စာဖတ်ပြီးမှ ကာတွန်းဆွဲပါ
လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကာတွန်းတွေ၊ လူရွှင်တော်တွေဟာ ယာဉ်ထိန်းရဲနဲ့ မီးသတ် ကို
သရော်တာနဲ့ လက်ခုပ်သံများများ ရခဲ့ကြပါတယ်။ ဒီဘက်ခေတ်ကတော့ ယာဉ်ထိန်း၊ မီးသတ်တွေနေရာမှာ
ဆရာဝန်တွေ အလှည့် ရောက်ပြီလားလို့တောင် ထင်ရပါတယ်။
ဆရာဝန်တွေကို လှောင်ပြောင်ခနဲ့တဲ့ တချို့ကာတွန်းတွေကို ကြိုက်ပေမယ့်
အခုကာတွန်းလိုကျတော့ ကာတွန်းဆရာကို သနားသွားမိပြန်ပါရော။
သူ့ခမျာ နှစ်ချီလများသင်ရတဲ့
ဆေးပညာကို မမှီမကမ်းဥာဏ်လေးနဲ့ လှမ်းမျှော်ပြီး သရော်ရှာတာလို့ တွေးမိပါတယ်။ ခြေမကို ခလုတ်တိုက်တဲ့ လူနာကို ဆရာဝန်က မလိုအပ်တဲ့
စစ်ဆေးချက်တွေ လုပ်နေတယ်လို့ ဆိုချင်ပုံရတယ်။ ဒီလိုလူနာမျိုးတွေဟာ လူနာဆောင်ထဲမှာ
နေ့စဉ် ကြုံတွေ့ နေရတာမျိုးပါ။ ဆီးချိုလူနာ၊ ခြေဖျားလေးတွေ ထိမှန်းမသိဘူး။
ထိခိုက်မိလို့ အနာဖြစ်တယ်။ မနာဘူး။ ဆီးချို ရှိမှန်း မသိတော့ ခြေဖျားလေးက အနာက
ဒူးခေါင်းထိ ဖြတ်ပစ်ရတဲ့ အဆင့်ရောက်တယ်။ အလွန်ကို အရေးကြီးတဲ့ အနေအထားပါ။
ဒါကို ကာတွန်းဆရာ ခမျာ မကြားဖူး၊ မဖတ်ဖူး၊
မလေ့လာဖူးတာမို့ ခြေထောက် ခလုတ်တိုက်မိတာလေးကို ဆရာဝန်က မလိုအပ်ပဲ
ပုံကြီးချဲ့နေတာဆိုပြီး သရော်တာလို့ ထင်ပါတယ်။
ဆီးချိုရှိမရှိ သွေးစစ်မယ်၊ ဆီးချိုလူနာတွေဟာ
နှလုံးရောဂါတွေနဲ့ တွဲနေတာကြောင့် အီးစီဂျီဆွဲမယ်၊ ဆီးချိုကြောင့် ကျောက်ကပ်
ဒဏ်ရာရနိုင်တာမို့လဲ တီဗီဓာတ်မှန်(အာထရာဆောင်း)လေးနဲ့ ကျောက်ကပ်အရွယ်အစားကို
တိုင်းကြည့်မယ်။
ဆီးချိုလူနာတစ်ယောက်ကို ပထမဆုံးကြည့်တဲ့အခါမှာ
Baseline စစ်ဆေးချက်လေးတွေ လုပ်ထားဖို့လိုပါတယ်။ လူနာဟာ ရိုးရိုးဂျီပီနဲ့ ပြသလား၊
အထူးကုနဲ့ ပြသလားဆိုတာပေါ် မူတည်ပြီးလဲ စစ်ဆေးချက်တွေက ကွာနိုင်တယ်။ အထူးကုဆရာဝန် တစ်ဦးအနေနဲ့
သူ့ရဲ့ ပညာအဆင့်အတန်းနဲ့ ကိုက်ညီတဲ့ ရောဂါရှာဖွေရေး နည်းပညာတွေ တတ်ဖို့လိုတယ်။
နတ်မျက်စိ ရှိသူများ မဟုတ်
တော့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ရမှာပါပဲ။
နိုင်ငံတကာမှာ အထူးကုကို
တန်းပြီးပြလို့မရပါဘူး။ မိသားစုဆရာဝန်၊ ဂျီပီဆရာဝန်များက လွှဲမှ
ကြည့်ကြရတာမျိုးပါ။ ရွှေပြည်မှာက ကိုယ်နှစ်သက်ရာ အထူးကုကို ကြိုက်သလို လွှဲစာမပါပဲ
ပြနိုင်တာကြောင့် တခါမှ မမြင်ဖူးသေးတဲ့လူနာကို ကြည့်ရတဲ့ အထူးကုဆရာဝန်ဟာ
သူလုပ်သင့်လုပ်ထိုက်တဲ့ စစ်ဆေးမှုတွေကို လုပ်မှာပါ။
ယနေ့ မဖြစ်သေးတဲ့ ရောဂါတွေကိုတောင် သတိထားပြီး
ကြိုတင်ရှာဖွေဖို့ ပညာပေးနေရတဲ့ကာလမှာ ဒီလိုကာတွန်းမျိုးဟာ နယ်စွန်နယ်ဖျားက
ဆေးရုံဆေးခန်းကြောက်တဲ့ လူနာများကို ပိုပြီးတော့ ခြောက်လိုက်သလိုဖြစ်ပါတယ်။
တစ်ပတ်လောက်ကြိုလာပြီး ဆေးစစ်မှုတွေ လုပ်လိုက်တာနဲ့ ၁၀နှစ်၊ ၁၅နှစ်
ပိုနေကောင်းနေသွားရမယ့် ရောဂါမျိုးတွေကို မပြဖြစ်အောင် တွန်းပို့သလိုလဲ
ဖြစ်နိုင်ပါတယ်။
တဖက်ကလည်း လေးချောင်းထောက်
ဒေါက်တိုင်ကြီးကို ၀ိုင်းဝန်းကျားကန်ပေးရမယ့် အခြေအနေမှာ ဝေဖန်ဖို့
လက်တွန့်သွားကြမှာလဲ စိုးရိမ်မိပါတယ်။ ဒါပေမယ့် ကာတွန်းတစ်ပုဒ်ရေးမယ်ဆိုရင်
သက်ဆိုင်ရာ ကျွမ်းကျင်သူများရဲ့ အကြံဥာဏ်ကို ယူသင့်လှပါတယ်။ ဆင်ဆာမရှိတဲ့ ခေတ်မို့
ကိုယ်ရေးတဲ့ဟာ မှားရင် ရေးတဲ့သူ၊ ဆွဲတဲ့ဆရာတွေမှာပဲ တာဝန်၇ှိနေမှာလို့
အကြံပြုချင်ပါကြောင်း။
No comments:
Post a Comment