Sunday, 18 August 2013

ပတ်ဝန်းကျင်ကို လျစ်လျူရူသင့်ရင်သလား...

Glaxy Lay
တစ်ခါ တုန်းက တောရွာတစ်ရွာမှာ ခင်ကြီးပေါက် ဆိုတဲ့ ရဟန်း တစ်ပါးရှိတယ်။ သူက မြတ်စွာဘုရားရဲ့ ဖြစ်တော်စဉ်တွေ ပါရမီတော်တွေကို ဖတ်ရင်း စိတ်ထဲ မှာ ဘယ်လို ဆန္ဒတွေ ဖြစ်ပေါ်လာသလဲ ဆိုတော့ ဘုရား ဖြစ်ချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်လာသတဲ့။
ဒီတော့ ဘာလုပ်သလဲဆိုတော့ ဘုရားဆုပန်လိုက်တယ်တဲ့၊ ပြီးတော့ ခင်ကြီးပေါက် ဘုရားဆုပန်လိုက်တယ် ဆိုတဲ့ သတင်းက အဲဒီ ၀န်းကျင်မှာ တော်တော်လေး ပျံ့နှံ့ သွားတယ်၊ ဒီသတင်းက ဘယ်အထိတောင် ရောက်သွားသလဲ ဆိုတော့ ထန်းရေမူးသမားတွေရဲ့ နား အထိတောင် ရောက်သွားတယ်တဲ့။
သိတဲ့ အတိုင်း ပဲလေ ဘုရားဆု ပန်ထားတဲ့ သူဟာ ရှေးရှေးဘုရားလောင်းတွေရဲ့ လမ်းစဉ်အတိုင်း ကျင့်သင့် ကျင့်ထိုက်တာတွေကို ကျင့် ရတော့မယ်။ တစ်နေ့ ခင်ကြီးပေါက် သစ်ပင်အောက်မှာ တရားကျင့်နေတုန်း ခပ်လှမ်းလှမ်း ကနေ ထန်းရေမူးသမား နှစ်ယောက် က ဖြတ်လျှောက် လာရင်း ခင်ကြီးပေါက် တရားကျင့်နေတာကို မြင်သွားတယ်တဲ့။
အဲဒီတော့ ထန်းရေမူးသမား နှစ်ယောက်က ဘယ်လိုအော်သလဲ ဆိုတော့ " ရင့်မှာ တစ်ကျိပ်၊ နုမှာ ငါးရာ၊ နောင်လာရှစ်သောင်း၊ ဘုရားပေါင်း။ ဘုရားပေါင်းနောက် တို့ နှစ်ယောက်။ တို့ နှစ်ယောက်နောက် ခင်ကြီးပေါက် ဟ"လို့ ဆိုလိုက်ကြတယ်။
ကဗျာ ရဲ့ အဓိပ္ပာယ်ကတော့ " ရင့်မှာ တစ်ကျိပ်" ဆိုတာက ပါရမီ ရင့်နေတဲ့
ဘုရားလောင်းက ဆယ်ဦး ရှိတယ်တဲ့။"နုမှာ ငါးရာ" ဆိုတာက ပါရမီ နုသေးတဲ့ ဘုရားလောင်းတွေကချည်း ငါးရာရှိတယ်တဲ့။
"နောင်လာ ရှစ်သောင်း ဘုရားပေါင်း " ဆိုတာက ရှေ့က ပြောခဲ့တဲ့ ပါရမီ ရင့်ပြီးဖြစ်တဲ့ ဘုရားလောင်းက ဆယ်ဦး၊ ပါရမီနုသေးတဲ့ ဘုရားလောင်းက ငါးရာ၊ သူတို့ အပြင် ဘုရားဆုပန်ထားတဲ့ ပါရမီဖြည့်ကျင့်ဆဲ ဘုရားလောင်းတွေကချည်း ရှစ်သောင်း ရှိတယ်တဲ့။
" ဘုရားပေါင်းနောက် တို့နှစ်ယောက်၊ တို့နှစ်ယောက် နောက်၊ ခင်ကြီးပေါက်" ဆိုတာ ကတော့ ရှေးဘုရားတွေ ပွင့်ပြီးသွားရင် တို့ထန်းရေမူးသမား နှစ်ယောက်ပွင့်မယ်။ တို့နှစ်ယောက် ပွင့်ပြီးမှ ခင်ကြီးပေါက် ပွင့်ရမှာတဲ့။
ဒီတော့ ခင်ကြီးပေါက်က တရားကျင့်နေရင်း ဘယ်လို စဉ်းစားသလဲဆိုတော့
"အင်း............ ငါ့နောင်တော်ဘုရားလောင်း နှစ်ယောက်တောင် ထန်းရေသောက်ရင်း မူးတုန်းရူးတုန်း ရှိသေးတယ်၊ ပြီးတော့ ငါက သူတို့နှစ်ယောက်ပွင့်ပြီးမှ ပွင့်ရမှာတဲ့။ အို........ မဖြစ်သေးပါဘူး၊ သက်သက်သာသာနေတာပဲ ကောင်းပါတယ်လို့" လို့ စဉ်းစားပြီး ကျင့်လက်စတရားကို ရပ်ပစ်လိုက်တယ်တဲ့။
ဒီပုံပြင်လေးက နည်းနည်းတော့ ဟာသဆန်နေမလားမသိဘူး၊ ပတ်ဝန်းကျင်ရဲ့ စကားသံကြောင့် ကိုယ့် ရည်မှန်းချက် ဖျက်ပစ်တာကို သရော်ထားပုံ ရတယ်။
သီအိုရီတစ်ခုကို ပုံသေတော့ တွက်လို့ မရဘူး။ တစ်ခါတစ်လေ ဘ၀နဲ့ ယှဉ်လာတဲ့ ကိစ္စလေးတွေမှာ ပတ်ဝန်းကျင်ကို လျစ်လျူရူသင့်ရင် ရူထားရမှာပဲ။
လူငယ်တွေမှာ ယုံကြည်ချက်ရှိတယ် ၊ ရည်မှန်းချက် ရှိတယ်၊ ပြီးတော့ လုပ်ဆောင်ချက်လဲ ရှိတယ်၊ ပတ်ဝန်းကျင်ကြောင့်တော့ သူတို့လေးတွေရဲ့ ရည်မှန်းချက်တွေ ပျက်မသွားစေချင်ဘူး။
"ပတ်ဝန်းကျင်နဲ့ နေတိုင်း ပတ်ဝန်းကျင်ကိုပဲ ဂရုစိုက်စိုက်နေရလို့ ကိုယ့်ဘ၀ ရည်မှန်းချက်တွေကို ဖျက်ဖျက်ပေးနေရမယ် ဆိုရင်တော့ နေရာမကျပါဘူး၊ တစ်ခါတစ်လေ ပတ်ဝန်းကျင် ကို လျစ်လျူရူသင့်ရင် လျစ်လျူရူထားတာ အကောင်းဆုံးပါ "
"တစ်ခါတစ်လေတော့လဲ ပတ်ဝန်းကျင်ကို လျစ်လျူရူသင့်ရင် လျစ်လျူရူရမှာပဲ "
အရှင်ရာဇိန္ဒ ၊ ရဝေနွယ် (အင်းမ)
"ကုသိုလ်ဖြစ်အောင် တွေးမယ်" စာအုပ်မှ ကူးယူးထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment