gentlemen ဟူသည်
Gentlemen ဆိုသည့် အသုံးအနှုန်းသည်
လူကြီးလူကောင်းဟု ခေါ်ဆိုသည်ကို အများစု သိရှိပြီး ဖြစ်၍ အထူးတလည်
ပြောဆိုနေရန်မလိုသော်လည်း လူကြီးလူကောင်းဟူသည် မိမိလုပ်ကိုင်နေသော အလုပ်၊
မိမိပိုင်ဆိုင်မှုအဆင့်အတန်းနှင့် လုံးဝပတ်သက်သည်ဟုဆိုကြလျှင်မူ ငြင်းဆိုရပေမည်။
အဘယ့်ကြောင့်ဆို သော်
လူကြီးလူကောင်းဟူသည် အပေါ်ယံအသွင်အပြင် ကောင်းမွန်သော လူကြီးလူ ကောင်းနှင့်
အတွင်းစိတ် ဖြောင့်မှန်သော လူကြီးလူကောင်းဟူ၍ နှစ်မျိုး ရှိသောကြောင့် ပင်တည်း။
သို့သော် အတွင်းစိတ် ဖြောင့်မှန်သော လူကြီးလူကောင်းကိုသာ လူကြီးလူကောင်း အစစ်အမှန်ဟု
ခေါ်ဆိုထိုက်ပေသည်။
အပေါ်ယံ အသွင်အပြင်ကောင်းမွန်သော လူကြီးလူကောင်းဖြစ်ရန်မှာ မခက်ခဲလှပေ။ အမျိုးအနွယ်
သန့်ခြင်း၊ သပ်သပ်ရပ်ရပ် ၀တ်တတ်ခြင်း၊ ပြေပြစ်သော အမူအရာရှိခြင်း စသည်တို့အပြင်
အမျက်ဒေါသ ကို မဖော်ပြဘဲ ချုပ်တည်းထားတတ်ခြင်းဟူသော သိမ်းဆည်းမှုရှိလျှင် အပေါ်ယံ
အမျိုးအစား လူကြီးလူ ကောင်းဖြစ်ပြီဟု ခေါ်ဆိုနိုင်ပေပြီ။ ဤသည်မှာ ပြင်ပကမ္ဘာမှ
လူကြီးလူကောင်းများ၏ အဓိပ္ပာယ်သတ်မှတ် ချက်များပင်။
facebook လောကမှ
လူကြီးလူကောင်းများကား profile အမှန်သုံးသည်။ အလုပ်အကိုင်၊ ပညာ အဆင့်အတန်းမြင့်သည်။
တွေးတော ဆင်ခြင်ဥာဏ်ကောင်းသည်။ ယဉ်ကျေးစွာ စကားပြောဆို သည်။ အယူအဆတစ်စုံတစ်ရာ
မတူပါက သူတစ်ပါးကို ယဉ်ကျေးစွာ တိုက်ခိုက်တတ်သည်။ သူတစ်ပါးက တိုက်ခိုက်လာလျှင်လည်း
ယဉ်ကျေးစွာ နာလိုခံခက် ပြန်ပြောတတ်သည်။ ထိုကဲ့သို့သော လူအမျိုးအစားကို facebook
လောကမှ အပေါ်ယံ လူကြီးလူကောင်းဟု ခေါ်ဆိုထိုက်မည်ထင်သည်။ ဤသည်ကား မိမိ၏ တစ်ကိုယ်ရည်
အတွေးအမြင်သာဖြစ်ပါသည်။
အတွင်းစိတ် ဖြောင့်မှန်သော လူကြီးလူကောင်းအဖြစ်ကိုကား တော်ရုံလူ မရနိုင်ပေ။
အကြင်သူသည် အပေါ်ယံအားဖြင့် ဆွေကြီးမျိုးကြီးထဲက ဟုတ်ချင်မှ ဟုတ်မည်၊
အ၀တ်အစားမှာလည်း တော်စွ လျော်စွ ၀တ်ချင် ၀တ်မည်၊ သို့ရာတွင်
အတွင်းစိတ်သဘောမှာမူကား ဇမ္ဗူရစ်ရွှေစင်နှင့် ပမာနှိုင်း၍ ရလောက် အောင် ကောင်းမြတ်သော
စိတ်နေစိတ်ထားရှိလျှင် ထိုသူသည် အတွင်းစိတ်ဖြောင့်မှန်သော လူကြီး
လူကောင်းဖြစ်နိုင်ပါသည်။ သို့သော် ဤမျှနှင့်တော့ လူကြီးလူကောင်းစာရင်းမ၀င်သေး။
တည့်မတ်ကြံ့ ခိုင်သော
စိတ်ဓာတ်ရှိခြင်း၊ အခါခပ်သိမ်းမှန်သော စကားကိုဆိုခြင်း၊ တစ်ဖက်သား အပေါ်တွင်
မတရားပြုဖို့ ရွံ့ရှက်ခြင်း၊ ကိုယ့်သိက္ခာကိုယ် စောင့်စည်းခြင်း၊ သေးသေးနုပ်နုပ်
မလုပ်တတ် မကြံတတ်ခြင်း၊ ကြင်နာ သနားတတ်ခြင်း၊ ကိုယ်ချင်းစာတရား ထားခြင်း စသော
အရည်အချင်းများ အပြည့်အ၀ပါရှိပါမူ အပြည့်အ၀ လူကြီးလူကောင်းဖြစ်ပြီဟု ပြောနိုင်ပြီ
ဖြစ်သည်။ ထိုကဲ့သို့ လူကြီးလူကောင်းအမျိုးအစားသည် လူချမ်းသာ ပညာတတ် အသိုင်းအ၀ိုင်း
တွင်သာ အမြဲရှိလိမ့်မည်ဟု မဆိုနိုင်ပေ။ ဆင်းရဲသား အသိုင်းအ၀ိုင်းတွင်လည်း
ထိုကဲ့သို့ မြင့်မြတ်သည့် လူကြီးလူကောင်းများ ပေါ်ထွက်လာလေ့ရှိပါသည်။
Facebook လောကတွင်လည်း ထိုကဲ့သို့ လူကြီးလူကောင်းများစွာ ရှိပါလိမ့်မည်။
ကျွန်တော်နှင့်တော့ သိပ်ကြုံ ဆုံဖူးခြင်းမရှိ၍ ယခုအထိတော့ ကျွန်တော့်
ပတ်ဝန်းကျင်တွင် မရှိသေးဟုသာ ဆိုရပေမည်။ ကျွန်တော် အပါအ၀င် ကျွန်တော့်
ပတ်ဝန်းကျင်ရှိ facebook user များသည် ပထမအမျိုးအစား လူကြီး
လူကောင်းများဖြစ်အောင်သာ အားထုတ်နေကြသည်ကို ၀မ်းနည်းဖွယ်တွေ့ရှိနေရပါသည်။
အဘယ့်ကြောင့် ပါနည်း။
ကျွန်တော်တို့သည် အပေါ်ယံကိုသာ
ပိုမို မက်မောတွယ်တာတတ်နေကြပြီလော။ အတွင်းစိတ်ဖြူ စင်မှု၊ သူတစ်ပါးအား စာနာမှု၊
မိမိနှင့် စကားပြောနေသူကို လူကြီးလူငယ်မရွေး လေးစားစွာ ဆက်ဆံမှု၊ လူငယ်များနှင့်
မိမိထက် ပညာနိမ့်ပါးသူများ၏ အမြင်များကို လေးစားစွာ လက်ခံပေး၍ အမြင်မတူခြင်း
တစ်စုံတစ်ရာရှိလျှင်လည်း ရေးသားသူ စိတ်အနာတရမဖြစ်အောင် စေတနာဖြင့် ယဉ်ကျေးစွာ
ဆွေးနွေးမှု၊ မိမိအား ဆဲဆိုတုန့်ပြန်လာပါက ထိုကဲ့သို့ အပြုအမူကို
လက်မခံနိုင်ကြောင်း ယဉ်ကျေးစွာ ပြန်ပြောမှု စသော လူကြီးလူကောင်းဆန်ခြင်း
အစစ်အမှန်များကို မတွေ့ရဘဲ မိမိနှင့် အမြင်မတူညီရုံမျှကလေးနှင့်
သူများနောက်ကွယ်တွင် ထိုသူ သိက္ခာတစ်စုံတစ်ရာကျဆင်းအောင် ၀ါဒဖြန့်ချိနေမှု၊
မိမိကိုယ်တိုင် မိမိကို လာရောက်ဆက်ဆံပါက မကြိုက်သည့် အချက်များကို
ကိုယ်ချင်းစာနာစိတ် အလျှင်းမရှိဘဲ သူတစ်ပါးစိတ် အနှောင့်အယှက်ဖြစ်အောင်
စိတ်လိုက်မာန်ပါ အားတက်သရော လုပ်ဆောင်နေမှု အစရှိသည့်အရာ များကိုသာ တွင်တွင်
လုပ်ဆောင်နေကြသည်ကို စိတ်ပျက်ဖွယ်တွေ့နေရသည်။
အသိမကြွယ်သေးသည့် လူငယ်များ၊ ပညာနုံနဲ့သူများက ထိုကဲ့သို့ လုပ်ဆောင်နေကြသည်ကို
ခွင့်လွှတ် နားလည် ပေး၍ရသော်လည်း ပညာတတ်၊ ယောကျာ်းရင့်မာကြီးများ ( မိန်းကလေးများ
လုပ်ဆောင်သည်ကို မတွေ့ရသလာက်ရှားပါသည်။ ကျွန်တော် မတွေ့၍လည်း ဖြစ်မည် ) ၊
ပြင်ပလောကတွင် လူကြီးလူကောင်း များဖြစ်သည်ဟု ယူဆရသူများက ထိုကဲ့သို့
လုပ်ဆောင်နေကြခြင်းကိုမူ နားမလည်နိုင်အောင်ဖြစ် နေရပါ သည်။
ပြင်ပ လူမြင်သော နေရာတွင်သာ
လူကြီးလူကောင်းအဖြစ် ခံယူမည်။ လူချင်းမမြင်ရသော အင်တာနက် လောကကြီးထဲတွင်
ထိုကဲ့သို့ လူကြီးလူကောင်းဆန်စရာမလိုဟု မိတ်ဆွေတို့က သတ်မှတ် လိုက်ကြပြီလော။
မိတ်ဆွေတို့က အသိမကြွယ်သေးသူများကို လူကြီးလူကောင်းဆန်သည်ဟု ယူဆရသော
စကားလုံးတို့ဖြင့် ယဉ်ယဉ်ကျေးကျေး တိုက်ခိုက်ပြောဆိုနေသော်လည်း မိတ်ဆွေတို့၏
အတွင်းစိတ် ပုံရိပ်တို့ကို မိတ်ဆွေတို့ သုံးနှုန်းသွားသော စကားလုံးတိုင်းက
ထင်ဟပ်လျက်ရှိနေသည်ကို သတိထား တတ်သူတိုင်း မြင်နိုင်ပါသည်။
Facebook လောကကို ပြင်ပ လူမှုကွန်ယက်အစစ်အမှန်အဖြစ် ယူဆကြည့်ကြမည်။ လူတစ်ဦးစီ၏
wall များသည် ထိုသူတို့၏ နေထိုင်ရာအိမ်များကို ကိုယ်စားပြုသည်။ လူတစ်ဦးစီ၏
တင်ထားသော post များအောက်ရှိ comment များနေရာသည် ထိုသူ၏ ရင်းနှီးသော
ပတ်ဝန်းကျင်ကို ကိုယ်စားပြုသည်။ လူတစ်ဦးကို မိမိဆောင်းပါးတွင် tagging လုပ်ခြင်းသည်
မိမိရေးသားချက်များကို ဝေဖန်ပေးရန် မိမိ၏ အိမ်သို့ ဖိတ်ခေါ်ခြင်းမည်သည်။
ကျွန်တော် ပွင့်ပွင့်လင်းလင်း
ပြောပါတော့မည်။ မိတ်ဆွေတို့သည် ပြင်ပတွင် သူတစ်ပါးအိမ်သို့ သွားလည်ဖူးကြမည်သာ။
အိမ်ရှင်နှင့် စကားစမြည်လည်း ပြောဆိုဖူးကြမည် သာ။ ဧည့်သည်အဖြစ် သူတစ်ပါးအိမ်သို့
သွားရောက်နေစဉ် အိမ်ရှင်နှင့် သဘောမတူသည်ရှိခဲ့သော် မိတ် ဆွေတို့သည် အိမ်ရှင်ကို
စိတ်အနှောင့်အယှက်ဖြစ်စေရန် ပြန်လည် ငြင်းခုံကြပါ၏လော။ ပြန်ငြင်းခုံသည်ဟု ဖြေသော
မိတ်ဆွေသည် ကျွန်တော့်ဆောင်းပါးကို ဆက်လက်မဖတ်ရှုတော့ရန် တိုက်တွန်းလိုက်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ကျွန်တော့် ဆောင်းပါးသည် gentlemen များကိုသာ ဆွေးနွေးထားသော
ဆောင်းပါးဖြစ်နေ၍ပင်။
နောက်တစ်ချက် ထပ်ပြောပါမည်။ ကိုယ်နှင့် မခင်သော သူတို့၏ ဆွေးနွေးပွဲသို့ မည်သူမျှ
ဖိတ်ခေါ်ခြင်း မပြုဘဲ အိမ်ရှင်ကို စိတ်အနှောင့်အယှက်ဖြစ်အောင်
အတင်းဝင်ရောက်ငြင်းခုံခြင်းကို လူကြီးလူကောင်းတို့ လုပ်ကြပါ၏လော။ လုပ်သည်ဆိုလျှင်
ကျွန်တော် ထပ်မပြောလိုတော့ပြီ။ လူကြီးလူကောင်းဟု ယူဆထား သော မိမိတို့၏
အပြုအမူများကို လူမှုကွန်ယက်တွင် ဆက်လက်လုပ်ဆောင်ကြပါ။ ကိုယ့်အတွေး နှင့် ကိုယ်
လူကြီးလူကောင်း ဆက်လက်ဖြစ်နိုင်ပါသည်။ မိမိနှင့် အုပ်စုတူသူများ၏ လူကြီးလူကောင်းဟု
သတ်မှတ်ခြင်း ကိုလည်း ဆက်လက်ခံရနိုင်ပါသည်။ သို့သော် ထိုသို့ သူများ post တိုင်း
ငပွကြီး လုပ်နေသူများကို ကျွန်တော်အပါအ၀င် မိတ်ဆွေနှင့် အမြင်မတူသူများကဖြင့်
လူကြီးလူကောင်းဟု မသတ်မှတ်ပေးနိုင်မည်မှာ အသေအချာပင်ဖြစ်ပါသည်။
တစ်နေ့သ၌ အထက်တန်းစားများဖြစ်ကြသော ဂုဏ်သရေရှိ လူကြီး တစ်ယောက်နှင့် လူငယ်တစ်ယောက်
လမ်းလျှောက်သွားကြစဉ် ဖိနပ်ထူထူကြီးနှင့် အင်္ကျီပွကြီး ၀တ်ထားသော
လယ်သမားကြီးတစ်ယောက်နှင့် တွေ့ကြ၍ လူကြီးဖြစ်သူက ဖော်ရွေစွာ နှုတ်ခွန်းဆက်သကာ အာလာပ
သလ္လာပ စကားပြောပြီးမှ ခွဲခွာ သွားကြ၏။
လယ်သမားကြီး မျက်ကွယ်သို့ ရောက်သောအခါ
လူငယ်က ဤမျှလောက် လူရည်လူရောင် ညံ့ဖျင်းသူတစ်ယောက်နှင့် နှုတ်ဆက်ရသည်မှာ
မရှက်ပါသလောဟု မေး၏။ ဤတွင် လူကြီးဖြစ်သူက “ ဘာလဲကွဲ့။ မင်းက ဖိနပ်ထူထူကြီးနဲ့
အင်္ကျီပွကြီးကို ကြည့်ပြီး လူရည်လူရောင် မရှိဘူးလို့ ပြောသလား၊ ငါက ဖိနပ်ထူကြီးနဲ့
အင်္ကျီပွကြီးကို နှုတ်ဆက်တာ မဟုတ်ဘူးကွဲ့၊ အထဲက လူကို နှုတ်ဆက်တာ၊ အဲ့ဒီ
အင်္ကျီပွကြီးထဲက လူကလေ တကယ့် အရည်အချင်းကို ချိန်ကြည့်လိုက်ရင် ချိန်ခွင်တစ်ဖက်မှာ
မင်းရယ်၊ ငါရယ် ၊ ငါတို့လို လူမျိုးတွေ ဆယ်ယောက်ထည့်၊ သူ့ဘက်ကတောင် လေးလိမ့်ဦးမယ်
မောင်ရေ့၊ ဘာမှတ် လို့လဲ” ဟု ပြန်ပြောလေသည်။
အကြောင်းမူကား ၄င်းလယ်သမားကြီးမှာ
အနေစုတ်သော်လည်း အတွင်း စိတ်ဖြောင့်မှန်သော လူကြီးလူကောင်း ဖြစ်ကြောင်း ထိုလူကြီးက
သိနှင့်ပြီး ဖြစ်နေ၍ပင်။
လူမှုကွန်ယက်တွင် အပေါ်ယံလူကြီးလူကောင်း ပေါများပါသည်။ အတွင်းစိတ်ဖြောင့်မှန်သော
လူကြီးလူ ကောင်းများ ယနေ့ထက်တိုင် ကျွန်တော့်ပတ်ဝန်းကျင်တွင် ရှားပါးနေဆဲဖြစ်သည်။
အယူဝါဒမတူလျှင်၊ မိမိနှင့် စိတ်မတည့်လျှင် ထိုသူကို ၀ိုင်းတိုက်ခိုက်ဖို့
ဝန်မလေးတတ်ကြ။ သူများ wall များသို့ ကျူးကျော် ၀င်ရောက်ကာ ထိုသူ မကြိုက်လောက်သည့်
စကားလုံးများကိုလည်း ဆင်ခြင်မှုမရှိရေးရန်လည်း တွန့်ဆုတ် ခြင်းမရှိကြ။
အိမ်ရှင် စိတ်အနှောင့်အယှက်ဖြစ်စေရန်
ချောင်ပိတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ရန်လည်း အားတက်သရောရှိကြပေသည်။
ထိုအဖြစ်မျိုးကို မြင်နေရသည်မှာ စိတ်ကုန်လှသောကြောင့် ယခုဆောင်း ပါးကို
ရေးသားခြင်းပင်။ ကျွန်တော့် ဆောင်းပါးသည် မိမိနှင့် တိုက်ရိုက်ထိသွား၍ block ၊
unfriend လုပ်သွားလည်း ခံရုံသာ။ မိမိဆောင်းပါးဖတ်၍ တစ်စုံတစ်ယောက် အမြင်ပြောင်းလဲ သွားသည်
ဆိုခဲ့လျှင် မိမိရေးရကျိုးနပ်ပေပြီ။ မိတ်ဆွေများကို အတွင်းစိတ်ဖြောင့်မှန်ကာ
စာနာတတ်သော လူကြီးလူကောင်း အစစ်အမှန်များအဖြစ် ကျွန်တော်အပါအ၀င် ပညာရှာဆဲ
အသိဥာဏ်မကြွယ်သေးသည့် လူငယ်တို့က လေးစားလိုလှပါပြီ။ ကျွန်တော်တို့ ဆန္ဒများ
ပြည့်စုံပါရစေဟု လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ရပါ တော့သည်။
စာကြွင်း။ ။ မိမိကိုယ်တိုင် ဒုတိယအမျိုးအစား လူကြီးလူကောင်းဖြစ်ရန် အတတ်နိုင်ဆုံး
ကြိုးစားအား ထုတ်နေရသော သူတစ်ယောက်သာ ဖြစ်ပါသည်။ ကျွန်တော့် ဆောင်းပါးဖတ်၍
အတွေးတစ်စုံတစ်ရာ ရရှိ သွား သည်ဆိုလျှင်ပင် ရေးရကျိုးနပ်ပါပြီ။ ဆောင်းပါးရှိ
အချို့အချက်အလက်များကို ဆရာကြီး ရွှေဥဒေါင်း ရေးသားသော “ လူဖြစ်ရကျိုးနပ်ပါစေ”
ဆောင်းပါးမှ ရယူထားပါသည်။
မိတ်ဆွေများကို ထာဝစဉ် ချစ်ခင်လေးစားလျက်
ကိုရူပ
Today Myanmar
No comments:
Post a Comment