Monday 26 August 2013

သား ပြန်လာပါ့မယ်


ကဗျာရွာငယ်လေး's photo.
အမေ...
ကွယ်ရာမှ မငိုပါနဲ့...
ဖုန်းထဲမှာ တူတူ ငိုကြတာပေါ့...

အဖေ...
ယာခင်းထဲမှာ ထယ်မောင်းရင်း မျက်ရည်မကျပါနဲ့...
အားရပါးရ နမ်းလိုက်စမ်းပါ
သား ပုံလေး ချိတ်ထားတယ်လေ...

အဆင်မပြေမှုတွေကို ရေတွက်ရင်း
အမေနဲ့ အဖေ အိုမင်းလာကြတာကို ကြည့်ပြီး....
သား...တိတ်တိတ်လေး မျက်ရည်ကျခဲ့ရတာပါ...

ခံစားရခက်လိုက်တာဗျာ...
ဘာလို့များ ကံကောင်းခြင်းတွေ နောက်ကျနေရတာလဲ...
သားတို့ဆီကို အလာ လမ်းမှာ မျက်စိလည်နေတာဖြစ်မှာပါနော်...

အမေရယ်အဖေရယ် မိသားစုတွေအားလုံးရယ်.....
ဘုရားပွဲသွားကြမယ် တူတူလေ...
ညီလေးကို ရှင်ပြုပေးမယ်
အမေက အသက်ကြီးတော့ ဖြည်းဖြည်းလျှောက်...
အဖေက အမေ့ကို ထိန်းသွားနော်
ကျွန်တော်က သပိတ်ကိုလွယ်
အစ်မကြီးက သင်္ကန်းတောင်းပိုက်မှာပေါ့
အငယ်ကောင်က မြင်းထိန်းလို့
ညီမလေးတို့ကတော့ သူငယ်ချင်းတွေနဲ့...တပြုံးပြုံး လိုက်လာကြမှာ..
ပျော်စရာကြီးနေမယ် အမေရယ်...နော်...

သီးနှံမကောင်းလို့ အားမငယ်နဲ့ အမေနဲ့ အဖေတို့ရယ်...
သား ရှိပါတယ်....
အားလုံး ပျော်ရွှင်ရမယ့် အချိန်မှ....
သား...ပြန်လာပါ့မယ်...

ကဗျာ ရှင်

No comments:

Post a Comment