Saturday 30 November 2013

ရင်တွင်း သယံဇာတများ (၁)



Nine Nine Sanay @ နိုင်းနိုင်းစနေ
မနက်နေထွက်တာနဲ့ အာဖရိကတောရိုင်းမှာရှိတဲ့ တိရစ္ဆာန်တွေဟာ စတင်ပြေးလွှားကြတယ်။
ခြင်္သေ့မေမေက ခြင်္သေ့ငယ်တွေကို “ သားတို့ သမီးတို့ရေ.... ပြေးတဲ့အချိန်မှာ ဒီထက်မြန်နိုင်သမျှ မြန်အောင် ပြေးကြနော်။ တကယ်လို့ သားတို့ဟာ အပြေးနှေးတဲ့ သမင်လောက်တောင် မပြေးနိုင်ခဲ့ရင် သားတို့ ဆာလောင်ပြီး သေဆုံးသွားနိုင်တယ်” လို့ သင်ပေးခဲ့တယ်။

တစ်နေရာမှာလည်း သမင်မေမေက သမင်ငယ်လေးတွေကို “ သားတို့သမီးတို့ရေ... ပြေးလွှားတဲ့အချိန်မှာ ဒီထက်မြန်နိုင်သမျှ မြန်အောင် ပြေးကြနော်။ တကယ်လို့ သားတို့ဟာ အပြေးမြန်တဲ့ ခြင်္သေ့ထက်တောင် မပြေးနိုင်ခဲ့ရင် သားတို့ အစားခံရလိမ့်မယ်” လို့ သင်ပေးခဲ့တယ်။

သင်အပြေးမြန်တယ်! သင့်ထက် တစ်ခြားလူက ပိုအပြေးမြန်တယ်ဆိုတာ မမေ့ပါနဲ့...
ဒီကနေ့မှာ ကြိုးစားပြီးမလျှောက်လှမ်းရင် မနက်ဖြန်မှာ သင်အားကုန်ပြေးရပါလိမ့်မယ်။





Nine Nine Sanay @ နိုင်းနိုင်းစနေ
တစ်ခါက လင်းယုန်ငှက်တစ်ကောင်ဟာ ကောင်းကင်ရဲ့အမြင့်ကို ကြောက်နေခဲ့တယ်။
ဒါကြောင့် သစ်ကိုင်းတစ်ကိုင်းပေါ်မှာ မလွှတ်တမ်းကုတ်တွယ်နေခဲ့တယ်။
ဒါကို လင်းယုန်ငှက်လေ့ကျင့်ပေးသူက ဘာလုပ်ရမှန်း မသိဖြစ်ခဲ့တယ်။
"သစ်ကိုင်းကိုဖြတ်ပစ်လိုက်"လို့ လူတစ်ယောက်က လေ့ကျင့်ပေးသူကို အကြံပေးပါတယ်။
အကြံအတိုင်း သစ်ကိုင်းကိုဖြတ်ပစ်လိုက်တာနဲ့ လင်းယုန်ငှက်က ထပျံတော့တယ်။

အချိန်အတော်များများမှာ ကျွန်မတို့ရဲ့စိတ်နှလုံးမှာလည်း မမြင်ရတဲ့အတောင်ပံတစ်စုံရှိတယ်။
ဒါပေမယ့် ဘေးကင်းလုံခြုံလို့၊ သက်တောင့်သက်သာရှိလို့ဆိုပြီး ကျွန်မတို့ဟာ လက်ရှိနေရာမှာပဲ ဖက်တွယ်နေရတာကို အကျင့်ဖြစ်ခဲ့တယ်။ အရောင်စုံတဲ့လောကကို စူးစမ်းလေ့လာဖို့ အရည်အချင်းတွေ ပျောက်ဆုံးကုန်တယ်။ ကိုယ်မြဲမြဲ ကုတ်တွယ်ထားတဲ့ အဲဒီသစ်ကိုင်း အချိုးခံလိုက်ရချိန်ကျမှ ကိုယ်လည်း ပျံသန်းနိုင်ကြောင်းကို ကျွန်မတို့သတိပြုမိတတ်ပါတယ်။





Nine Nine Sanay @ နိုင်းနိုင်းစနေ
မေမေကပြောတယ်...
အရာနှစ်ခုကို လက်မလွှတ်စေနဲ့တဲ့
တစ်ခုက အိမ်အပြန်နောက်ဆုံးဘတ်စ်ကားရယ်
နောက်တစ်ခုက သင့်ကိုနှစ်နှစ်ကာကာချစ်တဲ့လူရယ်

ဖေဖေကလည်းပြောတယ်...
လူ့ဘဝမှာ အရာနှစ်ခုကို လက်မလွှတ်စေနဲ့တဲ့
တစ်ခုက ငယ်ရွယ်နုပျိုစဉ်မှာ ရုန်းကန်လှုပ်ရှားရတဲ့အခွင့်အရေးရယ်
နောက်တစ်ခုက သင့်ကိုတကယ်ချစ်တဲ့မိန်းကလေးရယ် ....

=   =   =

Nine Nine Sanay @ နိုင်းနိုင်းစနေ
သူတို့က တစ်ယောက်ကိုတစ်ယောက် ချစ်ကြတဲ့သူတွေပေါ့။
ဒါပေမယ့် ကိစ္စသေးသေးမွှားမွှားနဲ့ သူတို့မကြာခဏ ရန်ဖြစ်ငြင်းခုန်တတ်ကြတယ်။

တစ်ခါက ရန်ဖြစ်ပြီးနောက် ကောင်မလေးက ပြောတယ်...
"ရန်ဖြစ်ချိန်ဟာ တစ်ယောက်ယောက်ရဲ့ချွတ်ယွင်းချက်ကို အလွယ်တကူ သိနိုင်တဲ့အချိန်ပါ၊ ဒါကြောင့် ရန်တစ်ခါဖြစ်ပြီးတိုင်း ငါတို့သည်းမခံနိုင်တဲ့ တစ်ဘက်သားရဲ့ချွတ်ယွင်းချက်ကို ချရေးမယ်။ ရေးထားတဲ့ စက္ကူလိတ်ကို ပုလင်းတစ်ခုထဲမှာ ထည့်ထားမယ်၊ တစ်နှစ်ကြာမှ ပုလင်းချင်းလှဲကြမယ်"တဲ့။

တစ်ဘက်သားရဲ့ချွတ်ယွင်းချက်ကိုချရေးပြီး ပုလင်းထဲထည့်တဲ့ စိတ်ထွက်ပေါက်ရသွားလို့
သူတို့ရဲ့ရန်ဖြစ်တဲ့ အကြိမ်ရေလည်း နည်းသွားတယ်။ နောက်ပိုင်း ပုလင်းအကြောင်းကို သူတို့မပြောဖြစ်ကြတော့သလို ရန်လည်း မဖြစ်ခဲ့ကြတော့ဘူး။

နှစ်အတန်ကြာမှ အဲဒီပုလင်းကို ကောင်လေးသိမ်းထားသေးတယ်ဆိုတာကို ကောင်မလေး သတိထားမိတယ်။ သူ့ရဲ့ချွတ်ယွင်းချက်တွေကို ကောင်လေးဘာတွေများ ရေးထားမလဲလို့ ကောင်မလေးသိချင်နေခဲ့တယ်။ ပုလင်းထဲက စာရွက်လိတ်တစ်လိတ်စီကို သူဖွင့်ဖတ်မိတယ်။
စာရွက်တိုင်းမှာ "နင့်ကို ငါချစ်တယ်"ဆိုတာပဲ ရေးထားတာကို ကောင်မလေးတွေ့လိုက်ရတယ်။

လူတစ်ယောက်ကိုချစ်တယ်ဆိုတာ သူ့ကိုချစ်ရုံတင်မ၊ သူ့ဘဝ၊ သူ့ချွတ်ယွင်းချက်၊ သူ့မိသားစုကိုပါ ချစ်ရတယ်.. ဒါမှ တကယ်ချစ်တာဖြစ်တယ်။

=   =   = 


No comments:

Post a Comment