Wednesday 24 July 2013

အင်္ဂလိပ်သဒ္ဒါ..လေ့လာစရာ




“အင်္ဂလိပ်သဒ္ဒါ...လေ့လာစရာ(၁)”
************************
 မှ ကူးယူဖော်ပြပါသည်။ ဆရာများအား ကျေးဇူးတင်ပါသည်။
လေ့လာလိုသူများ အထက်ပါ လင့်ကို ဆက်သွားနိုင်ပါသည်။
 
(Useful Grammar Points)

ဒီနေ့တော့..dare ဆိုတဲ့ စကားလုံးလေးကို အင်္ဂလိပ်သဒ္ဒါ ရှုထောင့်ကနေ. .လေ့လာကြာည့်ပါမယ်။ dare(ရဲဝံ့သည်)ဆိုတဲ့ စကားလုံးလေးဟာ..အားလုံး သိပြီးသားဖြစ်သလို ခဏခဏသုံးနေကျ စကားလည်း ဖြစ်ပါတယ်။ “မသွားရဲ ဘူး”.. “တစ်ယောက်တည်း မအိပ်ရဲဘူး” ၊  “ငါပြောရဲတယ်”၊ “ငါ့မပြောဝံ့ဘူး” စသဖြင့် နေ့စဉ်စကားတွေ မကြာခဏ ကြားဖူးကြမှာပါ။ ဒီရဲဝံ့မှုကို ပြဆိုမယ့် dare ဆိုတဲ့ စကားလုံးဟာ သဒ္ဒါနည်းအရ.. စိတ်ဝင်စားဖွယ်အချက်တွေ ရှိပါ တယ်။

Dare (ရဲဝံ့သည်) ဆိုတဲ့ စကားလုံးကို အကူကြိယာ(Auxilliary Verb) .အဖြစ် အသုံးပြုနိုင်သလို ..ရိုးရိုးပုံမှန်ကြိယာ (Regular Verb) အဖြစ်လည်း .အသုံးပြုနိုင်ပါတယ်။

(၁)“အကူကြိယာအဖြစ်အသုံးပြုခြင်း”
===================
အကူကြိယာ Dare ရဲ့ အဓိပွါယ်က Be brave enough to=ရဲသည်။ဝံ့သည် ..ဖြစ်ပါတယ်။will,would---shall,should တို့လိုပါဘဲ..dare,dared ဆိုပြီး V1-V2 ရှိပါတယ်။အကူကြိယာဖြစ်တဲ့အတွက်..နောက်ကလိုက်မယ့် ကြိယာဟာ..Bare infinitive (toမပါတဲ့ V1)လိုက်ပေးရပါတယ်။ဥပမာ..dare go=သွားရဲသည်၊သွားဝံ့သည်။ dare kill= သတ်ရဲသည်။..စသဖြင့်ပေါ့။

(a) I dare go in the dark. အမှောင်ထဲ ငါသွားရဲတယ်။
 
(b) Bo Gyoke dared risk his life for the independence of our country.ဗိုလ်ချုပ်ဟာ..တို့နိုင်ငံလွတ်လပ်ရေးအတွက် အသက်စွန့်လွှတ်ရဲခဲ့ တယ်။

**အခြား အကူကြိယာတွေလိုပါဘဲ..ကတ္တားဟာ အနဲကိန်းဖြစ်ပေမယ့် dare... အကူကြိယာကို (s) သွားမထည့်ရပါ။**
(c) He dare go near the tiger.သူ..ကျားနားသွားရဲတယ်။

**အငြင်းဝါကျမှာ..will not , shall not တို့လိုပဲ..dare not (အတိုကောက် ... daren't )ကိုသုံးပါတယ်။**

(d) I dare not tell her the truth.သူမကို အမှန်မပြောရဲဘူး။

**မေးခွန်းလုပ်ချင်ရင် Dare ကို ရှေ့ထုတ်လိုက်ရုံပါဘဲ။**
.......................................................................................
(e) Dare he go near the tiger? သူ...ကျားနား သွားရဲသလား။

(၂) ရိုးရိုးပုံမှန်ကြိယာအဖြစ် အသုံးပြုခြင်း
======================
ပုံမှန်ကြိယာအဖြစ် သုံးမယ်ဆိုရင်တော့..Dare ,dared ,dared (=challenge ) ၀ံ့ရဲသည်။ စိန်ခေါ်ရဲသည်။..ဆိုပြီး သုံးနိုင်ပါတယ်။ ဒီ..ပုံမှန်ကြိယာနောက်မှာ Infinitive လိုက်တာများတယ်ဆိုပေမယ့် to မပါလဲ V1 ကပ်ပြီး သုံးကြတာပါပဲ။

(a) He doesn't dare speak to her... [or].. He doesn't dare to speak to her. 
သူမကို..သူက စကားမပြောရဲဘူး။

**Dare ဆိုတဲ့ ပုံမှန်ကြိယာကို မေးခွန်းနဲ့ အငြင်းဝါကျတွေမှာ အသုံးများပါတယ်။**

(b) Don't you dare propose Mee Ngal?မီးငယ်ကို ချစ်ရေးမဆိုရဲဘူးလား။
(c) I didn't dare to do so. အဲသလို..မလုပ်ရဲခဲ့ဘူး။
(d) How did you dare?မင်း အတင့်ရဲလှချေလား။
(e) I hardly dare to hope she'd remember me.
သူငါ့ကို သတိရလိမ့်မယ်လို့ မမျှော်လင့်ရဲလောက်အောင်ပါပဲ။
(f) I didn't dare to ask. မမေးရဲခဲ့ပါဘူး..ကွာ။
(g)He won't dare to beak his promise. သူ..ကတိဖျက်ရဲမှာ မဟုတ်ပါဘူး။

အင်္ဂလိပ်သဒ္ဒါ...လေ့လာစရာ(၂)”
************************
( Useful Grammar Points--2 )

ဒီနေ့တော့..a,an ,the စတဲ့ articles သုံးစရာမလိုတဲ့ အခြေအနေ (Omission Of Articles)လေးတွေကို လေ့လာကြပါမယ်။

(၁) ဘာသာရပ်တွေရှေ့မှာ articles မသုံးပါဘူး။
We are studying English.ကျွန်တော်တို့ အင်္ဂလိပ်ဘာသာ လေ့လာနေကြပါတယ်။
(Myanmar=မြန်မာစာ၊Pali=ပါဠိဘာသာ၊French=ပြင်သစ်ဘာသာ..စသဖြင့် ရှေ့က articles မခံဘဲ ရေးရပါတယ်။The ခံရေးရင် လူမျိုးဖြစ်သွားပါတယ်။ ဥပမာ..the English=အင်္ဂလိပ်လူမျိုး၊ the French=ပြင်သစ်လူမျိုး..စသည်)

(၂) လူနာမည်၊မြို့နာမည်၊တိုက်ကြီးများအမည်၊နိုင်ငံအမည် စတဲ့ proper noun ရှေ့မှာလဲ articles မလိုပါ။
(a) My name is Mg Mg.ကျွန်တေ့်နာမည် မောင်မောင်ပါ။
(b) I live in Shwebo.ကျွန်တော် ရွှေဘိုမှာ နေပါတယ်။
(c) This comes from Europe. ဒါ..ဥရောပတိုက်က လာတာ။
(d) We live in Myanmar.ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နေပါတယ်။
(ခြွင်းချက်။ ။''s"နဲ့ ဆုံးတဲ့ နိုင်ငံတွေရှေ့မှာတော့..the ကိုသုံးပါတယ်။ the Netherlands=နယ်သာလန်နိုင်ငံ၊ the Philippines=ဖိလစ်ပိုင်နိုင်ငံ ၊ the West Indies=အနောက်အန္ဒိယ၊ the United States=အမေရိကန်နိုင်ငံ၊ the Moluccas=မော်လူကာနိုင်ငံ)

(၃) လေဆိပ် ၊ဘူတာရုံ ၊ လမ်း၊ တံတား၊ ပန်းခြံ ၊ရောဂါ တို့ရဲ့ နာမည်များရှေ့တွင် article မသုံးပါ။
(a)Our plane has arrived at Yangon Airport. ကျွန်တော်တို့ လေယာဉ် ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ပါပြီ။
(b) The train starts to leave Nay Pyi Taw Railway Station.
နေပြည်တော်ဘူတာမှ ရထားစတင် ထွက်ခွါပါပြီ။
(c) My language school is in Myitta street.
ကျွန်တော်ရဲ့ ဘာသာစကားသင်ကျောင်းဟာ မေတ္တာလမ်းထဲမှာပါ။
(d) This is Ban Doo La bridge. ဒါ..ဗန္စုလ တံတားပါ။
(e) Yesterday, my parents took me to Maha Bandoola Park.
မနေ့က..အဖေနဲ့အမေက ကျွန်တော့်ကို မဟာဗန္စုလပန်းခြံကို ခေါ်သွားတယ်။
(f) He caught pneumonia and had to spend three weeks in bed.
သူ နမိုးနီးယားရောဂါ ဖြစ်လို့ အိပ်ယာထဲ သုံးပတ်လောက် နေလိုက်ရတယ်။ (AIDS ,cancer စတဲ့ ရောဂါအမည်တွေရှေ့မှာ article မသုံးရပါ..)

(၄) တောင်၊တောင်ကုန်း တစ်ခုချင်းစီရဲ့ အမည်ရှေ့မှာ articles မသုံးရပါ။
(a) Climbing Mount Fuji in winter can be very dangerous.
ဖူဂျီတောင်ကို ဆောင်းတွင်းမှာတက်ရင် အန္တရာယ်သိပ်များတယ်။
(အလားတူ..Mount Everest=ဧ၀ရက်တောင် ၊Mount Olympus =အိုလံပတ်တောင်၊ Mandalay Hill= မန္တလေးတောင်..တို့ရှေ့မှာလဲ article မလိုပါ။)
(ခြွင်းချက်။ ။တောင်တန်းများရှေ့မှာတော့..the ခံရပါတယ်။ဥပမာ..The Alps, the Andes, the Himalayas, the Yoma..စသည်)

(၅) nature ရှေ့နဲ့ အခြား စိတ္တဇနာမ်တွေရှေ့မှာလဲ articles မထည့်ရပါ။
(a) This is nature that the sun sets the west. အနောက်ရပ်မှာ နေ၀င်တာ သဘာဝပဲလေ။
(b) Wisdom is a special gift. အသိညဏ်ပညာဟူသည် ထူးခြားသော လက်ဆောင်တစ်ခု ဖြစ်သည်။
(c) A lot of people are afraid of death.
လူအများစုဟာ သေခြင်းတရားကို ကြောက်ကြတယ်။ (NOT>>the death)

(၆) ရေတွက်ရသော အများကိန်းနာမ်များရှေ့မှာ ယေဘုယျဆိုချင်ရင် articles မလိုပါ။
(a) Computers are used in many offices.
ကွန်ပြူတာတွေကို ရုံးတွေမှာ အသုံးပြုကြတယ်။(ဒီနေရာမှာ ..ကွန်ပြူတာ .တွေ ဆိုတာ..ကွန်ပြူတာအားလုံးကို ယေဘုယျခြုံပြောလို့. .article မလိုတာပါ။ကိုယ်ပြောချင်တဲ့ ကွန်ပြူတာတွေကို သီသန့်ရည်ရွယ်တာ ဆိုရင်တော့ .the ကို သုံးရပါတယ်။ဥပမာ..You can use the computers in the office.ခင်ဗျား ရုံးခန်းထဲက ကွန်ပြူတာတွေကို သုံးနိုင်ပါတယ်..ဆိုရင် ရှိရှိသမျှ ကွန်ပြူတာအားလုံးကို ဆိုလိုတာမဟုတ်ဘဲ..ရုံးခန်းထဲက ကွန်ပြူတာတွေကိုသာ ကွက်ပြောတာမို့ the computers လို့ သုံးရပါတယ်။ဒီလိုပါဘဲ..Children like chocolates.ဆိုရင် ကလေးတွေအားလုံးက ချောကလက်ကြိုက်တာကို ခြုံပြောတာပါ။Where are the children?ကလေးတွေ ဘယ်မှာလဲ..ဆိုရင်တော့.. သူ့ကလေးတွေကို ကွက်မေးတာမို့ the children လို့ သုံးတာ ဖြစ်ပါတယ်။)

(၇) ဆွေမျိုးတော်စပ်မှုပြတဲ့ စကားလုံးတွေ(ဥပမာ ..father,mother,aunt, uncle..)တို့ရှေ့မှာလည်း article မသုံးရပါဘူး။
(a)Father has returned.အဖေပြန်လာပြီ။
(b) Aunt wants to see you. မင်းကို အဒေါ်က တွေ့ချင်နေတယ်။

(၈) college,church,bed,table, hospital,market,prison ,school, jail,university ,kindergarten စတဲ့ နေရာတွေကို သူတို့နဲ့ ပတ်သက်တာ အသုံးချဖို့ သွားရင် article မလိုပါ။ (ဥပမာ..အိပ်ယာဆိုအိပ်ဖို့၊ ဆေးရုံဆို ဆေးကုဖို့၊ ထောင်ဆိုရင် အပြစ်ကျခံဖို့..ဆိုရင် article မလိုပါ။)
(a) They deserve to be put in prison.သူတို့ကို ထောင်ချသင့်တယ်။
(b) Most children go to school at the age of five.
ကလေးအများစုဟာ ငါးနှစ်အရွယ်မှာ ကျောင်းစနေကြတယ်။
(c) He broke his leg and was sent to hospital.
သူခြေထောက်ကျိုးလို့ ဆေးရုံပို့လိုက်ရတယ်။
(တစ်ကယ်လို့ ..ဆေးရုံကို ဆေးကုဖို့မဟုတ်ဘဲ တစ်ခြားကိစ္စသွားရင်တော့. .the ခံရေးရပါတယ်။ဥပမာ..လူနာမေးဖို့သွားရင် go to the hospital to see the patient လို့ ပြောရပါတယ်။ဒီလိုပါဘဲ..ကျောင်းကိစ္စမဟုတ်ဘဲ school ကို သုံးချင်ရင် the ခံရပါတယ်။The school is very near my home. ဆိုတာမျိုးပေါ့)

(၉) အချို့စကားစုတွေက နာမ်တွေဟာ..article မပါတာ ပုံသေဖြစ်နေတဲ့ အတွက် article မထည့်မိဖို့..လိုပါတယ်။
ဥပမာ..Verb+Noun စကားစုများ...catch fire, take breath , cast anchor, give ear, set sail ,lose heart ,set foot, leave home. ..စသဖြင့်.။
နောက်ပြီး Preposition+Noun စကားစုမျာ..at home, in hand ,in debt, by day, at sunrise, at noon, at sunset, at night ,on earth, by land, by river, by train, by name, on foot , at dinner ,at ease, စသဖြင့်။

(၁၀) သတင်းခေါင်းစီးများ(news headlines)မှာလည်း articles ကို ဖြုတ်ရေးတတ်ပါတယ်။
(a) Man killed in car accident
လူတစ်ယောက် ကားမတော်တဆမှုဖြင့် သေဆုံး
(b) Clarissa, American business woman ,comes to England
အမေရိကန်သူ စီးပွားရေးလုပ်ငန်းရှင် ကလာရီစာ အင်္ဂလန်သို့ ရောက်ရှိ

s..နဲ့ဆုံးတဲ့ နိုင်ငံတွေက နိုင်ငံ့နာမည်ဆိုတာထက်..အခြားအဓိပွါယ်ထွက်တဲ့ စကားလုံးတွေ ပါဝင်နေလို့ပါ။ဥပမာ..Netherlands ဆိုရင် နိုင်ငံရဲ့ တစ်ဝက်ဟာ ပင်လယ်ရေမျက်နှာပြင်အောက် နိမ့်ကျနေပါတယ်။ Nether =low=နိမ့်သော၊ lands=ကုန်းမြေများ..လို့ အဓိပွါယ်ရတဲ့အတွက် အနောက်ဥရောပရဲ့ မြေနိမ့်ပိုင်းမှာရှိတဲ့နိုင်ငံမို့ နယ်သာလန်းစ် လို့ ခေါ်တာပါ။ ဒါ့ကြောင့် နိုင်ငံနာမည်ဆိုတာထက် အဓိပွါယ်ရှိတဲ့ အများကိန်း နာမ်တစ်ခုလို ဖြစ်နေတာကြောင့် the ကို သုံးရတာပါ။ ဒီလိုပါဘဲ..the Philippines ဆိုတာလဲ ကျွန်းပေါင်း ထောင်ချီရှိတဲ့နေရာ ကို နိုင်ငံရဲ့ နာမည်တစ်ခုသဖွယ် သုံးထားတာမို့ပါ။the Philippines = the Philippine Islandsဆိုတော့..The ဟာ..နိုင်ငံနာမည်အတွက် .မဟုတ်ပဲ နောက်က Islands(ကျွန်းများ)ဆိုတာအတွက် သုံးထားခြင်း ..ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။။the USA လဲ အတူတူပါဘဲ။ .မြောက်အမေရိကရဲ့ ကိုလိုနီနယ်မြေ (၁၃)ခုကို ပေါင်းစည်းပြည်နယ် များ ( United states)အဖြစ်သတ်မှတ်ထားလို့ ဒီဲပြည်နယ်များအတွက် the နဲ့ ဖော်ပြလိုက်တာဖြစ်ပါတယ်။USA ရဲ့ နောက်ဆုံးက America ဆိုတဲ့ နာမည်အတွက် the ကို သုံးထားတာ မဟုတ်ပါဘူး။နမူနာအနေနဲ့ ထပ်ပြရရင်....the Union of Myanmar (ပြည်ထောင်စု မြန်မာနိုင်ငံ) ဆိုတဲ့နာမည်မှာ ..the ဟာ union (ပြည်ထောင်စု)အတွက် ရှေ့ကနေ ခံပေးလိုက်ရတာဖြစ်ပြီး Myanmar နဲ့ ပတ်သက်မှု မရှိတာ တွေ့ရမှာ .ဖြစ်ပါတယ်..။

=   =   =   =   =
“အင်္ဂလိပ်သဒ္ဒါ..လေ့လာစရာ”
================

ဒီနေ့တော့..Double Passive အကြောင်းလေ့လာကြပါမယ်။Active Voice နဲ့ Passive Voice အကြောင်းကတော့..အင်္ဂလိပ်စာလေ့လာဖူးသူ တိုင်း တတ်မြောက်ပြီးသားလို့ ယုံကြည်ပါတယ်။ဒါပေမယ့်..Double Passive ကိုတော့..တစ်ချို့ကမျက်စိလည်တတ်တာကြောင့် ပြန်နွှေးတဲ့အနေနဲ့ လေ့လာ ကြပါမယ်။

(၁) ကြိယာတစ်ခု + ကံနှစ်ခု
---------------------------------
အချှိုကြိယာတွေက..ကံနှစ်ခုလိုက်ရတာတွေရှိပါတယ်။ဥပမာ...Mg Mg gave me a book.မောင်မောင်က ကျွန်တော့်ကို စာအုပ်တစ်အုပ်ပေးတယ်.. ဆိုတဲ့ ၀ါကျမှာ gave (ပေးသည်)ဆိုတဲ့ ကြိယာနောက်မှာ me ရယ်၊ a book ရယ် ဆိုပြီးကံ နှစ်ခုလိုက်တာ တွေ့ရပါမယ်။''me" ကို သွယ်ဝိုက်ကံ(Indirect Object) လို့ ခေါ်ပြီး ''a book"ကိုတော့..တိုက်ရိုက်ကံ(Direct Object) လို့ ခေါ်ပါတယ်။ဒါမျိုးကံနှစ်ခုပါတဲ့ ကြိယာမျိုးကို Passive ပြောင်းရင် တိုက်ရိုက်ကံကို ရှေ့ထုတ်တာရှိသလို၊ သွယ်ဝိုက်ကံကို ရှေ့ထုတ်တာ ဆိုပြီး နှစ်မျိုးပြောင်း ရေးနိုင်ပါတယ်။

A book was given to me by Mg Mg.ဆိုပြီး..တိုက်ရိုက်ကံ A book ကို ရှေ့ထုတ်ရင်..သွယ်ဝိုက်ကံ me ကို to ခံပြီး ရေးရပါတယ်။

သွယ်ဝိုက်ကံကို ရှေ့ထုတ်ရင်တော့....I was given a book by Mg Mg.ပေါ့..။သူကျတော့...သွယ်ဝိုက်ကံ(me)ကို ရှေ့ထုတ်လိုက်တယ်။ ကတ္တားနေရာရောက်သွားလို့...I ဖြစ်သွားတာပါ။တိုက်ရိုက်ကံ a book ကတော့..V-3 နောက်မှာ တိုက်ရိုက် ကပ်ရေးရပါတယ်။

**giveလိုပါပဲ ..tell, send, show , bring ,write ,offer ,pay, lend, award, teach,pass, post,sell, တို့ကလဲ ကံနှစ်ခုလိုက် ကြိယာတွေပါ။ သူတို့ကို passive voice မှာ တိုက်ကံကို ရှေ့ထုတ်ရင် သွယ်ဝိုက်ကံရှေ့မှာ to ခံပေးရပါတယ်။ဘယ်လိုသုံးသလဲဆိုတာ. .နမူနာဝါကျတွေကို ကြည့်ပါ။

(a) Su Su shows me a beautiful ring.
ဆုဆုက လက်စွပ်လှလှလေးတစ်ကွင်း ကျွန်တော့်ကို ပြတယ်။
A beautiful ring is shown to me by Su Su.
I'm shown a beautiful ring by Su Su.

(b) Ko Htaw sent me a bottle of beer.
ကိုထောက ကျွန်တော့်ဆီ ဘီယာတစ်ပုလင်း ပို့လိုက်တယ်။
A bottle of beer was sent to me by Ko Htaw.
I was sent a bottle of beer by Ko Htaw.

(c)They will award Kay Khine a scholarship .
သူတို့ ကေခိုင့်ကို ပညာသင်ဆု ချီးမြှင့်ကြလိမ့်မယ်။
A scholarship wii be awarded to Kay Khine.
Kay Khine will be awarded a scholarship.
(ဒီနေရာမှာ..by them..ထည့်စရာ မလိုပါ)။

(d) Daddy won't offer me a car .
ဖေဖေက ကျွန်တော့်ကို ကားပေးမှာ မဟုတ်ဘူး။
A car won't be offered to me by daddy.
I won't be offered a car by daddy.

(e) They didn't teach us English.
သူတို့က ကျွန်တော်တို့ကို အင်္ဂလိပ်စာ သင်မပေးခဲ့ကြဘူး။
English wasn't taught to us.
We weren't taught English.

**အချို့ ကံနှစ်ခုလိုက်ကြိယာတွေကိုတော့..for ခံရတာရှိပါတယ်။ဥပမာ.. book, buy , get , cook , keep ,bring , make, pour ,save , find..စတဲ့ ကြိယာတွေပါပဲ။

(a) They bought me a new car.
သူတို့က ကျွန်တော့်ကို ကားသစ်တစ်စီး ၀ယ်ပေးတယ်။
A new car was bought for me.
I was bought a new car.

(b) He cooked all his friends a delicious meal.
သူက သူ့သူငယ်ချင်းအားလုံးကို အရသာ ရှိတဲ့ အစားအစာတွေ ချက်ပေးတယ်။
A delicious meal was cooked for all his friends.
All his friends were cooked a delicious meal.

(၂) ကြိယာနှစ်ခု +ကံတစ်ခု
-------------------------------
တစ်ခါတစ်လေမှာ ကံတစ်ခုတည်းကို ကြိယာနှစ်ခုသုံးတာမျိုး ကြုံတတ် ပါတယ်။ ဥပမာ..“.သူက အကျဉ်းသားတွေကို သေနတ်နဲ့ပစ်သတ်ဖို့ အမိန့်ပေးတယ်”..ဆိုတဲ့နေရာမှာ..အမိန့်ပေးခံရတာလဲ..အကျဉ်းသားတွေ ဖြစ်သလို..၊ပစ်သတ်ခံရမှာလဲ အကျဉ်းသားတွေပါ။ဒီနေရာမျိုးကျတော့..ဒုတိယ ကြိယာကို Passive Infinitive နဲ့ ရေးရပါတယ်။to be shot =သေနတ်ဖြင့် ပစ်သတ်တာခံရန် ....ဆိုတာမျိုးပေါ့...။ရှေ့က ကြိယာ orderedကိုတော့.. Active /Passive .နှစ်မျိုးစလုံး ရေးနိုင်ပါတယ်။

He ordered the prisoners to be shot.(Passive Infinitive
)
The prisoners were ordered to be shot.(Double Passive)

အလားတူပါဘဲ.........
He intends his car to be repaired only on Friday.
သူ့ကားကို သောကြာနေ့မှပဲ ပြင်ဖို့ စိတ်ကူးထားတယ်။..ဆိုတဲ့ ရိုးရိုးPassive Infinitiveကို Double Passive နဲ့ ရေးချင်ရင် ..His car is intended to be repaired only on Friday..ဆိုပြီး..ရေးနိုင်ပြီပေါ့.။ ဒီလောက်ဆိုရင်..Double Passive အကြောင်း သဘောပေါက်လောက်ပါပြီ။

=   =   =   =   =
“အင်္ဂလိပ်သဒ္ဒါ...လေ့လာစရာ(၄)”
==================

ကျွန်တော် ကျောင်းသားဘ၀က ဖြစ်ပါတယ်။ဆရာက V-ing အကြောင်း သင်မယ်ဆိုတော့..ကျွန်တော် စိတ်ထဲ ကျိတ်ပြုံးမိပါတယ်။v-ing ဆိုတာ ဘာခက်တာမှတ်လို့ ဆိုတဲ့ အပြုံး။ဒါပေမယ့်..တစ်ကယ်လဲ ဆရာက သင်ရော..ကိုယ့်ပါးစပ်ကို..ဆွဲလိမ်ချင်စိတ် ပေါက်သွားပါတယ်..။Ving အပေါ်မှာ အထင်သေးပြီး ဆရာ့အပေါ် အမြင်လွဲခဲ့မိတာ..အရမ်းမှားခဲ့ပြီဆိုတဲ့
နောင်တတွေနဲ့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဆရာ့ကို သတိရမိတာကြောင့် ဒီနေ့တော့..ဆရာသင်ပေးခဲ့တဲ့ V-ing အကြောင်း.. မှတ်မိသလောက် .ဝေမျှပေးလိုက်ပါတယ်..။

(၁)verb to be ခံရင် ပြုလုပ်နေဆဲကာလ(Continuous Tense)ကို ဖော်ပြပါတယ်။

(a) The boys are playing football.ကောင်ကလေးတွေ ဘောလုံး ကစားနေကြတယ်။
(b) They were having lunch when I got there.အဲဒီရောက်တော့.. သူတို့က နေ့လည်စာ စားနေကြတယ်။

(၂) V-ing ကို ကတ္တား(subject) အဖြစ်သုံးပါတယ်။

(a)Swimming is a good exercise.
ရေကူးခြင်းဟာ..ကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။
(b) Eating too quickly gave him an upset stomach.
မြန်မြန်စားတော့..အစာမကြေဖြစ်တာပေါ့။
(c) Not doing his homework caused him to fail the test.
အိမ်စာမလုပ်တော့..စာမေးပွဲကျတာပေါ့။
(d) Listening requires patience.
နားထောင်တယ်ဆိုတာ စိတ်ရှည်မှ။

(၃) V-ing ကို ကံ(Object) အဖြစ်လည်း သုံးတယ်။

(a) He dislikes doing homework.
သူက အိမ်စာလုပ်ရတာ မနှစ်မြို့ဘူး။
(b) The manager suggested having our meeting away from the office.
အစည်းဝေးကို ရုံးနဲ့ဝေးတဲ့ နေရာမှာလုပ်ဖို့ မန်နေဂျာက အကြံပြုတယ်။
(c) He enjoys walking around the lake.
သူက ကန်ကိုပတ်ပြီး လမ်းလျှောက်ရတာကို သဘောကျတယ်။

(၄) V-ing ကို ၀ိဘတ်နောက်က ကံ(Object of preposition) အဖြစ်လည်းသုံးပါ တယ်။ (for/at/in/etc. + V-ing)

(a) He is fond of swimming.
သူက..ရေကူးတာကို သဘောကျတယ်။
(b) He's nervous because of not being on time.
သူ အချိန်တိကျ မရောက်လို့ ကြောက်နေတယ်။
(c) She's worried about missing her bus.
သူစီးတဲ့ ဘတ်စ်ကား ပျောက်မှာ စိုးရိမ်နေတယ်။

(၅) ကြိယာရဲ့ အဖြည့်ပုဒ်(Complement) အဖြစ်လဲ သုံးပါတယ်။

(a) What I most dislike is drinking beer.
ဘီယာသောက်တာ မကြိုက်ဆုံးပဲ။
(b) His problem is not coming to class on time.
သူ့ပြဿနာက စာသင်ခန်းကို အချိန်တိတိကျကျ မရောက်တာပဲ။
(c)His favorite sport is swimming.
သူ့စိတ်ကြိုက် အားကစားကတော့..ရေကူးခြင်းပါပဲ။

(၆) ထပ်ဆင့်ပြနာမ် appositive အဖြစ်လဲ သုံးပါတယ်။

(a) His hobby, collecting stamps, is not expensive.
တံဆိပ်ခေါင်းစုတဲ့ သူ့ဝါသနာက ကုန်ကျစရိတ် မကြီးပါဘူး။
(b) His task , writing a novel , is rather difficult.
ဝတ္ထုရေးတဲ့ သူ့အလုပ်က တော်တော်ခက်သားပဲ။

(၇) နာမ၀ိသေသန အထူးပြုပုဒ်(Adjective modifier) အဖြစ်လဲ သုံးပါတယ်။

(a) The crying baby is ill.
အခု..ငိုနေတဲ့ ကလေးက နေမကောင်းရှာဘူး။
(b) The wandering beggar is really a retired professor.
အခု..လျှောက်သွားနေတဲ့ သူဖုန်းစားကြီးက တစ်ကယ်တော့ အငြိမ်းစား ပါမောက္ခတစ်ယောက်ပေါ့..။
(c) The man wearing the blue shirt is U Htaw Oo.
အပြာရောင် ရှပ်အင်္ကျီဝတ်ထားတဲ့လူက ကိုထောဦးပေါ့..။

ဒီ နံပါတ်(၇)အထိ ဆရာက သင်တော့...အေးဆေးပါပဲ။အခြေခံလေးတွေ ဆိုတော့..ဆရာပြောတာ ရင်မခုန်ခဲ့ပါဘူး။ဒါပေမယ့်..နံပါတ်(၈) က စပြီး ကျွန်တော်...တော်တော်စိတ်ဝင်စားလာပါတယ်။မသိတဲ့အချက်ကလေးတွေ များလာတော့..Ving ကို အထင်မသေးရဲတော့ပါဘူး။ ဆရာရှင်းပြတာ ကိုလဲ. .စိတ်ဝင်တစား..နားထောင်နေခဲ့မိပါတယ်။

(၈) V-ing အရှေ့မှာ ကံပုဒ်(Object) ရော ၊ပိုင်ဆိုင်ခြင်းပြပုဒ်( possessive case)ရော နှစ်မျိုးစလုံး ထားနိုင်ပါတယ်။

(a) I hope you will excuse (my/me) leaving early.
ကျွန်တော်စောပြန်တာကို ခင်ဗျားခွင့်ပြုလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။
(me လဲ မှန်သလို..my လည်းမှန်ပါတယ်)
(b) Do you mind (me/my) sitting here?
ဒီနေရာမှ ကျွန်တော်ထိုင်လို့ ရမလားဗျာ..။
(c) All depends of Aye Hlaing's passing the exam.
အရာအားလုံးဟာ အေးလှိုင်ရဲ့ စာမေးပွဲအောင်မြင်မှုပေါ်မှာ မူတည်တယ်။
(d) The accident was due to the (engine-driver/engine-driver's) disregarding the signals.
မောင်းတဲ့လူက အချက်ပြတာကို ဂရုမပြုမိလို့ မတော်တဆဖြစ်တာ။
(e) We rejoiced at (his/him) being promoted.
သူရာထူးတက်တော့ တို့ပျော်တာပေါ့။
(အမေရိကန်အင်္ဂလိပ်ကတော့...ကံ(obj)လိုက်တာ ပိုသုံးပါတယ်။)
=   =   =  =  =

“အင်္ဂလိပ်သဒ္ဒါ..လေ့လာစရာ(၅)”
==================
(Contd...from previous post)

Ving အသုံးပြုပုံတွေက နံပါတ်(၈)ကစပြီး တော်တော် စိတ်ဝင်စားစရာ .ကောင်းလာပါတယ်။ဆရာက...ဘာဆက်ပြောမလဲဆိုတာကို နားထောင်ချင် .နေမိတယ်။V-ing ကို အထင်မသေးရဲတော့ပါဘူး။ V-ing ကို compound gerund အဖြစ်သုံးရတာ အရသာသိပ်ရှိတာပဲ လို့ ဆရာက .ပြောပြီး သုံးနည်း နံပါတ်(၉)ကို ဆက်လိုက်ပါတယ်။

(၉) V-ing အစား Having+ V-3 သုံးတာကို
Active compound gerund လို့ခေါ်ပါတယ်။ (ပြုလုပ်ခြင်းကိုပြတာပါ)
---------------------------------------------------
(a) I regret ( saying / having said) that.
ပြောခဲ့မိတာ နောင်တ ရမိတယ်။ (saying ရော၊ having said ရော ကြိုက်ရာသုံးနိုင်ပါတယ်။)
(b) Excuse me for (bothering/having bothered) you.
ခင်ဗျားကို ဒုက္ခပေးမိတာ ခွင့်လွှတ်ပါနော်။
(c) I heard of his (gaining / having gained) a prize.
သူဆုရတယ်လို့ ကြားတယ်။
(d) I'm worried about (not passing / not having passed) the test.
အစမ်းစာမေးပွဲမအောင်မှာ စိုးရိမ်မိတယ်။
(e) We were charged with (sheltering/having sheltered) the rebels.
သူပုန်တွေကို အကာကွယ်ပေးလို့ ကျွန်တော်တို့ တရားစွဲခံရတယ်။
(f) We're fatiged on account of( walking /having walked) so far.
တော်တော်ဝေးဝေး လမ်းလျှောက်လိုက်တော့..ပင်ပန်းသွားတာပဲ။

(၁၀) Being +V-3 (သို့မဟုတ်) Having+been+V-3 အသုံးတွေကို
Passive compound gerund လို့ခေါ်ပါတယ်။ (ပြုလုပ်ခံရခြင်းကိုပြတာပါ)

(a) I'm afraid of being killed.
အသတ်ခံရမှာ ကြောက်တယ်။
(b) Kyaw Htet Khaung is desirous of being praised.
ကျော်ထက်ခေါင်က ချီးမွှမ်းခံချင်နေရှာတယ်။
(c) Without being ordered ,the waiter brought a plate of eggs.
မမှာဘဲနဲ့..စားပွဲထိုးက ကြက်ဥပန်းကန်ယူလာတယ်။
(d) The bodies were thrown into the river after having been killed.
သတ်ပစ်ပြီးနောက် အလောင်းတွေကို မြစ်ထဲပစ်ချလိုက်ကြတယ်။

(၁၁) နာမ၀ိသေသနကို (Being+Adj)ပုံစံနဲ့ Gerund လုပ်လို့ ရပါတယ်။

(a) I was surprised at Aye Nge's being absent.
အေးငယ်ပျက်ကွက်တာကို အံ့သြမိတယ်။
(b) I'm afraid of being hot.
ပူမှာ...ကြောက်တယ်။
(c) You shouldn't make fun of her being ugly.
သူမ..အရုပ်ဆိုးတာကို မင်းပျက်ရယ်မပြုသင့်ဘူး။

(၁၂) V-ing ကို Participle အဖြစ် သုံးနိုင်ပါသေးတယ်။

(a) Playing football , he gained health.
ဘောလုံးကစားခြင်းအားဖြင့်..သူကျန်းမာရေးကောင်းလာတယ်။
(b) Having been scolded , he ran away out of the house.
အဆူလဲခံရပြီးရော သူ အိမ်ကနေ ပြေးထွက်သွားတယ်။
(c) Walking along the road, he noticed a dead cobra.
လမ်းအတိုင်းလျှောက်လာတဲ့အခါ..မြွေဟောက်အသေတစ်ကောင်ကို သူ .တွေ့လိုက်တယ်။
(d) Seeing, he believed.
မြင်လိုက်တော့..သူယုံသွားခဲ့တယ်
(e) Being tired, he lay down to sleep.
ပင်ပန်းတာကြောင့် အိပ်ဖို့ သူလှဲချလိုက်တယ်။ 

=   =   =   =   =

“အင်္ဂလိပ်သဒ္ဒါ..လေ့လာစရာ(၆)”

Ving အသုံးပြုပုံတွေကို နံပါတ်(၁၂)အထိ မနေ့က ဖော်ပြခဲ့ပါတယ်။ ဒီနေ့တော့..ကျန်တာလေးတွေကို အပြီးသတ်ဖော်ပြပေးလိုက်ပါတယ်။

(၁၃) ပေါင်းစပ်နာမ်(Compound Noun)တွေမှာလဲ V-ing ကို အသုံးပြုကြပါတယ်။

(a) washing-machine= အ၀တ်လျှော်စက်
(b) Sewing-machine = အပ်ချုပ်စက်
(c) Writing-table= စာရေးစားပွဲ
(d) Walking-stick = တောင်ဝှေး
(e) Fencing-stick = ခြံစည်းရိုးတိုင်

{အင်္ဂလိပ်လို အဓိပွါယ်ပြန်ဖွင့်ရင် washing-machine=a machine for washing, Writing-table=a table for writing ဆိုပြီး for+V-ing နဲ့ သုံးပြီး ဖွင့်ဆိုနိုင်ပါတယ်။)

(၁၄) Difficulty , Use ,Point , Trouble စကားလုံးတွေနောက်မှာ V-ing လိုက်ရင် သတိထားပါ။

(1) Difficulty , Use ,Point , Trouble + (in/of) +V-ing လို့သုံးရင် Formal Use ဖြစ်ပါတယ်။

(a) There was no difficulty in finding parking space.
ကားထိုးဖို့ နေရာရှာရတာ အခက်အခဲမရှိပါဘူး။

(b) There doesn't seem much point in trying to explain everything.
အကုန်လုံးကို ရှင်းပြဖို့ မလိုအပ်ဘူးထင်တယ်။

(2) Difficulty , Use ,Point , Trouble +V-ing လို့ တစ်ခါတည်းကပ်သုံးရင် Informal Use ဖြစ်ပါတယ်။

(a) He had some trouble understanding that theory.
အဲဒီ..သီအိုရီကိုနားလည်ဖို့ သူအခက်တွေ့နေတယ်။

(b) The manager had difficulty concealing his irritation.
မန်နေဂျာဟာ သူဒေါသထွက်တာကို ချုပ်တီးဖို့ အခက်အခဲတွေ့နေတယ်။

(Informalဆိုတာ လူရင်းတွေ၊ မိတ်ဆွေတွေ၊ ကိုယ့်ထက်ငယ်တဲ့သူတွေနဲ့  .ပြောတဲ့အခါသုံးတဲ့ စကားကို ပြောတာပါ။)

(၁၅) အချို့ကြိယာတွေနောက်မှာ V-ing ရော ၊ To+ V-1 (Infinitive)ရော ဘာလိုက်လိုက် အဓိပွါယ်တူ ထွက်ပါတယ်။

(a) Teach me (to swim / swimming) .ရေကူးသင်ပေးပါ့လား။
(b) (To see / Seeing) is (to believe /believing).မြင်ရင် ယုံတယ်။
(c) (To give/ Giving) is better than (to receive/ receiving).
ပေးဆပ်ခြင်းသည် ရယူခြင်းထက် ပိုကောင်း၏။

(၁၆) အချို့ကြိယာတွေ နောက်မှာ V-ing သာ လိုက်ရပါတယ်။

(a) He admitted having driven too fast.
သူ..အမြန်မောင်းခဲ့ကြောင်း ၀န်ခံခဲ့သည်။

(b) We dislike reading poems.
ကျွန်တော်တို့က ကဗျာဖတ်တာကို မကြိုက်ဘူး။

(c) They finished working in the garden.
သူတို့ ဥယျာဉ်ထဲ အလုပ်လုပ်တာ ပြီးသွားပြီ။

(d) He imagined driving a new car.
သူက ကားသစ်တစ်စီးမောင်းနေသလို စိတ်ကူးကြည့်ခဲ့တယ်။

(e) Stop shouting, or I'll beat you.
မအော်နဲ့..။ အော်ရင် ဆော်လိုက်မှာနော်..။

(Ving လိုက်တဲ့ ကြိယာတစ်ချို့ကတော့.. give up , imagine, include , involve , justify ,keep (on) , mention , mind ,miss , practise , regret, risk ,suggest , enjoy ,deny , delay ,admit , consider ,carry on , prevent ,quit, postpone ,resist, continue , understand , miss ,forgive , risk ,escape, ..စတဲ့ကြိယာတွေပါပဲ။)

(၁၇) အချို့ကြိယာတွေကို V-ing form အနေနဲ့ မသုံးပါ။

ဥပမာ...agree, be, like, hate, hear, imagine, know, need, prefer, promise, realize, remember, see.. စတဲ့ကြိယာတွေကို continuous form အနေနဲ့ မသုံးတာကို ပြောတာပါ။ ဥပမာ..ငါ.. သူ့ကို မြင်နေရတယ်ဆိုရင် I see him ပဲ သုံးရပါမယ်။ I'm seeing him လို့ မသုံးပါဘူး။ ဒါက. .မြင်တာအတွက် V-ing Form မရှိတာကိုပဲ ပြောတာပါ..။ ဒီ့ပြင် အဓိပွါယ်တွေထွက်တာကို မဆိုလိုပါဘူး။ I am seeing Lin Lin tonight.ဆိုတာမျိုးက ဒီညလင်းလင်းနဲ့ တွေ့စရာရှိတယ်လို့ ဆိုလိုပြီး မြင်တာအတွက် V-ing သုံးတာ မဟုတ်ပါ။

(a) I feel I should go to Yangon.ရန်ကုန်သွားမလားလို့ .တွေးမိတယ်။ (not Feeling)..ဒါပေမယ့် How are you feeling today? ဆိုတာ ဒီနေ့ နေကောင်းလားလို့ နှုတ်ဆက်တာပါ။

(b) I have a new computer. ငါ့မှာ ကွန်ပြူတာ အသစ်တစ်လုံး ရှိတယ်။
ဒီလိုပိုင်ဆိုင်မှုအတွက် Having မသုံးရပါဘူး။စားတဲ့ အဓိပွါယ်မှာတော့ ..ရပါတယ်။ ဥပမာ..I am having dinner right now. ဆိုရင် ငါ..အခု ညနေစာ စားနေတယ်လို့ ဆိုလိုတာပါ..။

ဒီလောက်ဆိုရင်...V-ing အကြောင်း တီးမိခေါက်မိ တတ်သွားပြီလို့ ယူဆပါတယ်..။ ဒီGerund အကြောင်း သင်ပြီး ဆရာအတန်းထဲ ကထွက်သွားတော့... ကျွန်တော်တောင် ၀ါကျတစ်ကြောင်း ချရေးလိုက်မိပါသေးတယ်..။ ဘာတဲ့..“Our teacher walked out of the class after having taught us gerunds. ကျွန်တော်တို့ကို V-ing အကြောင်း သင်ပေးပြီးနောက် ဆရာသည် အတန်းပြင်ဘက်သို့ ထွက်သွားလေတော့ သတည်း...”ဆိုတဲ့ ၀ါကျပါပဲ..ဗျာ..။ ။

No comments:

Post a Comment