Wednesday, 21 August 2013

သင့်ဦးနှောက် စွမ်းရည် ကောင်းစေနို်င်သည့် နည်းလမ်းများ



Today Myanmar

မှတ်ဥာဏ် ပိုကောင်းချင်သလား ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချလိုသလား၊ စာသင်တဲ့အခါ ပိုပြီးလိုက်နိုင် လိုပါသလား၊ သင်ရဲ့ ဦးနှောက် စွမ်းရည်ကိုပိုပြီး ကောင်းမွန်စေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာရှိပါတယ်။

(၁) သင်ကြားရပိုလွယ်ကူစေဖို့ ချရေးပါ

အတန်းတက်တာပဲ ဖြစ်ဖြစ်၊ ဟောပြောပွဲနားထောင်တာပဲ ဖြစ်ဖြစ်၊ ရှေ့က ဆရာ/ ဟောပြောသူတွေ ပြောတဲ့ အကြောင်းအရာတွေကို ဒီအတိုင်း နားထောင်မယ့်အစား စာရွတ်လွတ်ထဲမှာဘောပင်နဲ့ ချရေးကာလိုက်မှတ်ပါ။ Laptop ဒါမှမဟုတ် Tablet တို့၊ I-pad  တို့ထဲမှာ စာရိုက်ကာ မှတ်တာထက် စာရင် လက်ရေးနဲ့ ရေးမှတ်တာက အသေးစိတ် အချက်အလက်တွေကို ပိုမှတ်မိလွယ်စေသလို အချိန်ကြာကြာလည်း မှတ်မိစေပါတယ်။

ဘာကြောင့်လဲ

ဘောပင်ကို စာရွတ်ပေါ်တင်လိုက်တဲ့ လက်ရဲ့ လှုပ်ရှားမှုက ဦးနှောက်ရှိသ င်ကြားရေးဌာန အစိတ်အပိုင်းကို လှုံ့ဆော်လိုက်တာကြောင့် အချက်အလက်တွေကို ပိုလွယ်ကူစွာ မှတ်ယူနိုင်တာပဲ ဖြစ်ပါတယ်။ စာလုံးတစ်လုံးချင်းကို သေချာအချိန်ယူရေးပါက အဲဒီစာလုံးကို ပိုပြီးမှတ်ရ လွယ်ကူပါတယ်။

လက်ဟန် ခြေဟန်ကိုလည်းသုံးပါ

လက်ဟန်ခြေဟန် အသုံးပြုပြီး စိတ်ထဲ ပုံဖော်ကြည့်တာကလည်း အချက်အလက်တွေကို ပိုမှတ်မိစေပါတယ်။ ဥပမာအားဖြင့် ကားမောင်းဖို့ လမ်းကြောင်းမှတ်တဲ့အခါ ညာဘက် ကွေ့ရမယ့် နေရာမှာ ညာဘက်ကို လက်ညှိုးထိုးပြီး မှတ်တဲ့အခါ ပိုမှတ်မိစေပါတယ်။ ဦးနှောက်က စာကြောင်းတွေထက် စာရင် ပုံရိပ်ကိုပို မှတ်မိတတ်ပါတယ်။


(၂) မှတ်ဥာဏ်ထက်စေဖို့ စကားပြောပါ

နာမည်တွေ၊ နေ့စွဲတွေ၊ နံပါတ်တွေကို သတိမမေ့ဘဲ မှတ်မိနေစေမယ့် လျှို့ဝှက်ချက်ကတော့ သူငယ်ချင်းတွေနဲ့ စကားစမြည် ပြောဆိုတာပါပဲ။ စကားကို စိတ်ပါလက်ပါ ပြောသူတွေဟာ ဦးနှောက် ကောင်းစေတဲ့ ဂိမ်းကစားနည်းတွေကို အချိန်ကြာ ကစားသူတွေလောက် မှတ်ဥာဏ်ကောင်းတာကို လေ့လာချက်တစ်ခုအရ တွေ့ရပါတယ်။ တစ်နေ့ကို ဆယ်မိနစ်လောက် စိတ်ပါလက်ပါ စကားပြောဆိုရုံနဲ့ တိုးတက်မှုရှိတာကို တွေ့ရပါလိမ့်မယ်။

ဘာကြောင့်လဲ

ဥာဏ်ကစားနည်းတွေလိုပဲ စကားပြောဆိုခြင်းက မှတ်ဥာဏ်ကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းကို လှုံ့ဆော်ပေးပါတယ်။ ဒီအစိတ်အပိုင်းတွေကို များများအသုံးပြုလေ မှတ်ဥာဏ် ပိုကောင်းလေပါပဲ။

အပေါင်းအသင်းများလေ ကောင်းလေ

သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများသူတွေဟာ ဦးနှောက်ရှိ မှတ်ဥာဏ်ထိန်းပေးတဲ့ အာရုံစူးစိုက်စေတဲ့ သူများရဲ့ စိတ်ခံစားချက်တွေကို သိစေတဲ့ အစိတ်အပိုင်း ပိုကြီးကြောင်း လေ့လာချက်တစ်ခု အရတွေ့ရပါတယ်။ ဒါကြောင့် မိတ်ဆွေအပေါင်းအသင်း နယ်ပယ် ချဲ့ထွင်ပါ။

(၃) ဦးနှောက်အိုမင်းမှု လျော့ကျစေဖို့ ဘလူးဘယ်ရီစားပါ

အာဟာရပြည့်ဝတဲ့ ဘလူးဘယ်ရီသီးတွေက ဦးနှောက်ကို ကာကွယ်ပေးပါတယ်။ တစ်နေ့ကို ဘယ်ရီသီးလက် တစ်ဆုပ်စာလောက် တစ်လစားပေးရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဥာဏ် လျော့နည်းကျဆင်းမှု ကိုသက်သာစေပါတယ်။

ဘာကြောင့်လဲ

ဘလူးဘယ်ရီသီးတွေမှာ ဦးနှောက်ဆဲလ်တွေ ဆက်သွယ်မှု ကောင်းစေနိုင်တဲ့ Anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့်ပါ။

အစေ့အဆန်လည်းစားပေးပါ

ကောင်းမွန်တဲ့ HDL ကိုလက်စထရောများသူတွေဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ ဒါကြောင့် HDL ကိုလက်စထရော များစေနိုင်တဲ့ အစေ့အဆန်လေးတွေကို များများ စားပေးသင့်ပါတယ်။

(၄) အလုပ်ပြီးစေဖို့ လေချွန်ပါ

အလုပ်လုပ်ရင်းလေချွန်တာဟာ အလုပ်ကို အနှောင့်အယှက် မဖြစ်စေတဲ့အပြင် အလုပ်တောင် ပိုပြီးစေ ကြောင်းသိရပါတယ်။ စိတ်ဖိစီးမှု များစေနိုင်တဲ့ အလုပ်ကိုလုပ်ရာမှာ လေလေးတချွန်ချွန်၊ သီချင်းလေး တညည်းညည်းလို စဉ်းစားစရာမလိုဘဲ အလိုလိုလုပ်မိနေတဲ့ အပြုအမူတွေကို လုပ်သူတွေဟာ အလုပ်ထဲမှာပဲ အာရုံအားလုံး စူးစိုက်ထားသူတွေထက် စာရင် အလုပ်ပိုပြီးတာကို တွေ့ရပါတယ်။

ဘာကြောင့်လဲ

အလုပ်တစ်ခုထဲမှာပဲ ဦးနှောက်ကိုအားကုန်ထည့်ထားပါက အချက်အလက်တွေ ပိုလျှံ ကျလာနိုင်ပါတယ်။ ဒါပေမဲ့ လေချွန်တာ၊ သီချင်းညည်းတာလို အာရုံလွှဲတဲ့ အရာနဲ့ တွဲလုပ်ပါက ဦးနှောက်က တစ်ချိန်ထည်းမှာပဲ အချက်အလက်တွေကို နည်းနည်းစီ ခွဲမှတ်တာကြောင့် ပိုပြီး အလုပ်ပြီးပါတယ်။

သစ်ပင်တွေရဲ့ အကူအညီလည်းယူပါ

ပန်းခြံထဲ လမ်းထွက်လျှောက်တာ၊ ဓာတ်ပုံထဲရှိ စိမ်းလန်းစိုပြည်နေတဲ့ ရှုခင်းတွေကို ငေးကြည့်တာကလည်း အလုပ်ကိုပိုပြီးစေပါတယ်။ သစ်ပင်၊ ပန်းမန်တွေရဲ့ ပုံတွေက စိတ်ဖိစီးတင်းကျပ်မှုကို လျော့ကျစေလို့ပါ။

(၅) ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အိပ်ချိန် ၇ နာရီရှိပါစေ

ညဘက်အိပ်ချိန်က အနည်းဆုံး ခုနှစ်နာရီရှိဖို့ လိုပါတယ်။ ဒါမှသာ အိပ်ရေးဝပြီး အိပ်မက်မက်စေတဲ့ REM Sleep အဆင့်ကို အပြည့်အဝရမှာပါ။ ဒါဟာအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်တဲ့အခါ ဒီအဆင့်ရောက်တဲ့ သူတွေဟာ အိပ်ရေးမဝကာ အိပ်မက်မက်သူတွေထက် စာရင် တီထွင်ဖန်တီးမှု ဥာဏ်နဲ့ မှတ်ဥာဏ် ပိုကောင်းတာကြောင့်ပါ။ ဒီဥာဏ်တွေ ပိုကောင်းမှလည်း ပြဿာနာတွေ ပိုဖြေရှင်းနိုင်မှာပါ။

ဘာကြောင့်လဲ

အချက်အလက်တွေကို ပြန်ပြီးမှတ်မိစေသလို အနာဂတ်မှာလည်း စိတ်ကူးစိတ်သန်း ပိုကောင်းစေနိုင်တာကြောင့်ပါ။

အခြားဦးနှောက်စွမ်းရည် တိုးစေသောအရာများ

-ဆုံးဖြတ်ချက်မြန်စေဖို့ ဟင်းနုနယ်စားပါ

ဟင်းနုနယ်၊ ဂေါ်ဖီထုပ်၊ မုန်လာဥတို့မှာ ဦးနှောက်ဆီ သွေးစီးဆင်းမှု မြန်စေတဲ့ နိုက်ထရိတ်ဓာတ်တွေ ပါရှိပါတယ်။

-ဥာဏ်ကောင်းစေဖို့ ကော်ဖီချိုချိုသောက်ပါ။

ကော်ဖီမှာ သကြားထည့်သောက်ပါ။ ဒါမှမဟုတ် ဘလက်ကော်ဖီ ကြိုက်ရင်လည်း ကွတ်ကီးတစ်ခုခုနဲ့ တွဲစားပါ။ ကဖင်းနဲ့ သကြားတွဲပြီးစားသောက်တာက ဦးနှောက်ဆဲလ်တွေကို အားဖြည့် ကာဦးနှောက် စွမ်းအား ပိုကောင်းစေပါတယ်။

-အိုင်ဒီယာသစ်တွေ ထွက်ဖို့ လမ်းလျှောက်ပါ

ခန္ဓာကိုယ် ချွေးထွက်ပြီး နှလုံးခုန်မြန်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ဦးနှောက်ကို လှုံဆော်ကာ အလုပ် ပိုလုပ်စေတာကြောင့် ဖန်တီးနိုင်မှု စွမ်းရည်တွေ ပိုပြီးထွက်ရှိစေပါတယ်။

Pi Xell

No comments:

Post a Comment