သစ်ပင်နဲ့ငှက်
ငှက်ကပြောတယ်... "ငါသွားတော့မယ်.... တောင်ဖက်အရပ်မှာ နေရာသစ်ရှာဖို့
သွားတော့မယ်"
"သွားပါ.. အဲဒီအရပ်က နင့်ကိုနွေးထွေးမှုတွေ
ပေးလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာ နွေးထွေးတဲ့ငါ့ရင်ခွင် အမြဲရှိနေတယ်ဆိုတာကို
နင်မမေ့ပါနဲ့" လို့ သစ်ပင်က မျက်ရည်အရွဲသားနဲ့ပြောတယ်။
ငှက်သွားလိုက်ပါပြီ....
သစ်ပင်က နွေဦးရာသီရောက်လာမယ့်နေ့ကို စောင့်နေခဲ့တယ်။
နွေဦးနဲ့အတူ ငှက်ပြန်လာမယ် ဆိုတာကို သူယုံကြည်ထားလို့ဖြစ်တယ်။
ဒါပေမဲ့ အဲဒီနှစ်က ခါတိုင်းနှစ်ထက်
နှင်းတွေပိုကျခဲ့တယ်။ သစ်ပင်ဟာ အေးစက်ခြင်း၊ အထီးကျန်ခြင်းထဲ အချိန်တော်တော်ကြာ
လူးလှိမ့်ခံစားရင်း သေဆုံးသွားခဲ့တယ်။
"ဆောင်းရာသီတောင် ရောက်လာပြီပဲ.. နွေဦးရာသီ
ဝေးနိုင်ဦးမလား?"
ဒီစကားကို သစ်ပင်သိချင်မှသိလိမ့်မယ်။ ဒါပေမဲ့ စောင့်မျှော်ခြင်းရဲ့တန်ဖိုးကို
သူယုံကြည်ခဲ့တယ်။ နွေဦးရာသီက ချိန်းထားတာထက် နောက်ကျမှရောက်လာခဲ့တယ်။
ငှက်ပြန်လာပါပြီ.. ဒါပေမဲ့ သစ်ပင်ရဲ့အရိပ်အရောင်ကို
သူမတွေ့ခဲ့ဘူး။ သစ်ငုတ်တိုလေးတစ်ခုကိုပဲ သူတွေ့ခဲ့တယ်။ သစ်ငုတ်ရင်းမှာ စာတချို့ကို
ငှက်တွေ့လိုက်တယ်။
"ချစ်ခြင်းတွေ ဘယ်လောက်တာရှည်မယ်ဆိုတာ မသိပေမယ့်
အတူနေချိန်မှာ ပျော်ရွှင်ခဲ့ပါတယ်
သက်တမ်းနှစ် ပြည့်ချိန်နီးပြီမို့
နင့်ရဲ့လက်ကို ငါနောက်တစ်ကြိမ် ဆုပ်ကိုင်နိုင်တော့မှာ
မဟုတ်ဘူး
ဒါပေမဲ့ နင့်အပြန်ကို ငါစောင့်နေခဲ့ပါတယ်...."
စာကို ငှက်ငြိမ်ငြိမ်ဆိတ်ဆိတ် ဖတ်နေမိတယ်။
ငှက်မှာ မျက်ရည်မရှိဘူးလို့ ဘယ်သူပြောမလဲ?
လင်းလက်တဲ့နေရောင်အောက်မှာ ပြာလဲ့လဲ့ကောင်းကင်ကို
သူမမြင်နိုင်ခဲ့ဘူး။ ဒီနှစ်ရဲ့ဆောင်းရာသီမှာ .. တောင်အရပ်ဆီ
ငှက်ဆောင်းမခိုတော့ဘူး။ သစ်ငုတ်တိုဘေးမှာပဲ သူရှိနေခဲ့တယ်။ သူ့ကို
သစ်ပင်လိုအပ်တယ်ဆိုတာကို သူသိလို့ဖြစ်တယ်။
လူတချို့ကပြောတယ်...
"ဒီသစ်ပင်ကိုခုတ်တုန်းက ထူးခြားတဲ့အသံကို
ကြားရသတဲ့။ ဒါဟာ သစ်ပင်ရဲ့ငိုသံလို့ ပြောတယ်"
ဒါဟာ အချစ်အတွက် သစ်ပင်ရဲ့ကြေကွဲသံ၊ သစ်ပင်ရဲ့
နောက်ဆုံး ငိုညည်းသံပါလို့.......
မူရင်း -- http://www.duwenzhang.com/
နိုင်းနိုင်းစနေ(Sunday, November 20, 2011)
No comments:
Post a Comment