အရှင်သုမေဓာနှင့် ဝေယျာဝစ္စကုသိုလ်

Daw: အရှင်ဘုရား၊ ဒီပင်္ကရာမြတ်စွာဘုရားရှင်
ကြွလာတော်မူမယ့် လမ်းနေရာမှာ သုမေဓာရှင်ရသေ့ လမ်းဝင်ပြင်တော့ လူတွေက ဒီရသေ့
တန်ခိုးကြီးတယ် ဆိုပြီး အတော်ဗွက်ထူတဲ့ နေရာကို သတ်မှတ်ပေးကြတယ်။ ရှင်ရသေ့က
လမ်းပြင်တဲ့အခါ ကျတော့ သူ့တန်ခိုးကို မသုံးဘဲ၊ ကိုယ်တိုင်ကိုယ်ကျ
ခွန်အားစိုက်ထုတ်ပြီး လမ်းပြင်တယ်လို့ ဆိုပါတယ်။ တပည့်တော် မရှင်းတာက ဒီတန်ခိုးကို
ရဖို့အတွက်လည်း သူဟာ ဝီရိယစိုက်ထုတ်ခဲ့ရတာပဲမလား၊ ဝီရိယစိုက်ထုတ်ပြီးမှ ရလာတဲ့
ဒီတန်ခိုးကို အသုံးပြုပြီး လမ်းပြင်ရင်ကော ကုသိုလ် မရနိုင်ဘူးလား
ဖြေပေးပါဦးဘုရား။
me: အရင်အခေါက်က ဦးဇင်း မလေးကို ရောက်လာတော့ ဒကာမကြီးက ဟိုးအဝေးကြီးကနေ
ဦးဇင်းကို လာတွေ့တယ်မလား။
Daw: တင်ပါ့ဘုရား။
me: အဲသလို လာတွေ့တဲ့အခါ ကျတော့ ဒကာမကြီးမှာ ငွေတွေ
ပါမလာဘူးလား။
Daw: ပါလာပါတယ် ဘုရား။
me: ဦးဇင်းတို့ တည်းခိုတဲ့ နေရာကို ရောက်တော့
ပါလာတဲ့ငွေနဲ့ ထမင်းဆိုင်ကနေ အသင့်ချက်ပြီးသား ထမင်းဟင်းတွေကို ဝယ်ပြီး
ဦးဇင်းတို့ကို ကပ်လှူခဲ့သလား။
Daw: မဟုတ်ပါဘူးဘုရား၊ တပည့်တော်ကိုယ်တိုင်
မီးဖိုချောင်ထဲကိုဝင်၊ ကိုယ်တိုင်ချက်ပြုတ်ပြီးမှ ကပ်လှူခဲ့တာလေဘုရား။
me: မေးရဦးမယ်၊ အဲဒီငွေကို ရှာဖို့အတွက် ဒကာမကြီး
ဝီရိယ မစိုက်ထုတ်ခဲ့ရဘူးလား။
Daw: အော..၊ သဘောပေါက်ပါပြီဘုရား။ ငွေကိုရှာစဉ်တုန်းက
ဝီရိယစိုက်ထုတ်ခဲ့ရတာလည်း မှန်ပါတယ်။ သို့သော်လည်း အရှင်ဘုရားတို့အပေါ်
ကြည်ညိုလေးစားတဲ့စိတ်ကြောင့် ဆိုင်ကနေ အသင့်ချက်ပြီးသားတွေကို ဝယ်မကပ်ဘဲ၊
ကိုယ်တိုင် အပင်ပန်းခံ ချက်ပြုတ် ကပ်လှူခဲ့တာပါဘုရား။
me: အဲဒီသဘောပါပဲ ဒကာမကြီး၊ သုမေဓာ ရှင်ရသေ့သည်လည်း
မြတ်စွာဘုရားရှင် အပေါ် အင်မတန် ကြည်ညိုလေးစားတဲ့အတွက် တန်ခိုးဖန်ဆင်းခြင်းမပြုဘဲ၊
သူကိုယ်တိုင် အပင်ပန်းခံပြီး ဝေယျာဝစ္စကုသိုလ်ကို အရယူတော်မူခဲ့တာပါ။
ဒီနေရာမှာ
ရတနာ ၃-ပါး အပေါ်၊ တကယ့်ကို ကြည်ညိုလေးစားတဲ့စိတ်နဲ့ ပြုတဲ့ ဝေယျာဝစ္စကုသိုလ်သည်
ဘုရားဆုကို ပန်ဆင်နိုင်လောက်အောင် အထိ အင်အားကြီးမားတယ် ဆိုတာကို ဦးဇင်းတို့တွေ
သတိပြုမိကြဖို့ လိုပါတယ်။
Daw: သာဓု သာဓု သာဓုပါ အရှင်ဘုရား၊ အင်မတန်
ကျေးဇူးတင် ဝမ်းမြောက်လှပါတယ်ဘုရား။
{မှတ်ချက်။ ။ ဒီနေ့မနက် ဒကာမကြီးတစ်ယောက်နှင့်
ပြောဖြစ်ခဲ့ကြသည် များကို ပြန်လည်ဝေမျှလိုက်ခြင်း ဖြစ်ပါသည်။}
"ဝေယျာဝစ္စ ကုသိုလ်၏ စွမ်းပကားကို
သူတော်ကောင်းများ အင်မတန် အလေးအနက် ထားတော်မူကြပါသည်.."
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
07/08/2013
No comments:
Post a Comment