စိတ်တည်းဟူသော မျောက်ကလေး
စိတ်ကလေးကလဲ အငြိမ်နေတာ မဟုတ်ဘူး၊ ညအိပ်ရာဝင်ပြီဆိုရင် သူက ပိုပြီး သိရတယ်၊ ဟိုကြံ
ဒီကြံ ကြံတယ်လေ၊ လောဘဖြစ်စရာကိုလဲ ကြံလိုက်တာပဲ၊ ဒေါသဖြစ်စရာကိုလဲ
ကြံလိုက်တာပဲ၊ ဒီစိတ်ဟာ မျောက်ကလေးနဲ့ တူတယ်။
ဥပမာ ပြောရရင် တံခါးငါးပေါက်ရှိတဲ့ အိမ်မှာ ဒီမျောက်
ကလေးကို ထည့်ထားကြ တယ်၊ လူတွေက တံခါးငါးပေါက်လုံး ဖွင့်ပြီး တစ်ယောက် တစ်ပေါက်စီ
စောင့်နေကြတယ်၊ မျောက်ကလေးဟာ အရှေ့ပေါက်က ထွက်မယ်ဆိုတဲ့ အကြံနဲ့ အရှေ့ ပြတင်းပေါက်
ပြေးတက်ပြီး ပြူတစ် ပြူတစ် လုပ်လိုက်တယ်၊
အရှေ့ပြတင်းပေါက်က လူက ခြောက်လွှတ်လိုက်တော့
အနောက်ပြတင်းပေါက် ပြေးပြန်တယ်၊ ဒီလိုပဲ အနောက် ပြတင်းပေါက်က လူက
ခြောက်လွှတ်လိုက်ပြန်တယ်၊ ဒီ့ပြင် ပြတင်းပေါက်တွေကလဲ ဒီအတိုင်းပဲ၊
ထွက်ပြေးစရာထွက်ပေါက် မရှိတော့ဘူးဆိုမှ ချောင်ကောင်းကောင်းမှာ အသာလေးပုနေ တော့တယ်၊
မျောက်နဲ့တူတဲ့ စိတ်ကလေးဟာလဲ မျက်စိတံခါး ပေါက်က
ပြူတစ် ပြူတစ် လုပ်လိုက်၊ မျက်စိတံခါးပေါက် ကနေ မထွက်နဲ့ဟဲ့လို့ နှင်လိုက်ပြန်၊
နှာခေါင်းတံခါးပေါက် ရောက်သွားပြန်တယ်၊ ဒီ မျောက်နဲ့တူတဲ့ စိတ်ကလေးကို လွတ်ထွက်
မသွားအောင် ဖမ်းရမယ်၊ ဘာနဲ့ ဖမ်းရမလဲ၊ ဘာဝနာနဲ့ ဖမ်းရမယ်။
♣♣ ပါပသ္မိံ ရမတိ မနော
သတ္တဝါတွေရဲ့ စိတ်ဟာ မကောင်းမှုမှာသာ မွေ့လျော်ကြတယ်၊
သံသရာသွားကြတဲ့ အခါ ဘာဝနာမပါရင် ကြောက်စရာကောင်းတယ်၊ ကိုရင်တို့ ကိုယ့်စိတ်ကို
ဘာဝနာနဲ့ ထိန်းပေးကြ၊ ဗုဒ္ဓါနုဿတိ မေတ္တာ အသုဘ မရဏဿတိ အစရှိတဲ့ ဘာဝနာတစ်ခုခုကို
လက်ကိုင်ထားကြ၊ သီလကိုလဲ လုံခြုံအောင် ထိန်းကြ၊ နိသဂ္ဂိ ပစ္စည်းတွေ မထားကြနဲ့၊
ပစ္စည်းကပ္ပိယရင် အပ်အပ်စပ်စပ် ဖြစ်အောင် ကပ္ပိကြ၊ အာပတ်တန်းလန်းနဲ့ စုတေရင် မလွယ်
ဘူး၊ စာက ဘာတဲ့လဲ ....
"သာပတ္တိကဿ ဘိက္ခဝေ နိရယံ ဝါ ဝဒါမိ၊ တိရစ္ဆာနယောနိံ
ဝါ"
အာပတ်နှင့်တကွ စုတေရင် ငရဲသော်လဲ ကျ၊ တိရစ္ဆာန်သော်လဲ
ဖြစ်၊ အောက်ထစ်ဆုံး ပြိတ္တာတော့ ကျိန်းသေတယ်၊ ဒါ့ကြောင့် ဦးပဉ္စင်းတို့ ကိုရင်တို့
ကောင်းကောင်းလေး နေလိုက်ကြစမ်းပါ၊ လမ်းသွားတာကအစ သတိလေးနဲ့ သွားလိုက်ကြစမ်းပါ၊
သံသရာသွား အကုသိုလ်တွေ ယူမသွားကြ စမ်းပါနဲ့၊ ကဲ .... တော်ပြီ၊ သွားကြတော့။
နံနက်ခင်းသြဝါဒမှ
No comments:
Post a Comment