Tuesday 23 July 2013

နိဗ္ဗာန်ကို သွားတဲ့လမ်းခရီးမှာ မိတ်ဆွေကောင်းတို့၏ အခန်းကဏ္ဍ အရေးပါ/မပါ လေ့လာခြင်း = လယ်တီ အရှင်ဝိစက္ခဏ



ဒီနေ့ တိုးတက်လာတာနဲ့အမျှ မိတ်ဆွေတို့၏ အခန်းကဏ္ဍသည် အရမ်းအရေးပါတဲ့နေရာမှာ ပါဝင်နေပါတယ်။ ဘာကြောင့်လဲဆိုရင် လူမှုရေး၊စီးပွားရေ၊ပညာရေးတို့၌ မိတ်ဆွေကောင်းများနှင့်
တွေ့၍ တိုးတက်ကြီးပွားသွားကြသူများလည်း အများကြီးဖြစ်သလို မိတ်ဆွေယုတ်များနှင့် တွေ့၍ ဘ၀ပျက်သွားသူများလည်း ဒုနဲ့ဒေး ကြားနေရ၊ မြင်နေရသောကြောင့် ဖြစ်ပါတယ်။

မိတ်ဆွေတို့၏ အခန်းကဏ္ဍသည် လောကီနယ်ပယ်တွင်မကပါဘူး လောကုတ္တရာ နယ်ပယ်မှာလည်း (နိဗ္ဗာန်ကိုသွားတဲ့ လမ်းခရီးမှာလည်း) အရမ်းအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

ဘာကြောင့်လဲဆိုရင် လောကုတ္တရာနယ်ပယ်မှာ ကလျာဏမိတ္တလို့ခေါ်တဲ့ မိတ်ကောင်းဆွေကောင်းနဲ့ တွေ့ပြီး ကုသိုလ် ကောင်းမှုတွေ ပိုပြီးတော့တိုးပွားလာတဲ့ အပြင် ကလျာဏ မိတ်ဆွေမှတဆင့် အနှစ်သာရရှိတဲ့ တရားတွေ၊ နိဗ္ဗာန်ကိုသွားတဲ့ နည်းမှန် လမ်းမှန်တွေကို သိပြီးနိဗ္ဗာန်ရောက်သွားတဲ့ သာဓကတွေရှိနေကြလို့ပါ။

ကလျာဏမိတ္တရဲ့ဆန့်ကျင်ဘက်ကတော့ ပါပမိတ္တပါ။ ပါပမိတ္တဆိုတဲ့ မိတ်ဆွေယုတ်နဲ့ ပေါင်းသင်းမိပြီး မှားယွင်းတဲ့နည်းလမ်းတွေ လိုက်နာ ကျင့်သုံးလို့ အကုသိုလ်တရားတွေ တိုးပွားပြီး ကိုယ့်ရဲ့ အခြေအနေကောင်းတွေ ပျက်ဆီးသွားတဲ့သူတွေ ဘုရားရှင် လက်ထက်မှာလည်း ရှိခဲ့ပါတယ်။ ယခု ပစ္စုပ္ပန်ဘ၀မှာလည်း မိမိရဲ့ပတ်ဝန်းကျင်၊ မိမိနေထိုင်ရာ အရပ်တွေမှာလည်း အပေါင်းအသင်း မှားသွားတဲ့ အတွက်ကြောင့် မိမိရဲ့လက်ရှိအခြေအနေကနေ နိမ့်ကျတဲ့ဘ၀ ရောက်သွားတဲ့သူတွေ မြင်ဖူးကြမှာပါ။

ဦးဇင်းတို့ မြတ်စွာဘုရားရှင် လက်ထက်ကလည်း မိတ်ဆွေကောင်းကို ပေါင်းသင်းမိလို့ နိဗ္ဗာန်ကို အတူလက်တွဲဝင်တဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့် အရှင်မဟာမောဂ္ဂလာန် ကဲ့
သို့ မထေရ်မြတ်ကြီးတွေ ရှိသလို မိတ်ဆွေယုတ်နဲ့ ပေါင်းသင်းမိတဲ့အတွက် အဇာတသတ်လို အပါယ်ငရဲ ကျတဲ့သူတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဒါဟာ မိမိရဲ့မိတ်ဆွေ အပေါင်းအသင်းက ပေးတဲ့ သင်ခန်းစာတွေပါ။ ဒါကြောင့် နိဗ္ဗာန်ကို သွားတဲ့ လမ်းခရီးမှာ မိတ်ဆွေကောင်းတို့၏ အခန်းကဏ္ဍသည် အင်မတန်မှ အရေးပါတယ်လို့ပြောပါရစေ။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း မိတ်ဆွေတို့အရေးပါပုံကို သံယုတ္တနိကာယ် ကလျာဏမိတ္တသုတ်မှာ အရှင်အာနန္ဒာက “ကြီးပွားချမ်းသာဖို့၊ အသိပညာ အတတ်ပညာရဖို့၊ တရားထူးတရားမြတ် ရရှိဖို့တို့မှာ မိတ်ကောင်းဆွေကောင်းများဟာ ထက်ဝက် (ငါးဆယ် ရာခိုင်နှုန်း)လောက် အရေးပါတယ်”လို့ ထင်မိပါကြောင်း လျှောက်ထားတဲ့အခါ မြတ်စွာ ဘုရားရှင်က “ အာနန္ဒာ ဒီလို မပြောနဲ့၊ အာနန္ဒာ ဒီလိုမပြောနဲ့”လို့ နှစ်ခွန်းဆင့် တားမြစ် ပြီးတော့မှ “အာနန္ဒာ .. ငါဘုရား တည်းဟူသော ကလျာဏမိတ္တ ကိုမရခဲ့ရင် ပါရမီတွေ ဘယ်လောက်ပဲ ရင့်သန် ပြည့်စုံပါစေ သာဝကတွေအို နာ သေ လွတ်ရာ နိဗ္ဗာန်ကို မရောက်နိုင်ဘူး။

အခု ငါဘုရားဆိုတဲ့ ကလျာဏမိတ္တကို အကြောင်းပြုပြီး မဂ်ဖိုလ် နိဗ္ဗာန်ကိုရပြီး အိုနာသေဘေး လွတ်သူတွေ လွတ်ကြ၊ ကုသိုလ်တရားတွေ တိုးပွားသူ တိုးပွားကြ ဖြစ်တယ်မဟုတ်လား၊ ဒါကြောင့် ကလျာဏမိတ္တ(ပုဂ္ဂိုလ်ဥပနိဿယ)ဟာ ကောင်းကျိုးချမ်းသာရဖို့အတွက် ရာနှုန်းပြည့် အရေးပါတယ်” လို့ မိန့်ကြားတော်မူထားပါတယ်။

ဒါဟာ အမှန်တရားပါပဲ။ ဦးဇင်းအပါအ၀င် အားလုံးသော သူတော်ကောင်းတွေဟာ နိဗ္ဗာန်ကို သွားတဲ့နေရာမှာ နည်းမှန် လမ်းမှန် ညွှ့န့်ပြပေးမယ့်သူ( မိတ်ဆွေကောင်း)သာ မရှိခဲ့ရင် ဒါဟာ ကုသိုလ်၊ ဒါဟာ အကုသိုလ် ဆိုတာ မသိဘဲ လုပ်ချင်ရာ လုပ်ပြီးနေကြမယ်ဆိုရင် လန်ဒန်မှာရှိတဲ့ ခြားရဟတ်ကြီးလို့ သံသရာဝဲသြဃကြီးထဲမှာ လည်ပတ်နေကြဦးမှာပါ။

ဒါကြောင့် မိမိတို့သည်သံသရာဝဲသြဃကြီးထဲမှာ မလည်ပတ်ချင်တော့ဘူး။ ယခုဘ၀ရော၊ နောက်ဘ၀မှာရော ချမ်းသာချင်တယ်၊ အနှစ်သာရရှိတဲ့ တရားတွေသိပြီး နိဗ္ဗာန်ကို လိုချင်တယ်ဆိုရင် မိတ်ဆွေတုတွေရှောင်ပြီး မိတ်ဆွေစစ်ကို ရွေးချယ်တက်ဖို့ လိုပါတယ်။ မိတ်ဆွေစစ်၊ မိတ်ဆွေတု ရွေးချယ်တက်ဖို့ ဦးဇင်းတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒီဃနိကာယ် ပါထိက၀ဂ္ဂပါဠိ သိင်္ဂါလသုတ္တံမှာ ဟောကြားထားတာရှိပါတယ်။

အဲဒါတွေကတော့----မိတ်ဆွေတုလေးယောက်ရဲ့သဘောထားများ
(၁)ကိုယ့်သူငယ်ချင်းကိုကြတော့ ဘာမှမပေးပဲ ကိုယ်ကသာ ယူဖို့ပဲသိတဲ့ မိတ်ဆွေ၊
(၂)အပြောသာကောင်းပြီး လက်တွေ့မပါတဲ့မိတ်ဆွေ၊ (အာရွှီးသမားကြီးပေါ့)၊
(၃)တစ်ဖက်သားအကြိုက်ကို လိုက်ပြောပြီး ပေါင်းတတ်တဲ့ မိတ်ဆွေ၊(ကပ်ဖားပေါ့)
(၄) ပျက်ဆီးရာ ပျက်ဆီးကြောင်းတွေပဲ ပြောပြီး ဆွဲဆောင်တတ်တဲ့မိတ်ဆွေ။
ဒါဟာ အမြဲတမ်းရှောင်ကျဉ်ရမဲ့ မိတ်ဆွေတုလေးယောက်ပါ။
 
မိတ်ဆွေစစ်လေးယောက်
(၁) ကိုယ့်ကောင်းကျိုးကို ပြုလုပ်ဆောင်ရွက်ပေးတတ်တဲ့ မိတ်ဆွေ၊
(၂) ဆင်းရဲအတူ ချမ်းသာမခွဲ လက်တွဲခံစားတတ်တဲ့ မိတ်ဆွေ၊
(၃) ဒီဘ၀အတွက်ရော နောင်ဘဝအတွက်ပါ ကောင်းတာတွေကို လမ်းညွှန်ပေးတတ်တဲ့ မိတ်ဆွေ၊
(၄) အမြဲတမ်းကိုယ့်ကို ကူညီစောင့်ရှောင့်တတ်တဲ့ မိတ်ဆွေ၊
ဒါက မိတ်ဆွေစစ်လေးယောက်ပါ။

ကိုယ်ကလည်း တစ်ပါးသူရဲ့ မိတ်ဆွေစစ် ဟုတ်/မဟုတ် ဒီလေးမျိုးနဲ့ ချိန်ကြည့်တက်ဖို့တော့ လိုပါလိမ့်မယ်။ အနှစ်ချုပ်ကြည့်မယ်ဆိုရင် ကလျာဏမိတ္တဆိုတဲ့ မိတ်ဆွေကောင်းသည် ပစ္စုပ္ပန်၊ တမလွန် ချမ်းသာမှုကို ပေးတယ်။ အဆုံးစွန်းသောအခါ နိဗ္ဗာန်ကို မျက်မှောက်ပြုစေပါတယ်။
ပါပမိတ္တဆိုတဲ့ မိတ်ဆွေယုတ်သည် ပစ္စုပ္ပန်၊တမလွန် ပူပန်မှု၊ဆင်းရဲမှုကို ပေးတယ်။ နောက်ဆုံး အပါယ်ငရဲကို ကျစေပါတယ်။

ဒါကြောင့်အားလုံးသော သူတော်ကောင်းအပေါင်းတို့ နိဗ္ဗာန်ကိုသွားတဲ့ လမ်းခရီးမှာ နည်းမှန်လမ်းမှန်ကို ညွှန့်ပြပေးသော ကလျာမိတ္တဆိုတဲ့ မိတ်ဆွေကောင်းများနဲ့ တွေ့ဆုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်း ချမ်းသာရှိပါစေ။


လယ်တီအရှင်ဝိစက္ခဏ

No comments:

Post a Comment