Thursday 26 September 2013

ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ




Nine Nine Sanay @ နိုင်းနိုင်းစနေ
ကျောင်းပြီးပြီးငါးနှစ်အကြာ... မင်္ဂလာဆောင်ပြီးသူတွေက တစ်ဝိုင်း၊ မင်္ဂလာမဆောင်သေးသူတွေက တစ်ဝိုင်း
၁ဝနှစ်အကြာ... ကလေးရှိသူတွေက တစ်ဝိုင်း၊ ကလေးမရှိသူတွေက တစ်ဝိုင်း
၁၅နှစ်အကြာ... လက်ရှိအိမ်ထောင်နဲ့က တစ်ဝိုင်း၊ နောက်တစ်ယောက်ပြောင်းယူထားသူတွေက တစ်ဝိုင်း
၂ဝနှစ်အကြာ... အသောက်ကြမ်းသူတွေက တစ်ဝိုင်း၊ သိပ်မသောက်သူတွေက တစ်ဝိုင်း
၂၅နှစ်အကြာ... ပြည်တွင်းနေသူတွေက တစ်ဝိုင်း၊ ပြည်ပကပြန်လာသူတွေက တစ်ဝိုင်း
၃ဝနှစ်အကြာ... အသားစားသူတွေက တစ်ဝိုင်း၊ သက်သတ်လွတ်သမားတွေက တစ်ဝိုင်း
၃၅နှစ်အကြာ... ပင်စင်ယူပြီးသူတွေက တစ်ဝိုင်း၊ ပင်စင်မယူရသေးသူတွေက တစ်ဝိုင်း
၎ဝနှစ်အကြာ... သွား" ရှိသူတွေက တစ်ဝိုင်း၊ သွား" မရှိတော့သူတွေက တစ်ဝိုင်း
၄၅နှစ်အကြာ... ကိုယ်တိုင်လာနိုင်သူတွေက တစ်ဝိုင်း၊ တွဲပြီးခေါ်လာရသူတွေက တစ်ဝိုင်း
၅ဝနှစ်အကြာ... လာမယ်လို့ပြောပြီး လာတဲ့သူတွေက တစ်ဝိုင်း၊ လာမယ်လို့ပြောပြီး မလာနိုင်တဲ့သူတွေကြောင့် လွတ်နေတာက တစ်ဝိုင်း
၅၅နှစ်အကြာ... လာနိုင်သူတွေက တစ်ဝိုင်း၊ မလာနိုင်တော့တဲ့သူတွေရဲ့ ဓာတ်ပုံတွေက တစ်ဝိုင်း
၆ဝနှစ်အကြာ... စားပွဲတစ်ဝိုင်းပြည့်အောင် လူတွေ မစုံနိုင်တော့ပါ....

လူ့ဘဝက တိုတောင်းလွန်းတယ်၊ ဒီစာကိုကြိုက်နှစ်သက်ရင် သင့်ကျောင်းနေဖက် သူငယ်ချင်းကောင်းတွေကိုလည်း မျှဝေပေးလိုက်ပါ...
လူ့ဘဝမှာ ပျော်ပျော်နေဖို့၊ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အစားအသောက်တွေ ဆင်ခြင်ဖို့ သတိပေးလိုက်ပါ...
အသက်ရှင်နေချိန်မှာ အရာရာဟာလှပပါတယ် . . .


*** ထိုင်ဝမ်မှာ ကျောင်းအတူတက်ခဲ့ကြတဲ့ မြန်မာပြည်က ကျွန်မသူငယ်ချင်းတချို့က WeChatမှာ Group လုပ်ပြီး ပြောကြဆိုကြ ဆက်သွယ်ကြတယ်။ တစ်နေ့က အဲဒီGroup ထဲ သူငယ်ချင်းတစ်ယောက်ဖိတ်လို့ ကျွန်မရောက်သွားတယ်။ မတွေ့တာနှစ်တော်တော်ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ၊ အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေကို တွေ့တယ်။ အားလုံးက ကလေးတွဲလဲကြီးတွေနဲ့... သူတို့ပြောတာ နားထောင်လိုက်၊ ရယ်လိုက်၊ ဓာတ်ပုံကြည့်လိုက်ပေါ့။ ညီမငယ်တစ်ယောက်က ဒီမိတ်ဆုံစားပွဲ"စာကို မျှဝေလာတော့ စစချင်းမှာ ကျွန်မဖတ်ပြီး ရယ်မိသေးတယ်။ စစဖတ်တော့ ဟာသလိုလို ဘာလိုလိုကိုး၊ ဖတ်ရင်း ဖတ်ရင်း အောက်ဆုံးနားရောက်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားတယ်... ဝမ်းနည်းသလိုလို ဘာလိုလိုနဲ့ ဘယ်လိုခံစားချက်မျိုးလဲ မပြောတတ်ဘူး။ ကျွန်မတို့သူငယ်ချင်း အချင်းချင်းဆုံဖြစ်ရင်လည်း ဒီစာထဲကအတိုင်း ဘယ်သူက ဘာဖြစ်နေပြီ.. ဘယ်သူက ဘာဖြစ်သွားပြီနဲ့ ပြောတတ်ကြတယ်။ တကယ်လည်း ဘဝဆိုတာ တိုတိုလေးရယ်.. နှစ် ၆ဝအကြာကို ကိုယ်လည်းခဏဏလေးနဲ့ ရောက်သွားမှာပဲ။ ဒါမှမဟုတ် ရောက်ချင်မှလည်းရောက်မှာ။ ဒါကြောင့် အသက်ရှင်နေတုန်းလေး..
ပျော်ပျော်နေပါ.. ကျန်းမာရေးကို ဂရုစိုက်ပါ.. အမုန်းရန်ငြိုးတွေ လျော့ပါ.. အသောက်အစား ဆင်ခြင်ပါလို့... <<< ကျောင်းနေဖက်၊ ကျောင်းမနေဖက် သူငယ်ချင်းတွေကို မှာချင်ပါတယ်...

No comments:

Post a Comment