ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့နှင့် စာဆိုများ

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အတွက်
မဟာဂန္ဓာရုံဆရာတော်ကြီး၏ ကိုယ်ကျင့်အဘိဓမ္မာ ကျမ်းစာမှ
" မေတ္တာအကြောင်း "
“မေတ္တာ”ဟူသော အမည်နာမဖြင့် စေတသိက် သီးခြားမရှိချေ။
ရှေ့၌ ပြခဲ့သော အဒေါသ-စေတသိက်ကိုပင် သတ္တ၀ါများ၏ စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌
“မေတ္တာ”ဟု ခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူချစ်ငြား-မေတ္တာပွား၍”ဟု ဆိုခဲ့သည်။
သို့ဖြစ်၍ တစ်ယောက်ယောက် အပေါ်ဝယ် သူ၏ အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင်
စောင့်ရှောက်ကူညီလိုသော) ချစ်ခင်မူကို မေတ္တာဟု မှတ်ပါ။
(မေတ္တာအတု)
ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ်စသော အချစ်များလည်း
တစ်ယောက်အကျိုး တစ်ယောက်က လိုလားကြ၊ ကူညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။
ထိုကဲ့သို့ ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်”ဟုလည်း ပြောဆိုကြသည်။ သို့သော်
ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတ ပေမ =
အိမ်၌မှီသောအချစ်”တည်း။
ရှေးတုန်းက ဒါယကာတစ်ယောက်သည် “မေတ္တာပွားသောအခါ
မည်သူကစ၍ ပွားများရပါသနည်း”ဟု ဆရာ့အထံ လျှောက်လေရာ၊ ဆရာက “မေတ္တာအရှိဆုံးသူကစ၍
ပွားများရမည်”ဟု မိန့်သဖြင့် ညဥ့်အခါ အိပ်ခန်းအပြင်ဘက်၌ ထိုင်၍ သူ၏ ဇနီးကို
ရည်မှန်းလျက် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းလေလျှင် ဇနီးအပေါ်၌ ချစ်ခင်မူ တိုးလာရကား ချက်ချင်းထ၍
ဇနီးအထံ သွားလေသည်။
သို့သော် အတွင်းက မင်းတုပ်ထိုးထားသဖြင့်
ဝင်ခွင့်မရသောကြောင့် နံရံကို ဦးခေါင်းဖြင့် ဝှေ့ကာ မေတ္တာ၏ အကျိုးကို
ခံစားနေရှာသတဲ့။ ထို့ကြောင့် ထိုအချစ်မျိုးကို “ဂေဟဿိတပေမ”ဟု မှတ်ရမည်။
(နွားမကြီး၏ မေတ္တာ)
ထိုတဏှာပေမမျိုးဖြင့် ချစ်ခင်နေသူ၏ အပေါ်မှာ “မည်သည့်
အခါမျှ မေတ္တာအစစ် ကုသိုလ်စိတ် မဖြစ်နိုင်”ဟု မဆိုထိုက်ပါ။ မကြာမကြာ မေတ္တာအစစ်
ကုသိုလ်ဖြစ်သောအခါလည်း ရှိနိုင်ပါသည်။
ရှေးသောအခါ မိခင်နွားမကြီးသည် မေတ္တာအစစ်ဖြင့် သားငယ်
နွားကလေးကို နို့ချိုတိုက်ကျွေးနေစဉ် မုဆိုးက လှံဖြင့် ထိုးသတ်လေရာ မေတ္တာတန်ခိုးကြောင့်
လှံမစူးဘဲ ထန်းရွက်ကဲ့သို့ ပျော့ကျသွားလေသတဲ့။ ဤသို့လျှင် ဆွေမျိုးဉာတိ သားသမီး
ဇနီးမောင်နှံတို့၏ အတွင်းမှာလည်း အချင်းချင်း မေတ္တာအစစ်များ ဖြစ်နိုင်ကြပေသည်။
(သာမာဝတီ၏ မေတ္တာ)
ကောသမ္ဗီပြည် ဥတေနမင်းဝယ် သာမာဝတီ၊ မာဂဏ္ဍီ၊
ဝါသုလဒတ္တဒေ၀ီဟု မိဖုရားကြီး ၃-ယောက်ရှိသည်။ သာမာဝတီသည် ရတနာသုံးပါးကို ကြည်ညို၏။
မာဂဏ္ဍီကား မိဖုရားမဖြစ်ခင် အပျိုစင်ဘ၀ကပင် ဘုရားရှင်အပေါ်မှာ ရန်ငြိုးထားခဲ့သော
ပုဏ္ဏေးမကလေးတည်း။ ထို့ကြောင့် မာဂဏ္ဍီသည် သာမာဝတီအပေါ် အမြဲအပြစ်ရှာ၏။
သာမာဝတီကား မေတ္တာတရား အထူးပွားများနေသူဖြစ်သည်။
ဥတေနမင်းသည် မိဖုရား ၃-ယောက်တို့၏ အဆောင်ဝယ် တစ်လှည်စီစံစားကာ စောင်းတီးဝါသနာပါသော
ဘုရင်တစ်ဦးတည်း။
အခါတစ်ပါး၌ သာမာဝတီ အထံ အဆောင်တော်ကူးရန် နီးလေသော်
မာဂဏ္ဍီသည် သူ၏ ဘထွေးထံ အဆိပ်ပြင်းသော မြွေကိုမှာ၍ အဆိပ်ကို ဖြေစေလျက်
စောင်းခွက်အတွင်းသို့ သွင်းထားလေသည်။
ထို့နောက် အပေါက်ကို ပန်းကုံးဖြင့် ပိတ်ဆို့ထားပြီးမှ
ဘုရင့်ထံသွား၍ အိပ်မက်ရာမက် မကောင်းသောကြောင့် သာမာဝတီအဆောင် မကူးဖို့ရန်
မိန်းမတို့ ပင်ကိုဉာဏ်ဖြင့် သံတော်ဦးတင်လေသော် ဘုရင်က ဂရုမစိုက်ဘဲ သာမာဝတီ၏
အဆောင်သို့ ကူးသွားလေရာ၊ စိတ်မချသည့်ဟန်ဖြင့် နောက်က အတင်းလိုက်သွားလေသည်။
အဆောင်တော်ရောက်၍ ဆက်သသော ပွဲတော်ကို တည်ပြီးနောက်
သလွန်ပေါ်၌ လျောင်းသည့်အခါ မယောင်မလည်နှင့် သူပိတ်ဆို့ထားသော ပန်းကုံးကို
နုတ်လိုက်လေသည်။
ထိုအခါ ထည့်ထားသော မြွေသည် အလွန်စိတ်ဆိုးနေရကား
ရှူးခနဲထွက်ခါ ဘုရင့်ဦးခေါင်းအနီးသို့ ရောက်လာလေသော် အလွန်ထိတ်လန့်
စိုးရိမ်ဟန်ဖြင့် ရှင်ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစ်စုကို
ကြိမ်းမောင်းပြီးလျှင် ဘုရင်ကိုသူ့စကားကို နားမထောင်သဖြင့် ယခုဖြစ်ရသည်ဟု
အပြစ်တင်လေသည်။
ဥတေနမင်းကား မာဂဏ္ဍီစီစဉ်သမျှကို
လုံးဝနားမလည်ခြင်းကြောင့် လွန်စွာ ထိန်လန့်၍ ရာဇမာန်ရှလေရကား “မင်းတို့မျက်စောင်း
အကြောင်းမရွေး” တော့ဘဲ ကိုင်နေကျ လေးကိုတင်ကာ သာမာဝတီတို့ အစုကို စီတန်းစေလျက်
ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင်
သူတော်စင် ထိပ်ထားလေးက သူ၏ မောင်းမမိဿံများကို သြ၀ါဒ
ပေးသည်မှာ---
“အမိတို့… မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့အပေါ်မှာ
အနည်းငယ်မျှ စိတ်မကွက်ကြနဲ့နော်။ ယခုလို အခါမျိုးမှာ မေတ္တာမှတစ်ပါး အားကိုးစရာ
မရှိပေဘူး။ အမိတို့ ပွားများနေကျ ဖြစ်သော မေတ္တာကိုသာ မောင်တော်နှင့်
မာဂဏ္ဍီတို့အပေါ်မှာ ကြိုးစား၍ ပွားများကြပါ”
ဤသို့ တိုက်တွန်းလေလျှင် ပင်ကို ယဉ်ကျေးပြီးသော
မောင်းမများဖြစ်သည့်အတွက် နီးကပ်သော အသက်ဘေးကို အရေးတကြီး မစဉ်းစားဘဲ မေတ္တာကိုသာ ပွားကြလေသည်။
ဥတေနမင်းကား
အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ်ထားသော မြားကို တအားကုန် လွှတ်လိုက်လေရာ
မေတ္တာတန်ခိုးကြောင့် မြှားအရှိန် ရှေ့မတိုးဘဲ ပစ်သူ့အထံမြားပြန်၍ ခ,လေသော်
ဥတေနမင်း သတိရ၍ မိဖုရားခြေရင်း၌ ထိုင်ကာ သည်းခံဖို့ရန် တောင်းပန်ရှာလေသည်။
(၀တ္ထုမှတ်ချက်)
မာဂဏ္ဍီမှာ သာမာဝတီ၏ အပေါ်၌ ကိုယ့်ထက်သာ၍ မနာလိုသော
ဣဿာစိတ်၊ ပရိယာယ် ဉာဏ်ဆင်ရသော မာယာစိတ်၊ သေစေလိုသော ဒေါသစိတ်များဖြစ်၏။
ဥတေနမင်း၌ မြွေကို သေစေလိုသော ဒေါသစိတ်များဖြစ်၏။
ဥတေနမင်း၌ မြွေကို မြင်ရသည်ကစ၍ ဒေါသစိတ်မွှန်ကာ မြားပြန်လာသော အခါကျမှ လွန်စွာ
ကြောက်ရွံ့သော ဒေါသ ဒေါမနဿစိတ်များ ဖြစ်ရပြန်သည်။ မောင်းမအများနှင့်တကွ
သာမာဝတီထိပ်ထားကား ရန်သူ့အပေါ်၌ပင် မေတ္တာစိတ် ထားနိုင်ပေသည်။
(နည်းယူဖွယ်)
ယခုကာလ သူတော်ကောင်း အမြင့်တန်းကို မှန်းထားရင်း
ရှိသူများမှာလည်း သာမာဝတီ ထိပ်ထား၏ ထုံးကို နှလုံးသွင်းလျက် မိမိအပေါ်မှာ မတော်မတရား
ဣဿာမစ္ဆရိယများ သူများကိုပင် အတုံ့ပြန်၍ ရန်မမူမိစေဘဲ မိမိစိတ်ကိုသာ ကောင်းသည်ထက်
ကောင်းအောင် ပြုပြင်ကြပါ။
အကျိုးဆောင်ခွင့် ကြုံလာလျှင် အဖိုးတန်လှစွာသော
မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။
(မေတ္တာသည် ရေနှင့်တူ၏။ ဒေါသမီးသည် မီးနှင့်တူ၏။
ရေများလေ မီးငြိမ်းလေ။ ထို့ကြောင် ဒေါသနည်းအောင် မေတ္တာတိုးပွားဖို့
ကြိုးစားသင့်ကြပါသည်။)
♣ မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ♣
အားလုံး ကိုယ်စိတ်နှစ်ဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ......
= = =
ဝါခေါင်လပြည့်
မေတ္တာအခါတော်နေ့ ကျင်းပရခြင်းအကြောင်း
သုံ့လူ့ထွဋ်ထား ဂေါတမ ဘုရားရှင် လက်ထက်တော် အခါတုန်းက ရဟန်းတော်ငါးရာတို့
ဘုရားရှင်ကိုယ်တော်မြတ်ထံမှ တရာအားထုတ်ရန်
ကမ္မဋ္ဌာန်းတရားကို ယူဆောင်တော်မူကြ၍ တောအုပ်တခုတွင် ဝါဆို ဝါကပ် ပြုတော်မူကြသည်။
ရဟန်းတော်ငါးရာ
တောထဲသီတင်းသုံးသည့်တွက် ရဟန်းတော်တို့၏ သီလတန်ခိုးကြောင့် နေရာ ဖယ်ပေးကြရတဲ့
နတ်အချို့က မကျေနပ်၍ အမျိုးမျိုး ခြောက်လှန့်ကြသောကြောင့် ကမ္မဋ္ဌာန်းတရားတော်ကို
ဖြောင့်ဖြောင့် နှလုံးမသွင်းအားမထုတ်နိုင်ဘဲ ဝါတွင်းကာလမှာဘဲ မြတ်စွာဘုရားရှင်
သီတင်းသုံးစံနေတော်မူရာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းသို့ ပြန်သွားကြပါသည်။
မြတ်စွာဘုရားရှင်ထံ ပြန်ရောက်ပြီ
အကျိုးအကြောင်းကို လျောက်ထားတော်မူကြကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က
မေတ္တာလက်နက်ကို ယူဆောင်၍ တောအုပ်သို့ ပြန်သွားကြရန် တိုက်တွန်းပြီး မေတ္တာသုတ္တန်ဒေသနာကို
ဟောကြားပေးလိုက်ပါသည်။
ထိုရဟန်တော်တို့သည်
တောအုပ်အရပ်သို့ ကပ်ရောက်ပြီး မေတ္တာတရားများ အစဉ်ပွားများပြီး မေတ္တာဓာတ် တန်ခိုးတော်ကြောင့်
နတ်များက ချစ်ခင်လာကြပြီး ငြိမ်းအေးစွာ နေတော်မူကြရပါသည်။
ရဟန်းတော်ငါးရာတို့ဟာ ထိုတောအုပ်မှာ ဝါခေါင်လအတွင်း
ဒုတိယဝါကပ်တော်မူကြပြီး မေတ္တာတရားများကို ပွားများပြီး ကမ္မဋ္ဌာန်းတရားကို ဆက်လက်အားထုတ်ကြရာ
ဝါမကျွတ်မီ အားလုံးရဟန္တာ ဖြစ်ကြပါသည်။
သို့ဖြစ်ပါ၍
၁။ ရဟန်းတော်ငါးရာကို အကြောင်းပြု၍ မေတ္တာသုတ်ကို
ဝါတွင်းကာလ၌ ဟောကြားတော်မူခြင်း၊
၂။ ရဟန်းတော်များ တောအုပ်သို့ ပြန်ကပ်၍ ဝါခေါင်လ၌
ပစ္ဆိမဝါ ဝါဆို ဝါကပ်ခြင်း၊
ဤ အကြောင်းအရာများကို ထောက်ဆ၍ ဝါခေါင်လပြည့်နေ့ကို
ထေရဝါဒဗုဒ္ဓဘာသာဝင် သူတော်များက မေတ္တာအခါတော်ကို ဆင်ယင်ကျင်းပရခြင်းဖြစ်ပါသည်။
( ဓမ္မပဒ ဋ္ဌ ၁/၁၉၉၊ ၂၀၀။ ခုဒ္ဒကပါဋ္ဌ ၁၇၅၊ ၂၁၅။ သုတ္တနိပါတ
ဋ္ဌ ၁၇၅၊ ၁၉၂)
မေတ္တာပွားများရကျိုး (၁၁) မျိုး
၁။ ချမ်းသာစွာ အိပ်ရခြင်း၊
၂။ ချမ်းသာစွာ နိုးရခြင်း၊
၃။ မကောင်းသော အိပ်မက်များ မမြင်မက်ရခြင်း၊
၎။ လူအများ၏ ချစ်ခင်နှစ်သက်မှုကို ခံရခြင်း၊
၅။ နတ်ဘီလူးတို့၏ ချစ်ခင်နှစ်သက်မှုကို ခံရခြင်း၊
၆။ နတ်အများ၏ စောင့်ရှောက်မှုကို ခံရခြင်း၊
၇။ အဆိပ် မီး ဒုတ် ဓားစသော လက်နက်များ မကျရောက်ခြင်း၊
၈၊ လျင်မြန်စွာ စိတ်တည်ကြည်ခြင်း၊
၉။ မျက်နာ အဆင်း ကြည်လင်ခြင်း၊
၁၀။ မတွေဝေဘဲ သေရခြင်း၊
၁၁။ နတ်ပြည် ဗြဟ္မာပြည်သို့
လားရောက်ရခြင်းတိုဖြစ်ပါသည်။
( ဝိ ၅၊ ၂၄၉။ အံ ၃၊ ၅၄၂။ ပဋိသမ် ၃၁၄။ မိလိန္ဒ ၁၉၅။
အရပ်ဆယ်မျက်နှာနေ အားလုံးသော သတ္တဝါတွေ ကျန်းမာ
ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝ
အောင်မြင်ပါစေ။
မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးကြပါစေ။
ဒို့မေတ္တာစွမ်း ကမ္ဘာလွမ်းအေးချမ်းကြပါစေ။
အရှင်ဝဇိရဉာဏ ( စာချ )
= = =
"၀ါခေါင်လနှင့် မဟာဒုတ်
အလှူ"
မဟာဒုတ်မှာ သူဆင်းရဲလယ်သမားဖြစ်သည်။ ဆင်းရဲလွန်းသောကြောင့် ၀မ်းရေးကို အနိုင်နိုင်
အသက်မွေးနေရသော လင်မယားနှစ်ယောက်ဖြစ်သည်။
တစ်ခုသော ၀ါခေါင်လ တစ်လတွင် မဟာဒုတ်တို့ ရွာမှ
ဘုရားရှင်နှင့်သံဃာတော်များအား ဆွမ်းလှူရန် အလှည့်ကျသည်။ တစ်အိမ်တစ်ပါးစီ
တာဝန်ယူရမည်ဟု သတ်မှတ်သောကြောင့် မဟာဒုတ်တို့ လင်မယားလည်း သံဃာတစ်ပါးကို
တာဝန်ယူရမည်ဖြစ်သည်။
မဟာဒုတ်လင်မယားသည် ဆင်းရဲသော်လည်း သံဃာတစ်ပါးကိုတော့ ဆွမ်းတစ်နပ်
ရအောင်လှုမည် ဟု စိတ်ဆုံးဖြတ်လိုက်ပြီး အလုပ်ကို ကြိုးစားလုပ်ကိုင်ကြ၏။ ယောက်ျားလုပ်သူက
လယ်လုပ်ရာတွင် သီချင်းတအေးအေးနှင့် ဆွမ်းကပ်ရတော့မည်ကို ပျော်နေ၏။ မယားလုပ်သူလည်း
ဆန်ထောင်းရာတွင် သီချင်းလေးတအေးအေးနှင့် ပျော်နေ၏။
သံဃာတော်တို့ အားဆွမ်းပင့်ရမည့်အချိန်တွင်
ရွာသူရွာသားအသီးသီး သံဃာတစ်ပါးစီ သူ့ထက်ငါ ဦးအောင် ပင့်ဆောင်သွားကြသောကြောင့် မဟာဒုတ်တို့လင်မယားတွက်
သံဃာကုန်နေပြီဖြစ်သည်။
ကံအားလျော်စွာ ဘုရားရှင်တစ်ပါးထဲသာ ကျန်တော့သည်။
မဟာဒုတ်လည်း အရဲစွန့် ပြီး အရှင်ဘုရား၏ သပိတ်တော်ကို တပည့်တော်အား
ချီးမြှောက်ပါရန် လျောက်ထားသောအခါ
မြတ်စွာဘုရားက မဟာဒုတ်လက်သို့ သပိတ်ကို
ပေးအပ်လိုက်လေသည်။
မဟာဒုတ်ဆင်းရဲသားလင်မယား မြတ်စွာဘုရား၏ သပိတ်ကို
ရသွားသည်ကို
သူဌေးသူကြွယ်များက မြင်သောအခါ . .
အို မဟာဒုတ် သင့်အား ရွှေငွဥစ္စာ အမြောက်အများပေးပါမည်၊
သင့်လက်ထဲမှ သပိတ်ကို ဒို့အားပေးပါဟု ပြောကြသော်လည်း မဟာဒုတ်က မိမိ၏သဒ္ဓါကို
အသပြာနှင့် မလဲနိုင် ဟုဆိုကာ
မြတ်စွာဘုရားအား အိမ်သို့ ပင့်ဖိတ်သွား၏။
မြတ်စွာဘုရား ဆွမ်းဘုန်ပေးပြီးနောက်
ဆွမ်းအနုမောဒနာတရား ဟောသောအခါတွင် မဟာဒုတ်တို့ ဇနီးမောင်နှံနှစ်ဦး သောတာပန် တည်ကြလေသည်။
ဇနီးမောင်နှံနှစ်ဦး၏ ဆွမ်းအတွက် သဒ္ဓါထက်သန်စွာ ကြိုးစား အားထုတ်နေသည်ကို စောင့်ကြည့်နေသော
သိကြားမင်းက မဟာဒုတ်တို့ နေအိမ်ပေါ်သို့ ရတနာမိုးကြီး ရွာသွန်းချလိုက်သောကြောင့်
မဟာဒုတ်ဆင်းရဲသားလင်မယားသည် နေ့ချင်းညချင်း ချမ်းသာသွားကြလေသည်။
မဟာဒုတ်ကို အကြောင်းပြု၍ ၀ါခေါင်လတွင်
မဟာဒုတ်မဲဖေါက်သည့် အလှူပွဲမျိုးကို ပြုလုပ်လာကြလေသည်။
_/|\_
No comments:
Post a Comment