်၊ မင်းစည်းစိမ်ကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊
တစ်သက်လျာတည်း။” (အနန္တသူရိယ အမတ်)
"စာပေပညာ၏ လမ်း ၂သွယ်"
ယခုခေတ် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော
လောကီပညာတို့သည် နဂိုကပင် အသက်မွေးဖို့လမ်းကို မှန်းပြီးဖြစ်၍ စိစစ်ဖွယ် မလိုပါ။
သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပိဋကတ်စာပေပညာမှ လမ်း ၂-သွယ် ဖြာနေပုံကို
ထင်ရှားပြဦးမည်။
"အောက်လမ်း"
စာပေတတ်လျှင် နာမည်ကြီးလာလိမ့်မည်။ လှူဒါန်းချင်သူ
ပေါလာလိမ့်မည်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်းတို့ အကောင်းအမွန်ရလိမ့်မည်။ သူတစ်ပါးအပေါ်
မောက်မော်နိုင်မည်။ ဤသို့ စသည်ဖြင့် လောဘ၊ ဒေါသ၊ မာန်မာနကို အခြေခံ၍ စာပေသင်ကြားကြ၏။
တတ်မြောက်သောအခါ၌လည်း မူလရည်ရွယ်ချက်အတိုင်း
လာဘ်ပေါအောင် ကြိုးစား၍ သူတစ်ပါးအပေါ် မောက်မော် စော်ကားတတ်၏။ ထိုသူ၏ ပညာသင်ကြားမူ
ပညာတတ်သိမူ အောက်လမ်းသွားဖို့အကြောင်း မကောင်းမူ ချည်းသာ ဖြစ်သည်။ ထိုကဲ့သို့
စိတ်ထားဖြင့် စာပေသင်ကြားမည့်အစား အိပ်နေခြင်းကပင် တော်သေး၏ဟု ကျမ်းဂန်၌ဆိုသည်။
"အထက်လမ်း"
စာပေတတ်လျှင် ဘုရားရှင်၏ တရားတော်ကို သိရလိမ့်မည်။
သူတစ်ပါးအား တစ်ဆင့်ပို့ချမည်။ စာပေပိဋကတ်တည်းဟူသော မှန်အပြင်ဝယ် အစဉ်မပြတ်
ကြည့်ရူ၍ မိမိစိတ်နေစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင်
ပြင်ဆင်မည်။
ဤသို့ စသော ရည်ရွယ်ချက်ဖြင့် သင်၍ တတ်မြောက်သော
အခါလည်း ပစ္စည်းလာဘ်လာဘ ဒကာဒကာမပေါများမူကို ဂရုမစိုက်ဘဲ မူလရည်ရွယ်ရင်းအတိုင်းပင်
ကြိုးစား၏ ထိုပုဂ္ဂိုလ်၏ စာပေသင်ကြား တတ်မြောက်မူမျိုးကား အထက်လမ်းသို့
တက်လှမ်းဖို့အကြောင်း အကောင်းချည်းသာ ဖြစ်ပါသည်။
အချို့မှာကား စာပေမတတ်ခင်က စိတ်ထားမတတ်၍
စာမေးပွဲအောင်လိုခြင်း၊ နာမည်ကြီးလိုခြင်း စသော ရည်ရွယ်ချက်များ ရှိသော်လည်း
စာပေတတ်မြောက်သောအခါ အရာရာ စိတ်ပြောင်း၍ စိတ်ကောင်း နှလုံးကောင်း ရှိ၏။
ထိုပုဂ္ဂိုလ်ကား ရေမပြည့်ခင် ဘောင်ဘင်ခတ်နေသော
ရေအိုးသည် ရေပြည့်သောအခါ ငြိမ်သက်လာသလို ဖြစ်သည့်အတွက် အထက်တန်းသို့
တက်လှမ်းဖို့အကြောင်း လမ်းကောင်းရသူပင် ဖြစ်သည်။ ငယ်ရွယ်သူ ဟူသမျှတို့ စာတတ်သောအခါ
ဤကဲ့သို့ လမ်းကောင်းရကြပါစေ။
"အဆင်းမာန်"
အလှဂုဏ်အတွက် မာန်တက်ခြင်းကို “အဆင်းမာန်”ဟုခေါ်၏။
ရှေးဘ၀က ဒေါသနည်းပါးခြင်း၊ ပန်းစသည်တို့ကို လှူဒါန်းခြင်း၊ ဘုရားကျောင်းဝင်း စသည်တို့၌
အမိုက်သုတ်သင်ရှင်းလင်းခြင်း စသော ကုသိုလ်ကောင်းမူကြောင့် ယခုဘ၀၌ ပရိသတ်အလယ်
တင့်တယ်ဝင်းစက် အဆင်းထွက်ခြင်းမှာ မာန်တက်မည်ဆိုလျှင် တစ်လောက်ပါပေသည်။
သို့ရာတွင် မိမိအဖြစ်ဟောင်းကို ပြန်ပြောင်း၍
မှန်းဆသောအခါ ဒေါသကင်းစင် စိတ်ကြည်လင်၍ ရေလှူပန်းလှူခြင်း စသော ကုသိုလ်ကောင်းမူရှင်
သူတော်စင် ဖြစ်ခဲ့ဖူးရကား ယခုဘ၀ရောက်မှ အလှဂုဏ် မာန်တက်၍ သူတစ်ပါး
အဖက်မထင်နိုင်အောင် ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ။ လှပသော ကိုယ်တွင်း၌ သန့်ရှင်းသော
စိတ်အစဉ်ကို မွေးမြူကာ အရာရာ သိမ်မွေ့လျက် ဣနြေ္ဒရှင် သူတော်စင်ဖြစ်အောင် သတိထား၍
ကြိုးစားသင့်ပါသည်။
"အချုပ်သတိပေးချက်"
အချုပ်မှာ နိဗ္ဗာန်စံဝင်ပြီးသော သူတော်စင်ကြီးတို့သည်
ယခုပြခဲ့သော ဇာတိမာန်စသည်တို့ တက်မည်ဆိုလျှင် မိုးထိအောင် လှေကားမထောင်ဘဲ
တက်နိုင်ကြပေ၏။ မာန်တက်လောက်အောင်ပင် ဘုရင်မိဖုရားတို့၏ လက်ပေါ်တွင် ကြီးပွားရသော
မင်းညီမင်းသားများဖြစ်ကြသည်။ ပညာဘက်ကလည်း မဟော်သဓာတသုခမိန်စသည့်ဖြင့် ကမ္ဘာ့စံချိန်
ချိုးတော်မူခဲ့သည်။
အမျိုးသမီးများဘက်ကလည်း ဥပ္ပလ၀ဏ်၊ ခေမာ၊ ယသော်ဓရာ စသော
သူတော်ကောင်းအမျိုးသမီးတို့မှာ အမျိုးဥစ္စာ ပညာဘက်၌ သာမက အလှဘက်ကလည်း တစ်ကမ္ဘာလုံး
မျက်နှာဖုံးများပင် ဖြစ်ကြပေသည်။
ထိုမျှလောက် အထက်တန်းကျသော အမျိုးသား
အမျိုးသမီးတို့သည် သူတို့၏ မျိုးရိုးဇာတိ စသည်တို့အတွက် မာန်မာန မတက်ကြပါဘဲလျက်
“သည်လိုယုန်တော့ ချုံတိုင်းတွေ့နိုင်”တဲ့ အစား “တံငါစာ၍ ငါသာသာ” ရှိသူများ
ရှိစုမဲ့စု စု၍ရသော ဇာတိ ပညာ ဥစ္စာ အဆင်းဖြင့် ကြက်ဆူပင်မင်းမူနေခြင်းမှာ
နက်နက်နဲနဲတွေးလျှင် လေးလေးပင်ပင် ရှက်ဖွယ်ပါတကား။
ထို့ကြောင့် နှလုံးလေပင့်၍ ဘ၀မြင့်သူအလား ထောင်လွှား
တက်ကြွ မာန်မာနဖြစ်ခြင်းသည် သူတစ်ပါးတို့ မြင်ပြင်းကတ်ဖွယ်ရာ အကျိုးမဲ့ကိုသာ
ဖြစ်စေရုံသာမက နောက်နောက်ဘ၀တို့၌ အမျိုးညံ့ဖို့အကြောင်း မကောင်းသက်သက် ဖြစ်ရကား
ဇာတိ ပညာ ဥစ္စာ အဆင်းအားဖြင့် ရောက်သင့်သလောက် အထက်တန်းရောက်နေသော်လည်း
နောက်နောက်ဘ၀ အဆင့်ဆင့်၌ မြင့်သည်ထက်မြင့်ဖို့ အရေးကိုသာ ရွယ်ကိုး၍
“အစွယ်ကျိုးသောမြွေ၊ ဦးချိုကျိုးသောနွား၊ ခြေသုတ်ပုဆိုးအလား”ကဲ့သို့ တက်ကြွသော
မာန်စွယ်ကို နုတ်ပယ် နှိမ်ချိုးနိုင်ကြပါစေသား။
No comments:
Post a Comment