Saturday 20 July 2013

"ဧည့်သည်"




ဧည့်သည်

လာတုန်းကလည်း၊ တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး
ဥစ္စာချည်းနှီး၊ တစ်ကိုယ်တည်း။

ပြန်သွားတော့လည်း၊ တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး
ဥစ္စာချည်းနှီး၊ တစ်ကိုယ်တည်း။

လာပြီးတော့ နား၊ မသွားသေးခင်၊ ချိန်လေးတွင်မှ
ဝန်းကျင်ယှက်နွယ်၊ နှောင်ကြိုးသွယ်ခဲ့
ပြုံး ရယ် မဲ့ ငို၊ ချစ် မုန်း ပို ကြ
မလို ဒေါသ၊ လို လောဘနှင့်
ဘ၀ ဇာတ်ခုံ၊ ကကြိုး စုံခဲ့
ကံကုန် မိုးချုပ်၊ လက်တွဲ ဖြုတ်သော်
သုတ်သုတ် ဆောလျှင်
ခရီး နှင်သည်
တို့လျှင် ဧည့်သည် ပါ တ ကား။

ငါသည်ပင်မူ ..

ခေါ်သူမရှိ၊ ရောက်လာမိစဉ်၊
နှင်သူမရှိ၊ ပြန်ဖို့ရှိ၏။

ငါနေသည့်အိမ်၊ ငါ၏အိမ်ဟု၊
ငါ့အိမ်မှာထား၊ ငါ့မယားနှင့်၊
ငါ့လင်သားနှင့်၊ ငါ့သားသမီး၊
ငါ့ပစ္စည်းဟု၊ ယူသည့်စိတ်စွဲ၊ အမှတ်လွဲခဲ့။

အမှန်မှာမူ -
ငါလာသောခါ၊ လက်ဗလာတည်း၊
ပြန်ရပါလျှင်၊ လက်ချည်းပင်တည်း၊
ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။

လာသူလာလည်း၊ လာစမ်းပါစေ၊ မဆီးလေနှင့်။
သွားသူသွားလည်း၊ သွားစမ်းပါစေ၊ မတားလေနှင့်။

တို့တတွေမှာ ..
သဘာဝလျှင်၊ အမိရင်ဝယ်၊
ထွက်ဝင်ခိုနား၊ ခရီးသွားသည့်၊
ဧည့်သည်တွေပါတကား…။


မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး

No comments:

Post a Comment