Tuesday 23 July 2013

၁။ကဲ ဘယ်လိုဖြေကြမလဲ။ ၂။သဘောကောင်းတဲ့ ကိုကို။



"ကဲ... ဘယ်လိုဖြေကြမလဲ ":P
Tuesday, July 23, 2013

ကုန်တင်ကားတစ်စီးနှင့် ယာဉ်တိုက်မှုဖြစ်ခဲ့သော လယ်သမားကြီးတစ်ဦး အာမခံကုမ္ပဏီတွင် လျော်ကြေးရလိုကြောင်း လျှောက်ထားသည်။

ကုမ္ပဏီဝန်ထမ်းဖြစ်သူက စစ်ဆေးမေးမြန်းသည်။

“ယာဉ်တိုက်မှုနဲ့ပက်သက်ပြီး ဦးအစီရင်ခံတဲ့အထဲမှာ ကိုယ်ပေါ်မှာ ဒဏ်ရာ တော်တော်များများ ရခဲ့တဲ့အကြောင်း ရေးထားတာတွေ့ရတယ်၊ ဒါပေမယ့် အခင်းဖြစ်တဲ့နေရာကို ရောက်လာခဲ့တဲ့ ရဲသားရဲ့ မှတ်တမ်းထဲမှာတော့ ဘာမှမဖြစ်ဘူးဆိုပြီး မှတ်ထားတာတွေ့ရတယ် ဟုတ်ပါသလား”

“အေး ဟုတ်တယ် ဒါပေမယ့် အဖြစ်မှန်က ငါ့လှည်းနဲ့ ကုန်ကားကြီး တိုက်ပြီးရော၊ ငါ့မြင်းက ခြေထောက်သွင်သွင်ကျိုးပြီး လမ်းဘေးကို လဲသွားတယ်၊ ငါ့ ခွေးလည်း အရိုးတွေကျိုးသွားလို့ တအီအီပဲ အော်နိုင်တော့တယ်၊ အဲဒီအချိန်မှာ ရဲငနဲကရောက်ချလာပြီး မြင်းအခြေအနေ ဘယ်လိုလဲဆိုပြီး ငါ့မြင်းကြီးကို ကြည့်တယ်။ ပြီးတော့ သူ့ခါးထဲက သေနတ်ကိုထုတ်ပြီး ပစ်သတ်လိုက်ပါရော။

နောက်ခွေးအခြေအနေဘယ်လိုနေလဲဆိုပြီး ငါ့ခွေးကို ကြည့်တယ်၊ ခေါင်းကိုရမ်းလိုက်ပြီး တစ်ဆက်တည်း ပစ်သတ်ပြန်ရော၊ နောက် ငါ့ဘက်လျှောက်လာပြီး မေးတယ်။

'အန်ကယ်ကြီး အခြေအနေကောင်းရဲ့လား' တဲ့။

ကဲ ငါ့နေရာမှာဆို မင်းဘာပြန်ဖြေမလဲ”

Po Po



=   =   =   =   =

"သဘောကောင်းတဲ့ ကိုကို"

သူငယ်ချင်းတစ်ယောက်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်နေတုန်း ဖုန်းမြည်လာတယ်…

“တီ… တီ..”
“ဟလို”

“ကိုကိုလား… ချစ်လေးပါ”
“အင်း…”

“ချစ်လေး ခု ပွဲစားတန်းရောက်ပြီး ကိုမော်ကြီးတို့နဲ့ တွေ့နေတာ”
“အင်း…”

“အဲဒါလေ ချစ်လေး ခုစီးနေတဲ့ကားကို ကာဒီနာနဲ့ လဲမလားတဲ့၊ အလိုက် 200 ပေးရမယ်တဲ့၊ လဲလိုက်မယ်နော် ကိုကို”
“အင်း… လဲလိုက်”

“ဟယ်…တကယ်၊ ကိုကိုက အရမ်းချစ်ဖို့ ကောင်းတာဘဲ”
“အင်း…”

“ပြီးတော့လေ၊ ပြောရအုံးမယ်”
“ပြော…”

“မနက်ကလေ ကိုကိုထွက်သွားပြီးတော့မှ ဒေါ်ဒေါ်ကြည်ရောက်လာပြီး၊ စိန်လက်စွပ်တစ်ကွင်း လာပြတယ် ကိုကိုရဲ့၊ ဈေးကလည်း 80 ထဲ ဆိုတော့ တန်လွန်းလို့ ဝယ်ထားလိုက်မိတယ် ကိုကို မဆူရဘူးနော်”
“အင်းပါ…”

“ဟီး… ဒါ့ကြောင့် ကိုကို့ကို ချစ်တာ သိလား”
“သိတယ်…”

“ပြီးတော့လေ ခု ဆန်းဒေးကျရင် ဒေစီတို့ မင်္ဂလာဆောင် သွားရအုံးမှာ ကိုကိုရဲ့၊ အဲဒါ ဗိုလ်ချုပ်ဈေးဝင်ပြီး နည်းနည်းဝယ်မလို့၊ ကိုကို့ဘီဒိုထဲက 10 လောက် ဆွဲလာခဲ့သေးတယ်၊ သုံးလိုက်မယ်နော် ကိုကို”
“သုံးလေ”

“ဟယ်… ဒီနေ့ ဒို့ကိုကို အရမ်းနဲ့ သဘောတွေ ကောင်းနေပါလား၊ ခါတိုင်းများ ခုလောက်ဆို ဘီလူးဆိုင်း တီးနေရပြီ၊ ဘာဘဲဖြစ်ဖြစ်လေ ချစ်လေးတော့ လိုချင်တာတွေရလို့ ပျော်တယ်၊ ဒါဘဲနော် ကိုကို၊ အာဘွား…ပြွတ်စ်”
“တူတူတူ…တူ”

ဖုန်းချလိုက်တော့ သူငယ်ချင်းက မေးတယ်……
“မျက်နှာက ပြုံးစိစိနဲ့၊ ဘယ်ကဖုန်းလဲ”

“သိဘူးဗျ၊ ဖုန်းမှားတာ”

ဟိုးဟိုးကျော်



No comments:

Post a Comment