Sunday 21 July 2013

လမြတ်ဝါဆို နှင့် စာဆိုများ





ပြုဗ္ဗသာန်ကြယ်ထွန်းလို့ ၊ လ၀န်းတဲ့သော်တာ၊
သည်ချိန်ကို ယုဂန်ဖျားက နှစ်ပါးရောင်ခြည်စိုက် ၊
လင်းခိုက်မို့သာ။
ရနံ့ငယ်ဖြာ၊ ညှာတံက ငုံဖူး၊
ပုန်းညက်ညို ပင်မင်းက ၊
သင်းပျံ့လိုကြူး။
စသည် ရှေးစာဆိုတို့က တင်စားဖွဲ့နွဲ့ခဲ့သည်။
“ရေလျှံတဲ့ လ၀ါဆိုမှာ ၊ ပုန်းညက်ညိုမာလာမင်းက သင်းလှတယ်လေး။”
ဟူ၍တသွယ် “မာလာပုန်းညက် ပွင့်မှန်ကူတယ် ၊ မမူ့တမူ ခိုင်အနွဲ့၊ မကြူ့တကြူ ကြိုင်အလှဲ့နှင့် ၊ ဂနိုင်ပိုင်ချဲ့ ဘုရင်စံ။”
ဟူ၍တမျိုး ၀ါဆိုမိုးနှင့် ရာသီပန်းကို  ဖွဲ့နွဲ့ကြသည်။
ဗုဒ္ဓမြတ်စွာ သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ဦးစွာ မိဂဒါဝုန်တောသို့ ကြွချီတော်မူသည်။ ဘုရားရှင်သည် မိဂဒါဝုန်တောရှိ အဇ္ဇပါလညောင်ပင်ရင်းဝယ် ထိုင်တော်မူကာ  ၀ါဆိုလပြည့် စနေနေ့တွင် ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဦးဟောခဲ့သည်။ထို့ကြောင့် ၀ါဆိုလပြည့်သည် ထူးခြားသော နေ့တနေ့ ဖြစ်သည်။
အချိန်က ယုဂန်ဖျားတွင် နေနှင့်လ နှစ်ပါး စုံညီ လင်းရောင်ဖြာလွင်ဆဲ။ နေမင်းက နှုတ်ဆက်ထွက်ခွာရန် အပြင် လမင်းက လည်း လပြည့်ညမို့  စောစီးစွာ ထွက်ပြူဝင်းပ လာနေစဉ်။
ဒွေမေဘိက္ခဝေ။ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ၊
ကတမေဒွေ ယောစာယံ ကာမေသု ကာမ သုခလိကာ၊
နုယောဂေါ၊ ဂါမ္မော၊ ပေါထုဇ္ဇနိကော၊အနရိယော၊ 
အနတ္တသံဟိတော၊
ယောစာယံအတ္တကိလမထာ နုယောဂေါ၊ ဒုက္ခော အနရိယော၊
အနတ္တသံဟိတော။
အစချီကာပီသ ကြည်မြသော အသံတော်ဖြင့်  ဓမ္မစကြာ တရားတော်မြတ်ကို လူသားငါးဦးသာ ပါရှိသည့် နတ်ဗြဟ္မာတို့အား တရားရေအေး တိုက်ကြွေး ဟောကြားတော်မူခဲ့သည်။အယုတ်တရားနှစ်ပါး ဖြစ်သည့် ဆင်းရဲပင်ပန်းခြင်းသာ ဖြစ်စေသော   အစွန်းရောက် အတ္တကိလမထာ နုယောဂ နှင့်ကာမသုခလ္လိကာ နုယောဂ  တို့ကို ပယ်သတ်ရန်။အလယ်အလတ် မဉ္ဇိမပဋိပဒါ လမ်းစဉ်ကိုလိုက်ရန် ညွှန်ကြားတော်မူခဲ့သည်။ ထိုမှ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ဖြစ်သော..
ကောင်းသော အယူယူခြင်း။
ကောင်းသော အကြံအစည်ရှိခြင်း။
ကောင်းသော စကားကိုဆိုခြင်း။
ကောင်းသော အလုပ်လုပ်ခြင်း။
ကောင်းသော အသက်မွေးခြင်း။
ကောင်းစွာ အားထုတ်ခြင်း။
ကောင်းသော သတိရှိခြင်း။
ကောင်းစွာ တည်ကြည်ခြင်း
စသည်တို့ကို ဆုံးမတော်မူပြီး ဒုက္ခသစ္စာ။ သမုဒယသစ္စာ။ နိရောဓသစ္စာ။မဂ္ဂသစ္စာတည်းဟူသော  သစ္စာလေးပါးကို ညွှန်ပြတော်မူခဲ့သည်။
ဒုက္ခသစ္စာ ဆိုသည်မှာ မလိုလားအပ်သော ဆင်းရဲခြင်းမျိုးစုံ ကြုံဆုံရခြင်း။
သမုဒယသစ္စာ ဆိုသည်မှာ တွယ်တာနှောင်ဖွဲ့သဖြင့် သောကဗျာပါဒဖြင့် ဆင်းရဲပင်ပန်းခြင်း။
နိရောဓသစ္စာဆိုသည်မှာ ထိုဒုက္ခအပေါင်းမှ ချုပ်ငြိမ်းခြင်း။ ကင်းပျောက်ခြင်း။
မဂ္ဂသစ္စာဆိုသည်မှာ. ဆင်းရဲခြင်းအကြောင်းရင်းအမှန်ကို ထိုးထွင်းရှုမြင် နိုင်ခြင်း တို့ဖြစ်သည်။ ထိုမှ အသဝေါတရားကုန်ခမ်းကာ နိဗ္ဗာန်မဂ်ဖိုလ်ကို ဆိုက်ရောက်နိုင်ပါသည် တဲ့။
ကျွန်မတို့တတွေ ဘုရားပေးသည့်နည်းကို မသိ မဟုတ် သိကြပါသည်။ တကယ်လိုက်နာကျင့်သုံးဖို့က အဝေးကြီး။ ဒါန ကုသိုလ်နှင့်သာ သူသူငါငါ  လူ့ဘ၀ကို စွန်ခွာ ထွက်သွားနေကြသည်။ခေါင်းအမျိုးမျိုးပြောင်း၍ ဘ၀အထိုထို ကျင်လည်ကြရာတွင် အကယ်၍  လူပြန်မဖြစ်ခဲ့သည်ရှိသော်..ကျွန်မတို့ သာသနာနှင့် ကမ္ဘာ အသင်္ချေ ဝေးကြရတော့မည်။ လူ့ခေါင်း လူ့ဦးနှောက်ကို မပိုင်ဆိုင်သည့် ဘုံဘ၀တခုခုတွင် ရောက်ရှိသွားသည်ရှိသော် ယခုလို တရားတော်မြတ်ကို ဘယ်သို့ ဖြောင့်စွာ နာယူကြပါမည်နည်း။
“ခွင့်သာတုန်းမှ မရုန်းချင်လျှင် ၊အရှုံး နင့်ပြင် ရှိသေးရှာလိမ့်လား။” “ခွင့်သာဆဲမှ ၊ မခဲပါလျှင်၊ အလွှဲနင့်ပြင် ရှိသေးလေလိမ့်လား။" “ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား" ဟူ၍ လယ်တီဆရာတော်ဘုရားသက်ရှိစဉ်က မေးတော်မူခဲ့သည်။

ကျွန်မတို့ ဘယ်လို အဖြေမျိုးကို ပေးနိုင်မလဲ။ 

ခင်မေသစ်

=   =   =   =   =





ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မစကြာတရားတော်သည် ၀ိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ၀ါရ-အမည်ဖြင့် လာရှိပါသည်။
မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။
ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓ၀ါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။
( ၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များ )
မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၎။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
အထက်ဖော်ပြပါ ၀ိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤ၀ါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ၀ါဆိုပန်းများ ကပ်လှူခြင်း၊ ၀ါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။
by Buddha In My Life
မှတ်ချက်။ ။https://www.facebook.com/note.php?note_id=218954414815693 မှကူးယူ ဖေါ်ပြပါသည်။
လောကီ၊ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုး ချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်ဝကြပါစေ။



 =   =   =   =   =




မြတ်ဗုဒ္ဓ နှင့် လမြတ်ဝါဆို

(၁).............

ခြောက်ဆယ့်ခုနစ် သက္ကရာဇ်ဝယ်
နယ် ကပိလ ရွှေနန်းမြ၌
လမြတ်ဝါဆို မိုးစွေစိုရွာ
ကြာသာပတေး နေ့မြတ်မွှေးကြူ
သန္ဓေယူသည်
နတ်လူငြိမ်းရန် ပြည်နိဗ္ဗာန် ..၊

(၂)............

ကိုးဆယ့်ခုနစ် သက္ကရာဇ်မှာ
လေးဖြာနိမိတ် မြင်သည့်ဟိတ်ကြောင့်
စိုးထိတ်ဗျာပွေ နန်းလျာမွေနှစ်
သူစွန့်ပစ်ကာ တနင်္လာတွင်
တောရိပ်ဝင်သည်
မဂ္ဂင်စီးရန် ပြည်နိဗ္ဗာန် ..၊

(၃).............

တစ်ရာ့သုံးနှစ် သက္ကရာဇ်တွင်
ဗောဓိပင်ရင်း သဗ္ဗဉ်ဉာဏ်ရ
ဗုဒ္ဓဖြစ်ခါ မိဂဒါသို့
ဝါဆိုလပြည့် မြတ်သောနေ့မှာ
စကြာတရား ဟောဖေါ်ကြားသည်
ငါးပါးဝဂ္ဂီ စုံအညီကို
လောကီငြိမ်းရန် ပြည်နိဗ္ဗာန် ..၊

(၄).............

တစ်ရာ့ကိုးနှစ် သက္ကရာဇ်အတိ
သာဝတ္ထိမှာ တိတ္ထိ တက္ကဒွန်း
အယူစွန်းတို့ ယှဉ်ဖို့ပြိုင်လာ
တံခိုးပြာဋိ အဂ္ဂိရေစုံ
အဖုံဖုံကို လွှမ်းခြုံဖန်ဆင်း
တုနှိုင်းကင်းလျှက် ကျင်းပပြီးချိန်
တာဝတိံနန်း ကြွမြန်းလှစ်ခါ
အဘိဓမ္မာကို သတ္တာလူနတ်
အရပ်ရပ်တွက် မိန့်ဟောမြွက်သည်
ဘဝဂ်ထိညံ ပြည်နိဗ္ဗာန် ..၊

(၅)...................

သန္ဓေ, တောထွက် ဓမ္မစက်ကို
ဟောမြွက်မိန့်မှာ ယှဉ်လာတိတ္ထိ
ပြဘိတန်ခိုး လေးမျိုးဖြစ်ရ
ဝါဆိုလပြည့် ချိန်ခါနေ့ကို
ပရမေ့သခင် မြတ်ရှင် ဘဂဝါ
ပူဇော်ပါသည် ...
သတ္တဝါအပေါင်း အေးစေကြောင်း
မေတ္တာရေလောင်း အေးစေကြောင်း ။။

( ဝါဆိုလပြည့်နေ့တွင် မြတ်ဘုရားရှင်၏ ဖြစ်စဉ်ထူးများကိုသီကုံး၍ ပူဇော်ပါသည် )
( ဝါဆိုလပြည့်နေ့၊ 22.7.2013 )
Firefly Firefly မှကူးယူဖော်ပြပေးပါသည်...  


=   =   =   =   =





“ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ”

ဝိသာခါကျောင်းအစ်မကြီးဆိုတာ အားလုံးသိတဲ့အတိုင်း သာသနာမှာ အလှူဒါန ရက်ရောသူအဖြစ် သာသနာ့မိခင်ကြီးအဖြစ် သောတာပန်အလှမဖုယားအဖြစ်၊ ရဟန်းတော်များရဲ့ ရေတွင်းရေကန်ပမာအဖြစ် ထွန်းသစ်ထင်ရှားခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဂုဏ်ယူဖွယ်ရာအကြောင်းတွေ အများကြီးရှိခဲ့ပါတယ်။ သာဝတ္ထိမြို့ရဲ့ အရှေ့ဘက်မှာ တိုက်ခန်းပေါင်း တစ်ထောင်ရှိတဲ့ ပုဗ္ဗာရုံကျောင်းကြီး လှူထားခဲ့တဲ့ ကျောင်းအစ်မကြီးတစ်ဦးဖြစ်ခဲ့သလို၊ သားသမီး(၂၀)၊ မြေး(၄၀၀)၊ မြစ်(၈၀၀၀) နဲ့ အခြွေအရံလည်း များခဲ့တဲ့ အမျိုးသမီးလည်းဖြစ်ခဲ့ပါသေးတယ်။ ထိုမျှမကသေး ဘာသာဝါဒမတူတဲ့ မိစ္ဆာဒိဋ္ဌိမိဂါရသူဌေးနဲ့ မိသားစုတို့ကို ဗုဒ္ဓဘာသာဖြစ်အောင် စည်းရုံနိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ခဲ့ပါတယ်။


 
မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော့ ဝိသာခါက ဆွမ်းစားပင့်ပါတယ်။ အဲဒီညလွန်တော့ လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်။ မြတ်စွာဘုရားရှင်က ရဟန်းတို့ ဇေတဝန်ကျောင်းမှာရွာသလို၊ လေးကျွန်းလုံးအနှံ့မှာလည်း မိုးရွာတယ်။ သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့ နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်။ ရဟန်းတော်များဟာ သင်္ကန်းအပိုအလှူခံခွင့် မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်းမပါဘဲ မိုးရေချိုးနေကြတဲ့အချိန် ဝိသာခါလွှတ်လိုက်တဲ့ အိမ်ဖော်မလေး ကျောင်းလာဆွမ်းစားချိန်ရောက်ကြောင်း လျှောက်ထားဖို့လာတဲ့အခါ၊ အဝတ်မပါဘဲ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုမြင်တော့ ဒီအရာမ်အတွင်းမှာ ရဟန်းတွေ မရှိဘူး။ အာဇီဝတက္ကတွန်းတွေသာ မိုးရေချိုးနေကြတယ်လို့တွေးပြီး ရဟန်းတွေကို မပင့်ခဲ့ဘဲ အိမ်ပြန်သွား ဝိသာခါကို အကြောင်းစုံပြန်ပြောတယ်။

ဝိသာခါက ပညာရှိတယ်။ လိမ္မာယဉ်ကျေးတယ်။ အတွေးအခေါ်လျင်မြန်ထက်မြက်တယ်။ရဟန်းတော်တွေ မိုးရေးခံသင်္ကန်းမပါဘဲ မိုးရေချိုးနေကြတာဖြစ်မယ် စဉ်းစားပြီး အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ်မံ အပင့်ခိုင်းပြန်တယ်။ အဲဒီအချိန် ရဟန်းတော်များဟာ ရေးချိုးပြီးလို့ တင့်တင်တယ်တယ် သပ္ပါယ်စွာ ဝတ်ရုံထားကြပြီးဖြစ်တယ်။ ကျောင်းတွင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ သီတင်းသုံးနေကြပြီဖြစ်တယ်။ ရဟန်းတစ်ပါးမျှ ကျောင်းမှာမရှိဘူး။ တစ်ကျောင်းလုံးတိတ်ဆိတ်နေတယ်လို့ အိမ်ဖော်မလေးက ပြန်လာပြီး ဝိသာခါကို ပြောပြန်တယ်။ ဝိသာခါက အခြေအနေကို စဉ်းစားမိပြီး ထပ်မံလွှတ်ရပြန်တယ်။ ဒီတော့မှ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ အိမ်ကြွလာတော်မူကြတယ်။

 
မိုးရွာပြီးစ ရေစီးအဟုန်တွေများနေပေမယ့် မြတ်စွာဘုရားနဲ့ သံဃာတော်တို့ရဲ့ ခြေတော်တွေ သင်္ကန်းတော်တွေမှာ ရေစိုစွတ်ခြင်း မရှိတာမြင်တော့ ဝိသာခါ အံ့သြဝမ်းသာဖြစ်ကာ ဆွမ်းကပ်လှူ၊ ဒီနောက် မြတ်စွာဘုရားထံမှာ ဆု(၈)ပါးလျှောက်ထားတောင်းဆိုပါတယ်။ အဲဒီဆု(၈)ပါးက
၁။ အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား အသက်ထက်ဆုံး မိုးရေးခံသင်္ကန်း လှူလိုပါ၏။
၂။ ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။
၃။ ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၎။ သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၅။ သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၆။ သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။
၇။ အမြဲ ယာဂု လှူလိုပါ၏။
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။ ဆိုတဲ့ ဆု(၈)မျိုးပါ။

ဝိသာခါ သင် ဘယ်လိုအကျိုးထူး ကျေးဇူးတွေမြင်လို့ ဒီဆုတွေတောင်းတာလဲ လို့ မြတ်စွာဘုရားရှင်က မေးတော့ အိမ်ဖော်မလေးပြောတဲ့စကားပြန်လျှောက်ပါတယ်။
အရှင်ဘုရား အဝတ်မစည်း အချည်းအနှီးနေခြင်းဟာ စက်ဆုပ်ရွံရှာဖွယ်ရှိလို့ မစင်ကြယ်ပါ။ ဒီအကျိုးမြင်လို့ ရဟန်းသံဃာတော်အား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်းလိုပါတယ်ဘုရား။

ဧည့်သည် အာဂန္တု ရဟန်းများ ခရီးမကျွမ်းကျင်လို့ ဆွမ်းကိစ္စ အခက်အခဲ ကြုံတတ်ပါတယ်။ တပည့်တော်မ လှူတဲ့ဆွမ်းကို ဘုဉ်းပေးပြီးမှ ခရီးလမ်းသိ ဆွမ်းခံကျွမ်းကျင်မှု ရှိပါလိမ့်မယ်။ ဒါကြောင့်လည်း ဧည့်သည်အာဂန္တုရဟန်းတို့ကို ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

ခရီးသွားရဟန်းများ ဆွမ်းရှာနေရပါက အဖော်များပြတ်ကျန် နေပါလိမ့်မယ်။ သွားချင်တဲ့ကျောင်းကိုလည်း အချိန်အခါမဲ့မှ ရောက်သွားပါလိမ့်မယ်။ တပည့်တော်လှူတဲ့ဆွမ်းကို ဘုဉ်းပေးရပါက အဲဒီဒုက္ခမှ ကင်းဝေးပါမယ်။ ဒါကြောင့် အသက်ထက်ဆုံး ခရီးသွားသံဃာအား ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

ဖျားနာတဲ့ရဟန်းမှာ လျောက်ပတ်တဲ့ဘောဇဉ် မရပါက အနာတိုးပွားနိုင်သလို အသက်အန္တရာယ်လည်း ကြုံတွေ့နိုင်ပါတယ်။ တပည့်တော်လှူတဲ့ ဘောဇဉ်စားသောက်ရပါက ဒီအန္တရာယ်ကင်းပါလိမ့်မယ်။ ဒါကြောင့် သူနာရဟန်းများကိုလည်း အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

 

သူနာပြု(ဖျားနာနေသော ရဟန်းအား လုပ်ကျွေးပြုစုသူ) ရဟန်းများ ကိုယ်တိုင်ဆွမ်းရှာနေရပါက သူနာရဟန်းအား ပြုစုရမယ့်ကိစ္စတွေ လစ်ဟင်းနေပါလိမ့်မယ်။ ဒါကြောင့် သူနာပြု ဂိလာနုပဋ္ဌာက ရဟန်းများကိုလည်း အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

သူနာရဟန်းမှာ လျောက်ပတ်တဲ့ ဆေးဝါးမရပါက ရောဂါတိုးပွားပါလိမ့်မယ်။ ဒါကြောင့် အသက်ထက်ဆုံး သူနာရဟန်းအား ဆေးဝါးလှူဒါန်းလိုပါတယ်ဘုရား။

 
အရှင်ဘုရားက အန္ဓကဝိန္ဒမြို့မှာ ယာဂုအကျိုးဆယ်မျိုးရှိတယ်လို့ ဟောကြားခွင့်ပြုတာကြောင့် ရဟန်းသံဃာအား တပည့်တော်မ အသက်ထက်ဆုံး ယာဂုလှူလိုပါတယ်ဘုရား။

 

အမျိုးသမီးရဟန်းများ အစီရဝတီမြစ်မှာ ပြည့်တန်ဆာမများတို့နဲ့ ရေဆိပ်တစ်ခုတည်းမှာ အဝတ်မစည်း ရေချိုးနေကြလို့ ပြည့်တန်ဆာမများက ရဟန်းမ ဘိက္ခုနီတို့ကို ပြက်ရယ်လှောင်ပြောင်ကြပါတယ်။ ဒါကြောင့် ဘိက္ခုနီသံဃာအား အသက်ထက်ဆုံး ရေသနုပ်(ရေလဲသင်္ကန်း) လှူဒါန်းလိုပါတယ်ဘုရားဟု ဒီဆု(၈)မျိုးကို ဝိသာခါဒကာမကြီးက တောင်းခံခဲ့တာပါ။


သံဃာများ ချမ်းသာစေလိုတဲ့ ဒီဆုတွေ ဝိသာခါတောင်းတာဟာ သာသနာအကျိုးကြည့်တာရယ်၊ သူကိုယ်တိုင် နောင်အချိန်မှာ ဝမ်းသာပီတိနဲ့ သဒ္ဓါပွားချင်တာရယ်ကြောင့် တောင်းထားတာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူခဲ့လို့ ဒီနေ့ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးများ အနေဖြင့် ဝိသာခါကျောင်းအစ်မကြီးရဲ့ ဆုရှစ်မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဝါဆိုသင်္ကန်းကို လှူဒါန်းနေကြတာဖြစ်ပါတယ်။ ဒါက ဝိသာခါကျောင်းအစ်မကြီး တောင်းခံခဲ့လို့ ဝါဆိုင်္သန်းရယ်လို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။
 

သာဝတ္ထိမြိုကို ကြွဖူးတဲ့ ရဟန်းဖြစ်ပါက ဝိသာခါရဲ့ သင်္ကန်း ဆွမ်း စတဲ့အလှူကို တစ်မျိုးမျိုးတော့ ရရှိအလှူခံဖူးမှာပဲ။ အဲဒီရဟန်းတော်များ တရားထူးရတယ်ဆိုပါက ဝိသာခါကျောင်းအစ်မကြီးရဲ့ ကျေးဇူးလည်း ရှိဖူးပြီပဲလို့ တွေးမိရင် ဝိသာခါက ဝမ်းမြောက်မယ်၊ နှစ်သက်မယ်၊ ငြိမ်းအေးမယ်။ ချမ်းသာမယ်။ တည်ကြည်မယ်။ ဣနြေ္ဒဗိုလ်၊ ဗောဇ္ဈတရားများ တိုးပွားမယ်။ ဒီအာနိသင်တွေ့မြင်လို့ ဆု(၈)ပါးကို တောင်းခံခဲ့တာဖြစ်ပါလို့ ရေးသားရင်း နိဂုံးချုပ်လိုက်တော့၏။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


=   =   =   =   =


ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့
 



  
ဝါဆိုလပြည့်နေ့သည် မြတ်စွာရှင်၏ နေ့ထူးနေ့မြတ်များထဲက တစ်နေ့အပါအ၀င်ဖြစ်ပါသည်။ ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် ၀ါဆိုလပြည့်နေ့တွင်ကျင်းပကြပါသည် ဓမ္မစကြာ အခါတော်နေ့ အဖြစ် ကျင်းပ ရခြင်းမှာ ၀ါဆိုလပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် ဓမ္မစကြာ တရားဦးကို မြတ်စွာဘုရား ဟောတော်မူသည်ကို အကြောင်းပြု၍ ဓမ္မစကြာ အခါနေ့ဟု မြန်မာနိုင်ငံ တလွှားတွင် ကျင်းပပူဇော်ကြသည်။

ဓမ္မစက္က ပ၀တ္တန ၏အဓိပ္ပါယ်သည်- တရားတည်းဟူသော အသိစက်ကို ဖြစ်စေ လည်စေတော်မူခြင်းဟု အဓိပ္ပါယ်ရသည်။ ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါးကို ညွှန်းဆိုဟောကြားတော် မူသော ဒေသနာတော် ဖြစ်သောကြောင့် ပိဋကတ် သုံးပုံ၏ အနှစ်ချုပ်တရားဟုလည်း ခေါ်ဆိုထိုက်ပေသည်။ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားရှင်သည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃ ခု ၀ါဆိုလပြည့် နေ၀င် လထွက် အချိန်၌ ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာ တရားတော်သည် ၀ိနည်းမဟာဝါ ပါဠိတော်၌ ပဉ္စ၀ဂ္ဂယ ကထာအမည်ဖြင့် လာသည်ကို တွေ့ရှိရသည်။ ပဋိသမ္ဘီဒါမဂ္ဂ ပါဠိတော်တွင် ဓမ္မစက္က ပ၀တ္တန အမည်ဖြင့်လာရှိသည်။ မဟာဝဂ္ဂ သံယုတ် ပါဠိတော်တွင် ဓမ္မစက္က ပ၀တ္တန သုတ္တ အမည်ဖြင့် လာရှိပါသည်။ ဓမ္မစကြာ တရားတော်ကို စိစစ် ကြည့်လျင် လမ်းစဉ်မှား အစွန်း ၂ခုကို ရှောင်ကြဉ်ရေး ရှောင်ကြဉ်ရေး၊ မစ္ဖျိမ ပဋိပဒါ အလယ် အလတ် လမ်းစဉ်မှန်ကို ကျင့်သုံးရေး ကို ညွှန်ကြားထားပြီး သစ္စာလေးပါး တရားတော်ကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓ၀ါဒ၏ တိကျခိုင်မှာသော သဘောတရားတွေကို လည်း တွေ့မြင်နိုင်ပါသည်။ မြန်မာနိုင်ငံအနှံအပြားတွင် ဓမ္မစကြာ အခါတော်နေ့များကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပူဇော်ကြပါသည်။

အချို့ ၀တ်အသင်းသူ အသင်းသားများက ဓမ္မာရုံများ ဘုန်ကြီးကျောင်းများ စေတီပုထိုးများမှာ ဓမ္မစကြာသုတ်တော်ကို ၀ါဆိုလပြည့်နေ့ညတွင် သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်းမှန်းပူဇော်ပြီး ရွတ်ဖတ်ပူဇော်ကြသည်။ ၀ါဆိုလပြည့်နေ့သည် ဓမ္မစကြာအခါတော်နေ့ တခုထဲတွင် မကဘဲ တချား ထူးမြတ်တဲ့အကြောင်းအရာ နှစ်ခုလည်း ရှိပါသေးသည်။ သန္ဓေယူသော နေ့ နှင့် တော်ထွက် တော်မူသောနေ့များဖြစ်ပါသည်။ ထို့ကြောင့် ပညာရှင်များက သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက်သံချို လ၀ါဆိုဟူသော သံပေါင်လေးအတိုင်း ထူးခြားချက် သုံးခုဖြစ်ပါသည်။

၁။ ဘုရားလောင်း သေတကေတု နတ်သားသည် စုတေပြီး မဟာသက္ကရာဇ် (၆၇)ခုနှစ်၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့မှာ မယ်တော်မာယာ၏ ၀မ်းကြာတိုက်မှာ ပဋိသန္ဓေ ယူတော်မူသော ထူးခြားချက်တစ်ခု…
၂။ ဘုရားလောင်း သိဒ္ဓတ္တမင်းသားသည် သက်တော်(၂၉)နှစ်မှာ အခြံအရံများ ခြံရံလျှက် မင်းဥယျာဉ်တော်သို့ ထွက်တော်မူစဉ် နတ်တို့ ဖန်ဆင်းပြသတဲ့ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုတဲ့ နိမိတ်ကြီး လေးပါးကို မြင်တော်မူပြီး သံဝေဂရ ကာ မဟာသက္ကရာဇ် (၉၇)ခုနှစ်၊ ၀ါဆိုလပြည့်၊ တနလာင်္နေ့မှာတောထွက် တောထွက်တော်မူခြင်းဟူသော ထူးခြားချက် တစ်ခု…
၃။ ဘုရားအဖြစ်သို့ ရောက်တော်မူပြီး မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ၀ါဆိုလပြည့်၊ စနေနေ့တွင် ပဉ္စ၀ဂ္ဂီငါးဦးအား တရားဦး ဓမ္မစက္ကပ၀တ္တန သုတ်တော်ကို ဟောကြားတော်မူခြင်း ဟူသော ထူးခြားချက် ဤသို့ထူးခြားချက် များနှင့် ပြည်စုံသော ၀ါဆိုလပြည့်နေဖြစ်ပါသည်။

ထိုကဲ့သို့ မြတ်ဗုဒ္ဓ၏ ထူးမြတ်သော ထူးခြားသော ဓမ္မစကြာ အခါတော်နေ့တွင် မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ရှိပြီး ပထမဆုံး ဟောကြားတော်မူခဲ့သော ဓမ္မစက္က ပ၀တ္တန သုတ်တော်ကို ကိုယ်တိုင်ရွတ်ဖတ်ပူဇော်၍ သော်လည်းကောင်း ဆရာတော် ကြီးများ ရွတ်ဖတ်သရစ္ဖျယ်ထားသော အသံသွင်း အခွေထဲမှသော်လည်းကောင်း နာယူမှတ်သား လေ့လာပွားများ နိုင်ရန် ၀ါဆိုလပြည့် ဓမ္မစကြာအကြောင်းကို ရှာဖွေ၍ တင်ပြလိုက်ရပါသည်။ ရည်ညွှန်း။
အခါတော်နေ့များ(မာဂဓီ သာစည်)
=   =   =   =   =



ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)



ဗုဒ္ဓဘာသာဝင်များအတွက် ၀ါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည်။ ၀ါဆိုလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်မှသက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်ခဲ့သည်။
ဝါဆိုလပြည့်နေ့မှာပင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် တောထွက်တော်မူခဲ့သည်။ ထို့ပြင် ၀ါဆိုလပြည့်နေ့မှာပင် ဘုရားရှင်သည် ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဓမ္မစကြာတရားဦး ဟောတော်မူခဲ့သည်။ ထိုမျှမက ၀ါဆိုလပြည့်နေ့မှာပင် ဘုရားရှင်သည် သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တိတ္ထိများကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူခဲ့သည်။

(သန္ဓေ, တောထွက်, ဓမ္မစက်, ဟောမြွက်သံချို လ-၀ါဆို) ထိုထိုအကြောင်းများကြောင့် ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်တို့က နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဤနေ့ထူးနေ့မြတ်တွင် ပါဝင်သော ဓမ္မစကြာတရား ဟောတော်မူသည့် ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ သတ်မှတ်ထားသည်။

ဘုရားရှင်သည် ဓမ္မစကြာတရားတော်ကို မိဂဒါဝုန်တောရှိ ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဟောပြောတော်မူခဲ့သည်။ ယင်းသို့ဟောပြောရာတွင် ပဉ္စ၀ဂ္ဂီ ၅-ဦးနှင့်အတူ နတ်ဗြဟ္မာ ၁၈-ကုဋေတို့ နာယူကြသည်ဟူ၍ ကျမ်းဂန်၌ ဆိုထားသည်။ ဓမ္မစကြာတရားခေါ် ဓမ္မစကြာသုတ္တန်သည် အလွန်ထူးမြတ်သည်။ ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဦးဦးဖြားဖြား ဟောကြားတော်မူသော တရားဒေသနာတော် ဖြစ်သည်။

ဤဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များ၌ ဓမ္မစက္က ပ၀တ္တန သုတ္တန်ဟူ၍ ခေါ်ဆိုထားသည်။ ဓမ္မစကြာတရားတော်တွင် ရှေးဦးစွာ ၀ဲယာအစွန်း နှစ်ပါးကို ရှောင်ကြဉ်ရန် ဟောပြောထားသည်။ ၀ဲယာအစွန်းနှစ်ပါး ဟူသည် ကာမသုခလ္လိကာနုယောဂ တည်းဟူသော ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊ အတ္တကိလမထာနုယောဂ တည်းဟူသော မိမိကိုယ်ကို ဒုက္ခပေး၍ ကျင့်ကြံအားထုတ်ခြင်း၊ ယင်း ၂-ပါးတို့ကို ရှောင်ကြဉ်၍ နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက်ကို မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်သော မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံအားထုတ်ရန် ညွှန်ပြတော်မူသည်။

မဂ္ဂင်ရှစ်ပါး ဟူသည်-
(၁) သမ္မာ ဒိဋ္ဌိ=ကောင်းမြတ်စင်ကြယ်သော သိမြင်မှု။
(၂) သမ္မာ သင်္ကပ္ပ=ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု။
(၃) သမ္မာ ၀ါစာ=ကောင်းမြတ်စင်ကြယ်သော ၀စီကံမှု။
(၄) သမ္မာ ကမ္မန္တ=ကောင်းမြတ်စင်ကြယ်သော ကာယကံမှု။
(၅) သမ္မာ အာဇီဝ=ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု။
(၆) သမ္မာ ၀ါယာမ=ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု။
(၇) သမ္မာ သတိ=ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု။
(၈) သမ္မာ သမာဓိ=ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု-တို့ ဖြစ်သည်။

ထို့နောက် ဆက်လက်၍ သစ္စာလေးပါးကို ဟောတော်မူသည်။
သစ္စာလေးပါးကား-
(၁) ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ။
(၂) ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ။
(၃) ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ။
(၄) ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော မဂ္ဂသစ္စာ-ဟူ၍ ဖြစ်ပါသည်။

ဘုရားရှင်က ဤတရားတို့ကို ပူဇော်မှု၊ ယုံကြည်မှု သက်သက်မျိုး မဟုတ်ဘဲ ကိုယ်တိုင် ကျင့်ကြံပွားများ အားထုတ်ရမည်ဟူ၍လည်း ညွှန်ပြထားတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤနေ့ထူးနေ့မြတ်ဖြစ်သော ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ဓမ္မစကြာတရားတော်ကို ဆင်ခြင်သုံးသပ်၍ကိုယ်တိုင် တတ်စွမ်းသမျှ ကျင့်ကြံပွားများ အားထုတ်သင့်ပေသည်။ အထူးသဖြင့် သစ္စာလေးပါးတွင်ဒုက္ခသစ္စာကို ပိုင်းခြား၍ သိရမည်။ သမုဒယသစ္စာကို ပယ်ရမည်။နိရောဓသစ္စာကို မျက်မှောက်ပြု (ဆိုက်ရောက်)ရမည်။ မဂ္ဂသစ္စာကို ပွားများရမည်-ဟူသော အချက် ၄-ချက်ကို ခန္ဓာဉာဏ်ရောက် နှလုံးသွင်း၍ လေ့လာမှတ်သား ပြုကျင့်သင့်ပေသည်။

ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များမြန်မာ့ရိုးရာ ၁၂ လ ရှိသည်အနက် ၀ါဆိုလပြည့်နေ့သည် -
၁။ ဂေါတမ ဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမ ဘုရားလောင်း ဓမ္မစကြာတရားစတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၎။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ ဧဟိ ဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
ဓမ္မစကြာဟောသောနေ့မှာ သံဃာရတနာအစဦးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့် ၀ါဆိုလပြည့် ဓမ္မစကြာနေ့ ၀ါဆိုလပြည့် သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။ တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် အယူမှား ယုံမှား အကျင့်မှားတို့မှ လုံးဝကင်းစင်ပြီးမြတ်ဗုဒ္ဓ ရဲ့ တရားတော် အတိုင်း ကျင့်ကြံပွါးများနိုင်တဲ့သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။

Myawady News face book

=   =   =   =   =


"၀ါဆိုအကြောင်း သိကောင်းစရာ.. "







ဝါဆိုလကို ရောက်လာပြီဖြစ်တဲ့ အတွက် သာသနာ့ဝန်ထမ်း ရဟန်းတော်များရဲ့ ၀ါဆိုဝါကပ်ရမည့် အချိန်ဟာလည်း တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များ အတွက်လည်း ၀ါတွင်းကာလတွင် အစဉ်အလာလုပ်နေကျ ဘာသာရေးအလုပ်များကို ပြုလုပ်နိုင်ရန် အားခဲထားကြပြီး ၀ါတွင်းကာလတွင် မလုပ်သင့်ဟု ယူဆကာ ရှောင်ကြဉ်ရမည့် အလုပ်များကို ၀ါတွင်းမရောက်ခင် ခုကတည်း ကြိုတင်လုပ်ဆောင် နေကြတာတွေလည်း ရှိကြပါတယ်။
ဆရာရော ဒကာများအတွက်ပါ ၀ါတွင်းကာလသည် အရေးကြီးသည်ဟု စိတ်မှာနှလုံးသွင်းထား ကြပါတယ်။ သို့ဆိုလျှင် ဘာကြောင့် အရေးကြီးတာလဲ…။ ဒီကာလကို ဘာကြောင့် ၀ါတွင်းကာလဟု ဆိုတာလဲ…၊ ၀ါဆိုဝါကပ်တယ်ဆိုတာ ဘာကိုဆိုတာလဲ… စတဲ့ ၀ါဆိုဝါကပ်ခြင်းအပါအ၀င် ၀ါဆိုနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးများကို သိထားရန် လိုအပ်လာပြန်ပါတယ်။ ဒါကြောင့် အစဉ်အလာအရ ပြောဆိုလုပ်ကိုင် နေကြပေမယ့် ဘာကြောင့်ဒီလို ပြောဆိုလုပ်ကိုင်ရတယ် ဆိုတာ မသိကြသေးတဲ့ သူများအတွက် ၀ါဆိုအကြောင်း သိကောင်းစရာ လေးများကို အနည်းငယ်မျှ သိရှိနားလည်သွားစေဖို့ ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

ဝါဆိုဝါကပ်ခြင်းဟူသည်…
-----------------------------
ဝါဆိုဝါကပ်တယ်ဆိုတာ “၀ိနည်းတော်အရ သတ်မှတ်ထားတဲ့ မိုးရာသီကာလတွင် အခြားအရပ်ဒေသသို့ ညအိပ်ညနေ ကြွရောက်ခြင်းမရှိဘဲ မိမိတိုင်ဆိုင်ရာ ကျောင်းအရမ် အတွင်းမှာသာ နေထိုင်သီတင်းသုံးပါမည့် အကြောင်း ဘုရားရှင်နှင့် သီတင်းသုံး သံဃာတော်များရှေ့တွင် နှုတ်မှမြွက်ဆို ကတိပြုခြင်းနှင့် ထိုကတိပြုမြွက်ဆိုထားသည့် ကာလအတွင်း ကျောင်းတိုက်အရာမ်တွင်းမှာသာ ကပ်ရောက်နေထိုင်ခြင်း” ကို ဆိုပါတယ်။

"၀ါဆိုခြင်းအစဉ်အလာ စတင်ခြင်း"
--------------------------------------
ဒီဝါဆိုဝါကပ်ခြင်း အစဉ်အလာသတ်မှတ်ချက် ၀ိနည်းဥပဒေဟာ ဘုရားရှင်ဘုရားဖြစ်တော်မူမူချင်း သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေမဟုတ်ပါဘူး နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ ၀ိနည်းပညတ်တော် ဖြစ်ပါတယ်။ ဒီဥပဒေသတ်မှတ်ချက် ဖြစ်ပေါ်လာပုံမှာ ဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေစဉ်က ဖြစ်ပါတယ်။
ဒီတုန်းက မြတ်စွာဘုရားအနေဖြင့် ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ်ဆိုတဲ့ ၀ိနည်းဥပဒေ မရှိသေးတဲ့အတွက် ရဟန်းတော်များဟာ နွေးမိုးဆောင်း ဥတုသုံးပါးလုံးမှာ အချိန်မရွေး မိမိတို့သင့်ရာ နေရာများကို လှည့်လည်ကြွရောက်လေ့ ရှိကြပါတယ်။ အဲလိုကြွတဲ့အခါ မိုးတွင်းကာလမှာတော့ စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းများဟာ ရဟန်းတော်များ ဖြတ်လျှောက်သွားကြလို့ ပျက်ဆီးမှုတွေ ရှိလာပါတယ်။
ဘုရားလက်ထက်ကတော့ ဘယ်ကြွကြွ ခြေလျင်ပဲ ကြွကြရတာဖြစ်လို့ လယ်ကွင်းစိုက်ခင်းများကပဲ ရဟန်းတော်များ ဖြတ်သန်းသွားလာကြရပါတယ်။ နွေရာသီ ဆောင်းရာသီများမှာ ပြဿနာမရှိပေမယ့် မိုးရာသီမှာတော့ စိုက်ပျိုးမှုများ ရှိလာပြီး ရဟန်းများကြောင့် သီးနှံစပါးစိုက်ခင်းများ ပျက်ဆီးလာတဲ့ အတွက် လူတွေဟာ ကဲ့ရဲ့လာကြပါတယ်။ ဒီအကြောင်းကို ဘုရားရှင်က သိရှိတော်မူပြီး မိုးရာသီကာလတွင် ၀ါဆိုဝါကပ်ခြင်းကို ပြုကြရမယ်၊ ၀ါမဆိုမကပ်ပါက ဒုက္ကဋ်အာပတ်သင့်စေဟု ၀ိနည်းဥပဒေ ပညတ်ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ၀ါဆိုဝါကပ်ခြင်း အစဉ်အလာ ဥပဒေစတင်ခဲ့ခြင်း ဖြစ်ပါတယ်။

"၀ါဆိုကာလ သတ်မှတ်ခြင်းနှင့် ၀ါနှစ်မျိုး"
-------------------------------------------
ဝါဆိုရမယ်လို့ ဥပဒေ၀ိနည်းပညတ်ပြီးနောက် ဘုရားရှင်က ၀ါဆိုရမယ့် ကာလကိုလည်း အတိအကျ သတ်မှတ်ပေးပါတယ်။ ၀ါဆိုဝါကပ်ခြင်းကို ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ပြုလုပ်နိုင်ပြီး အဲဒီလို ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်းကို ပုရိမ(ရှေ့)၀ါဆိုခြင်းလို့ ဆိုပါတယ်။
အကြောင်းကိစ္စတစ်ခုခုကြောင့် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်း မလုပ်နိုင်ကြတဲ့ ရဟန်းတော်များ အနေဖြင့် ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်း ပြုလုပ်နိုင်ပါတယ်။ ဒီဝါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်းကိုတော့ ပစ္ဆိမ(နောက်)၀ါဆိုခြင်းလို့ ဆိုပါတယ်။
ပုရိမ၀ါလို့ခေါ်တဲ့ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်တဲ့ ရဟန်းတော်များဟာ သီတင်းကျွတ်လပြည့်နေ့မှာ ၀ါထွက်ဝါကျွတ်ပြီး ပစ္ဆိမ၀ါလို့ခေါ်တဲ့ ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်တဲ့ ရဟန်းတော်များကတော့ တန်ဆောင်မုန်းလပြည့်နေ့မှ ၀ါထွက်ဝါကျွတ်ပါတယ်။

"၀ါပန်ခြင်းနှင့် ၀ါကျိုးခြင်း"
--------------------------
ဝါဆိုဝါကပ်ထားတဲ့ ရဟန်းတော်များဟာ ၀ါတွင်းကာလမှာ တစ်ခြားနေရာအရပ်ဒေသသို့ ညအိပ်ညနေ ကြွသွားလို့ မရပါဘူး။ နေ့လည်နေ့ခင်း နောက်နေ့ အာရုဏ်မတက်မီ ကျောင်းကို ပြန်ရောက်နိုင်ရင်တော့ ကြွလို့ရပါတယ်။ ဒါပေမယ့် အကြောင်းကိစ္စရှိလို့ မဖြစ်မနေ ကြွရောက်ရမယ့် ကိစ္စပေါ်ပေါက်လာပါက ၀ါပန်ပြီး ခုနှစ်ရက် ကြွလို့ရပါတယ်။ ခုနှစ်ရက်ထက်ပိုပြီး ကြွလို့မရပါဘူး။ ကျော်လွန်ပါက အာပတ်သင့်ပါတယ်။
ဝါပန်တယ်ဆိုတာ ခုနှစ်ရက်အတွင်း မိမိဝါဆိုဝါကပ်ပြုထားသည့် ကျောင်းကိုပြန်လည်ကြွရောက် ပါမည့်အကြောင်း အဓိဋ္ဌာန်ပြုခြင်းကို ၀ါပန်တယ်လို့ ဆိုပါတယ်။ ၀ါဆိုဝါကပ်ပြုပြီး ၀ါမပန်ဘဲ ကြွသွားခဲ့မိသော် သို့မဟုတ် ခုနှစ်ရက်ထက် ကျော်လွန်သွားခဲ့သော် ၀ါကျိုးပါတယ်။

"၀ါကျိုးခြင်းနှင့် ၀ါအရေအတွက် မရခြင်း"
----------------------------------------
ဝါကျိုးတယ်ဆိုတာ ၀ိနည်းဥပဒေ မလိုက်နာမိ၍ ဥပဒေ ကျိုးပျက်သွားခြင်းဖြစ်ပြီး ဒုက္ကဋ်အာပတ်သင့်ခြင်းကို ဆိုပါတယ်။ တစ်ချို့က ၀ါကျိုးရင်ကိုပဲ ၀ါမရဘူး ဒီကျိုးတဲ့ ၀ါကို
ဝါအရေအတွက်ထဲ ထည့်ရေလို့မရဘူးလို့ ထင်တတ်ပါတယ်။ ရေတွက်လို့ရပါတယ်။
ဝါကျိုးပျက်လို့ အာပတ်သင့်ခြင်း၊ ကထိန်ခံခွင့် မရခြင်းပဲ ရှိပါတယ်။ ၀ါအရေအတွက်လျော့ခြင်း မရှိပါဘူး။ ဒါပေမယ့် ၀ါကျိုးပျက်တိုင်းလည်း အာပတ်မသင့်ပါဘူး။ အန္တရာယ်တစ်စုံတစ်ခု ကျရောက်ဖြစ်ပေါ်ခြင်း သံဃာကွဲခြင်းကြောင့် ၀ါဆိုဝါကပ်ပျက်ခြင်း ၀ါကျိုးခြင်း ဖြစ်တဲ့အခါ ဒီဝါပျက်ဝါကျိုးခြင်းကြောင့် အာပတ်မသင့်ပါဘူး။

"၀ါဆိုသင်္ကန်း"
---------------
ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိတဲ့ သင်္ကန်းကို စာပေကတော့ ၀ဿဝါသိကစီဝရလို့ ခေါ်ပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင် မိုးရေခံသင်္ကန်းလို့ အဓိပ္ပါယ်ရပါတယ်။ ၀ိသာခါ ဒါယိကမကြီးရဲ့ တောင်းဆိုချက်ကြောင့် မြတ်စွာဘုရားရှင်က ဒီသင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူပါတယ်။ ဒီသင်္ကန်းလှူဒါန်းမှုမှာ တစ်ချို့က ၀ါမဆိုခင်ပဲ လှူဒါန်းလို့ ရတယ်လို့ ထင်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။
ဝါမဆိုခင်ရော ၀ါဆိုနေတဲ့ ၀ါတွင်းအချိန်မှာရော ကြိုက်သလောက် ကြိုက်သလို လှူဒါန်းနိုင်ပါတယ်။ ကထိန်သင်္ကန်းနဲ့ မတူတဲ့အချက်က ကထိန်သင်္ကန်းကတော့ ကာလသတ်မှတ်ချက် ကျောင်းသတ်မှတ်ချက် စတာတွေ ရှိပါတယ်။ ၀ါဆိုသင်္ကန်းကတော့ အဲလိုသတ်မှတ်ချက်မရှိဘဲ ၀ါမဆိုခင်ရော ၀ါတွင်းမှာရော ကြိုက်သလို လှူနိုင်တဲ့အချက်ပါ။ များသောအားဖြင့် ၀ါမဆိုခင်မှာ လှူကြတာများပါတယ်။ အဲဒါမှ ၀ါတွင်းမှာ ဒီသင်္ကန်းကို ၀တ်ရုံပြီး မိုးစိုတဲ့သင်္ကန်းကို အလဲအလှယ် လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်က အာရုံပြုပြီး အချိန်မရွေး လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
- [စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]

=   =   =   =   = 

“ ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ”







မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ သာသနာတော်နှစ် ၂၅၅၇၊ ခရစ်နှစ်၂၀၁၃ခုနှစ် ယခုနှစ် ဇူလိုင်လ ၂၂-ရက်နေ့သည် ဝါဆိုလပြည့်နေ့ဖြစ်ပါသည်။
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည်
မိဂဒါဝုန်တော၌ မဟာသက္ကရာဇာ် ၁၀၃ ခုနှစ် ၀ါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန် ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မစကြာတရားတော်သည် ၀ိနည်းမဟာဝါ ပါဠိတော် “ပဉ္စ၀ဂ္ဂိယကထာ” အမည်ဖြင့် လာရှိပါသည်။ ပဋီသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ “ဓမ္မစက္က ပ၀တ္တန၀ါရ” မည်ဖြင့် လာရှိပါသည်။ မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ “ဓမ္မစက္က ပ၀တ္တနသုတ္တ”အမည်ဖြင့် လာရှိပါသည်။ ဓမ္မစက္က ပ၀တ္တန၏အဓိပ္ပါယ်မှာ- တရားတည်းဟူသော အသိစက်ကိုဖြစ်စေ၊ လည်စေတော်မူခြင်းဟု အဓိပ္ပါယ်ရပါသည်။ ( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ၊ လည်စေခြင်း)
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားကို ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ “အစွန်း ၂ ခု”ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမ ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓ၀ါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
မြတ်စွာဘုရား၏ ဓမ္မစကြာ တရားတော်ကို နာကြားရသဖြင့် ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဓိယ၊ မဟာနံ၊ အဿဇိ တည်းဟူသော ပဉ္စ၀ဂ္ဂီ ငါးဦးနှင့်တကွ များစွာသော နတ်ဗြဟ္မာတို့ အကျွတ်တရား ရရှိကြ သည်။ ပဉ္စ၀ဂ္ဂီ ငါးဦးလည်း မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ပြုခွင့် ပန်ကြ၏။ မြတ်စွာဘုရား ခွင့်ပြုသဖြင့် ဧဟိဘိက္ခု ရဟန်း အဖြစ်ကို ရရှိကြသည်။ ဧဟိဘိက္ခု ရဟန်း ဆိုသည်မှာ ဘုရားရှင် က ရဟန်းဖြစ်စေဟု မိန့်တော်မူသဖြင့် ပရိက္ခရာ အစုံအလင်ဖြင့် ချက်ချင်း ရဟန်း အဖြစ်ကို ရခြင်းပင်
ဖြစ်သည်။
ဤသို့ ပဉ္စ၀ဂ္ဂီငါးဦးအား အမှူးထား၍ ဓမ္မစကြာ တရားဦးကို ဟောကြားခြင်း၊ ပဉ္စ၀ဂ္ဂီငါးဦးအား ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ခေါ်ဆောင်တော် မူခြင်းမှာ ဤ၀ါဆိုလပြည့်နေ့ပင် ဖြစ်၍ ၀ါဆိုပြည့်နေ့ကို ဓမ္မစကြာ အခါတော်အဖြစ်ဖြင့် သတ်မှတ်ကြခြင်း ဖြစ်သည်။ ၀ါဆိုလတွင် ပဉ္ဇင်းခံ ရှင်ပြုခြင်းကို ရှေးအခါက ပြုခဲ့ကြခြင်း ဖြစ်သည်။
ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင်ရဟန်းရှင် လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင် အာရုံစိုက်၍ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့အရွာရွာ၌ ဓမ္မစကြာအသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ
မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း၊ တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမဘုရားလောင်း၊ ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၎။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
ဟူ၍ဖြစ်ပါသည်။

- Myamar Buddhist Society
=   =   =   =   =



၁။ မဟာသက္ကရာဇ် ၆၇ ခုနှစ်၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့တွင် ဘုရားအလောင်းတော်သည် မယ်တော်မာယာ၏ ၀မ်း၌ ပဋိသန္ဓေနေတော်မူပါသည်။
၂။ မဟာသက္ကရာဇ် ၉၇ ခုနှစ်၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့၌ ဘုရားအလောင်းတော်သည် နန်းစည်းစိမ်ကိုစွန့်ကာ တောထွက်တော်မူပါသည်။
၃။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ၀ါဆိုလပြည့်၊ စနေနေ့၌
ပဉ္စ၀ဂ္ဂီငါးဦးကို ဓမ္မစကြာတရားဦး ဟောကြားတော်မူခဲ့ပါသည်။

“ ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ”
•••••••••••••••••••••••••••••••••••
မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ သာသနာတော်နှစ် ၂၅၅၇၊ ခရစ်နှစ်၂၀၁၃ခုနှစ် ယခုနှစ် ဇူလိုင်လ ၂၂-ရက်နေ့သည် ဝါဆိုလပြည့်နေ့ဖြစ်ပါသည် ။ထိုနေ့တွင် မြန်မာနိုင်ငံသူနိုင်ငံသား ဗုဒ္ဓဘာသာဝင်များသည် ဘုရားကျောင်းကန်များသို့သွားရောက်ခြင်း၊ ဥပုပ်သီတင်းဆောက်တည်ခြင်း၊
ဝါဆိုသင်္ကန်းကပ်ခြင်း၊ ၀ါဆိုပန်းကပ်ခြင်း စသည့် ကုသိုလ်ကောင်းမှု အမျိုးမျိုးကို ပြုလုပ်ကြပါသည်။
ဝါဆိုလပြည့်နေ့နှင့် ပတ်သက်သည့် ထူးခြားချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁။ မဟာသက္ကရာဇ် ၆၇ ခုနှစ်၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့တွင် ဘုရားအလောင်းတော်သည် မယ်တော်မာယာ၏ ၀မ်း၌ ပဋိသန္ဓေနေတော်မူပါသည်။
၂။ မဟာသက္ကရာဇ် ၉၇ ခုနှစ်၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့၌ ဘုရားအလောင်းတော်သည် နန်းစည်းစိမ်ကိုစွန့်ကာ တောထွက်တော်မူပါသည်။
၃။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ၀ါဆိုလပြည့်၊ စနေနေ့၌ ပဉ္စ၀ဂ္ဂီငါးဦးကို ဓမ္မစကြာတရားဦး ဟောကြားတော်မူခဲ့ပါသည်။

"ဘုရားရှင်ပဋိပန္ဓေနေတော်မူသောနေ့"
-------------------------------------------
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊
နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊
ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊
ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။

"ဘုရားရှင်တောထွက်တော်မူသောနေ့"
-----------------------------------------
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ အရွယ်တော်ဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြုံပင်ရိပ် ခမ်းမှာကို။

"ဓမ္မစကြာဟောတော်မူသောနေ့"
----------------------------------
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဖော်ဟောကြားသည်၊ တရားနတ်စည်၊ ရွမ်းတယ်ကို။

Dhamma Danã Source

www.facebook.com/youngbuddhistassociation.mm
 
=   =   =   =  =





"၀ါဆိုသင်္ကန်း"

ဝါဆိုသင်္ကန်းကပ်ခြင်းဆိုတဲ့ အလှူဒါနသည် ၀ိသာခါကျောင်းအမကြီးကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့တာ ဖြစ်သည်။ ထိုအလှူကို လှူသူတိုင်းက ၀ိသာခါ ကျောင်းအမကြီးကို အားကျ အမှတ်ရကြပါလိမ့်မည်။

ဝိသာခါကျောင်းအမကြီးသည် ထုံစံအတိုင်း သူဆောက်လုပ် လှူဒါန်းထားသော ပုဗ္ဗာရုံကျောင်းကို တစ်နေ့နှစ်ကြိမ် အနည်းဆုံးရောက်သည်။ ကျောင်းသွားရင်လည်း လက်ဗလာချည်း သွားလေ့သွားထ မရှိ၊ မနက်ပိုင်းသွားရင် မနက်အတွက် ရဟန်းသာမဏေများ ဘုန်းပေးနိုင်တဲ့ အစားအစာများ၊ ညနေပိုင်းသွားရင်လဲ ညနေပိုင်းအတွက် အဖျော်ရည်များ ယူဆောင်သွားလေ့ရှိသည်။ စာထဲမှာတော့ ကျောင်းအမကြီးလာရင် ကိုရင်ငယ်လေးတွေက ကျောင်းအမကြီး လက်ထဲ ဘာပါလဲဆိုတာ ကြည့်ကြသတဲ့။ ထိုအဖြစ်ကိုသိသော အနာထပိဏ်၊ ၀ိသာခါတို့သည် ကျောင်းသွားတိုင်း လက်ဗလာ မသွားဟု ဆိုသည်။

ယခု အကြိမ် ၀ိသာခါကျောင်းသွားတဲ့ အချိန်က ၀ါဆိုလဖြစ်သည်။ ကျောင်းရောက်တော့ ဘုရားနဲ့တွေ့ တရားစကားများ နာယူပြီး နောက်နေ့မနက်အတွက် ဘုရားအမှူးရှိသံဃာများ အိမ်ကို ဆွမ်းစားကြွဖို့ ပင့်ဖိတ်ခဲ့သည်။ နောက်တစ်နေ့မနက် မိုးလင်းချိန် ကျွန်းကြီးလေးကျွန်းလုံး မိုးအကြီးအကျယ် ရွာသွန်းချလေတော့သည်။ ဘုရားခွင့်ပြုချက်အရ ရဟန်းတော်တွေ သင်္ကန်း (ရေစနုပ်)မပါဘဲ ရေချိုးနေချိန် ၀ိသာခါ၏ တပည့်မ တစ်ယောက် ဆွမ်းစားချိန်ရောက်၍ ကျောင်းကို ရဟန်းတွေလာပင့်တော့ "ရဟန်းတစ်ပါးမှ မတွေ့ဘူး အ၀တ်မပါ တက္ကဒွန်းတွေပဲ တွေ့ခဲ့တယ်"ဆိုပြီး ပြန်လာလေ၏။

ဝိသာခါသည် အသိလိမ္မာရှိသူဖြစ်သည်ဖြစ်ရာကား မိုးရွာတုန်း အ၀တ်မပါဘဲ ရေချိုးနေကြသော ရဟန်းတွေပဲဖြစ်မည်ဟု သိသဖြင့် နောက်တစ်ကြိမ် ကျောင်းသို့ သွားပင့်ခိုင်းပြန်သည်။ ထိုအချိန်မှာတော့ ရဟန်းတော်များ သင်္ကန်းများယူဆောင်ပြီး မိမိတို့ အသကအသက နေရာမှာ သွားပြီး ရေချိုးပြီး စိုရွှဲနေသော ခန္ဓာကို ခြောက်သွေ့အောင် လုပ်နေရာသည်။ ကျောင်းမှာ ဘယ်ရဟန်းကိုမှ မတွေ့ရဘဲ ပြန်သွားပြန်သည်။

ဝိသာခါသည် ဒီအခြင်းအရာကိုလည်း သိသည်။ နောက်တစ်ကြိမ်ကျောင်းသို့ လွှတ်ပြန်သည်။ ထိုအချိန်မှာတော့ ဆွမ်းစားကြွချိန်တန်ပြီးဖြစ်၍ မြတ်စွာဘုရားက ရဟန်းတော်အားလုံးသင်္ကန်းများ ပြင်ဆင်ပြီး စုရုံးခိုင်းသည်။ ဘုရားရှင်၏ တန်ခိုးဖြင့် ၀ိသာခါအိမ်ပေါက် ရောက်သွားသည့်အခါ ၀ိသာခါ အံ့ကြရပြန်သည်။ စောစောလေးကမှ မိုးအကြီးအကျယ် ရွာထားသဖြင့် လမ်းတစ်လျှောက်လုံးသည် ခါးလောက် မြုပ်နိုင်လောက်အောင် ရေတွေဖြင့် လွှမ်းနေသည်။ သို့သော်လည်း ဘုရားရှင်နှင့် ရဟန်းသံဃာအားလုံး သင်္ကန်းများ ရေမစိုသည့်အပြင် ခြေမျက်စိလေးကိုတောင်မှ ရေစိုထားတာ မတွေ့ရချေ။

ဘုရားနှင့်ရဟန်းသံဃာများ ဆွမ်းကပ်ပြီး ကျောင်းအမကြီးသည် အရှင်ဘုရားအား တပည့်တော် ဆုလာဘ် ၈ မျိုး သနားချီးမြောက်တော်မူပါဘုရားဟု လျှောက်ထားလေသည်။ အပ်စပ်သောဆုဆို တောင်းစေ ဟု ဘုရားခွင့်ပြုတော်မူသောကြောင့် အောက်ပါဆို ဆု ၈ မျိုးကို တောင်းသည်။ ဘုရားလည်း ခွင့်ပြုသည်။
(၁) အသက်ထက်ဆုံး ရဟန်းတော်များအား ၀ါဆိုသင်္ကန်းလှူခွင့်ပြုရန်
(၂) ကျောင်းသို့ ရောက်လာကြသော အာဂန္တု ဧည့်သည် ရဟန်းတော်များအား ဆွမ်းဟင်းများ လှူခွင့်ပြုရန်
(၃) ခရီးသွား ရဟန်းတော်များအား ဆွမ်းဟင်းများ လှူခွင့်ပြုရန်
(၄) မနာမကျန်းဖြစ်နေသော ရဟန်းကို ပြုစုလုပ်ကျွေးနေသော ပုဂ္ဂိုလ်အား ဆွမ်းဟင်းများ လှူခွင့်ပြုရန်
(၅) မနာမကျန်းသော ရဟန်းအား ဆွမ်းဟင်းများ လှူရန်
(၆) မနာမကျန်းဖြစ်သော ရဟန်းအား ဆေးပစ္စည်းများ လှူရန်
(၇) အမြဲမပြတ် ဆန်ပြုတ် (ယာဂု)ဆွမ်းလှူရန်
(၈) ရဟန်းမ (ဘိက္ခုနီမ)တို့အား ရေသနုပ်လှူရန် တို့ဖြစ်သည်။

သင်္ကန်းလှူရခြင်းကြောင့် သေချာတဲ့ အကျိုးကတော့ ရဟန်းတော်များ သင်္ကန်းအတွက် မပူရ မပင်ပန်းရခြင်းဖြစ်သည့်အတွက် ရဟန်းအလုပ် ချမ်းချမ်းသာသာ လုပ်နိုင်သည်။ ထိုသင်္ကန်းက ထိုအသုံးပြုသော ရဟန်းအား အရှက်ကိုလည်း ကာကွယ်မည်။ အချမ်း အပူ လေ နေစတဲ့ ရာသီဥတုဒဏ်ကိုလည်း ဆောင့်ရှောက်မည်။ မှည့်, ခြင်, ယင်, ပိုးမွှားစသော အန္တရာယ်မှလည်း ကာကွယ်စောင့်ရှောက်သဖြင့် ရဟန်းအလုပ်ကို ချမ်းချမ်းသာသာ လုပ်ခွင့်ရမည်။ လှူတဲ့သူမှာ တန်ပြန်အနေနဲ့ ထိုအကျိုးများရရှိမည်။

သင်္ကန်းလှူခြင်းကြောင့် အသားရေလှပခြင်း၊ ကျန်းမာခြင်း စတဲ့ကုသိုလ်၏ အကျိုးများအပြင် အချိန်အခါအလျောက် လှူခွင့်ရသည့်အတွက် ကာလဒါနဖြစ်သည်၊ ထိုအကျိုးကတော့ လိုတရ ပဲဖြစ်သည်။ အမျိုသမီးများ သင်္ကန်းလှူခြင်းကြောင့် ၀ိသာခါကျောင်းအမကြီး ပိုင်ဆိုင်သည့် စိန်ရွှေရတနာပေါင်းစုံ စီခြယ်ထားသည့် ကိုးကုဋေတန် မဟာလတာ မြတ်တံဆာကြီးကိုလဲ ပိုင်ဆိုင်ဦးမည်။

နောက်ဆုံး အာသဝေါကင်းကွာ ရဟန္တာမကြီးဖြစ်မည်။ အမျိုးသားများအတွက်တော့ ဧဟိဘိက္ခုနဲ့ ရဟန္တာ ဖြစ်ခွင့်ရမည်။ ဘုရားလက်ထက်က ပဉ္စ၀ဂ္ဂီတို့ ယသအမျိုးကောင်းသားတို့သည် ရှေးက သင်္ကန်းပရိက္ခရာလှူဒါန်းခဲ့ခြင်းကြောင့် ဘုရားနဲ့တွေ့တော့ သိမ်တွေ ကမ္မ၀ါတွေ ရွတ်ဖတ်ပေးစရာမလိုဘဲ သင်္ကန်းသပိတ် ရှာစရာ မလိုဘဲ ဘုရားက ‘‘ဧဟိ ဘိက္ခ’’ ငါ့ရှင် ရဟန်း လာခဲ့ လို့ ခေါ်လိုက်ရုံနဲ့ အလိုအလျောက် ၀ါတော် ၆၀ ရ မထေရ်ကြီးကဲ့ သပ္ပါယ်တင့်တယ်စွာ ဖူးမျှော်ရသည်။

ဘာဟိယဒါရုစိယ အမျိုးသားသည် ဘုရားနဲ့တွေ့လို့ တရားနာလိုက်
ရခြင်းကြောင့် ရဟန္တာဖြစ်သွားပါလျက် သင်္ကန်းပရိက္ခရာ မရှိလို့ ရဟန်းမဖြစ်လိုက်ရ။ ဘုရားကလဲ သူ့ရဲ့အတိတ်က သင်္ကန်းလှူခဲ့တဲ့ ဒါန မရှိခဲ့တော့ ဧဟိ ဘိက္ခု ခေါ်ခွင့်မရ၍ လမ်းမှာပဲ နွားမခွေ့သတ်လို့သေရသည်။ ရဟန္တာဖြစ်လျှင် လူဝတ်ကြောင်ဘ၀နဲ့ ရပ်တည်ခွင့်မရ၊ ရဟန်းပြုရင် ပြု မပြုလျှင်တော့ ပရိနိဗ္ဗာန်ပြုရသည်။ ဘာဟိယဒါရုစိယ အမျိုးသားကတော့ ရှေးက၀ဋ်ကြွေးကြောင့် ထိုနေရာမှာပဲ ဘီလူးမ ဟန်ဆောင်သော နွားမခွေ့အသတ်ခံရသည်။ သင်္ကန်းမလှူခဲ့ခြင်းကြောင့် အလွယ်တကူ ရဟန်းဖြစ်ခွင့်မရလိုက်။

ဤသို့အားဖြင့် အလွယ်တကူ ရဟန်းဖြစ်ခွင့် ရဟန္တာဖြစ်ခွင့်များ ရလိုပါလျှင် သင်္ကန်းလှူကြပါလေ---------။

( သီတဂူစတား )
=   =   =   =   =


လမြတ်ဝါဆို




လမြတ်ဝါဆို

ရှေးဆရာတော်ကြီးများကတော့ ၀ါဆိုလကို “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ၀ါဆို”လို့ အထူးပြု ဖော်ကျူးလေ့ရှိကြပါတယ်။ ရှေးကသတ်မှတ်ခဲ့ကြတဲ့ မဟာသက္ကရာဇ် သတ်မှတ်ချက်အရတွေရယ် ဒီနေ့ခေတ် မြန်မာတို့ သတ်မှတ်ကြတဲ့ သက္ကရာဇ်အရတွေရယ်ကြောင့် ဘုရားလောင်း ပဋိသန္ဓေယူတဲ့နေ့ရယ်၊ အသက် ၂၉နှစ်အရွယ်မှာ လောကီစည်းစိမ်တွေကို စွန့်ပြီး တောထွက်သွားတဲ့နေ့ရယ်၊ အသက် ၃၅နှစ်အရွယ်မှာ သဗ္ဗညုတ (အလုံးစုံကိုသိတဲ့) ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးနောက် ပထမဆုံး တရားဦးဒေသနာ ဟောတော်မူတဲ့ နေ့ရယ်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဒီဝါဆိုလပြည့်နေ့တွေမှာပဲ ဖြစ်ခဲ့ပါတယ်။

ခုနှစ်ကွာ၊ စနေ၊ တနင်္ဂနွေ စတဲ့နေ့တွေ ကွာခြားပေမယ့် ၀ါဆိုလပြည့်နေ့ဆိုတဲ့ လသတ်မှတ်ချက်ကတော့ အတူတူပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ၀ါဆိုလဟာ အထူးသဖြင့် ၀ါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘုရားရှင်နဲ့ ပတ်သက်တဲ့ ထူးခြားမှုတွေ တစ်ပြိုင်တည်း ပြည့်စုံနေတဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့အတွက် ဒီဝါဆိုလကို လမြတ်ဝါဆိုလို့ ဆိုခြင်း ဖြစ်ပါတယ်။

ပိုပြီး ထူးခြားမှုကို ဖြစ်စေတာကတော့ ဒီဝါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဦး ဒေသနာတော်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတရားဦး ဒေသနာတော်ကို ဓမ္မစက္က ပ၀တ္တနသုတ်လို့ အမည်ပေးပါတယ်။ တရားတော်ကို အကြောင်းအကျိုးစီလျော်စွာ ရှေ့နောက်ဆက်စပ်ပြီး လှည်းဘီးစက်လည်သလို အကြားအလပ်မရှိ တစ်စပ်တည်း ဟောကြားတော်မူတဲ့ အတွက်ကြောင့် ဓမ္မစက္က ပ၀တ္တနလို့ ခေါ်ပါတယ်။

မြန်မာဗုဒ္ဓဘာသာတွေကတော့ လွယ်လွယ်ကူကူပဲ ဓမ္မစကြာတရားလို့ ပြောဆိုကြပါတယ်။ ပြီးတော့ ဒီတရားဟောတော်မူတဲ့ နေ့ကိုလည်း ဓမ္မစကြာ အခါတော်နေ့လို့ အထူးပြု ပြောဆိုကြပြီး မြတ်ဗုဒ္ဓရဲ့ ဒီဒေသနာတော်ကို ၀ါတွင်းကာလမှာ အထူးပြု ရွတ်ဆိုပူဇော်လေ့ ရှိကြပါတယ်။

မြတ်ဗုဒ္ဓက ဒီတရားဒေသနာတော်ကို ဘုရားအဖြစ်ကို ရောက်ရှိပြီး (၃)လမြောက်မှာ တရားအားထုတ်စဉ် အလုပ်အကျွေးပြုခဲ့ကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးနဲ့ တရားဦးဒေသနာတော်ကို နာကြားဖို့ စောင့်မျှော်နကြတဲ့ နတ်ဗြဟ္မာအပေါင်းကို စတင်ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသနာကို ဟောကြားတဲ့နေရာက ဗာရဏသီပြည်၊ မိဂဒါဝုန်တောမှာဖြစ်ပါတယ်။

ဒီတရားဦးဒေသနာမှာ မြတ်စွာဘုရားရှင်က ကာမဂုဏ်အာရုံတွေမှာ အလွန်အကျူး တပ်မက်ပျော်ပါးတတ်တဲ့ ကာမသုခလ္လိကာနုယောဂ အကျင့်နဲ့ မိမိကိုယ်ကို အလွန်အကျူး ညှင်းစဲနှိပ်စက်တဲ့ အကျင့်ဖြစ်တဲ့ အတ္တကိလမထာနုယောဂ အကျင့်တွေကို ရှောင်ရှားပြီး အလယ်အလပ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်ကို ကျင့်သုံးဖို့ ဟောတော်မူပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓမိန့်တော်မူတဲ့ အလယ်အလတ် လမ်းစဉ်ဆိုတာ တစ်ခြားမဟုတ်ဘဲ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ပင်ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြတော်မူပါတယ်။ ဘာပဲလုပ်လုပ် အစွန်းမရောက် စေရန်အတွက်
မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ
မှန်ကန်တဲ့အတွေး သမ္မာသင်္ကပ္ပ
မှန်ကန်တဲ့စကား သမ္မာဝါစာ
မှန်ကန်တဲ့အလုပ် သမ္မာကမ္မန္တ
မှန်ကန်တဲ့အသက်မွေးမှု သမ္မာအာဇီဝ
မှန်ကန်တဲ့ကြိုးစားအားထုတ်မှု သမ္မာဝါယမ
မှန်ကန်တဲ့သတိရှိမှု သမ္မာသတိ
မှန်ကန်တဲ့သမာဓိရှိမှု သမ္မာသမာဓိ
ဆိုတဲ့ လမ်းစဉ်ရှစ်ချက်ကို လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ဖို့ ဟောတော်မူပါတယ်။

ဒီဒေသနာတော်ရဲ့ အနှစ်ချုပ်ဟာ အစွန်းနှစ်ပါးရှောင်ရှားပြီး အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးရေးပဲ ဖြစ်ပါတယ်။ ဒီလို အလယ်အလတ်လမ်းစဉ်ကို သွားနိုင်ရေးအတွက် အင်္ဂါရပ်ရှစ်ပါးဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို အဓိကထားသွားရမှာ ဖြစ်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒီလို မဂ္ဂင်ရှစ်ပါး လမ်းစဉ်အတိုင်း သွားနေရင် မဂ္ဂသစ္စာဆိုက်မှာ ဖြစ်ပြီး မဂ္ဂသစ္စာဆိုက်ရင် ဒုက္ခအားလုံးချုပ်ရာ နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။

နိရောဓသစ္စာကို မျက်မှောက်ပြုပြီဆိုရင်တော့ တွယ်တာမှုတဏှာလို့ ခေါ်တဲ့ သမုဒယသစ္စာကို ပယ်ပြီးသားဖြစ်ကာ သမုဒယသစ္စာကို ပယ်လိုက်တာနဲ့ ဒုက္ခသစ္စာလည်း မရှိနိုင်တော့ပါဘူး။ ဒါတွေအားလုံးရဲ့ အချုပ်က အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ ဖြစ်ကြောင်း အနှစ်ချုပ်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါက ၀ါဆိုလပြည့်နေ့မှာ ဟောတော်မူခဲ့တဲ့ တရားဦး ဓမ္မစကြာ ဒေသနာရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဒေသနာတော်အရ သတ္တ၀ါတွေ အနေနဲ့ လက်တွေ့ဘ၀မှာလည်း ဘာပဲလုပ်လုပ် အစွန်းမရောက်ဖို့လိုပြီး အလယ်အလတ်လမ်းစဉ် ဖြစ်ဖို့လိုတယ်ဆိုတာ နားလည် သဘောပေါက်နိုင်ပါတယ်။ တရားဦးဒေသနာတော်မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့အတိုင်း မှားယွင်းပြီး အလွန်အကျူး ဖြစ်စေတတ်တဲ့ အကျင့်တွေကို ရှောင်ရှားကာ မှန်ကန်တဲ့ လမ်းစဉ်အကျင့်ကို လျှောက်လှမ်းကြဖို့ လိုတယ်ဆိုတာ သတိပြုစရာ ဖြစ်ပါတယ်။

သတိပြုရုံနဲ့ မပြီးဘဲ လက်တွေ့ဘ၀မှာလည်း ဘာပဲလုပ်လုပ် အစွန်းမရောက်စေဖို့နဲ့ မဇ္ဈိမပဋိပဒါဖြစ်စေဖို့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ဒါက တရားဦးက ပေးတဲ့လမ်းစဉ်နဲ့ အနှစ်သာရဖြစ်ပါတယ်။ လမြတ်ဝါဆိုလို့ ဆိုရာမှာ ဒီလို အနှစ်သာရ တရားတွေကြောင့် အမြတ်ဆုံးဖြစ်ကြောင်း ဆိုတာလို့ ပြောရင်ပိုပြီး အဓိပ္ပါယ် ပြည့်ဝစေပါတယ်။

ဘာပဲဖြစ်ဖြစ် ၀ါဆိုလကတော့ ဗုဒ္ဓဘာသာတွေအတွက် လမြတ်တစ်ခုဆိုတာ သေချာပါတယ်။ ပြီးတော့ ၀ါဆိုလက အစပြုပြီး သတ်မှတ်ကြတဲ့ ၀ါတွင်းကာလဟာလည်း အမြတ်တရားတွေ ရယူဖို့အတွက် အကောင်းဆုံး ကာလသတ်မှတ်ချက် ဖြစ်ပါတယ်။ ပုထုဇဉ်သဘာဝ တစ်ခါတစ်လေ သတ်မှတ်ပြဋ္ဌာန်းချက်တွေ မရှိရင် ဘာပဲဖြစ်ဖြစ် အလေးမထားဘဲ ပေါ့ပေါ့တန်တန် လုပ်မိတတ်တာတွေ ရှိပါတယ်။ အထူးသဖြင့် ကုသိုလ်ရေး အပိုင်းတွေမှာပါ။

သတ်မှတ်ချက်လေးတွေ ရှိနေရင်တော့ ဒီကာလ ဒီအချိန်လေးလောက်တော့ ကြိုးစားပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ အပြစ်ကင်းအောင် အဓိဋ္ဌာန်လေးတွေ ၀င်ပြီးနေမယ်ဆိုတဲ့ စိတ်အကြံ လေးတွေ ဖြစ်ပေါ်တတ်တဲ့အတွက် ၀ါတွင်းကာလမှာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ပြုပြီး ပရိယတ် ပဋိပတ်အလုပ်တွေကို လုပ်နေကြသလို သတ်မှတ်ချက်ရှိမှ အလုပ်လုပ်ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့လည်း ၀ါတွင်းကာလမှာ ဥပုသ်သီလလေးတွေ စောင်သုံးပြီး ငါးပါးသီလကို အထူးလုံအောင် ကြိုးစားကာ တတ်နိုင်သမျှ သမထဘာဝနာ ၀ိပဿနာ ဘာဝနာလေးတွေ လုပ်ကြမယ်ဆိုရင်တော့ အမြတ်ဆုံးကာလ အမြတ်ဆုံး အချိန် ဖြစ်ကြမှာ ဖြစ်ပါတယ်။

ဝါတွင်းကာလမှာ အိမ်ထောင်မပြုရဘူး၊ အိမ်ထောင်မပြုကောင်းဘူးလို့ သတ်မှတ်ချက် မရှိပေမယ့် ကာမဂုဏ်ကိစ္စတွေကို ရှောင်နိုင်အောင် ကြိုးစားတာက ကောင်းပါတယ်။ ၀ါတွင်းကာလ တစ်ခြားနေ့တွေမှာ ကာမဂုဏ်ကိစ္စကို မရှောင်နိုင်ပေမယ့် တစ်လင်တစ်မယားစနစ်နဲ့ ငါးပါးသီလကို လုံခြုံအောင် ထိန်းရင်း ဥပုသ်နေ့တစ်နေ့လောက်တော့ တစ်လင်တစ်မယားစနစ်ကိုပါ ရှောင်ကြဉ်ပြီး မေထုန်အမှုကို မပြုဘဲ ဥပုသ်သီလလေးတွေ လုံခြုံအောင် စောင့်ထိန်းပြီး နေနိုင်ရင်ပိုကောင်းပါတယ်။ ဒါဟာ ကာလသတ်မှတ်ချက်တွေနဲ့ ကိုယ်ကိုယ့်ကို အမြတ်ရအောင် ကြိုးစားရင်း ကုသိုလ်တိုးအောင် လုပ်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ၀ါတွင်းကာလမှာ နေ့စဉ် ဥပုသ်မစောင့်နိုင်တာတောင်မှ ဥပုသ်နေ့ တစ်နေ့လောက်တော့ ဥပုသ်လေးတွေ ယူနိုင်ကြရင် ကောင်းမှာပဲလို့ ဆိုလိုတာဖြစ်ပါတယ်။ အဲဒီလိုသာ ကြိုးစားပြီး နေကြမယ်ဆိုရင် ၀ါဆိုလကို အစပြုပြီး သတ်မှတ်ပေါ်ပေါက်ခဲ့တဲ့ ၀ါတွင်းကာလဟာလည်း ကုသိုလ်ချစ်ခင် သူတော်စင်တို့အတွက် အမြတ်ဆုံးလ၊ အမြတ်ဆုံးကာလတွေ ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒါကြောင့် လမြတ်ဝါဆိုရဲ့ ထူးခြားမှုအကြောင်းလေးကို ဖော်ညွှန်းကာ ဓမ္မစကြာ ဒေသနာတော်ရဲ့ အနှစ်ချုပ်ပါ မိတ်ဆက်ပေးပြီး သတ်မှတ်ချက်တွေနဲ့မှ ကုသိုလ်လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်တွေ အနေနဲ့ ၀ါတွင်းကာလဟာ ကုသိုလ်လုပ်စရာ အကောင်းဆုံး အမြတ်ဆုံး ကာလတစ်ခု ဖြစ်တယ်ဆိုတာ တင်ပြရင်း တစ်နှစ်မှာ ကုသိုလ်ထက် အကုသိုလ်က ပိုများတတ်ကြတဲ့ ပုထုဇဉ်တွေအတွက် ဒီဝါတွင်းကာလ သုံးလလောက်တော့ ကုသိုလ်တရားလေးတွေစုရင်း ဥပုသ်သီလလေးများနဲ့ အကျင့်တရားများကို မြင့်မားအောင် ကြိုးစားနိုင်ကြဖို့ လမြတ်ဝါဆိုကို အကြောင်းပြုပြီး ကောင်းမှုတစ်ခု ပြုလိုက်ရပါတယ်။
 
စာရေးသူ= မနာပဒါယီ အရှင်ဝိစိတ္တ
 
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
=   =   =   =   =



ဝါ၀င်လှူဒါန်း မြတ်သင်္ကန်း




ဝါ၀င်လှူဒါန်း မြတ်သင်္ကန်း
 
မကြာခင် ၀ါတွင်းကာလ ၀င်ရောက်လာတော့မယ်၊ ၀ါဝင်ပြီဆိုတာနဲ့ ဗုဒ္ဓဘာသာဝင်တို့ထုံးစံ အတိုင်း ၀ါဆိုသင်္ကန်းကို သဒ္ဓါထက်သန်စွာ လှူဒါန်းလေ့ရှိကြတာဟာ ချစ်စရာ့ဓလေ့ထုံးစံတစ်ခုပါ၊

ဦးဇင်းတို့မြန်မာပြည်မှာရှိနေရင်တော့ ခုချိန်ဆိုဝါဆိုသင်္ကန်းကပ်တွေနဲ့ အလုပ်ရှုပ်နေတဲ့ ကာလပေါ့၊ ခုတော့ရေခြားမြေခြားမှာ ၀ါဆိုသင်္ကန်းမပြောနဲ့ ၀ါကပ်ဖို့ကျောင်းတောင်မရှိတဲ့ ဘ၀မျိုး ရောက်နေ ပါတယ်၊ ဒီတော့ အခပေးပြီး ငှါးနေတဲ့အိမ်ကိုကျောင်းအမှတ်နဲ့ ၀ါကပ်ရုံပဲရှိတော့ တာပေါ့၊ အဲဒီ ၀ါဆိုသင်္ကန်းလှူဒါန်းတဲ့အလေ့အထ ဘယ်အချိန်ကစခဲ့တယ်ဆိုတာ သိထားသင့်ပါတယ်၊ ၀ါဆိုသင်္ကန်းနဲ့ မိုးရေခံသင်္ကန်းကို သေချာမသိဘဲ တူသလိုလို မှားပြောမိတတ်ကြပါတယ်၊

တကယ်တော့ ၀ါဆိုသင်္ကန်းနဲ့ မိုးရေးခံသင်္ကန်းဆိုတာ တခြားစီပါ၊ (၀ါဆိုသင်္ကန်းရဲ့ပါဠိအမည်က ၀ဿာဝါသိကဖြစ်ပြီး ဥဒကသာဋိကဆိုတာက မိုးရေခံသင်္ကန်း(ရေ၀တ်လဲ ရေသနုပ်သင်္ကန်း) ကိုခေါ်တာပါ၊) သူတို့ဖြစ်ပေါ်လာပုံ သမိုင်းနောက်ခံကိုယ်စီရှိကြပါတယ်၊ ၀ါဆိုသင်္ကန်း အကြောင်းမပြောခင် သံဃာတော်များ ၀တ်ရုံတဲ့သင်္ကန်းရဲ့ ရာဇ၀င်ကို သိထားသင့်ပါတယ်၊

သင်္ကန်းအစ ဇီဝက
သင်္ကန်းကို အမျိုးစားခွဲလိုက်ရင်
• ခါးဝတ်သင်းပိုင်၊
• အပေါ်ရုံဧကသီ၊
• နှစ်ထပ်သင်္ကန်း၊
• အိပ်ယာခင်း၊
• မျက်နှာသုတ်ပုဝါ၊
• ပရိက္ခာရစောဠပုဆိုး၊
• နိသီဒိုင်အခင်း၊
• မိုးရေခံသင်္ကန်း၊
• အမာ(အနာ)လွှမ်းသင်္ကန်း ဆိုပြီး ကိုးမျိုးထွက်လာပါတယ်။

အဲ့ဒီသင်္ကန်းကိုးမျိုးကို အနှစ်ချုပ်လိုက်ရင်
(၁)ဂဟပတိစီဝရ- အလှူရှင်များကလှူဒါန်းတဲ့သင်္ကန်း၊
(၂)ပံသုကူလိကစီဝရ- ကိုယ်တိုင်ေ ကာက်ယူပြီး ချုပ်ဝတ်ရတဲ့ ပံသုကူလိက(ပံသကူ)သင်္ကန်းလို့ ဒီလိုနှစ်မျိုးပဲ ရှိပါတယ်။

ဘုရားရှင်ပွင့်တော်မူစက ပံသုကူလိကခေါ် ပံ့သကူသင်္ကန်းပဲရှိပါသေးတယ်၊ လူအများစွန့်ပစ်ထားတဲ့ အ၀တ်တွေကို စပ်ချုပ် ဖန်ရည်ဆိုးပြီး ၀တ်ရတဲ့ ရဟန်းတို့ အခြေနေ ကို မြင်ယောင်ပြီးသာကြည့်လိုက်ပါ၊ အခုခေတ်ကိုယ်တော်တွေနဲ့များ ကွာပါ့နော်၊ ဒီလိုအခြေနေကို ဆရာဇီဝကသတိပြုမိပုံပေါ်ပါတယ်၊ ဒါကြောင့် တစ်နေ့ ဘုရားဆီချဉ်းကပ်ပြီး ဆုနှစ်မျိုးတောင်း တဲ့အခါ သံဃာတော်တွေအတွက် ဂဟပတိစီဝရလို့ခေါ်တဲ့ အလှူရှင်တွေလှူတဲ့သင်္ကန်းကို ခွင့်ပြုဖို့လျှောက်တော့ ဘုရားရှင်ကလည်း လိုလိုလားလားခွင့်ပြုပေးပါတယ်၊ ယနေ့ရဟန်းတော်တွေ ဒီလိုသင်္ကန်းဝတ်ရတာဟာ ဆရာဇီဝက ကျေးဇူးကြောင့်ဖြစ်ပါတယ်။


သင်္ကန်းဖန်တီးရှင် ဒီဇိုင်နာ
သင်္ကန်းကိစ္စခွင့်ပြုခဲ့ပေမယ့် အဲဒီတုန်းက ရဟန်းတွေဝတ်ရုံတဲ့ သင်္ကန်းတွေဟာ ကြုံသလိုချုပ်ဆိုးပြီး ၀တ်ကြရတာဆိုတော့ ဒီခေတ်သင်္ကန်းတွေလို စနစ်တကျ သပ်သပ်ရပ်ရပ် မရှိသေးတာတော့အမှန်ပါ၊
တနေ့ မြတ်စွာဘုရားနဲ့ အရှင်အာနန္ဒာ မဂဓတိုင်း ဒက္ခိဏဂီရိကိုအသွား လယ်ကွင်းတွေကိုတွေ့တော့ ဘုရားရှင်က““ဒီလို လယ်ကွက်တွေနဲ့ ပုံစံတူသင်္ကန်းတွေကို မင်းချုပ်နိုင်မလား”လို့မေးတဲ့အခါ အရှင်အာနန္ဒာက ချုပ်နိုင်ကြောင်းပြောပြီး သင်္ကန်းတွေ ကို ဖြတ်တောက်ချုပ်စပ်ပြီး ဘုရားရှင်ကိုပြတော့ ချီးကျူးတော်မူပီး ရဟန်းတွေအတွက် အကဲ့ရဲ့ လွတ်ကာ သင့်တင့်လျှောက်ပတ်ပြီး သူခိုးရန်ကကင်းတာကြောင့် ဒီလိုဒီဇိုင်းမျိုးနဲ့ သင်္ကန်းတွေ ကို ဖြတ်တောက်ပြီးချုပ်ဖို့မိန့်တော်မူပါတယ်၊ အရှင်အာနန္ဒရဲ့ဖန်းတီမှုကြောင့် သင်္ကန်းတွေဟာ လယ်ကွက်အသွင်နဲ့ ယနေ့မြင်တွေ့နေကြရတာပေါ့။


ဝါဆိုသင်္ကန်းအစ စစ်သည်တော်က
အရေးကြီးတဲ့ ၀ါဆိုသင်္ကန်းအကြောင်းပြောပါတော့မယ်၊ ၀ါဆိုသင်္ကန်းဆိုတာ (၀ဿံ အာဝါသော ၀ဿာဝါသော၊ ၀ဿာဝါသာနံ ဒိန္နံ ၀ဿာဝါသိကံ-မိုးလပတ်လုံးနေခြင်းရှိသော သံဃာတော်တို့အား လှူဒါန်းအပ်သောသင်္ကန်းဆိုတဲ့ ၀ိဂြိုဟ်အရ) ဒကာ/ဒကာမများက ၀ါကပ်တဲ့သံဃာတော်တွေကို ၀ါကျွတ်ကာလပဲဖြစ်စေ၊ ၀ါကျွတ်မှဝတ်ဖို့အတွက် ၀ါတွင်းမှာပဲဖြစ်စေ လှူဒါန်းတဲ့သင်္ကန်းကို “၀ဿာဝါသိက”၀ါဆိုသင်္ကန်းလို့ခေါ်ပါတယ်၊ ဒီတော့ ၀ါဆိုသင်္ကန်းဆိုတာ စောစောကပြောခဲ့တဲ့ သင်္ကန်းကိုးမျိုးထဲက တမျိုးသာဖြစ်ပါတယ်၊ အဲ့ဒီကိုးမျိုးကလွဲလို့ ၀ါဆိုသင်္ကန်းဆိုပြီး သီးခြားနာမည် မရှိပါဘူးဆိုတာ သေချာမှတ်သားစေချင်ပါတယ်။


ဝါဆိုသင်္ကန်းပေါ်ပေါက်လာပုံသမိုင်းနောက်ခံ
ဝါတွင်းကာလ ရှေ့တန်းစစ်မြေပြင်ကိုသွားခါနီး စစ်သည်တော် တစ်ယောက် ဘေးကင်းဖို့ ကောင်းမှုလေးလုပ်ချင်လို့ ၀ါကပ်တော်မူကြတဲ့ သံဃာတော်တွေကို ၀ါဆိုသင်္ကန်း အလှူခံကြွဖို့ ပင့်တဲ့အခါ ၀ါတွင်းကာလလည်းဖြစ်ပြန် ရဟန်းတော်တွေ ရဲ့စိတ်ထဲမှာလည်း ၀ါကျွတ်မှ ၀ါဆိုသင်္ကန်း အလှူခံခွင့်ရှိတယ် ထင်လို့ မကြွကြဘူး၊ ဒီတော့ “ကုသိုလ်လုပ်ချင်လို့ ပင့်တာတောင် ကိုယ်တော်တွေက ကြွမလာဘူး”ဆိုပီး ကဲ့ရဲ့ခံရလို့ ဘုရားရှင်က အစ္စေကသင်္ကန်း (အရေးကြုံရင် လှူရတဲ့သင်္ကန်း)ဆိုပြီး ခွင့်ပြုတော်မူခဲ့ပါတယ်၊ (တကယ်တော့ ၀ါဆိုသင်္ကန်းဆိုတာ ၀ါတွင်း/၀ါပ ဘယ်အချိန်လှူရမယ်ဆိုတဲ့ မိန့်မှာချက်မရှိပါဘူး၊ ဘယ်အချိန်အဆိုလှူလို့ရပါတယ်၊ ဒီကနေ့ခေတ်မှာတော့ ၀ါဆိုသင်္ကန်းကို ၀ါမဆိုခင်လှူဒါန်းလေ့ ရှိကြပါတယ်၊ ၀ါဆိုသံဃာကို ရည်စူးပြီးလှူတဲ့ သင်္ကန်းကို ၀ါဆိုသင်္ကန်းလို့မှတ်ထားစေချင်ပါတယ်၊


အစ္စေကသင်္ကန်း(အရေးကြုံရင်လှူရတဲ့သင်္ကန်း)နဲ့ပတ်သက်ပြီးပြောချင်ပါသေးတယ်၊ အဲ့ဒါတွေကတော့-
• ရုတ်တရက် စစ်မြေပြင်ထွက်ရမယ့် အသက် အာမခံချက်မရှိတဲ့ စစ်သား၊
• ကိုယ်ဝန်ဆောင်မိခင်၊
• နေထိုင်မကောင်းဖြစ်နေသူ၊
• တရားနာရလို့ သဒ္ဓါပေါက်လာသူ၊ သူတို့တွေက ““၀ဿာဝါသိကံ ဒဿာမိ”” ၀ါဆိုသင်္ကန်း လှူချင်လို့ပါ ဆိုပီး လှမ်းပင့်သည်ဖြစ်စေ၊ ကိုယ်တိုင်လာပြီး “၀ဿာဝါသိကံ ဒမ္မိ” ၀ါဆိုသင်္ကန်း ကပ်လှူပါ၏ ဆိုပြီး ပြောလို့ဖြစ်စေ လှူတဲ့သင်္ကန်းကို ၀ါဆိုသင်္ကန်းလို့ ခေါ်ပါတယ်၊ ဒီလိုသင်္ကန်းမျိုးကို ၀ါဆိုသင်္ကန်းလို့ပဲ ခေါ်ခေါ်၊ ၀ါကျွတ်သင်္ကန်းလို့ပဲ သုံးသုံး၊ သင်္ကန်းကိုးမျိုးထဲက တစ်မျိုးပဲဖြစ်ပါတယ်၊ ဒီတော့ကာ ၀ါဆိုသင်္ကန်းဆိုတာ စစ်ထွက်မယ့်စစ်သားတစ်ယောက်ကို အကြောင်းပြုလို့ ပေါ်ပေါက်လာရတာဖြစ်ပါတယ်၊ ကဲ ၀ါဆို သင်္ကန်းနဲ မှားပြီးခေါ်ကြတဲ့မိုးရေခံ သင်္ကန်းကိစ္စဆက်ကြအုံးစို့၊
 

မိုးရေခံအစ ၀ိသာခါက
အခါတစ်ပါး ၀ိသာခါကျောင်းဒကာမက အိမ်ဆွမ်းစားကြွလာတဲ့ ဘုရားရှင်ကို ဆုရှစ်ပါးတောင်းတယ်၊ အဲ့ဒါတွေကတော့ သက်ဆုံးတိုင်
• ရဟန်းတော်များကို မိုးရေခံသင်္ကန်း လှူလိုခြင်း၊
• ဧည့်သည်အာဂန္တုရဟန်း၊ ခရီးသွားရဟန်းများကို ဆွမ်းလှူလိုခြင်း၊
• ဂိလာနရဟန်း၊ ဂိလာနပြုစုသူရဟန်းများကို ဆွမ်း/ဆေးများလှူလိုခြင်း၊
• ယာဂု(ဆန်ပြုတ်) လှူလိုခြင်း၊
• ဘိက္ခုနီသံဃာတို့အတွက် (ရေချိုးတဲ့အခါဝတ်ဖို့) ရေသနုပ်သင်္ကန်းလှူဒါန်းလိုခြင်း၊ ဆိုတဲ့ဆုတွေပဲဖြစ်ပါတယ်။

ဘာကြောင့် ဒီဆုတွေကို တောင်းရသလဲလို့ ဘုရားရှင်မေးတော့ သူမရဲ့ ရင်တွင်းခံစားချက်ကို လျှောက်ထားခဲ့ဖူးတယ်၊ (စာရှည်သွားမှာစိုးတဲ့အတွက် ဆုရှစ်ပါးထဲက မိုးရေခံသင်္ကန်းနဲ့စပ်တဲ့ ဆုတောင်းရခြင်းအကြောင်းကိုပဲရေးပြပါမယ် အကျယ်သိချင်ရင်တော့ ၀ိနည်းမဟာဝါ၊ စီဝရက္ခန္ဓကမှာသွားကြည့်စေချင်ပါတယ်)

မိုးရေခံသင်္ကန်းစပ်တဲ့ ဆုတောင်းရခြင်း အကြောင်းကတော့ ၀ိသာခါဟာ ကျွန်မလေးတစ်ယောက်ကို ကျောင်းသွားပြီး ဆွမ်းစားပင့်ခိုင်းတဲ့ အခါ ရေ၀တ်လဲစရာသင်္ကန်းမရှိလို့ သင်္ကန်းဗလာ ကိုယ်လုံးတီးနဲ့ ရေချိုးနေတဲ့ သံဃာတော်တွေကို တွေ့တော့ အ၀တ်မ၀တ်တဲ့ အာဇီဝက တက္ကတွန်းတွေနဲ့ မှားပြီး ကျောင်းမှာ သံဃာမရှိ၊ တက္ကတွန်းတွေပဲရှိတယ် လို့ပြောလာလို့ ၀ိသာခါ စိတ်မကောင်းဖြစ်သွားပါတယ်၊ သူ့အနေနဲ့ လူမြင်ကွင်းမှာ အ၀တ်မ၀တ်ဘဲ ရေချိုးတဲ့ကိစ္စဟာ ရဟန်းတွေအတွက် ရှက်စရာ သိက္ခာကျစရာလို့ မြင်ပါတယ်၊ ဒါကြောင့် ၀ိသာခါဟာ သံဃာတော်များကို မိုးရေခံသင်္ကန်းခေါ် (ရေသနုပ်)ရေ၀တ် လဲသင်္ကန်း လှူဒါန်းရခြင်းဖြစ်ပါတယ်။

ဒီခေတ်မှာတော့ မိုးရေခံသင်္ကန်း ဆိုပြီး သီးခြားလှူဒါန်းတာ မတွေ့ရပါ၊ တကယ်တော့ မိုးရေခံသင်္ကန်းဆိုတာ ရေချိုးတဲ့အခါသုံးတဲ့ သင်္ကန်း(သင်းပိုင်)တစ်မျိုးမို့ သင်္ကန်းဒွိစုံ လှူလိုက်တာနဲ့ တခါထဲ အကျုံးဝင်ပြီးသား ဖြစ်သွားပါတယ်၊ သင်္ကန်းလှူဒါန်းရကျိုး ဆိုတာလည်း ဆရာတော်တွေ ဟောနေကျမို့ သိပြီးသားတွေဖြစ်နေမှာပါ (စာရှည်မှာစိုးလို့မရေးတော့ပါ၊)

ဒီိဆောင်းပါးရဲ့ အဓိက ဦးတည်ချက်က ၀ါဆိုသင်္ကန်းနဲ့မိုးရေခံသင်္ကန်းကို ကွဲပြားစွာသိဖို့၊ ၀ါဆိုသင်္ကန်းအစ ၀ိသာခါလို့ပြောနေတာတွေ မမှန်ဘူးဆိုတာသိဖို့၊ သင်္ကန်းရဲ့ရာဇ၀င်၊ ဘာကြောင့် သင်္ကန်းတွေမှာ လယ်ကွယ်ပုံသဏ္ဍန်ဖြစ်နေသလဲဆိုတာတွေကိုပါ၊ ဒီဆောင်းပါးဖတ်ပြီး အားလုံးပဲ ဗဟုသုတပွါးနိုင်ကြပါစေ၊

အရှင်ပညာသိရီလင်္ကာရ
ပေရာဒနိယတက္ကသိုလ်၊
ကန်ဒီ၊ သီရိလင်္ကာနိုင်ငံ။
=   =   =   =   =

"ဝါဆိုဖို့ရန်၊ ခွင့်ပြုဟန်နှင့်၊ နှစ်တန်နှစ်မျိုး၊ ဝါဆိုရိုး၊ ဘုန်းမိုးဘယ်သို့မိန့်သနည်း"




ဝါကပ်ဆိုခြင်း (၂) မျိုးရှိသည်။ ပုရိမဝါကပ်ဆိုခြင်းနှင့် ပစ္ဆိမဝါကပ်ဆိုခြင်းတို့ဖြစ်သည်။

ယနေ့ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့သည် သံဃာတော်အရှင်သူမြတ်များ ပုရိမဝါကပ်ဆိုရမည့် ရက်မြတ်ဖြစ်သည်။ ထို့ကြောင့် ထိုထို တောကျောင်း၊ ရွာကျောင်း၊ မြို့ကျောင်းတို့၌ သံဃာတော်များ ဝါကပ်ဆိုတော်မူကြပါလိမ့်မည်။ (ဤသို့ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်ဆိုသည်ကို ပုရိမဝါ ကပ်သည် ဟု ခေါ်ပါသည်။)

အကြောင်းအမျိုးမျိုးကြောင့် ပုရိမဝါ မကပ်ဆိုလိုက်ရကုန်သော သံဃာတော် အရှင်သူမြတ်များသည် ဝါခေါင်လပြည့်ကျော် (၁) ရက်နေ့တွင် ဝါကပ်ဆိုတော်မူကြပေလိမ့်မည်။ (ထိုသို့ ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်ဆိုသည်ကို ပစ္ဆိမဝါကပ်သည် ဟု ခေါ်ပါသည်။)

ဝါဆိုမည့်နေ့တွင် များသောအားဖြင့် ည (၇) နာရီ ဘုရားဝတ်တက်အပြီးတွင် ဝါကပ်ဆိုလေ့ ရှိတော်မူတတ်ကြပါသည်။ ထိုထို အရှင်သူမြတ်များသည် ထိုထို ကျောင်းတိုက်အသီးသီး၌ ဝါကပ်ဆိုတော်မူကြကုန်လျှက် ဝါတွင်းကာလတစ်လျှောက်လုံး ပရိယတ် ပဋိပတ် သာသနာ့ ဝန်ကိုလည်း ဆောင်တော်မူကြပေလိမ့်မည်၊ လူဒကာ-ဒကာမတို့အားလည်း သီလပေးခြင်း၊ တရားဓမ္မ ဟောပြောခြင်းတို့ဖြင့် ချီးမြှောက်တော်မူကြပေလိမ့်မည် ဟု အာရုံပြုကြည်ညိုနိုင်ကြရန် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
.................................................

"ဝါကပ်ရန် ခွင့်ပြုတော်မူခြင်း"

တစ်ရံရောအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတို့အား ဝါဆိုဝါကပ်ကို ပညတ် တော်မမူသေးသောကြောင့် ရဟန်းတို့သည် ဆောင်း နွေ မိုးဥတုသုံးပါးလုံး ဒေသစာရီ လှည့်လည်ကြကုန်၏။

လူတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ''အဘယ်ကြောင့် ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေ၍ ဒေသစာရီ လှည့်လည်ကုန်ဘိသနည်း၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သော်မှလည်း မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ ကိန်းအောင်းနေထိုင်ကြကုန်သေး၏၊ ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ မြဲစွဲစွာ နေကြကုန်သေး၏။

ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည်ကား ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန် လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါ တို့ကို ပျက်စီးခြင်းသို့ ရောက်စေလျက် ဒေသစာရီ လှည့်လည်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသောအခါ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။

ထိုအခါ ရဟန်းတို့အား ''အဘယ်အခါ၌ ဝါကပ်အပ်ပါသနည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ မိုးလ၌ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။

ထိုအခါ ရဟန်းတို့အား ''ဝါကပ်ခြင်းတို့သည် အဘယ်မျှ ရှိကုန်သနည်း''ဟု အကြံဖြစ်၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။

- ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ပုရိမဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိကုန်၏။

- ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမဝါကပ်ရမည်။

- ဝါဆိုလပြည့် နေ့မှ တစ်လလွန်ပြီးသော လပြည့်ကျော်တစ်ရက် 'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ပစ္ဆိမဝါကပ်ရမည်။

ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

{ဝိနယပိဋက၊ မဟာဝဂ္ဂပါဠိတော်၊ ဝဿူပနာယိကက္ခန္ဓက၊ ဝါကပ်ရန် ခွင့်ပြုတော်မူခြင်း}

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
23/07/2013


1 comment: