Saturday 30 November 2013

ငါးအလွန်အကျွန် စားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းသလား



ငါးတွေကို အများကြီးစားသုံးခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာကို လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ငါးတွေမှာ ပုံမှန်တွေ့ရတဲ့ Omega 3 fatty acid ဟာ အများကြီးစားသုံးမယ်ဆိုရင် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ကြုံရနိုင်တယ်လို့ OSU’s College of Public Health and Human Sciences က တွဲဖက်ပါမောက္ခ Dr.Norman Hord နဲ့အဖွဲ့က လေ့လာ နိုင်ခဲ့ပါတယ်။

Omeg3 fatty Acid  ဟာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အာနိသင်ရှိပြီး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့်လည်း အလွန်အကျွံမှီဝဲမယ်ဆိုရင်တော့ ခုခံအားစနစ်ကို ပြောင်းလဲစေပြီး ဘက်တီးရီးယားနဲ့ ဗိုင်းရပ်ပိုးဝင်မှုတွေကို ခုခံနိုင်မှုလျော့နည်းသွားတယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။

Dr.Norman Hord    က“အိုမီဂါသုံး အဆီဓာတ်စားသုံးမှုများခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို မိမိတို့လေ့လာနိုင်ခဲ့ပါတယ်။ တကယ်လို့ အလွန်အကျွံ စားသုံးလိုက်မယ်ဆိုရင် အရေးပါတဲ့ ဇီဝအမှတ်အသားတွေ ပျောက်ဆုံးသွားတာကို တွေ့ရှိခဲ့ရပါတယ်။ နောက်ပြီး ခုခံအားစနစ်ကို လျော့ပါးစေတာကြောင့်လည်း ကိုယ်ခန္ဓာက အဏုဇီဝပိုးမွှားတွေကို ပုံမှန်ထက်စာရင် တိုက်ခိုက်နိုင်စွမ်းနည်း သွားပါတယ်”လို့ရှင်းပြခဲ့ပါတယ်။

ယေဘုယျအားဖြင့် အိုမီဂါသုံး အဆီဓာတ်ကို ငါးကြီးဆီစားသုံးခြင်း ဖြစ်စေ၊ ငါးကွန်းရှပ်၊ ဆော်လမွန်ငါး၊ တူနာငါးစတာတွေကို စားသုံးခြင်းဖြစ်စေ ရရှိနိုင်ပေမယ့် ပမာဏအများကြီး စားသုံးမိတာမျိုးတော့ ရှားပါတယ်။ ဒါပေမယ့် ငါးတွေကို အလွန်အကျွံ စားသုံးတဲ့အပြင် တွဲဖက်ပြီး ငါးကြီးဆီကိုပါ စားသုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်က လိုအပ်တာထက်ပိုနေတဲ့ အိုမီဂါ၃အဆီဓာတ်တွေ ဖြစ်လာပါတယ်။

အမေရိကန် နှလုံးရောဂါအစည်းအရုံးက ငါးတွေကိုစားသုံးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ အနည်းဆုံးတစ်ပတ်ကိုနှစ်ကြိမ်ခန့် စားသုံးဖို့ပဲဖြစ်ပါတယ်။ပမာဏများပြားတဲ့ high dose  ငါးကြီးဆီတွေကို စားသုံးခြင်း၊ တစ်နေ့ကို လေးကြိမ်မှ ငါးကြိမ် အိုမီဂါ၃ အဆီဓာတ်များပြား တဲ့ငါးတွေကို စားသုံးခြင်းကတော့ အထက်မှာဖော်ပြခဲ့သလို ခုခံအားစနစ်ကျဆင်းခြင်းကို ကြုံတွေ့ရနိုင် ပါတယ်။

သက်နှင်း
ref;ANI
Health Updates Journal No. 93

No comments:

Post a Comment