Today Myanmar
ကမ္ဘာကျော် အီစွတ်ပုံပြင်များကို
ရေးသားခဲ့တဲ့ ဆရာကြီး အီစွတ်ဟာ လူ့လောကရဲ့ အဆီအငေါ်၊ အမြီးအမောက် မတည့်တဲ့
ကိစ္စတွေကို မြင်တွေ့ရတဲ့အခါ လူသားတွေ သိရှိပြီးဖြစ်တဲ့ ပတ်ဝန်းကျင်က
တိရစ္ဆာန်ပေါင်းစုံကို ဇာတ်လိုက်တွေလုပ်ပြီး ပွဲထုတ်လေ့ ရှိတယ်။ လူတွေရဲ့ သရုပ်ကို
အဲဒီတိရစ္ဆာန်များမှာ ထင်ဟပ်ပြလေ့ ရှိတယ်။ အင်မတန် ပညာသားပါသလို အင်မတန် သတိထားစရာ၊
သတိမူစရာတွေအဖြစ် အမှတ်တရ ရှိသွားစေတယ်။ အဲဒီမှတ်သားလွယ်တဲ့ ပုံပြင်လေးတွေကို
လူကြီးသူမတွေက ဆိုဆုံးမတဲ့ ပုံပြင် လက်ဆောင်အဖြစ် ခံစားနားလည်နိုင်စေသလို
ဒုတိယအတွေးနဲ့ အတွေးဖြန့်ကျက်မယ်ဆိုရင် အင်မတန် တန်ဖိုးရှိတာကို တွေ့ရ
လိမ့်မယ်။
သူ့ပုံပြင်တွေထဲက မိန်းမလိုချင်နေတဲ့
ခြင်္သေ့ကြီးတစ်ကောင်ရဲ့အကြောင်းကို ပြန်ပြီး ပြောပြချင်တယ်။ ပုံပြင်ဆုံးတဲ့အခါ
ကြိုက်သ လို တွေးပြီး ကြိုက်တဲ့ ကောက်ချက်ကို ချနိုင်ကြပါတယ်။
ပုံပြင်နားထောင်ကြတဲ့ လူများရဲ့ တွေးမှုမြင်မှု စဉ်းစားနိုင်မှုများအရ ပုံပြင်ရဲ့
အဓိပ္ပာယ်နဲ့ ဆိုလိုရင်းကို ဆုပ်ဖမ်းနိုင်ပါလိမ့်မယ်။ သူ့အတွေးနဲ့ကိုယ့်အတွေးက
တူချင်မှ တူလိမ့်မယ်။ သူ့အမြင်နဲ့ ကိုယ့်အမြင် က ထပ်တူကျချင်မှလည်း ကျပါလိမ့်မယ်။
ကြိုက်သလိုသာ တွေးကြည့်ကြပါ။ လွတ်လပ်ပေါ့ပါးစွာပေါ့လေ။
ဟိုးအရင်တုန်းက
တောအုပ်ကြီးတစ်ခုအတွင်းမှာ ဆင်းရဲတဲ့ သစ်ခုတ်သမားလင်မယားနှစ်ယောက် နေကြတယ်။
ဆင်းရဲလွန်းလို့ နေ့ စာနေ့ ညစာည ရှာဖွေစားသောက်ကြရတယ်တဲ့။ ဒါပေမယ့် သူတို့မှာ
သမီးလေးတစ်ယောက်မွေးလာတယ်။ အင်မတန် ချောမော လှပပြီး ယဉ်ကျေးလိမ္မာတယ်။
ပတ်ဝန်းကျင်ကလည်း အဲဒီကလေးမရဲ့ ကောင်းသတင်းတွေကို ကြားသိကြသတဲ့။
တစ်နေ့မှာတော့ အဲဒီ တောအုပ်ကြီးကို
အစိုးရတဲ့ ခြင်္သေ့ကြီးတစ်ကောင်ဟာ သူဆင်းရဲလင်မယားရဲ့ တဲအိမ်အနီးကို ရောက် လာသ တဲ့။
တဲကို အကဲခတ်လိုက်တော့ အင်မတန် ချောမောလှပတဲ့ မိန်းကလေးကို တွေ့မြင်သွားပါလေရော။
မိန်းကလေးရဲ့ ကောင်းသ တင်းတွေသာမက လှပတဲ့ရုပ်လက္ခဏာတွေကို တွေ့ရတဲ့အတွက်
ခြင်္သေ့ဘုရင်ကြီးဟာစွဲလမ်းနှစ်သက်သွားသတဲ့။ ဒါကြောင့် ခြင်္သေ့ ကြီးဟာ အဲဒီကလေးမကို
ရယူနိုင်ဖို့အတွက် အနီးအနားက သတ္တဝါတွေကိုလည်း ပြောပြ၊ မိဘ နှစ်ပါးဆီကိုလည်း ချဉ်းကပ်တော့
တာပေါ့။ မိဘနှစ်ပါးကို သူဟာ မိန်းကလေးကို နှစ်သက်မိတဲ့ အကြောင်းနဲ့ မိန်းကလေးကိုသာ
လက်ထပ်ခွင့်ရရင် လက်ထပ်ချင်တဲ့ အကြောင်း၊ လက်ထပ်ပြီးရင် မိန်းကလေးကလည်း
ခြင်္သေ့မင်းရဲ့ မိဖုရားအဖြစ် တစ်တောလုံး တစ်တောင်လုံးကို အုပ်စိုးခွင့်ရမယ့်
အကြောင်းပြောပြပြီး မိဘနှစ်ပါးကိုလည်း နားချစည်းရုံးသတဲ့။
ဆင်းရဲရုံမက အသက်အရွယ်လည်း
ကြီးရင့်လာတဲ့ မိဘတွေက ခြင်္သေ့ကို ကြောက်ကြတယ်။ ခြင်္သေ့ကြီးမှာ သန်မာတဲ့ခွန် အားနဲ့
ချွန်မြတဲ့ ခြေသည်းလက်သည်းတွေ ရှိနေတယ်။ အင်မတန် ကြောက်စရာကောင်းတယ်။
ခြင်္သေ့ကြီးရဲ့ စကားကို ငြင်းပယ်ဖို့ဆိုတာ ခက်တယ်။ ဒါပေမယ့် ခြင်္သေ့ဆိုတဲ့
တိရစ္ဆာန်နဲ့ သူ့သမီးလေးကို မပေးစားချင်ကြဘူး။ တိရစ္ဆာန်အမျိုးအ နွယ် ဖြစ်သွားမှာကို
ကြောက် တယ်။ ဒီတော့ ပရိယာယ်ဆင်ပြီး ''အရှင်ခြင်္သေ့မင်း၊ ခြင်္သေ့မင်းရဲ့ စကားဟာ
အင်မတန်သင့်မြတ်ပါတယ်။ အရှင်ခြင်္သေ့ကိုလည်း သမီးလေးက သဘောကျမှာပါ။ အရှင်ရဲ့ လှပတဲ့ လည်ဆံမွေးတွေက
အင်မတန်ခန့်ညားတာကိုး။ ဒါပေမယ့် အရှင်ရဲ့ ချွန်ထက် တဲ့ ခြေသည်းလက်သည်းတွေကို
ကလေးမက ကြောက်နေတယ်။ ဒီကလေးမကို လိုချင်ရင် အရှင်ရဲ့ ခြေသည်း လက်သည်းတွေကို
လှီးပစ်မှ ရလိမ့်မယ်။ အရှင်ရဲ့အစွယ်တွေကို ချိုးပစ်မှ ရလိမ့်မယ်။ ဒါဆိုရင် သမီးလေး
စိတ်သက်သာသွားမှာပါ။ သင့်ကို လက်ခံ မှာပါ'' လို့ပရိယာယ်ဆင်ပြီး ပြောသတဲ့။
မိန်းကလေးကို လိုချင်တပ်မက်မှုတွေနဲ့
မွှန်နေတဲ့ ခြင်္သေ့ကြီးကလည်း တသွေမတိမ်း နားထောင်သတဲ့။ သူ့ရဲ့တစ်ဖက်သားကို
အန္တရာယ်ပေးနိုင်တဲ့ ခြေသည်းလက်သည်းနဲ့ အစွယ်တွေကို ချိုးပစ်လိုက်သတဲ့။
အစွယ်တွေကျိုး၊ ခြေသည်းလက်သည်းတွေ ကျိုး ကုန်တော့ ခြင်္သေ့ကြီးဟာ အနာတရ
ဖြစ်ရတော့တာပေါ့။ အနာရှိန်ကြောင့် ဖျားတောင်ဖျားသတဲ့။ ဖျားလာတော့ ဘာမှ မစားနိုင်
မသောက်နိုင်ဘဲ အားအင်ကုန်ခမ်း လာတော့တာပေါ့။ အဲဒီအချိန်ရောက်မှ သူဆင်းရဲလင်မယားဟာ
အလွယ်တကူပဲ ခြင်္သေ့ကြီးကို သတ်ဖြတ်ပစ်လိုက်ကြသတဲ့။ သူတို့သမီးလေးလည်း ဘေးကင်းလုံ
ခြုံတဲ့ဘဝကို ရောက်သွားသတဲ့။
ပုံပြောပြတတ်တဲ့ ကလေးငယ်တစ်ယောက်ရဲ့
အပြောနဲ့ ပြောရမယ်ဆိုရင်တော့ ပုံပြင်လေးကတော့ ဒါပါပဲကွယ်လို့ အဆုံးသတ်ရလိမ့် မယ်။
ပုံပြင်ဆရာကြီး အီစွတ်က ဘာရည်ရွယ်ချက်နဲ့ ဘာတွေတွေးပြီး ပြောခဲ့တယ် ဆိုတာကို
မသိနိုင်ပေမယ့် ပုံပြင်ကို နားထောင် ကြရတဲ့ လူတွေမှာတော့ မဆုံးနိုင်တဲ့
အတွေးတွေနဲ့ ရှိနေ ကြပါလိမ့်မယ်။ အမြင်အမျိုးမျိုး၊ ရှု ထောင့်အမျိုးမျိုး
သွယ်ဝိုက်ဖြန့် ကျက် လာတဲ့ အဲဒီအတွေးအယူ တွေဟာလည်း ဓမ္မတာပဲ ကွဲပြား
ခြားနားပါလိမ့်မယ်။ ဒါဟာ အပြစ်ဆိုစရာ မဟုတ်ဘူး။ လူတိုင်းဟာ မတူတဲ့ အတွေးအခေါ်၊
မတူတဲ့ ရည်ရွယ်ချက်တွေရှိကြတယ်မဟုတ်လား။ ဒီတော့ ဒီပုံပြင်ကလေး အပေါ်မှာ
ကိုယ်နှစ်သက်သ လို ကောက်ချက်ချနိုင်ကြပါတယ်။
လောကမှာ ခွန်အား အားကိုးနဲ့၊
ချွန်ထက်တဲ့ အစွယ် အားကိုးနဲ့၊ ချွန်ထက်တဲ့ ခြေသည်း လက်သည်းအားကိုးနဲ့ မိုက်ရူးရဲ
ဆန်ဆန် လိုချင်တာ ယူချင်တဲ့၊ ယူတတ်တဲ့ သတ္တဝါတွေ ရှိတတ်တယ်။ သူတို့ဟာ တရားတာ၊
မတရားတာ၊ ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ ကိုမ ကြည့်ဘဲ သူတို့ဆန္ဒ အကောင်
အထည်ပေါ်နိုင်ရေး တစ်ခုတည်းကိုပဲ ရှေးရှုလုပ်ကိုင်တတ်တယ်။ တစ်ဖက်က ကာယကံရှင်များရဲ့
ဆန္ဒသဘောထားကိုလည်း အလေးမူတာ မဟုတ်ဘူး။ သူတို့ရဲ့ လိုအင်ကိုပဲ မပြည့်ပြည့်အောင်
လုပ်တတ်ကြတယ်။ ဒီလိုပုဂ္ဂိုလ်၊ သတ္တဝါတွေကို တွေ့ဆုံရပြီဆိုရင် ကိုယ်တတ် နိုင်တဲ့
နည်းပရိယာယ်ကို အသုံးပြု ပြီး သူတို့ရဲ့ စက်ကွင်းကလွတ် အောင် ဆရာကြီး အီစွတ်က
လမ်းညွှန်ထားတာပဲ ဖြစ်ပါလိမ့်မယ်။
လူတွေ သတိထားကြရလိမ့်မယ်။
တချို့အချိန် တချို့ကာလတွေမှာ မစဉ်းစား မဆင်ခြင်တတ်တဲ့ သတ္တဝါတွေရဲ့ ဘေးအန္တ ရာယ်က
မမျှော်လင့်ဘဲ ကိုယ့်ဆီကို ရောက်လာတတ်တယ်။ လိမ္မာပါးနပ်စွာ မရှောင်ထွက်နိုင်ရင်
ဘေးဒုက္ခအမျိုးမျိုးကို တွေ့ကြုံရလိမ့်မယ်။ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရတတ်တယ်။
သတိတမန်၊ ဥာဏ် မြေကတုတ်ဆိုတဲ့အတိုင်း ကိုယ့်ဘဝကို ကိုယ်တိုင်စောင့်ရှောက်ပြီး
ကိုယ့် လမ်းအတိုင်း ကိုယ်လျှောက် ကြမယ်ဆိုရင် ကောင်းပါတယ်။ ဒီ အချိန်က လောကမှာ
မိန်းမလိုချင်တဲ့ ခြင်္သေ့တွေက ပေါနေတယ် မဟုတ်လား။
ထက်ကျော်
ဈေးကွက်ဂျာနယ်
No comments:
Post a Comment