ကင်ဆာကို ကာကွယ်နိုင်သော အစားအစာများ
(ကင်ဆာကို မြန်မာ့အယူနဲ့ ဝဋ်နာကံနာလို့
ခေါ်ကြပါတယ်။ ပြင်းထန်တဲ့ဝေဒနာကို ကြာရှည်ခံစား ရမှာမို့ ဖြစ်ပြီးမှ
ကုသတာထက် မဖြစ်ခင် တတ်နိုင်သလောက်လေး ကာကွယ်တာက ပိုပြီကောင်းမယ်ထင်လို့
သိသင့်တဲ့ ဗဟုသုတလေးတွေ မျှဝေပေးလိုက်ပါတယ်ရှင်။)
ယခုအခါ အစာအာဟာရများကို ကင်ဆာရောဂါ တိုက်ဖျက်ရာတွင် အဓိကလက်နက်အဖြစ် ယူဆလာကြသည်။ အမေရိကန်နိုင်ငံ အမျိုးသား ကင်ဆာတက္ကသိုလ်၏
ခန့်မှန်းချက်အရ ကင်ဆာရောဂါများ၏ သုံးပုံတပုံခန့်သည် အစာအာဟာရများနှင့်
ဆက်နွယ်နေသည်။ လတ်တလော သုတေသနပြုချက်များအရ ကျွန်ုပ်တို့စားသုံးသည့်
အစာအဟာရပေါ်မူတည်၍ ကင်ဆာရောဂါဖြစ်ပွားရန် အလားအလာများကို လျှော့ချနိုင်သည်။
ကင်ဆာရောဂါမှာ စတင်ဖြစ်ပွားချိန်မှ
သတိပြုမိသည့်အချိန် တနည်းအားဖြင့် ရောဂါပျိုးချိန်မှာ နှစ်ပေါင်းများစွာ
ကြာရှည်ပေသည်။ ထို့ကြောင့် ကင်ဆာရောဂါ ဖြစ်ပွားခြင်းကို တားဆီးရန်
သို့မဟုတ်-အားပေးရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ရရှိသည်။ သုတေသနပညာရှင်များ၏
တွေ့ရှိချက်အရ ကျွန်ုပ်တို့စားသုံးသော အစာအာဟာရများသည် ကင်ဆာအကျိတ် ကြီးထွားမှုအဆင့်ဆင့်တွင်
ဝင်ရောက်ပတ်သက်နိုင်သည်။ အချို့သော အစားအစာများသည် ကင်ဆာရောဂါဖြစ်ပွားရန်
စတင်လှုံ့ဆော်ပေးသော ဓာတုဗေဒပစ္စည်းများကို ပိတ်ပင်တားဆီးနိုင်သည်။
အချို့သော ဗီတာမင်များနှင့် သတ္ထုဓာတ်များတွင်
ပါဝင်သော အင်တီအောက်ဆီဒင့်(Antioxdants) များ သည် ခန္ဓာကိုယ်ရှိ ဆဲလ်များကို
ကင်ဆာဖြစ်ပွားစေရန် အခွင့်အလမ်း ပိုများစေသည်ဟု ယူဆရသော ဓာတ်များကို
တားဆီးနိုင်သည်။ ထို့အပြင် ကင်ဆာကြောင့် ပျက်စီးနေသော ဆဲလ်အပျက်အစီးများကိုပင်
ပြန်လည်ကောင်းမွန်စေသည်။ အချို့သော အစားအစာများ အထူးသဖြင့် ကောက်ပဲသီးနှံများ၏
အပေါ်ခွံသည် ကင်ဆာဖြစ်ပွားရန် အစပျိုးနေသော ဆဲလ်များကို ကျုံ့သွားစေပါသည်။
နိုင်ငံ ၁၇-နိုင်ငံတွင် ပြုလုပ်သော သုတေသနလေ့လာချက်
၁၇ဝ-ကို လတ်တလော လေ့လာချက်များအရ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို အများဆုံး
စားသုံးသူများတွင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းမှာ အနည်းဆုံး စားသုံးသူများထက်
ထက်ဝက်ခန့်သာ ရှိကြောင်း တွေ့ရှိရသည်။ ထိုကင်ဆာများမှာ အဆုတ်၊ အူမကြီး၊ ရင်သား၊
သားအိမ်ခေါင်း၊ အစာမျိုပြွန်၊ ခံတွင်းအစာအိမ်၊ ဆီးအိမ်၊ ပန်ကရိယနှင့်
မမျိုးဥအိမ်တို့တွင် ဖြစ်ပေါ်သော ကင်ဆာများဖြစ်ကြသည်။
အချို့ သုတေသနပြုချက်များက
ဆေးလိပ်သောက်သုံးသူများတွင်ပင် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ မကြာခဏ
စားပေးပါက အဆုတ်ကင်ဆာဖြစ်ပွားရန် အလားအလာကို လျှော့ချနိုင်သည်ဟု အကြံပြုထားကြသည်။
လေ့လာတွေ့ရှိချက်အရ အများစုအရ ကင်ဆာရောဂါကို
ကာကွယ်ပေးနိုင်သည်ဟု ယူဆထားသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များတွင်
တွေ့ရှိရသည့် အင်တီအောက်ဆီဒင့် တမျိုးမှာ ဘီတာကယ်ရိုတင်း(Betacarotene) ဖြစ်သည်။
၎င်းမှာ အစိမ်းရောင်ရင့်ရင့်၊ အဝါရောင်နှင့် လိမ္မောရောင် ရှိသော
ဟင်းသီးဟင်းရွ့များဖြစ်သည့် မုန်လာဥနီ၊ ကန်စွန်းဥတို့တွင် ပါဝင်သည့်အပြင်
အသီးအနှံများထဲတွင် မက်မွန်သီးအငယ်စားနှင့်တူသော လိမ္မော်ရောင်ရှိသည့်
ဆီးသီးတမျိုး၊ ဖရဲသီးကဲ့သို့ အသီး စသည်တွင်လည်း အမြောက်အမြားပါဝင်သည်။
ဟားဗတ်တက္ကသိုလ်တွင် ဖန်ပြွန်နှင့်စမ်းသပ်ချက်အရ အဆိုပါ ဘီတာကယ်ရိုတင်းသည်
ကင်ဆာအကျိတ်မှ ထုတ်ယူထားသော ဆဲလ်များအပေါ် တိုက်ရိုက်အဆိပ်အတောက် ဖြစ်စေနိုင်သော
အာနိသင်ရှိပေသည်။ ထို့အပြင် အဆုတ်ကင်ဆာ၏ ကြီးထွားနှုန်းကို လျှော့ချခြင်း၊
ကင်ဆာကြီးထွားရန် လိုအပ်သော ပရိုတင်းဓာတ်များကို ပြောင်းလဲပစ်ခြင်း၊ စသည့်
အာနိသင်များရှိသည်။
သုတေသနပြုချက်များအရ ဘီတာကယ်ရိုတင်းသည် ခန္ဓာကိုယ်ထဲတွင်
ရတီနွိုက်အက်စ် (Retinoicacid) အဖြစ်သို့ ပြောင်းလဲနိုင်သည်။ ထိုအက်စစ်ကို
ဆေးလက်တွေ့စမ်းသပ်ချက်များတွင် အချို့သော ကင်ဆာရောဂါများကို ကုသရာ၌ အသုံးပြုသည်။
သို့ဖြစ်၍ ကင်ဆာကို ခုခံနိုင်သော ဓာတုဗေဒပစ္စည်းများ ပါဝင်သည့်
အစားအစာအချို့အကြောင်းကို တင်ပြ ဆွေးနွေးလိုပါသည်။
ခရမ်းချဉ်သီး---
ခရမ်းချဉ်သီးတွင်ပါဝင်သော ဒြပ်ပေါင်းများအနက်
ကင်ဆာရောဂါဖြစ်ပွားစေသည့် အလားအလာကို လျော့ကျစေနိုင်သည်ဟု ယူဆရသော
ဒြပ်ပေါင်းတမျိုးမှာ လိုင်ကိုပင် (Lycopene) ဖြစ်သည်။ အဆိုပါ ဒြပ်ပေါင်းမှာ
ခရမ်းချဉ်သီး၏အနီရောင်ကိုဖြစ်စေသော ဒြပ်ပေါင်းဖြစ်သည်။ ထို Lycopene မှာ
အင်တီအောက်ဆီဒင့်ပင် ဖြစ်ပြီး ဖရဲသီး၊ မက်မွန်သီးအငယ်စားနှင့်တူသော လိမ္မော်ရောင်ရှိသည့်
ဆီးသီး တမျိုးတို့တွင်လည်း ပါဝင်ပြီး အချို့သော ကင်ဆာများဖြစ်ပွားရန် စတင်ပေးသော
ဓာတ်များကို တိုက်ဖျက်နိုင်သည်။
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် (Lycopene) ပါဝင်မှု
နည်းနေပါက ပန်ကရိယကင်ဆာဖြစ်ရန် အခွင့်အလမ်း ပိုများသည်။ ပန်ကရိယ
ကင်ဆာဖြစ်သူများတွင် Lycopene ပါဝင်မှုမှာ ကျန်းမာသောသူများထက် နည်းပါးကြောင်း
တွေ့ရှိရသည်။ Lycopene ပါဝင်မှု အနည်းဆုံးရှိသောသူများသည် ကျန်းမာသန်စွမ်း၍
Lycopene ပါဝင်မှု အများဆုံးရှိသော သူများထက် ပန်ကရိယကင်ဆာဖြစ်ရန် အခွင့်အလမ်း
ငါးဆပိုများသည်။ Lycopene သည် ခရမ်းချဉ်သီးနှင့် ပြုလုပ်ထားသော အချဉ်ရည်များ၊
ခရမ်းချဉ်သီးအနှစ်များတွင် ပါဝင်သည်။
အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ---
အီတလီတွင် လတ်တလောပြုလုပ်သော သုတေသနပြုချက်အရ
အစိမ်းရင့်ရောင် အရွက်များပါသော ဟင်းသီးဟင်းရွက်များသည် ကင်ဆာရောဂါ
တော်တော်များများ ဖြစ်ပွားရန် အခွင့်အလမ်းကို လျော့ကျစေနိုင်သည်။
ပန်းမုန်လာဥကဲ့သို့သော ဟင်းသီးဟင်းရွက်၊ ဂေါ်ဖီထုပ်ကဲ့သို့သော အသီးအရွက်၊
အစိမ်းရောင်ရှိသော ဆလတ်ရွက်တို့တွင် အင်တီအောက်ဆီဒင့်များ ဖြစ်သော ဘီတာကယ်ရိုတင်း၊
ဖိုလိတ် (Folate) နှင့် လူတင်(Lutein) တို့ အမြောက်အမြား ပါဝင်သည်။
မှတ်သားထားသင့်သည့် စည်းမျဉ်းတရပ်မှာ ဟင်းသီးဟင်းရွက်မှာ အရောင်စိမ်းလေလေ
အင်တီအောက်ဆီဒင့်များ ပါဝင်မှု များလေလေ ဖြစ်သည်။
ပူစပ်စူးရှသော အရသာရှိသည့် အစားအစာများ---
ထိုအစားအစာများတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့
ပါဝင်သည်။ တိရစ္ဆာန်များတွင် လေ့လာတွေ့ရှိချက်များအရ ထိုအစားအစာများတွင် ပါဝင်သော
ဓာတုဗေဒပစ္စည်းများသည် အူမကြီး၊ အစာအိမ်၊ အဆုတ်နှင့် အသည်းကင်ဆာများဖြစ်ပွားခြင်းနှင့်
ဆက်နွယ်နေသော ကင်ဆာရောဂါ ဖြစ်ပွားစေသည့် ပစ္စည်းများကို တားဆီးပိတ်ပင်နိုင်ကြောင်း
တွေ့ရှိရသည်။
Pennsylvania ပြည်နယ် တက္ကသိုလ်မှ လေ့လာတွေ့ရှိချက်တွင် ကြွက်များအား
ကြက်သွန်ဖြူနှင့်ပြုလုပ်ထားသော အစားအစာများကို ကျွေးမွေးသည့်အခါ
ရင်သားကင်ဆာဖြစ်ပွားနှုန်းကို ၇၁-ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း
တွေ့ရှိရသည်။ လူများတွင် လေ့လာသောအခါ ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို
ပိုမိုစားသုံးပါက အစာလမ်းကြောင်းကင်ဆာများ ဖြစ်ပွားရန် အခွင့်အလမ်း နည်းပါးကြောင်း
တွေ့ရှိရသည်။
သုတေသနပြုချက်များက ကြက်သွန်ဖြူဒြပ်ပေါင်းများသည် ကင်ဆာရောဂါဖြစ်ပွားခြင်းကိုပင် နှောင့်နှေးစေသည်ဟု တင်ပြကြသည်။ လတ်တလောတွင်
ဂျာမဏီ၌ပြုလုပ်သော လေ့လာချက်များအရ ကြက်သွန်ဖြူဒြပ်ပေါင်း တမျိုးဖြစ်သော (Ajoene)
သည် ကင်ဆာဆဲလ်များကို အဆိပ်အတောက် ဖြစ်စေနိုင်သည်။
ကြက်သွန်ဖြူသည် ခန္ဓာကိုယ်၏
ကိုယ်ခံစွမ်းအင်ကို မြှင့်တင်ပေးခြင်းဖြင့် ဖြစ်ပွားနေပြီးသော ကင်ဆာကိုပင်
ဆန့်ကျင်နိုင်စွမ်း ရှိကြောင်းကို ကယ်လီဖိုးနီးယား လိုမာလင်ဒါ တက္ကသိုလ်
ဆေးပညာကျောင်း (Loma Linda University School of Medicine) မှ ပြုလုပ်သော သုတေသနများအရ
သိရှိရသည်။ ထိုသုတေသနပြုချက်များ၌ ကြက်သွန်ဖြူတွင်ပါဝင်သော ဆာလဖာဒြပ်ပေါင်းသည်
ကြွက်များတွင် ကိုယ်ခံစွမ်းအားစနစ် ဆဲလ်နှစ်မျိုး၏ စွမ်းအားကို
မြှင့်တင်ပေးကြောင်း တွေ့ရှိရသည်။ ထိုဆဲလ်နှစ်မျိုးသည် ကင်ဆာဆဲလ်များကို
တိုက်ဖျက်နိုင်စွမ်းရှိသည်။
သံပရာမျိုးဝင် အသီးများ---
အဆိပ်အတောက်များဆိုင်ရာ ပညာရှင် ဟားဘတ်ပီယာဆင်
(Herbert Pierson) က လိမ္မော်သီး၊ ဂရေ့ဖရုအသီး၊ သံပရိုသီး၊ သံပရာသီးများကို
မကြာခဏစားပေးရန် ပြောကြားခဲ့သည်။ ထိုအသီးများတွင် သဘာဝဒြပ်ပေါင်းများဖြစ်သော
ကယ်ရိုတီနွိုက်(Carotenoids)၊ ဖလာဗိုနွိုက်(Flavonoids) နှင့် အခြားသော
ဒြပ်ပေါင်းများ ပါဝင်ပြီး ၄င်းတို့သည် သီခြားတခုချင်းဆီအနေနဲ့
ကင်ဆာရောဂါဖြစ်ပွားစေသော ဓာတ်ပစ္စည်းများကို ခုခံချေဖျက်နိုင်ကြောင်း
တိရစ္ဆာန်များတွင် လေ့လာတွေ့ရှိရသည်။
ထိုအသီးများသည် အထူးသဖြင့် ပန်ကရိယကင်ဆာ
ဖြစ်ပွားစေသည့် အလားအလာကို လျော့ချပေးနိုင်သည်။ ဆွီဒင်လူမျိုး အုပ်စုတစုတွင်
လေ့လာချက်အရ သံပရာမျိုးဝင် အသီးများကို နေ့စဉ်လိုလို စားသုံးပေးပါက
ပန်ကရိယကင်ဆာဖြစ်ပွားရန် အလားအလာမှာ ထိုအသီးများကို တပတ်လျှင်တကြိမ်ထက်နည်း၍
စားသုံးသူများထက် ထက်ဝက်မှ သုံးပုံနှစ်ပုံအထိ လျော့နည်းကြောင်း တွေ့ရှိရသည်။
ဂေါ်ဖီထုပ် ပန်းမုန်လာ မုန်ညင်းစသည့် ဟင်းသီးဟင်းရွက်များ---
အဆိုပါ ဟင်းသီးဟင်းရွက်များသည်
ရင်သားကင်ဆာဖြစ်ပွားစေသော အခွင့်အလမ်းကို လျော့ကျစေသည်။ သုတေသနပညာရှင်များ၏
တွေ့ရှိချက်များအရ တိရစ္ဆာန်များကို အဆီဓာတ်ပါဝင်မှု နည်းသော အစားအစာများနှင့် အတူ
ဂေါ်ဖီထုပ်၊ မုန်ညင်းတို့ကို ကျွေးမွေးသောအခါ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းကို
လျော့ချနိုင်ကြောင်း တွေ့ရှိရသည်။
သို့ရာတွင် ဟင်းသီးဟင်းရွက်များကို
ချက်ပြုတ်ခြင်း မပြုပဲ အစိမ်းအတိုင်းသော်၎င်း၊ အနည်းငယ်ကျက်ရုံသာ ချက်၍သော်၎င်း
စားသုံးသင့်ပါသည်။ အကျက်လွန်အောင် ချက်ပြုတ်လိုက်ပါက ထိုဟင်းသီးဟင်းရွက်များတွင်
ပါဝင်သော ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် ဓာတ်ပစ္စည်းဖြစ်သော အင်ဒိုးလ် (Indoles)
မှာ ပျက်စီးသွားစေနိုင်သည်။
ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်း စသော
ဟင်းသီးဟင်းရွက်များသည် အစာအိမ်ကင်ဆာ၊ အူမကြီး ကင်ဆာကို ဖြစ်ပွားစေခြင်းမှ
လမ်းကြောင်းသွေဖည်သွားစေသည်။ အမေရိကန်ပြည်ထောင်စု Utah ပြည်နယ်တွင်ပြုလုပ်သော
သုတေသနပြုချက်က ထိုဟင်းသီးဟင်းရွက်များကို အများဆုံးစားသုံးသူ အမျိုးသားများသည်
အနည်းဆုံးစားသုံးသူ အမျိုးသားများထက် အူမကြီးကင်ဆာ ဖြစ်ပွားရန်အခွင့် အလမ်းမှာ
၇ဝ-ရာခိုင်နှုန်း လျော့နည်းကြောင်း ဖော်ပြခဲ့သည်။
ပဲပုပ်ပင်---
ပဲပုပ်ပင်တွင် ကင်ဆာရောဂါကို တားဆီးနိုင်သည်ဟု
ယုံကြည်ရသော ဒြပ်ပေါင်းများ အနည်းဆုံး ငါးခုပါဝင်သည်။ အမှန်တကယ်အားဖြင့်
ထိုဒြပ်ပေါင်းများထဲမှတခုအပါအဝင်ဖြစ်သော ဒြပ်ပေါင်းတမျိုးသည် Tamoxifen ဆေးနှင့်
ဓာတုဗေဒသဘောအားဖြင့် ဆင်တူသည်။ ထိုဆေးသည် မ,ဟော်မုန်းဖြစ်သော အီစထရိုဂျင်ကို
အမှီပြုသည့် ရင်သားကင်ဆာများတွင် အသုံးပြုသော ဆေးဖြစ်သည်။ ယခုအခါ ထိုဒြပ်ပေါင်းသည်
ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း ရှိ-မရှိ သုတေသနစမ်းသပ်ချက်များ အကြီးအကျယ်
ပြုလုပ်နေပြီဖြစ်သည်။
ပဲပုပ်ပဲသည် ကင်ဆာအကျိတ်များ၏ ကြီးထွားနှုန်းနှင့်
ဆဲလ်များပွားခြင်းကို နှေးကွေးစေခြင်းဖြင့် အူမကြီးကင်ဆာ၊ အရေပြားကင်ဆာနှင့်
အခြားကင်ဆာများကို တားဆီးနိုင်ကြောင်း တိရစ္ဆာန်များတွင် လေ့လာတွေ့ရှိရသည်။ ပဲအခြောက်များ၊ စည်သွပ်ပဲများ၊ ပဲနီကလေးနဲ့
ပဲအမျိုးမျိုးတွင်လည်း ကင်ဆာရောဂါကို တားဆီးပေးနိုင်သော အင်တီအောက်ဆီဒင့်များ
ပါဝင်သည်။
ဂျုံ၏အပြင် အခွံ---
ဂျုံ၏အပြင်အခွံသည် အူမကြီးကင်ဆာ ဖြစ်ပွားစေသည့်
အလားအလာကို လျော့ကျစေနိုင်သည်။ နယူးယောက်ဆေးရုံ၊ ကော်နဲဆေးကုဌာနရှိ
လူနာများအားလေ့လာရာတွင် ဂျုံအပြင်အခွံဖြင့် ပြုလုပ်ထားသော ကွေကာအုတ် တအောင်စကို
တနေ့နှစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်ပွားရန် အစပျိုးနေသော
အူမကြီးရှိ အသားပိုများကို ခြောက်လအတွင်း ကျုံ့သွားစေနိုင်သည်။
ထိုကဲ့သို့သော
အစားအသောက်ပမာဏ အနည်းငယ်မျှသည် တိုတောင်းသောအချိန်အတွင်း အကျိုးသက်ရောက်မှု
ရှိသည်ကို ကြည့်ခြင်းဖြင့် အစားအစာများ၏ ပါဝင်ပတ်သက်မှုသည် ကင်ဆာရောဂါဖြစ်ပွားရန်
အစပျိုးသောလက္ခဏာများ ပေါ်ပေါက်နေလင့်ကစား အကျိုးသက်ရောက်မှု ရှိသည်ကို
မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။
အဆီဓာတ်ပါဝင်မှုနည်းသော နွားနို့---
နွားနို့တွင်ပါဝင်သော ပြည့်ဝအဆီသည်
အချို့သောကင်ဆာရောဂါများ ဖြစ်ပွားခြင်းကို အားပေးသည်။ သုတေသနတွေ့ရှိချက်များအရ
အဆီပြည့်ဝသော နွားနို့ကို သောက်သုံးသူများသည် နွားနို့လုံးဝမသောက် သူများထက်
ခံတွင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ စအိုကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊
ရင်သားကင်ဆာနှင့် သားအိမ်ခေါင်း ကင်ဆာများ ဖြစ်ပွားရန် အခွင့်အလမ်းပိုများကြောင်း
တွေ့ရှိရသည်။
သို့သော် အဆီဓာတ်ပါဝင်မှုနည်းသော နွားနို့ကို သောက်သုံးသူများသည်
နွားနို့လုံးဝ မသောက်သူများထက် ခံတွင်းကင်ဆာ၊ စအိုကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာများ
ဖြစ်ပွားရန် အခွင့်အလမ်းနည်းပါးကြောင်း တွေ့ရှိရသည်။
ထိုသို့ဖြစ်ရခြင်းမှာ
နွားနို့ထဲတွင်ပါဝင်သော ကယ်လ်ဆီယမ်၊ ဗီတာမင် ဘီတူး၊ ဗီတာမင် အေ၊ စီနှင့် ဒီတို့သည်
ကင်ဆာရောဂါကို ဆန့်ကျင်သော ဒြပ်ပစ္စည်းများအနေနဲ့ တည်ရှိခြင်းကြောင့်ဖြစ်သည်ဟု
သိပ္ပံပညာရှင်များက ယူဆကြသည်။ မည်သို့မည်ပုံ သက်ရောက်မှု ရှိသည်ကိုမူ တိကျစွာ
မသိရှိရသေးပေ။ ထိုဗီတာမင်များနှင့် သတ္ထုဓာတ်သည် အဆီပြည့်ဝသော
နွားနို့ထဲတွင်ပါဝင်သော်လည်း အကျိုးအာနိသင်မှာ အနည်းငယ် နည်းပါးပေသည်။
အကြံပြုချက်---
ထိုကဲ့သို့ ကျွန်ုပ်တို့၏ အစားအစာများထဲမှ ကင်ဆာရောဂါ
ကာကွယ်နိုင်သော ဒြပ်ပေါင်းများရရှိစေရန် တနေ့လျှင် သစ်သီးနှင့်
ဟင်းသီးဟင်းရွက်များကို ငါးကြိမ်နှင့်အထက် စားသုံးပေးသင့်ကြောင်း အမေရိကန်နိုင်ငံ
အမျိုးသားကင်ဆာတက္ကသိုလ်မှ အကြံပြုထားသည်။
တကြိမ်စားသုံးလျှင် ချက်ပြုတ်ထားသော
သို့မဟုတ်-ချက်ပြုတ်ထားခြင်းမရှိသော သစ်သီး သို့မဟုတ်-ဟင်းသီးဟင်းရွက်
တခွက်ခွဲ၊ အရွက်ပါသော ဟင်းသီးဟင်းရွက်စိမ်း တခွက်၊ အရွယ်အနေတော်ရှိသော လတ်ဆတ်သော
သစ်သီးတလုံး၊ သို့မဟုတ်-သစ်သီးဖျော်ရည် သို့မဟုတ်-ဟင်းသီးဟင်းရွက်ဖျော်ရည်
ခြောက်အောင်စ ပါဝင်သင့်သည်။
စံပြအစားအစာတွင် အဆီပါဝင်မှု၊ ကယ်လိုရီ ပါဝင်မှု
နည်းပါးရမည်။ အမျှင်ဓာတ်များ ပါဝင်မှု များပြားရမည်။ ထိုအချက်များနှင့်ကိုက်ညီသော
အစားအစာများမှာ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ကောက်ပဲသီးနှံများ၊
ပဲအမျိုးမျိုးနှင့် အဆီပါဝင်မှုနည်းသော အသားများ ဖြစ်သည်။
ဤကဲ့သို့ နေ့စဉ်စားသုံးနေသော အစားအသောက်များထဲမှ
ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်ထားသော အစားအစာများ၏ အကြောင်းကို နားလည်သိရှိခြင်းဖြင့် ရွေးချယ်စားသောက် တတ်နိုင်စေရန် တင်ပြလိုက်ရပါသည်။
ဖြူ (ဆေး-၁)
http://www.mmteashop.com/index.php?topic=1139.0
No comments:
Post a Comment