Saturday 9 November 2013

ငိုမဲ့မဲ့ည (ရေး- မြသွေးနီ)



အပေါ်မျက်ခွံနဲ့အောက်မျက်ခွံကို အားယူပြီး ပူးကပ်မှိတ်လိုက်တယ်။ စိတ်တွေက တင်းမာနေလို့လား မသိ။ လက်နှစ် ဘက်လုံးက လက်သီးဆုပ်ထားမိလျက်သား ဖြစ်နေတယ်။ မိုးရာသီရဲ့လက်ကျန် အအေးဓာတ်က ၀န်းကျင်မှာ လွှမ်းခြုံနေပေမယ့် သားမှာတော့ ဇောချွေးတွေနဲ့ရွှဲနစ်လို့။ တစ်ဘက်အခန်းက ဖိုးဖိုးကြီးက တစ်ခေါခေါနဲ့ ဟောက်လို့များတောင်နေပြီ။ သားအိပ်ရာထဲ စ၀င်ပြီး အိပ်ချိန်မှာတောင် ဆယ်နာရီခွဲနီးပါးဆို တော့ အခုလောက်ဆို မရှိဘူးဆိုရင်တောင် ညမွန်းတည့် လောက်ပြီ။ အအိပ်မက်တဲ့ သားအတွက် အိပ်ချင် စိတ်တွေက ဘယ်ရောက်ကုန်ပါလိမ့်။ သားရဲ့ မျက်လုံးတွေက ဘာလို့များ ဒီနေ့မှ ဒီလောက်တောင် ပြူး ကျယ်နေရတာပါလိမ့်။

လေးလိုက်တာ…။ နွေးထွေးပြီး အရသာရှိလှတဲ့ ခြုံနေကျ ဒီဂွမ်းစောင်က ဒီနေ့မှာမှ ဘာလို့ မတရားလေးပြီး ပူလောင်အိုက်စပ်နေရတာပါလဲ။ ဖေဖေခြုံပေးခဲ့တဲ့ စောင်ကို သား ခွာချပစ်လိုက်ချင်ပေမယ့် မိဘစကားဆို ငြင်းပယ်ရမှာ ၀န်လေးတတ်တဲ့ သားရဲ့ စိတ်အခံက ဒီစောင်ခြုံအောက်မှာ ပူလောင်မွန်းကျပ်လို့ နေတော့ တယ်။ သူသာမပါရင် အိပ်လိုမရဘူးလို့ ပြောလို့ရတဲ့ သားရဲ့ခွအိပ်နေကျ ခွခေါင်းအုံး ပျော့ပျော့အေးအေး လေးကလဲ ဒီနေ့မှာမှ ခွချင်စိတ် ကင်းမဲ့နေယုံမျှမက ပေါင်ကြားထဲ ညှပ်ထားရတာကိုတောင် အနှောက် အယှက်တစ်ခုလို ခံစားနေရတယ်။

အိပ်မပျော်တဲ့ သားရဲ့မျက်လုံးတွေက သုတ်ဆေးနံ့လတ်လတ်ဆတ်ဆတ် ပျံ့လွင့်နေတဲ့ အခန်းထဲကို လျှောက်ကြည့်နေ မိတယ်။ မေမေက သားရဲ့အိပ်ခန်းကို သားအကြိုက် အပြာရောင်ဆေး သုတ်ထားပေးတယ်။ နံရံကပ်စင်ပေါ်မှာတော့ သားရဲ့ ပညာသင်ဆုတံဆိပ်အချို့နဲ့ သားနှစ်သက်တဲ့ စာအုပ်တွေ၊ စီဒီအခွေ တွေကို အစီအရီထားပေးထားတယ်။ ဖေဖေကတော့ သား သုံးနေကျ ကွန်ပြူတာ အဟောင်းလေးကို စာကြည့် စားပွဲဘေးမှာ နေရာချပေးထားတယ်။ နောက်ပြီး သားနှစ်သက်တဲ့ ဘောလုံးသမားတွေဖြစ်တဲ့ ဗန်ပါစီနဲ့ မက်စီတို့ရဲ့ ဘောလုံးကစားဟန်အမျိုးမျိုးနဲ့ ပုံတွေကိုလဲ နံရံမှာကပ်ထားပေးသေးတယ်။ ဒါတွေအားလုံးက ဖေဖေနဲ့မေမေက လုပ်ပေးထားတဲ့ သားနှစ်သက်တဲ့ အရာတွေဖြစ်နေပေမယ့် အခုအချိန် မှာ သားစိတ်ကို ဘယ်လိုနည်းနဲ့မှ မဆွဲဆောင်နိုင်ပါဘူး။ ကုတင်နဘေးက စားပွဲပေါ်မှာ မှန်ဘောင်သွင်းတင် ထားပေးတဲ့ သားဆွဲထားတဲ့ “မိသားစု” ဆိုတဲ့ ခဲပန်းချီကားချပ် သေးသေးလေးထဲက သားတို့ မိသားစုပုံကို ကြည့်ပြီး အထီးကျန်သလို သား ခံစားနေမိပြန်တယ်။

ဖေဖေပြောဘူးတဲ့ အိပ်မပျော်ရင် နှာသီးဖျားမှာ လေ၀င်တာ၊ လေထွက်တာလေးကို စိတ်က လိုက်မှတ်ပြီး အိပ်ရင် တဖြည်းဖြည်း အိပ်ပျော်သွားမယ်တဲ့။ လေကို ရှူသွင်းကြည့်လိုက်တယ်။ ရှူထုတ်လိုက်တယ်။ စိတ်က နေ ဖေဖေပြောသလို လိုက်မှတ်ကြည့်တယ်။ အား… သားစိတ်တွေ ပိုလို့တောင် ရှူပ်လာပါလား နော်။ သား အခုလိုအဖြစ်မျိုး တစ်နေ့ကြုံတွေ့ရမယ်လို့ ထင်ကိုထင်မထားခဲ့တာပါ။ ဟိုးအရင် သားရဲ့အိပ်ရာ ၀င်ညတွေက ပျော်စရာတွေ အပြည့်နဲ့ပါ။

ဖေဖေနဲ့မေမေကို တစ်ဖက်တစ်ချက်ထားလို့ အိပ်ရာထဲမှာ မအိပ်ခင် တစ်ခုခု ကစားသေးတာ။ ရုပ်ရှင်ဖွက် တမ်းလိုမျိုး၊ ဆုံဆန်ဆီ ကစားတာလိုမျိုး၊ အင်္ဂလိပ်အက္ခရာ “အေ” ကနေ “ဇက်” အထိ အင်္ဂလိပ်စကား လုံးတွေ အလှည့်ကျ အမြန်ပြောတာ လိုမျိုး၊ အဲ့ဒီလို ကစားနည်းမျိုးကို ဖေဖေ၊ မေမေနဲ့အတူ မအိပ်ခင်မှာ အနည်းဆုံး နာရီဝက်လောက် ကစားသေးတာ။ တစ်ခါတစ်လေ သားက ညစ်ပြီးငြင်းရင် မေမေက သားကို သားယားတတ်တဲ့ လည်ပင်းအောက်၊ ချိုင်းအောက်တွေကို ကလိထိုးလို့ “သားရယ်ရလွန်းပြီး မောလာတဲ့ အထိ၊ သားမညစ်တော့ပါဘူး မေမေရယ်”လို့ ၀န်ခံရတဲ့အထိ၊ ကလိထိုး စတတ်တယ်။ ဖေဖေက တစ်ခါ တစ်လေ မေမေ့ဘက်ကနေ ကူပြီး မလှုပ်နိုင်အောင် သားရဲ့ ခြေလက်တွေကို ၀ိုင်းချုပ်ထားပေးတယ်။ တစ်ခါ တစ်ခါမှာတော့ သားဘက်ကနေပြီး မေမေ့ကို ၀ိုင်းချုပ်ပြီး သားတို့နှစ်ယောက် မေမေ့ကို ဖိ၊ ချုပ်လို့ မေမေ မျက်ရည် ထွက်အောင် ရယ်မောလာတဲ့အထိ ကလိဝိုင်းထိုးကြတယ်။ သားတို့မိသားစုရဲ့ အိပ်ရာဝင် ညတွေက တကယ့်ကို ပျော်စရာအတိနဲ့ပါ။

အဲ့ဒီလိုကစားပြီးလို့ မောလာပြီဆိုရင်တော့ ဖေဖေအသင့်ခပ်ပေးထားတဲ့ ရေအေးအေးလေးကို သောက်
လိုက်တယ်။ သားရင်ထဲ အေးခနဲဖြစ်သွားချိန်မှာ မျက်လုံးလေးတွေက တဖြည်းဖြည်း မှေးစင်းလာတတ် တယ်။ မျက်ခွံတွေ လေးလံလာချိန်မှာ သားလက်က မေမေ့ရဲ့ လက်ကလေးတစ်ဖက်ကို အလိုလိုဆုပ်ကိုင် မိပြီးသားဖြစ်နေပြီ။ မေမေ့လက်ကို ဆုပ်ကိုင်ပြီး အိပ်ရတာလောက် ကောင်းတဲ့အရသာ ဘယ်မှာမှ မရှိဘူး လို့ သားထင်တယ်။ တစ်ချိန်ထဲမှာပဲ သားပါးစပ်က ဖေဖေ့ကို “ ပွတ် ” “ ပွတ်” လို့ပြောပြီး သားရဲ့အိကျီင်္ င်္ နောက်ကျောကို လှန်ပေးပြီးသား ဖြစ်နေပြီ။ ဖေဖေ့ရဲ့လက်က သားကျောပြင်ကို အထက်အောက် ဖွဖွနဲ့ဖြေး ဖြေး ပွတ်ပေးနေတုန်းမှာပဲ ဇိမ်ယူလျှက်က သား အိပ်ပျော်သွားတော့တယ်။

အဲ့ဒီလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ရဖူးတဲ့ ပျော်ရွှင်စရာညတွေကို စဉ်းစားမိတော့ သားရဲ့ရင်ထဲ လှိုက်ခနဲ ၀မ်းနည်းလာတယ်။ သားရဲ့ ဒီလိုပျော်စရာကောင်းတဲ့ညတွေက ဘာလို့များ ရုတ်ချည်း ကုန်ဆုံး သွားရတာလဲလို့ ထပ်ပြီး တွေးမိပြန်တော့ မျက်လုံးအိမ်ထဲက မျက်ရည်ပေါက်တွေက မရည်ရွယ်ပဲ ယိုစိမ့်ထွက်လာတော့တယ်။

သားငိုနေမိပါပြီ။ ဖေဖေနဲ့ရော၊ မေမေနဲ့ရော ဘာလို့များ သားက အိပ်ခွင့်မရတော့တာလဲ။ သား ၀မ်းနည်း လွန်းလို့ အသံမထွက်အောင် ကြိတ်ငိုနေမိလိုက်တယ်။ ငိုသံထွက်လာလို့ တစ်ဘက်ခန်းက ဖိုးဖိုးကြီးနိုးသွား မှာကို စိုးရိမ်မိတာမို့ အံကို တင်းတင်းကြိတ်ထားပေမယ့် မရပါဘူး။ မျက်ရည်တွေက ခေါင်းအုံးစွတ်ကို စိုရွှဲလာစေတဲ့အထိကို ငိုနေမိတာပါ။

သားရဲ့အာခေါင်တွေ ခြောက်ကပ်လာတယ်။ ချွေးစေးတွေက တကိုယ်လုံးအနှံ့ စိမ့်ထွက်နေလေပြီ။ အိပ်မရ မယ့် အတူတူ ရေအေးအေးလေးတစ်ခွက်လောက် သား သောက်ချင်လာမိတယ်။ ကိုယ်ပေါ်က ဂွမ်းစောင် ကို အသာခွာချလို့ ကိုယ်ကိုအသာဖော့၊ ခြေအသာကြွလို့ ခြင်ထောင်လှပ်ကာ ကုတင်ပေါ်ကနေ အသက် အောင့်လို့ ဆင်းလာခဲ့တယ်။

ထွန်းထားတဲ့ ညမီးရောင်မှိန်မှိန်အောက်မှာ ခြေသံလုံအောင်လျှောက်ရင်း ဖိုးဖိုးကြီးအခန်းနဲ့ကပ်လျှက် ထမင်း စားခန်း ထောင့်က သောက်ရေအိုးစင်ဆီ သား လျှောက်သွားလိုက်တယ်။ ရေအေးအေး တစ်ခွက်ကို အသံမမြည်အောင် ခပ်သောက်လိုက်တယ်။ လည်ချောင်း တစ်လျှောက် ကနေ ရင်ထဲအထိ အေးခနဲ စီးဆင်းသွားတဲ့အရသာကို မ၀နိုင်လို့ နောက်တစ်ခွက် ခပ်သောက်မိပြန်တယ်။ ရေသောက်နေရင်း အရင် ကဆို ရေသောက်ချင်ရင် ဖေဖေ့ကို နှိုးလိုက်တာနဲ့ မျက်လုံးတောင် ဖွင့်စရာမလိုပဲ ဖေဖေထူမထားလျှက်ကနေ အလွယ်တကူ ရေသောက်လို့ရတာကို စဉ်းစားမိလိုက်ပြန်တော့ လက်ထဲက သောက်ရေခွက်ကို ကိုင်လျှက်ကပဲ ကြမ်းပေါ်မှာ ၀မ်းနည်းစွာ ငုတ်တုပ် ထိုင်ချလိုက်မိတယ်။

ရံဖန်ရံခါ လေတိုးသံ၊ အိမ်မြှောင်စုတ်ထိုးသံကလွဲလို့ တိတ်ဆိတ်မှောင်မည်းနေတဲ့ အမှောင်ထဲမှာ အိပ် မပျော်သူ ဆိုလို့ သားတစ်ယောက်ထဲပါလား။ ကမ္ဘာလောကကြီးတစ်ခုလုံးမှာ သားလို အဖြစ်မျိုး သူများတွေ ရော ကြုံဘူးကြရဲ့လား။ တစိမ့်စိမ့် ထွက်နေတဲ့ ၀မ်းနည်းမျက်ရည်တွေကို လျစ်လျူရှုရင်း ပဆစ်တုတ် ထားတဲ့ ဒူးနှစ်ဖက်ပေါ်လက်ပိုက်၊ ခေါင်းကိုငုံ့လို့ အမှောင်ထဲမှာ အသံမထွက်ပဲ ပေတေပြီး ထိုင်နေမိတယ်။ သားနဘေးမှာ ခြင်တွေက တ၀ီဝီ၀ဲပျံလို့။

အဲ့ဒီအချိန်မှာ တိုးဖွဖွလှမ်းလာတဲ့ ခြေသံကို ကြားလိုက်ရလို့ သား တစ်ကိုယ်လုံးတောင့်တင်းသွားပြီး လက် ထဲက သောက်ရေခွက်ကို တင်းတင်းဆုပ်ကိုင်ရင်း ရုတ်ချည်းမတ်တပ် ရပ်လိုက်မိတယ်။ ညမီးရောင် မှိန်မှိန် အောက်မှာက ဖေဖေ။ သား ဘယ်လိုမှ မနေနိုင်တော့ဘူး။ ဖေဖေ့ကို ခေါင်းထိုးလို့ ပြေးဖက်လိုက်မိတယ်။ ဖေဖေကလဲ ချွေးတွေ၊ မျက်ရည်တွေနဲ့ ရွှဲနစ်နေတဲ့ သားကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားရင်း သားရဲ့ မျက်ရည်စတွေကို သုတ်ပေးတယ်။ ပြီးတော့ သားရဲ့ကျောပြင်ကို အသာပွတ်ပေးကာ နှစ်သိမ့်ပေးတယ်။ 

ဖေဖေ့နှုတ်က “ ဖေဖေ့သားက တစ်နေ့လူကြီးဖြစ်တော့မှာ..၊ ဒီလောက် စိတ်မပျော့နဲ့လေ ” လို့ ပြောကာမှ သားရဲ့ မျက်ရည်ကာတာက ကျိုးကျရလေတော့တယ်။ တဖြည်းဖြည်းနဲ့ သားရဲ့ မျက်ရည်တွေ ရပ်သွားတဲ့ အထိ ဖေဖေက စိတ်ရှည်လက်ရှည်နဲ့ စောင့်ပေးရှာတယ်။ ပြီးတော့မှ ဖေဖေက လေသံတိုးတိုးနဲ့ သားအနား ကပ်လို့ “ သား… ပြန်အိပ်တော့နော်..၊ ဖေဖေ သား အိပ်ပျော် သွားတဲ့ အထိ သားလှမ်းမြင်နိုင်တဲ့ ကုတင် ဘေးက ကုလားထိုင်ကနေ ထိုင်စောင့်ပေးမယ်၊ ဟုတ်လား” လို့ တီးတိုးပြောလာပါတယ်။

သားနဲ့ဖေဖေ ခြေသံလုံလုံ သားရဲ့အိပ်ခန်းထဲ ပြန်ဝင်လာခဲ့ပါတယ်။ ကုတင်ပေါ်ကိုအသာတက်လို့ ပြန်ဝင် အိပ်လိုက်ပါတယ်။ မီးရောင်မှိန်မှိန်အောက်မှာ ဖေဖေက ကုတင်ဘေးကုလားထိုင်ကနေ သားကို လှမ်းကြည့် နေတာကို ကုတင်ပေါ်ကနေ သား မြင်နေရပါတယ်။ ဖေဖေရှိရာကို ကြည့်နေရင်း မေမေရော အခုလောက် ဆို သားတို့ နှစ်ယောက်လို အိပ်မပျော်ပဲများ ရှိနေမလားမသိလို့ ကျွန်တော် စဉ်းစားနေမိပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဖေဖေ့အရိပ်လေးကိုမြင်ပြီး အိပ်ဖို့ကြိုးစားရတာ ခုနကလောက် ခက်ခဲပင်ပမ်းတာမျိုး မရှိတော့သ လိုပါဘဲ။ ဖေဖေ့ကို ကြည့်နေရင်း၊ မေမေ့ကိုတွေးရင်း သားရဲ့ မျက်ခွံတွေ တစစနဲ့လေးလံလာပြီး အိပ်ပျော် သွားပါတော့တယ်။

သားရဲ့တစ်ကိုယ်လုံး နွေးထွေးလုံခြုံနေတာကို သိလိုက်ရတယ်။ အိပ်မှုန်စုံမွှားမျက်လုံးအစုံကို အားယူပြီး ဖွင့်ကြည့်လိုက် တော့ မနက်ခင်းအလင်းရောင်ပျပျက သားရဲ့အိပ်ခန်းထဲမှာရောက်နေပြီ။ ဘိုးဘိုးကြီး မနက်ခင်းတိုင်း ဖွင့်တတ်တဲ့ ကြာနီကန်ဆရာတော်ရဲ့တရားတော်က အိမ်ထဲမှာ ပျံ့လွင့်လို့နေပြီ။ သား ပျော်သလိုဖြစ်သွားမိတယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ညကို သား အောင်မြင်စွာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါပြီရော။

ဟင်… လက်မောင်းတစ်ဘက်က သားခန္ဓာကိုယ်ကို အသာဖွဖွ သိုင်းဖက်ထားပါလား။ သားရဲ့ ညာဘက် လက်ဖ၀ါးက ရင်းနှီးပြီးသားဖြစ်နေတဲ့ လက်အစုံရဲ့ဆုတ်ကိုင်ထားမှု အောက်မှာ။ နောက်ပြီး သားမျက်နှာ ပေါ် အသက်ရှူငွေ့နွေးနွေးရဲ့ အတွေ့ကိုရလို့နေတယ်။ သားနှာခေါင်းထဲ ယဉ်ပါးနေကျ သင်းသင်းမွှေးတဲ့ ကိုယ်ရနံ့ကို ရလိုက်တယ်။ 

မေမေ….။ သားရဲ့မေမေ..။ အသာလွန့်လူးလို့ ခေါင်းငဲ့ကြည့်လိုက်တော့ မေမေက ပြုံးလို့ သားရဲ့ မျက်နှာကို ငုံ့ပြီး ကြည့်နေတယ်။ သားကပဲ စိတ်ထင်နေတာလားမသိ။ ပြုံးနေပေမဲ့ မေမေရဲ့ မျက်ဝန်းထဲမှာ စိတ်မကောင်းရိပ်တွေ ခိုတွယ်ကာ မျက်ရည်ကြည်များ ဝေ့နေသယောင်ယောင်။ သား မေမေ့အကြည့်ကို ဆက်ပြီး ရင်မဆိုင်ဝံ့တော့ပါဘူး။ မေမေ့ရင်ခွင်ထဲ ခေါင်းတိုးဝှေ့ဝင်လို့ မေမေ့ကို တင်းကြပ်နေအောင် ဖက် ထားလိုက်မိတယ်။ မေမေ့က သားဆံပင်တွေကို လက်နဲ့အသာအယာ ပွတ်သပ်ပေးနေတယ်။ မေမေ့ စကားသံ တွေက သားရဲ့နားထဲ စိမ့်ဝင်လို့လာတယ်။

“ မေမေ့သားက တော်လိုက်တာ၊ သား ဒီညကို ကျော်ဖြတ်နိုင်ခဲ့ပြီနော်၊ သားက ဒီနွေရာသီ ကျောင်းပြန် ဖွင့်ရင် ငါးတန်းကျောင်းသားကြီးတောင်ဖြစ်တော့မှာ၊ အရွယ်ရောက်လာသူတိုင်း ဒီလိုကိစ္စက မလွဲမသွေကြုံ တွေ့ရတာမျိုး သားရဲ့၊ သားသိထားရမှာက သားနဲ့မေမေတို့ အခန်းခွဲအိပ်ရပေမယ့် မေမေတို့သုံးယောက် လုံးရဲ့ ချစ်ခြင်းမေတ္တာတွေက ကွဲကွာမနေပဲ အတူတူ တစ်ပေါင်းတည်း ရှိနေတယ်ဆိုတာ သားသိထားရ မယ်နော် ”

မေမေ့ရင်ခွင်ထဲကို ပိုမို ခေါင်းတိုးဝင်လိုက်ပြီး ရင်ခွင်ထဲကနေ ခေါင်းငြိမ့်ပြလိုက်မိတယ်။ ပင်ပမ်းတကြီးနဲ့ ကျော်ဖြတ် ခဲ့ရတဲ့ ညတစ်ညရဲ့သွေ့ခြောက်မှု၊ အထီးကျန်ဆန်မှုတွေကို မေမေ့ကို သား ပြန်မပြောပြချင် တော့ ပါဘူး။ မေမေကို စိတ်ထဲကနေ တိုးတိုးလေးပဲ သား ကတိပေးလိုက်မိပါတယ်။

“ ဒီနေ့ညကိုလည်း သား ကြိုးစားကျော်ဖြတ်ပါဦးမယ် မေမေ ”

(မြသွေးနီ)
**@**
( ၂၀၁၃၊ နိုဝင်ဘာလထုတ်၊ Junior Baby & Child Care မဂ္ဂဇင်းမှာ ပါဝင်ခဲ့သည်။)

No comments:

Post a Comment