Friday 26 July 2013

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး



Myanmar Online News

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး
Friday, July 26, 2013

၁။ ကြက်ဥနှင့် ကြက်သား

အမိုင်နို အက်စစ်တွေက ဆံပင် သန်စွမ်း စေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေ ပါပဲ။ ပရိုတင်းဓာတ် များများ ရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။

၂။ ငါးနှင့် အိုမီဂါ- ၃

မပြည့်ဝ ဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်း စေပါတယ်။ အိုမီဂါ- ၃ အဆီကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးတွေနဲ့ သစ်ကြားသီး၊ မိကျောင်း ကွမ်းဖတ်နဲ့ ပဲပိစပ်တွေကနေ များစွာ ရရှိနိုင်ပါတယ်။

၃။ အမဲသား၊ ကမာကောင်နှင့် အစေ့အဆန်

အမဲသားနဲ့ ကမာကောင်တွေမှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ် ချို့တဲ့ပါက ဆံပင် ကျွတ်စေပါတယ်။ အစေ့အဆန် တွေဖြစ်တဲ့ ဗာဒံစေ့၊ သစ်ကြားသီး တွေကနေလည်း ဇင့်ဓာတ်ကို ရရှိနိုင်ပါတယ်။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ဗီတာမင်အီးတွေ ပါဝင်တာကြောင့် ဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။

၎။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေဖြစ်တဲ့ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေမှာ သံဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် အေနဲ့ စီက ဆံပင်ရဲ့ အရင်းမှာရှိတဲ့ မွေးညင်း အိတ်လေးတွေ ကနေ အဆီတွေကို ထုတ်လုပ် ပေးပြီး ဆံသားနူးညံ့ ပျော့ပျောင်းစေတဲ့ ကွန်ဒီရှင်နာအဖြစ် လုပ်ဆောင် ပေးပါတယ်။

လမင်းမောင်
မြ၀တီ

=   =   =   =   =

ရာသီလာစဉ် ထူးထူးခြားခြား ဖြစ်တတ်သော ကျန်းမာရေး အခြေအနေများ
Friday, July 26, 2013

ဒူး ထိခိုက် ဒဏ်ရာရနိုင်ခြေ ပိုများပါတယ်

အမျိုးသမီးတွေက အမျိုးသားတွေထက် ဒူး ထိခိုက် ဒဏ်ရာရနိုင်ခြေ နှစ်ဆကျော် ပိုများကြောင်း၊ အဆိုပါ ထိခိုက်ဒဏ်ရာတွေဟာ ရာသီလာခါနီး အချိန်နဲ့ ရာသီလာနေစဉ် အတောအတွင်းမှာ ဖြစ်နိုင်ခြေများကြောင်း Shape.com က ဆိုပါတယ်။ အကြောင်းကတော့ အမျိုးသမီးတွေရဲ့ ဒူးတွေဟာ ရာသီစက်ဝန်းအတွင်း လှုပ်ရှားပုံ ပြောင်းလဲသွားတာကြောင့်ပါ။ သားဥကြွေချိန်မှာထက် ရာသီလာစဉ် အတောအတွင်း ခန္ဓာကိုယ် လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းတာကြောင့် ဒူး ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။

သတင်းကောင်း

အမျိုးသမီးတွေကို ဒူးအပေါ် သက်ရောက်တဲ့ဝန် လျော့ကျစေဖို့နဲ့ ကိုယ်နေဟန်ထားနဲ့ သန်စွမ်းမှုအဆင့် တိုးမြင့်စေဖို့ လေ့ကျင့်ခန်း လုပ်ခိုင်းတဲ့အခါ ဒူး ထိခိုက် ဒဏ်ရာရနိုင်ခြေ ၅၀-၆၀ နှုန်းအထိ လျော့ကျမှု ရှိတာကို တွေ့ရပါတယ်။

သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်

သွားဖုံးတစ်သျှူးတွေမှာ အီစထရိုဂျင် Receptors အများအပြား ရှိနေတဲ့အတွက် ဟော်မုန်း အတက်အကျပေါ် တုန့်ပြန်မှု ရှိပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ခံတွင်းဝေဒနာတွေ စတင် ဖြစ်ပေါ်လာတတ်ပါတယ်။ ရာသီမလာခင် အီစထရိုဂျင်အဆင့် မြင့်တက်မှု ရှိတာကြောင့် ကိုယ်တွင်းရောင်ရမ်းမှုအဆင့် မြင့်တက်ပြီး သွားနာတာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် သွားနှုတ်တာ၊ သွားဖာတာ စတဲ့ ကုသမှုတွေ ပြုလုပ်မယ်ဆိုရင် ရာသီလာပြီး နောက်ရက်တွေမှာ ပြုလုပ်သင့်ပါတယ်။

သွေးတွင်း ကိုလက်စထရောအဆင့် ပြောင်းလဲသွားပါတယ်

၂၀၁၀ ဟော်မုန်းဗေဒဆိုင်ရာ လေ့လာမှုတစ်ရပ်အရ သွေးကြောထဲက ကိုလက်စထရော အဆင့်ဟာ အီစထရိုဂျင်ဟော်မုန်း အဆင့်ပေါ်မူတည်ပြီး အပြောင်းအလဲရှိကြောင်း သိရပါတယ်။ အီစထရိုဂျင် ဟော်မုန်းအဆင့် မြင့်တက်နေချိန်မှာ ကောင်းတဲ့ ကိုလက်စထရော အဆင့်ကလည်း မြင့်တက်နေပါတယ်။ သားဥကြွေချိန်မှာ မကောင်းတဲ့ ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက် အဆီတွေ လျော့ကျမှု စတင်ဖြစ်ပေါ်ပြီး ရာသီလာစဉ်မှာ အနည်းဆုံးအဆင့်ကို ရောက်ရှိသွားပါတယ်။

ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာ ဖြစ်နိုင်ခြေ ပိုများပါတယ်

ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ပွပန်းနာရောဂါနဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ ရာသီလာချိန်အတွင်း ချောင်းဆိုးတာ၊ အသက်ရှူမဝတာ စတဲ့ လက္ခဏာတွေ ပိုသိသာလာပါတယ်။ အမျိုးသမီး လေးထောင်ကျော်ကို လေ့လာမှုတစ်ရပ်အရ မမျိုးဥ ကြွေပြီးချိန်မှာ ချောင်းဆိုးတဲ့ဝေဒနာ သိသိသာသာ မြင့်တက်လာကြောင်း၊ ရာသီစက်ဝန်းအတွင်း အသက်ရှူမဝတာနဲ့ သလိပ်ထ ချောင်းဆိုးတာတို့ ဖြစ်နိုင်ခြေများကြောင်း သိရပါတယ်။

ငွေကို မဆင်မခြင် သုံးစွဲနိုင်ခြေ ပိုများပါတယ်

မမျိုးဥကြွချိန်အတွင်း ဈေးဝယ်မထွက်ပါနဲ့။ ဈေးဝယ်သူတွေရဲ့ စိတ်အခြေအနေအကြောင်း လေ့လာမှု တစ်ရပ်အရ မမျိုးဥကြွေချိန်မှာ အဝတ်အထည် ဝယ်ချင်စိတ် ပိုများကြကြောင်း၊ အလှပြင်လိုစိတ် များပြီး ငွေကြေးသုံးစွဲမှု မြင့်မားကြောင်း သိရပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH

No comments:

Post a Comment