Thursday 14 November 2013

စအိုလမ်းကြောင်း ကင်ဆာ (ANAL CANCER)



Today Myanmar
စအိုလမ်းကြောင်း ကင်ဆာရောဂါဟာ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ သာမန်လူတွေထက် အဆ ၅၀ ပိုပြီး အဖြစ်များပါတယ်။ ကျွန်တော်တို့ ကြိုတင်ဆေးစစ်ဖို့နဲ့ ရောဂါစောစီးစွာရှာဖို့ လှုံ့ဆော်သင့်ပြီလား…… ၂၀၀၉ ခုနှစ် မေလက ဆောင်းပါးတစ်ခုမှာ အမျိုးသမီးတွေမှာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာအကြောင်းကို ဖတ်ရတော့ သားအိမ်ခေါင်းကင်ဆာဆိုတာ အလွန်မှ ကြောက်စရာကောင်းလှတဲ့ HumanPapilloma Virus (HPV) ပိုးကြောင့် ဖြစ်တာကြောင့် နှစ်စဉ် အမျိုးသမီးများဟာ အထူးသတိပြုပြီး ဆေးစစ်တာတွေ လုပ်ရမယ်လို့ ဖတ်ရပါတယ်။

အမျိုးသမီး ၃ ဦးမှာ ၁ ဦးနှုန်းနဲ့ ဖြစ်ပွားနိုင်ပြီး ၁၀နှစ်အတွင်း သေဆုံးနိုင်တယ်ဆိုတာလဲ မှတ်သားခဲ့ ဖူးပါတယ်။ သို့သော်… အလွန်ရိုးရှင်းတဲ့ အဖြေတစ်ခုက စောစောစီးစီး ကင်ဆာဖြစ်နိုင်တဲ့နေရာကို တွေ့ရှိ ရင်တော့ ထုံဆေးလေးပေးပြီး လှီးထုတ်ရုံနဲ့ ကင်ဆာရောဂါသေနှုန်းရဲ့ ၃ ပုံ ၂ ပုံကို လျော့ချနိုင်သတဲ့။ အခုဆို ရင် အမျိုးသမီးတွေမှာ ဒီသားအိမ်ခေါင်းကင်ဆာ ရောဂါမဖြစ်အောင် ကာကွယ်တဲ့ ကာကွယ်ဆေးလဲ ရှိနေပြီ။အထူးသဖြင့် ဆယ်ကျော်သက် မီးကောင်ပေါက်လေးတွေ အတွက်ပေါ့။

စအိုလမ်းကြောင်းကင်ဆာဟာလည်း သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတဲ့ အမျိုးတူတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတာပါ။ ဒီရောဂါဖြစ်နိုင်တဲ့နေရာတွေကို ကြိုတင်ပြီး စစ်ဆေး ဖော်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် လူထု အတွင်းမှာ စအိုကင်ဆာက သားအိမ်ခေါင်း ကင်ဆာထက် ဖြစ်ပွားမှု ၁၆ ဆ ရှားပါးပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ၆၀ % ပိုဖြစ်ပါတယ်။

လိင်တူဆက်ဆံသူ အမျိုးသားတွေမှာတော့ သားအိမ်ခေါင်းကင်ဆာဖြစ်သူ အမျိုးသမီးတွေထက် အဆ ၅၀ ဖြစ်ပွားနိုင်ပါတယ်။ စအိုကင်ဆာ ရောဂါဖြစ်ခဲ့ရင်တော့ ၅ နှစ်အတွင်းမှာ ၃၀% က အသက်ဆုံးကြတာ များပါတယ်။ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာအတွက် ကြိုတင် စစ်ဆေးလို့ရတဲ့ နည်းလမ်းတွေ ရှိနေပေမယ့် အမျိုးသားတွေအတွက် စအိုကင်ဆာကို မစစ်ဆေးနိုင်သေးပါဘူး။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးရှိသော်လည်း စအိုကင်ဆာအတွက် ကာကွယ်ဆေးက အမေရိကမှာပဲ သုံးလို့ရပါတယ်။

ဥရောပမှာ အတည်မပြုရသေးပါဘူး။ ဘာကြောင့်လဲ။ အမျိုးသားတွေ အထူးသဖြင့် လိင်တူဆက်ဆံသူ လူငယ်လေးတွေအတွက်ရော စအိုကင်ဆာကာကွယ်ဆေး မရှိသင့်တော့ဘူးလား….. စအိုကင်ဆာ အချက် လက်များ….. သားအိမ်ခေါင်းကင်ဆာနဲ့ စအိုကင်ဆာတို့ဟာ HPV ပိုးကြောင့်ဖြစ်တာပါ။ ဒါပေမယ့် HPV ပိုးဆိုတာ တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ မျိုးခွဲပေါင်း ၁၀၀ ကျော်ရှိပါတယ်။ တစ်ချို့ပိုးမျိုးတွေက လူကို ဘေးဥပါဒ်မဖြစ်စေပေမယ့် တစ်ချို့ကတော့ ကင်ဆာရောဂါဖြစ်တဲ့အထိ ဒုက္ခပေးတတ်ပါတယ်။

အရွယ်ရောက်ပြီး လိင်မှုကိစ္စအတွေ့ကြုံရှိတဲ့ သူတိုင်းမှာ HPV ပိုး တစ်မျိုးမဟုတ် တစ်မျိုးတော့ ကူးစက်ခံ ထားရတာ သဘာဝနိယာမတစ်ခုလိုတောင် ဖြစ်နေပါတယ်။ တစ်ချို့မှာ ပိုးရှိနေပေမယ့် ရောဂါလက္ခ ဏာလုံးဝ မပြတတ်ပါဘူး။ စအိုကင်ဆာဖြစ်တာကတော့ လိင်အင်္ဂါမှာ ကြွက်နို့လို့ အဖုထစ်လေးတွေကနေ အစပျိုးတတ်ပါတယ်။ HPV ပိုးနံပါတ် 16 ဟာ ကြောက်စရာကောင်းတဲ့ ပိုးတစ်ခုပါ။ သူက ကင်ဆာရော ဂါတွေ ကို ဖြစ်စေဖို့ တွန်းအားပါတယ်။

ဒုတိယ ကြောက်စရာကောင်းတဲ့ပိုးကတော့ HPV 18 ဖြစ်ပါတယ်။ တခြား ကြောက်ရတဲ့ HPV မျိုးပေါင်း ၁၂ခုလောက် ရှိပါသေးတယ်။ အဲဒီထဲမှာ HPV 16 နဲ့ HPV 18 တို့ကတော့ ဗိုလ်ကြီးတွေပေါ့။ သူတို့က သား အိမ်ခေါင်းကင်ဆာဖြစ်ပွားမှုရဲ့ ၇၀%နဲ့ စအိုကင်ဆာဖြစ်ပွားမှုရဲ့ ၈၀% ကိုတာဝန်ယူထားကြတာပါ။ ထူးခြားတဲ့ အချက်တစ်ခုက ကျနော်တို့ ကိုယ်ခန္ဒာထဲကနေ HVP ပိုးကိုတိုက်ခိုက်နိုင်ပါတယ်။ သာမန် (HIV ပိုးမရှိသူ)လူတစ်ယောက်အနေနဲ့ HPV ပိုးကို တိုက်ထုတ်ဖို့ ၅ လ ကနေ ၁ နှစ်ကြာပေမယ့် ကိုယ်တွင်း ခုခံအားမကောင်းတဲ့သူတွေမှာတော့ ဒီပိုးကိုတိုက်ခိုက်ဖို့ အချိန်ပိုကြာမှာဖြစ်တယ်လေ။

စအိုကင်ဆာဖြစ်ရခြင်းကတော့ စအိုကိုသုံးပြီးလိင် ဆက်ဆံရာကတဆင့် HPV ပိုးကူးစက်ခံရခြင်းပါပဲ။ လိင်ဆက်ဆံဖော်များလေ HPV မျိုးခွဲများများကူးစက်ခံရလေဖြစ်ပြီး ကင်ဆာရောဂါဖြစ်ဖို့ ပိုသေချာပါတယ်။ ပြင်သစ်နိုင်ငံက သုတေသနက ဘာပြောလဲဆိုတော့ လိင်တူဆက်ဆံသူတွေမှာ ၉၆%မှာ ကြောက်စရာ HPV ပိုးတစ်ခုမဟုတ် တစ်ခုရှိနေတတ်ပြီး အဲဒီထဲက ၄၃%ဟာ HPV 16 ဖြစ်နေတာတွေ့ရတယ်တဲ့။ အခု ဆိုရင် ကမ္ဘာမှာ HPV ပိုးအတွက် ကာကွယ်ဆေးထွက်နေပြီလေ။ GlaxoSmithKline Company က ဆေးက HPV 16 နဲ့ 18 ကိုကာကွယ်ပြီး Gardasil company ဆေးက လိင်အင်္ဂါကြွက်နို့်တွေဖြစ်စေတဲ့ သိပ်မဆိုးတဲ့ HPV 6 နဲ့ 11 ကိုပါ ကာကွယ်ပေးနိုင်သတဲ့။

စစ်ကြ ဆေးကြရာဝယ်…. ကြောက်စရာကောင်းတဲ့ HPV ပိုးမျိုးတွေက စအိုလမ်းကြောင်းမှာ သိသာထင် ရှားတဲ့ အဖုတွေ ကြွက်နို့တွေကို မဖြစ်စေပါဘူး။ သိသာမြင်သာတဲ့ လက္ခဏာအလွန်နည်းပြီး တခါတရံမှသာ စအိုအတွင်းသား အရေပြားက ဖြူနေတာ၊ အနီရောင် အဖြစ် အရောင်ပြောင်းနေတာကို ဆေးစစ်ရင်း သိနိုင်တာပါ။ စအိုအရေပြား နည်းနည်းလေး ပြောင်းလဲရုံနဲ့တင် စအိုကင်ဆာဖြစ်နိုင်ပါတယ်။

စစ်ဆေးတဲ့နည်းတွေကတော့

• ကလပ်စည်း (ဆဲလ်)တွေကို အဏုကြည့်မှန်ဘီလူးဖြင့် စစ်ဆေးခြင်း

• စအိုလမ်းကြောင်းကို မှန်ပြောင်းဖြင့်ကြည့်ခြင်း

• စအိုလမ်းကြောင်းရှိ အသားစကို စစ်ဆေးခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီလိုစစ်ဆေးပြီး စအိုလမ်းကြောင်းက ကလပ်စည်းတွေက ပုံမှန်လား၊ ပုံမှန်ထက် ထူးခြားနေတာလား၊ ကင်ဆာ အမြစ်စတွယ်ပြီးလား …စတဲ့ အခြေနေတွေကို လေ့လာဖော်ထုတ်ရပါတယ်။ ရောဂါအဆင့်တွေ ကလည်း မတူပါဘူး။ ရောဂါအဆင့်ကိုလိုက်ပြီး ကုသပုံတွေလည်း ကွာခြားပါတယ်။

စအိုကင်ဆာအတွက် ကြိုတင်စစ်ဆေးခြင်း

ပုံမှန်အားဖြင့် အများပြည်သူတွေအတွက်တော့ ကြိုတင်စစ်ဆေးဖို့ သိပ်မလိုပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေ များတဲ့ သူတွေ အထူးသဖြင့် HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေ၊ HIV ပိုးရှိပြီး စအိုလမ်းကြောင်း အသုံးပြုဆက်ဆံတဲ့ အမျိုးသမီးတွေအတွက်တော့ စစ်ဆေးဖို့လိုအပ်ပါတယ်။ အမေရိကရဲ့ သုတေသနတစ်ခု ကတော့ HIV ပိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လိင်တူဆက်ဆံသူအမျိုးသားအားလုံး စအိုကင်ဆာကို ကြိုတင် စစ်ဆေးထားတာ အကျိုးရှိပါတယ်လို့ ထောက်ပြထားပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ HPV ပိုးကြောင့် တစ်ချို့လူတွေမှာ ဆိုးဆိုးဝါးဝါး ကင်ဆာအဆင့် ထိရောက်စေတဲ့ သဘာဝကို အတိအကျ မသိရှိသေးလို့ပါ။ အင်္ဂလန်နိုင်ငံကတော့ ဒီလိုစစ်ဆေးတာက ငွေ ကုန်ကြေးကျများလို့ ပုံမှန် လုပ်ဖို့မလိုဘူးလို့ ဆိုပြန်ပါတယ်။ အမေရိကမှာတော့ စအိုမှာ ကြွက်နို့ပေါက်တာ ရှိနေတဲ့ အမျိုးသားတွေ၊ HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေအတွက် စစ်ဆေးဖို့ တိုက်တွန်းထား ပါတယ်။ ဒီလိုစစ်ဆေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုရဲ့ ၃၀% ကို လျော့ချနိုင်တယ်လို့ ဆိုပါတယ်။

စအိုကင်ဆာ ကုဖို့ရာ….

အင်္ဂလန်နိုင်ငံက ပုံမှန်စစ်ဖို့ မတိုက်တွန်းတာက အကြောင်းရှိပါတယ်တဲ့…။ ဒီကင်ဆာရောဂါဟာ အဖြစ် နည်းတယ်၊ တကယ်လို့ စစ်ဆေးလို့တွေ့ရင်လည်း ပျောက်အောင်မကုနိုင်ဘူးတဲ့။ လက်ရှိကုနေတဲ့ ဓာတ် ရောင်ခြည် ကုထုံး (ဓာတ်ရောင်ခြည်ဖြင့် စအိုလမ်းကြောင်းရှိ အသားစများကို ဖျက်ဆီးခြင်း) Inferred Coagulation Therapy က အလွန်နာကျင်တယ်တဲ့။ ရောင်ခြည်နဲ့ ကုပြီးနောက် (၁၀) လ နေရင် ရောဂါပြန်ပေါ်တဲ့အတွက် မလိုအပ်တဲ့ အနေအထိုင်ခက်စေတာတဲ့။ ဒီတော့ ကုသဖို့ထက် စစ်ဆေးဖို့ကို အားမပေးဘူးတဲ့လေ။

အကယ်၍ စအိုကင်ဆာဖြစ်ခဲ့လည်း ခင်ဗျားဟာ အလွန်ကံဆိုးသူလို့ မဆိုနိုင်ဘူးတဲ့။ ဘာလို့လဲဆိုတော့ ရောဂါရှိသူတွေဟာ ၅ နှစ်အတွင်း အသက်ရှင်နေနိုင်မှု ၆၅% ရှိသေးတယ်တဲ့လေ။ ဥပမာ ဝှေးစေ့ကင်ဆာ (Testicular Cancer) ရှိသူတွေမှာ ၉၇% က ၅ နှစ်အတွင်း အသက်ဆုံးရတာတဲ့လေ။ နောက်တစ်ခု အဆုတ်ကင်ဆာသမားတွေဆို ၅ နှစ်အတွင်း အသက်ရှင်နေနိုင်မှုက ၅ % ပဲရှိကြတာ။ လက်ရှိနောက် ဆုံးပေါ် ကုထုံးကတော့ ဓာတ်ရောင်ခြည်နဲ့ကုတယ် ပြီးတော့ ကင်ဆာဆေးတွေ သွင်းတယ် သောက်ရတာ ပေါ့။ ကင်ဆာဆေးတွေကလည်း သိပ်မပြင်းတော့ဘူးလေ။ သက်တောင့်သက်သာ သောက်လို့ သွင်းလို့ရ တယ်လေ။ မအန်တော့ဘူးပေါ့။

ကာကွယ်ဆေးအကြောင်း တစေ့တစောင်း….

ဒါဆို ကျနော်တို့ ဆယ်ကျော်သက် ကောင်လေး၊ ကောင်မလေးတွေကို HPV 16-18 မကူးစက်အောင် ကာကွယ်ဆေးထိုးသင့်ပါသလား… အမေရိကမှာတော့ ၂၀၁၁ အစောပိုင်းမှာ အစားသောက်နဲ့ဆေးဝါး ကွပ်ကဲ ရေးအဖွဲ့ချုပ်က အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း ကျား/မ အားလုံး Gardasil ကာကွယ်ဆေး ထိုးနိုင်ကြောင်း အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် ဥရောပဆေးပညာရှင် အဖွဲ့တွေကတော့ အဲလို လုပ်တာကို သဘောမတူပါဘူး။

ဘာကြောင့်လဲဆိုတော့ ဥရောပမှာ ဒီလို ကာကွယ်ဆေးထိုးဖို့ရာ ဆေးကို အဆင့်ဆင့် အချိန်ယူပြီးမှ အတည်ပြုလို့ပါ။ ဈေးကလည်း ကြီးလို့တဲ့။ အမေရိကမှာလုပ်တဲ့ သုတေသနတစ်ခုကတော့ ဒီကာကွယ်ဆေး ဟာ အသက် ၁၉ ကနေ ၂၆ အတွင်း လိင်တူဆက်ဆံသူအမျိုးသားတွေမှာ စအိုကင်ဆာဖြစ်ပွားမှုအတွက် ၆၅% ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။

ကဲ… ကိုယ့်ကိုယ်ကိုပြန်မေးကြရအောင်… ခင်ဗျားဟာ အသက်ကြီးတဲ့ လိင်တူဆက်ဆံသူအမျိုးသားဆိုရင်… ကာကွယ်ဆေးထိုးဖို့ အချိန်နှောင်းနေပြီလား?????? အဖြေက… တကယ်တမ်း ကာကွယ်ဆေး မလို ပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကိုယ်ခံအားက ဒီ HPV ပိုးကို တိုက်ခိုက်နိုင်သေးတယ်ဆိုတာ ခင်ဗျားမေ့နေလို့ပါတဲ့။ ၂၀၀၉ သုတေသနအရ အမေရိကမှာရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေရဲ့ ၄၃%မှာ HPV ပိုးအတွက် ခန္ဒာကိုယ်က တုန့်ပြန်တဲ့ ပဋိဇီဝပစ္စည်းမတွေ့ဘူးတဲ့လေ။ ဆိုလိုတာက ဒီလူတွေမှာ ဒီလူတွေမှာ HPV ပိုးကူးစက်ခံရပေမယ့် ကိုယ်တွင်းက တိုက်ခိုက်လိုက်တော့ ဆိုးဝါးတဲ့ ကင်ဆာရောဂါ အထိ ဆက်မဖြစ်တော့ဘူးလေ။

ဒါဆို ကာကွယ်ဆေးထိုးရင် ဘာအကျိုးရှိမှာလဲ?????? လုပ်သင့်တာကတော့ မိမိမှာ ကူးစက်ခံထားရတဲ့ HPV ပိုးအမျိုးစားကို သိအောင်လုပ်ပါ။ ပိုးက HPV 16 သို့မဟုတ် HPV 18 မဖြစ်နေရင်တော့ ထိုးသင့် တယ်လေ။ ဒါပေမယ့် HPV 16 သို့မဟုတ် HPV 18 လက်ရှိအခြေနေမှာ ကူးစက်ခံထားပြီးရင်တော့ ထိုးလည်း မထူးတော့ဘူး။

တစ်စုံတစ်ယောက်က စအိုမှာ ကြွက်နို့တွေရှိလို့ စအိုကင်ဆာဖြစ်နိုင်လားမေးရင် ဘယ်လိုဖြေမလဲ…… အဖြေကတော့ HPV 16 သို့မဟုတ် HPV 18 ဆိုရင်ဖြစ်နိုင်ပါတယ်။

ကာကွယ်ဆေးမထိုးပေမယ့်လည်း တခြားနည်းတွေနဲ့ သိအောင်လုပ်လို့ရသေးတာကိုလည်း အမှတ်ရပါဦး။ ဥပမာ မိမိကိုယ်တိုင် လက်နဲ့စမ်းသပ်ကြည့်မယ်၊စအိုလမ်းကြောင်းမှာ အသားမာလေးတွေရှိနေတာမျိုး၊ အသားပိုလေးတွေရှိနေတာမျိုးဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသင့်ပြီ။ စအိုလမ်းကြောင်းမှာ ယားယံ တာ၊ နာတာ၊ အနာဖြစ်တာ၊ သွေးထွက်တာမျိုးလည်း စအို ကင်ဆာအတွက် ဂရုပြုပြီး စစ်ဆေးသင့်တယ်။ (တခြားရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်)။

HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားများအတွက် မှာချင်တာကတော့ ဆေးကို စနစ်တကျသောက်ဖို့နဲ့ ကွန်ဒုံးသုံးဖို့ပါပဲ။ ပိုးမရှိတဲ့သူတွေအတွက်လည်း ကွန်ဒုံးကို စနစ်တကျသုံးခြင်းဟာ အရေးပါတဲ့ ကာကွယ် ခြင်း တစ်ခုပါပဲ…..

လမင်းကို
ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု

No comments:

Post a Comment