အမေပြောသော ပုံပြင်များ (၂)
ဟိုးရှေးရှေးတုံးက ရွာတစ်ရွာမှာ လယ်သမား လင်မယားနှစ်ယောက်ရှိသတဲ့
လင်ရောမယားရော တစ်ယောက်ကို တစ်ယောက် ကြင်နာကြသတဲ့
လင်ကလည်း လင့်ဝတ်တရားကျေသလို မယားကလည်း
မယားဝတ်တရားကျေပွန်တဲ့အတွက်...
သူတို့ အိမ်ထောင်ရေးဟာ အင်မတန်
ပျော်ရွှင်ဖွယ်ကောင်းပါသတဲ့.....
တစ်နေ့ ယောက်ျားဖြစ်သူ လယ်ထဲက ပြန်အလာ အိမ်ရှေ့မှာ ထွက်ကြိုနေတဲ့ မိန်းမမျက်နှာ
မကြည်မလင်နဲ့ မှိုင်တွေနေတာ တွေ့တော့
ယောက်ျားဖြစ်သူက မေးတာပေါ့
`` ရှင်မ မျက်နှာလည်း မကောင်းပါလား ဘာဖြစ်တာတုံး´´လို့မေးတော့
`` တော့် ယောက္ခမ ကျွန်မအဖေလေ.. ဆွေးမျိုး သားသမီး
ပစ္စည်းဥစ္စာ သံယောဇဉ် ဖြတ်တောက်နေပြီရှင့်´´
`` ဟေ... ဘာကြောင့်တုံး´´
`` သူ ဒီလို ကိစ္စ၀ိစ္စတွေပြီးပြတ်ရင် တော
ထွက်တော့မယ်တဲ့´´
``ဟေ ဟုတ်လား..´´
`` အေးအေး ထားလိုက်ပါကွယ်..ငါဗိုက်ဆာပြီကွ
ထမင်းခူးကွယ့် စားတော့မယ်´´
လင်ယောင်္ကျားဖြစ်သူကတော့ ဒီကိစ္စကို အမှတ်မထား..
အေးအေးဆေးဆေး ရယ်ရယ်မောမောပင်
ဒီလိုနဲ့ အချိန် တစ်လလောက်ကြာလာတဲ့အခါ
ဟိုအရင်ကလိုပဲ...
မိန်းမဖြစ်သူ မျက်နှာ မသာမယာနဲ့တွေ့လို့..မေးကြည့်တော့...
`` ကျွန်မအကို ရှင့်ယောက်ဖ တောထွက်တော့မယ်တဲ့..
သံယောဇဉ်တွေဖြတ်နေပြန်ပြီ´´
``ဟုတ်လား..အေးအေ.. ကဲ ငါရေးချိုးလိုက်အုံးမယ်ကွာ´´
ယောင်္ကျားဖြစ်သူကလည်း အရင်အတိုင်း အေးအေးဆေးဆေး
ရယ်ရယ်မောမောပင်
နောက်တစ်လလောက်နေပြန်တော့
ဒီလိုပဲ
``ကျွန်မဦးလေး တောထွက်တော့မယ်တဲ့
သံယောဇဉ်တွေဖြတ်နေပြန်ပြီ´´
`` ဟုတ်လား.. အေးအေး´´
ယောင်္ကျားဖြစ်သူ ကတော့ အေးအေးဆေးဆေး
ရယ်ရယ်မောမောပင်....
ဒီတော့ မိန်းမဖြစ်သူ မနေနိုင်တော့
``ရှင်က ဘာဖြစ်လို့ရယ်နေနိုင်တာတုံး... ကျွန်မတို့
တစ်ဆွေလုံး တစ်မျိုးလုံး ဒီလောက် ပူဆွေးသောက ရောက်နေတာ..ရှင်မို့ ရယ်နေနိုင်တယ်´´
ဆိုတော့
`` ဟဲ့ မိန်းမ ဒီလိုမျိုးပြောပြီး တောထွက်တဲ့သူ
ဘယ်နှစ်ယောက်တွေ့လည်း
မင်းရော တောတကယ်ထွက်သွားတဲ့ ဆွေမျိုးသာချင်းတွေကို
တွေ့ဖူးလား ကြားဖူးသလား မှတ်ထား မိန်းမ..ဒီလိုနည်းနဲ့တော့ ဘယ်လိုမှ
တောမထွက်နိုင်ဘူး ´´
`` ဒါဆို ဘယ်လို နည်းနဲ့ တောထွက်နိုင်တာလည်း´´
`` အေး..ရှင်မရေ..ဒီလို နည်းနဲ့ ပဲ
တောထွက်နိုင်တယ်ဟဲ့´´ဆိုပြီး
လက်က ကိုင်လာတဲ့ပေါက်တူးလေး အသာချပြီး ချာကနဲ့
လှည့်ထွက်သွားလိုက်တာ..........
လုံးဝလှည့်မပြန်သော ခရီးကို နှင်ပေတော့သည်.......
No comments:
Post a Comment