လမ်းခွဲပြီးနောက်

Myanmar
Online News Friday, September 6, 2013
ကွန်ပျူတာ ပိတ်ခါနီး ဘေးနားက စပီကာ (speaker) ရဲ့ အသံ (volume) ကိုအရင်ဆုံး
အနိမ့်ဆုံး ရောက်အောင် လှည့်ပြီး မှ ပိတ်ပစ်လိုက်တယ်။
ဒါဟာလည်း အခုတော့ ကျွန်မ ရဲ့ ကျင့်သားရနေပြီဖြစ်တဲ့ အကျင့်လေး တစ်ခုပါ။
`နေအုံး... စပီကာ အသံကို အရင်ဆုံးတိုးပြီးမှ ပိတ်´
ကျွန်မ ကွန်ပျူတာပိတ်ခါနီးတိုင်း မောင်ပြောနေကျ
စကားလေးတစ်ခွန်းပါ။
`အသံတိုးပြီး ပိတ်တာနဲ့ မပိတ်တာ ဘာများခြားလို့လဲ´
မောင် က
`ဒါလေးတောင် မသိဘူးလား၊ ဒါမှ စပီကာ မပျက်မှာပေါ့...´
ပြောပြီးတာနဲ့ ဆရာကြီးအထာနဲ့ မောင် က ကျွန်မခေါင်းကို
ပုတ်ပြီး ဆံပင်တွေကို ဖွသွားလေ့ရှိတယ်။
x x x x x x x x x x x x x
ဖန်ခွက်ကို လှမ်းယူပြီး ကြည့်လိုက်တော့ ဖန်ခွက်ထဲက
ရေခဲတုံးတွေ အရည်ပျော်ပြီး Coca-Cola တွေနဲ့ အတူ ရောသွားပြီ။ အမြှုပ်လေးတွေလည်း
မရှိတော့။ တစ်ဝက်သာသာ ဖန်ခွက်ထဲမှာ ကျန်သေးပေမယ့် ကျွန်မ သွန်ပစ်လိုက်တယ်။
ဖန်ခွက်ထဲကို နောက်ထပ် ရေခဲတုန်း တစ်ဝက်လောက်ထည့် ပြီးမှ Coca-cola ကိုထည့်ပြီး
ဖန်ခွက်ကို အသာအယာ လှုပ်လိုက်တယ်။ ရေခဲတုံးနဲ့ ဖန်ခွက်နဲ့ ထိပြီး ထွက်ပေါ်လာတဲ့ အသံက
ကျွန်မ ရင်ဘတ်တစ်ခုလုံး အေးမြသွားစေတယ်။
မောင်နဲ့ ကျွန်မ မတွေ့ခင်အထိ Coca-Cola ကို ကျွန်မ
သောက်လေ့မရှိဘူး။
`တခွက်လောက်သောက်ပါလား´ ဖန်ခွက်ကို ကိုင်ပြီး မောင်က
လာမေးတယ်။
`ဟင့်အင်း.. သောက်တော့ဘူး၊ မောင် ပဲသောက်´
`နွေရာသီဆိုတာ အခုလို ကိုကာကိုလာ
အေးအေးလေးသောက်လိုက်မှ နွေပီသ တာ။
နောက်ပြီး ဒီတိုင်းသောက်တာထက်
ရေခဲတုံးလေးတွေထည့်သောက်ရတယ်၊ ဒါမှ သိပ်လည်း မစူးတော့ဘူး၊ သိပ်လည်း မချိုတော့ဘူး´
ပြောပြီးတာနဲ့ မောင် က ကျွန်မသောက်ဖို့
အသစ်တစ်ခွက်ထည့်ပေးတယ်။
`သောက်ကြည့်... ချစ် ကို ကိုယ် မလိမ်ဘူး´
ပထမ တစ်ငုံရဲ့ အေးစက်ခြင်းက နွေရာသီ တစ်ခုလုံးကျွန်မ
ဘေးက ပြေးထွက်သွားသလို ခံစားရတယ်။ Coca-Cola အေးအေးလေးကို သောက်တိုင်း ခုထိ အဲ့ဒီ့
အေးစက်ခြင်း ကို ခံစားရတုန်းပဲ။
အခုတော့
အအေးတခွက်ရဲ့ အေးစက်ခြင်း အပြင် မောင် ရဲ့
အေးစက်ခြင်းတွေ။
နှစ်တွေကြာပြီးနောက် ကျွန်မ တို့
နှစ်ယောက်လမ်းခွဲခဲ့ကြတယ်။ ဘာမှ ကြီးကြီးကျယ်ကျယ် မောင် နဲ့ ကျွန်မ
ရန်မဖြစ်ခဲ့ပါဘူး။
မောင် က သူ့ရဲ့ အင်္ကျီတွေယူသွားတယ်။ မောင်
သိပ်ကြိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းခွေတွေယူသွားတယ်။ နောက်ပြီး...
မောင်... ကျွန်မရဲ့ အချစ်တွေကို ယူသွားတယ်။
မောင်... ကျွန်မ အတွက် ထားခဲ့တာဆိုလို့ မောင် ရဲ့
`အကျင့်´တွေပဲရှိတယ်။
အခု... ကွန်ပျူတာ ပိတ်ခါနီးတိုင်း စပီကာရဲ့ အသံကို
လျော့တတ်နေပြီ။
နွေရာသီရောက်တိုင်း... ရေခဲတုံးလေးတွေနဲ့ ကိုကာကိုလာ
သောက်တတ်နေပြီ။
ဒါပေမယ့်...
မောင်ရဲ့ အကျင့်လေး တွေကို... အနာဂတ်ရဲ့
တစ်နေ့နေ့ကျရင်
မောင် မဟုတ်တဲ့ တခြားတစ်ယောက်ဆီမှာ... ကျွန်မ...
တိတ်တိတ်လေး ထားခဲ့ချင် ကောင်း ထားခဲ့နိုင်တယ်။
အဲ့ဒီ့
တစ်နေ့နေ့ကျရင်...
ကျွန်မ ... မောင့် ကို... မေ့သွားလောက်ပါရဲ့။
( လမ်းခွဲပြီးနောက်... ယူမသွားဘဲ ချန်ထားခဲ့တာ
`အကျင့်´ ဆိုတာများလား။)
Credit to သိုးငယ်
No comments:
Post a Comment