မြတ်ဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါး။

(၁) မြတ်စွာဘုရားရှင် ၀တ်ရုံတော်မူသည့် သင်္ကန်းတော်သည် ဟောင်းနွမ်းခြင်း၊
ဂျီးတင်ခြင်း၊ လျှော်ဖွယ်ရခြင်း မရှိခြင်း တည်းဟူသော
အံ့ဖွယ်ရာ တစ်ပါး။
(၂) မြတ်စွာဘုရားရှင်သည် ပရိက္ခရာရှစ်ပါးကို
ဆောင်ယူတော်မူသည့်အခါတွင် ထိုပရိက္ခရာအစုံတို့သည် ကိုယ်တော်နှင့်မထိမစပ်ပဲ
လက်လေးသစ်မျှ ကွာတော်မူနေခြင်း တည်းဟူသော အံ့သြဖွယ်ရာတစ်ပါး။
(၃) မြတ်စွာဘုရားရှင်သည် တောထွက်တော်မူသည့်အချိန်မှစ၍
ပယ်ဖြတ်ထားတော်မူသော ဆံတော်တို့သည် ထိုဖြတ်ထားသည့်အတိုင်းအတာပမာဏ
လက်လေးသစ်မျှသာလျှင် ရှည်ခြင်းမရှိ အမြဲတည်နေခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။
(၄) မြတ်စွာဘုရားရှင်သည်
ဆွမ်းဘုဉ်းပေးပြီးတော်မူသည့်အခါ သပိတ်တော်ကိုဆေးလျှင်
လက်တော်ဦးစွာ စင်တော်မူပြီး၊ လက်တော်ဆေးတော်မူလျှင် သပိတ်တော်သည်
ဦးစွာစင်တော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၅) မြတ်စွာဘုရားရှင်သည် တန်ခိုးတော်ဖြင့် မုံညင်းစေ့
ကဲ့သို့သော သေးငယ်သည့် အရာထဲသို့ စံဝင်တော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၆) မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော်ခြောက်သွယ်ကို
ကွန့်မြူးလွှတ်လတ်သည်ရှိသော် အရပ်ဆယ်မျာက်နှာသို့ ဖောက်ထွင်း၍သွားတော်မူခြင်း
တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၇) မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်ကဲ့သို့သော
ပုံတော်တူ နိမ္မိတ ရုပ်ပွားတော်ပေါင်း အသင်္ချေမက ဖန်ဆင်းတော်မူနိုင်ခြင်း
တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၈) မြတ်စွာဘုရားရှင်သည် အလင်းကိုလည်းကောင်း၊
အမိုက်တိုက်ကိုလည်းကောင်း၊ ခေတ်သုံးပါးတို့တွင် ပေးစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၉) မြတ်စွားဘုရားရှင်သည်
သီတင်းသုံးစံနေ(ထိုင်)တော်မူသည်ရှိသော လူတို့သည် ကောင်းကင်ယံတွင်
လပြည့်ဝန်ကို အတိုင်းသား မြင်ရသကဲ့သို့ မြတ်စွာဘုရားရှင်၏ အသရေတော်ကို အတိုင်းသား
ဖူးမြင်နိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။
(၁၀) မြတ်စွာဘုရားရှင်သည်
တရားဒေသနာ ဟောတော်မူသည့်အခါတွင် အသံတော်ရှစ်ပါးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍
တရားနာပရိဿတ်ကို တစ်ယောက်ချင်းစီ ကပ်လျှက် ဟောဘိနေသကဲ့သို့ နာ ကြားစေနိုင်ခြင်း
တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၁၁) မြတ်စွာဘုရားရှင်သည် လူ၊ နတ်၊ ဗြဟ္မာ သတ္တာတို့၏
စိတ်အလိုကို အာသယာ နုသယ ဉာဏ်တော်မြတ်ဖြင့် သိစွမ်းတော်မူနိုင်ခြင်း တည်းဟူသော
အံ့ဖွယ်ရာတစ်ပါး။
(၁၂) မြတ်စွာဘုရားရှင်သည် ကျွတ်ထိုက်သော
ဝေနေယျသတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိ ဉာဏ်တော်မြတ်ဖြင့် သိစွမ်းတော် မူနိုင်ခြင်း
တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၁၃) မြတ်စွာဘုရားရှင်သည် လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတို့၏
ကျွတ်တန်းဝင်ရမည့်အချိန် အခါတည်းဟူသော ဣနြေ္ဒအနု၊ အရင့်ကို သိတော်မူခြင်း တည်းဟူသော
အံ့ဖွယ်ရာတစ်ပါး။
(၁၄) မြတ်စွာဘုရားရှင်သည် ဉေယျဓံတရား(၅)ပါးကို
သိမြင်တော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါ။
(၁၅) မြတ်စွာဘုရားရှင်သည် အလိုရှိတော်မူလတ်၍
လက်တော်ကိုဆန့်တန်းတော် မူလိုက်လျှင် သပိတ်တော် အစရှိသည့် အလိုရှိသည့် ပရိက္ခရာ
များသည် အလိုအလျောက် ရောက်ရှိလာခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၁၆) မြတ်စွာဘုရားရှင်သည် ၀ဲဘက်မျက်လုံးတော်မှ
ရေအလျှံ၊ယာဘက်မျက်လုံးတော်မှ မီးအလျှံ၊ အစရှိသော တန်ခိုးပြာဋိဟာတို့ကို
ပြစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၁၇) မြတ်စွာဘုရားရှင်သည် တာဝတိံသာ နတ်ပြည်သို့
အဘိဓမ္မာတရားတော်မြတ် ဟောကြား တော်မူရန် ကြွရောက်တော်မူရာတွင် ပကတိ
သုံးဖ၀ါးနှစ်လှမ်းမျှသာ ကြွချီတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၁၈) မြတ်စွာဘုရားရှင်သည် ကြွချီတော်မူရာ လမ်းတစ်လျှောက်တွင်
အဖုအထစ်၊ အနိမ့်၊ အမြင့် ရှိကြသော မြေအပြင်သည် ညီညာချောမွတ်ပြီး ခြေတော်ရာ
မထင်ကျန်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
ဤကားမြတ်စွာဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါးပင်ဖြစ်၏။
(အကြောင်း၊အကျိုး၊အကောင်း၊ အဆိုးကို သိမြင်နားလည်နိုင် ကျင့်ကြံနိုင်ကြသူများ
ဖြစ်ကြပါစေ)
ဓမ္မ၀ီရ အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာ
Website; www.ashintejaniya.com
Dhammavira Ashin ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
{ဗဟုသုတ ဟင်းပေါင်းအိုးကြီး}
No comments:
Post a Comment