Saturday 16 November 2013

တန်ဆောင်မုန်းလဖွဲ့ စာတမ်းများနှင့် ဓါတ်ပုံများ စုစည်းမှု


















သာမညဖလ အခါတော်နေ့ {ရဟန်းဘ၀ အကျိုးဟူသည်}

တန်ဆောင်မုန်းလပြည့်နေ့သည် မိုးနှောင်းဆောင်းဦး ရာသီအားဖြင့် ထူးသလို သာသနာအားဖြင့်လည်း ထူးမြတ်နေပါသည်။

ကုန်းမြေတစ်ခုလုံး ခဝဲပန်းတို့ဖုံးနေသည့်အတွက် ရွှေရည်သွန်းသလို ဖြစ်သည့်အခါဝယ် ကုမုဒြာ ကြာတို့ဖြင့် လွှမ်းခြုံသည့် ရေပြင်များမှာလည်း ငွေရည်ဖျန်းသည့်အလား ဖြူဖွေး တင့်တယ်လှပါသည်။

ရွှေပန်းငွေပန်းတို့ဖြင့် ဆန်းဆန်းကြယ်ကြယ် တင့်တယ်လှသည့် ကမ္ဘာ့မြေပြင်ကို လမင်းစန္ဒာ၏ ငွေဗိမာန်မှသွန်းအပ်သည့်အရောင်တို့သည် နို့ဓမ်းအိုးကို မှောက်သွန်လိုက်သည့်အလား နက်ရှိုင်း တောက်ပသော ဘော်ရောင်ခြည်တို့ဖြင့် လွှမ်းဖုံးထားလိုက်ရာ ရွှေခဝဲပန်းနှင့် ငွေကြာပန်းတို့မှာ ပို၍ပင် လန်းလန်းဆန်းဆန်း ဖြစ်ရပါသည်။

ထိုနည်းတူစွာ မဂဓတိုင်း ရာဇဂြိုဟ်မြို့ ဇီဝကသရက်တောကျောင်းတိုက်မှာ သီတင်းသုံး နေတော်မူသော မြတ်ဗုဒ္ဓတည်းဟူသော လမင်းကြီးမှ လွှတ်ထုတ်လိုက်သော အေးမြသည့် ဓမ္မရောင်ခြည်၏ အထိအတွေ့ကို ရရှိလိုက်သော ဘုရင်အဇာတသတ်မှာလည်း အတိုင်းမရှိ ကြည်လင်အေးချမ်း ပီတိလွှမ်း၍ လန်းလန်းဆန်းဆန်း ဖြစ်ခဲ့ရပါသည်။

အပေါင်းအသင်းနှင့် ကိုးကွယ်ရာမှားသဖြင့် ကျေးဇူးရှင်ဖခင်ကို သတ်မိခဲ့ပြီး၊ အပါယ်တံခါးပိတ် နိဗ္ဗာန်တံခါးပွင့် အလွန်မြင့်မြတ်သည့် အကျိုးကျေးဇူးတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရသောကြောင့်
သောက၊ ပရိဒေဝ၊ ဒေါမနဿ နောင်တအပူမီးတို့ဖြင့် နှိပ်စက်ညှိုးနွမ်း ပင်ပန်းနေခဲ့ရသည့် မဂဓပြည့်ရှင် ဘုရင်အဇာတသတ်မင်းကြီးသည် မိုက်မှားမှုတို့အကျိုး ကုက္ကုစ္စ ဒေါမနဿတို့ကို ပြင်းစွာခံစားနေရစဉ် နန်းတော်၊ တိုင်းပြည်၊ သာသနာ၏ ကျန်းမာရေးကို အထူးတာဝန်ယူနေရသော သမားတော်ကြီး ဆရာကြီး ဇီဝက၏ စီမံချက်ဖြင့် မြတ်ဗုဒ္ဓထံမှောက် ရောက်ခဲ့ရ၍သာ သောကမီးတောက် ငြိမ်းပျောက်ခဲ့ရပါသည်။

မင်းကြီးသည် သူ၏သောကမီးကို အေးငြိမ်းစေဖို့ နည်းကောင်းပေး ဟောပြနိုင်မည်လားဟု တွေးကာ တိတ္ထိဆရာကြီး (၆) ယောက်တို့ထံ ရောက်ခဲ့ပါသေးသည်။

အနီးနေ အမတ်ကြီးများက မိမိတို့ကိုးကွယ်ရာ ဆရာအသီးသီးတို့ထံ ပို့လိုက်ကြခြင်းပင် ဖြစ်ပါသည်။ လူတစ်ယောက်၏ ဘဝအမြင်၊ ဘဝလမ်းကြောင်း ဖြောင့်မှန်ရေးအတွက် လူနှင့် ပတ်ဝန်းကျင် ဆက်ဆံရေးသည် အလွန်ပင် အရေးကြီးလှပေသည်။

အဇာတသတ်မင်းကြီးမှာ ပတ်ဝန်းကျင်နှင့် အပေါင်းအသင်းကြောင့်ပင် မေ့ပျောက်မရနိုင်သည့် ပြစ်မှုကြီးကို လွန်ကျူးမိခဲ့ပြီး ကြီးမားသော ဆုံးရှုံးမှုကြီးများ၊ စူးရှစွာ ခံစားရသော ဝေဒနာများ ဖြစ်ခဲ့ရပါသည်။

ထိုဒဏ်ရာဒဏ်ချက်တို့ကို ကုသပေးမည့်သမားကို ရှာပါသည်။
သေဆေးကျွေးမည့်သူများအလား တိတ္ထိဆရာကြီးများကိုသာ တွေ့ခဲ့ရပါသည်။

သူဆုံးရှုံးခဲ့ရသည့် အကျိုးကျေးဇူးများကို ပြန်လည်ရရှိလိုသဖြင့် ထိုဆရာတို့ကို မေးပါသည်။
"သရက်ပင် ဘယ်မှာလဲ" ဆိုကာမှ "ဒီမှာ ပန္နဲပင်" ဟု မေးသည်ကို မဖြေနိုင်၊ တောင်းသည်ကို မပေးနိုင်သည့် သူများကိုသာ တွေ့ခဲ့ရပါသည်။

လောကီလူသားတွေမှာ အဋ္ဌာရသ သိပ္ပပညာ တတ်အပ်ရာတို့ကို သင်ကြားတတ်မြောက်လျှင် ရာထူးအာဏာ စီးပွားဥစ္စာတို့ကို လက်တွေ့ကျကျ ရရှိခံစားကြရပါသည်။

ရသေ့ရဟန်းပြု၍ ကျင့်ကြံကြ၊ အားထုတ်ကြရာမှာ လက်တွေ့အားဖြင့် ဘာအကျိုးကျေးဇူးများ ရရှိခံစားရပါသလဲဆိုတဲ့ မင်းကြီး၏ အမေးကို ဖြေရာ၌-

၁။ ပူရာဏကဿပတိတ္ထိဆရာကြီးက = လုပ်ချင်ရာလုပ် ပြုချင်ရာပြု၊ ပြုရာမရောက် ကံမမြောက်သည့် "အကိရိယဝါဒ" ကို ဟောပြခဲ့ပါသည်။
၂။ မက္ခလိဂေါသာလတိတ္ထိဆရာကြီးကတော့ = ကောင်းကျိုး မကောင်းကျိုး၊ ဒုက္ခ သုခအမျိုးမျိုးတို့ ဟေတုပစ္စယကင်းမဲ့သည့် အကြောင်းမဲ့ဝါဒ 'အဟေတုကဒိဋ္ဌိ' ကို ဟောလိုက်ပြန်ပါသည်။
၃။ အဇိတကေသကမ္ဗလတိတ္ထိဆရာကြီးကတော့ = ကောင်းမှု မကောင်းမှု၊ ကုသိုလ် အကုသိုလ်တို့၏ ကောင်းကျိုး ဆိုးကျိုး၊ သုခဝိပါက် ဒုက္ခဝိပါက်တို့ မရှိ၊မဖြစ်သည့် 'ဥစ္ဆေဒဒိဋ္ဌိ နတ္ထိကဝါဒ' ကို ဟောကြားခဲ့ပါသည်။
၎။ ပကုဓကစ္စာယနတိတ္ထိဆရာကြီးကတော့ = 'နာမ်မဲ့ ရုပ်ကြမ်း' ဝါဒကြီးကို ဟောခဲ့ပြန်ပါသည်။
၅။ နိဂဏ္ဌနာဋပုတ္တခေါ် ဂျိမ်းဆရာကြီးကတော့ = 'စာတုယာမသံဝရ' လေးပါးသီလကို ဟောပါသည်။
၆။ သဉ္စယဗေလဋ္ဌပုတ္တခေါ် သိဉ္စည်းဆရာကြီးကတော့ = အတ္တနှင့် သဿတဝါဒ အခြေခံရှိသော်လည်း အသိဉာဏ်နည်းသူ ဖြစ်သည့်အားလျော်စွာ ဘာမေးမေး အမှားဖြေမိမှာ ကြောက်သည့်အတွက်ကြောင့် ရှောင်ပြေး ငြင်းဆို၍သာ နေလေရာ ဝါဒအယူတစ်ခုမှ မရခဲ့ပေ။

ရေများသည့်အိုင်မှာ ငါးရှင်ကို ဖမ်းမရသလို သူ့ဝါဒကိုလည်း ဖမ်းယူမရဘဲ ရှိခဲ့လေသည်။

အဇာတသတ်မင်းကြီးက -
"မြတ်စွာဘုရား- တပည့်တော်တို့ မင်းညီမင်းသားများမှာ မင်းတို့တတ်အပ်သည့် အဋ္ဌာရသ အတတ်တို့ကို သင်ကြားတတ်မြောက်ခဲ့လျှင် လောကီအကျိုးစီးပွားများစွာ ဖြစ်ထွန်း ခံစားကြရပါသည်။

အရှင်တို့ ရသေ့ ရဟန်း ပြုကြရာ၌ မည်သည့်အကျိုးကျေးဇူးများကို မျက်မှောက်ထင်ထင် ရရှိခံစားနိုင်ပါသနည်းဟု တပည့်တော် ထိုဆသတ္ထာရတို့ကို မေးတဲ့အခါ မေးသည်ကို မဖြေကြားနိုင်ကြဘဲ သူတို့အယူဝါဒတွေကိုသာ ဟောပြခဲ့ကြပါသည်ဘုရား။

မြတ်ဗုဒ္ဓ၏ သာသနာမှာ ရဟန်းပြုကြရာမှာလည်း "သန္ဒိဋ္ဌိက သာမညဖလ" ကိုယ်တွေ့မျက်မှောက် ကိုယ်တိုင်ရ ကိုယ်တိုင်ရောက်သည့် ချမ်းသာ ဘာများဖြစ်သလဲဘုရား" အဲဒီလို မေးလျှောက်ပါသည်။

ထိုအခါ မြတ်စွာဘုရားက ဖြေကြားတော်မူသည်မှာ - "ဒကာတော်မင်းကြီး- သင်၏ နန်းတော်မှ မင်းမှုထမ်းတစ်ယောက် ငါဘုရားသာသာနာ၌ ဝင်၍ ရဟန်းပြုခဲ့လျှင် ထိုရဟန်းအပေါ် သင်မင်းကြီး မည်သို့သဘောထားမည်နည်း"

"မြတ်စွာဘုရား မင်းမှုထမ်းပင် ဖြစ်လင့်ကစား ထိုပုဂ္ဂိုလ်သည် အဓိသီလသိက္ခာကို ဖြည့်ကျင့်နေသူ ဖြစ်သောကြောင့် ငါးပါးသီလမျှရှိသော တပည့်တော်သည် ရှင်ဘုရင်ပင် ဖြစ်စေကာမူ ထိုရဟန်းအား အရိုအသေပြုခြင်း ရှိခိုးခြင်း ခရီးကြိုဆိုခြင်း အိပ်ရာနေရာပေးခြင်း စားဘွယ်သောက်ဘွယ်ပေးခြင်းဖြင့် တပည့်တော်က ပြုစုရပါသည်ဘုရားဟု လျှောက်သည်။

ဤသို့ဖြစ်လျှင် ထိုရဟန်း၏ အရိုအသေခံယူရခြင်း ပစ္စည်းလေးပါးခံယူရခြင်းသည်ပင် ရဟန်းဘဝ မျက်မှောက်ရသော အနည်းဆုံးသော အကျိုးကျေးဇူး သာမညဖလ ဖြစ်ပေသည် ဒကာတော်မင်းကြီး"

ထိုထက်ပိုလွန်သော သာမညဖလ ရဟန်းပြုခြင်းအကျိုးကို မိန့်ကြားတော်မူပါဦးဘုရားဟု လျှောက်ထားပြန်ရာ မြတ်စွာဘုရားက

အမျိုးကောင်းသားတစ်ယောက်သည် ဇနီးမယား သမီးသား ဆွေမျိုးဉာတိ စီးပွားဥစ္စာတို့ကို စွန့်လွှတ်၍ ရဟန်းပြု၏။ ထိုရဟန်းသည် ပါတိမောက္ခသံဝရသီလကို စောင့်သုံး၏၊ ဣန္ဒြိယသံဝရသီလကို ကျင့်သုံး၏၊ အာဇီဝပါရိသုဒ္ဓိသီလကို ကျင့်သုံး၏၊ ပစ္စယသန္နိဿိတသီလကို ကျင့်သုံး၏၊ အဓိသီလသိက္ခာကို ကျင့်သုံး၏၊ စူဠသီလ မဇ္ဈိမသီလ မဟာသီလတို့ကို ကျင့်သုံး၏။ လူ့ဘောင်၌မရနိုင်သော ထိုအဓိသီလသိက္ခာကို ရဟန်းဘဝ၌ ကျင့်သုံးခွင့်ရခြင်းသည်ပင် သန္ဒိဋ္ဌိက သာမညဖလ-ရဟန်းဘဝမျက်မှောက်ရသော
ကောင်းကျိုးချမ်းသာများပင် ဖြစ်ပေသည်ဟု ဖြေကြားတော်မူ၏။

ဒကာတော်မင်းကြီး ထို့ထက်ပိုသော နှစ်သက်ဘွယ်ကောင်းသော အကျိုးကျေးဇူးကတော့ အဓိသီလ၏အစွမ်းကြောင့် မိမိ၏ အတွင်းသန္တာန်၌ ပီတိပါမောဇ္ဇဖြစ်ရခြင်းနှင့် အနဝဇ္ဇသုခကို ရရှိခြင်းပင် ဖြစ်သည်။ အပြစ်ကင်းသည့် ကိုယ်နှုတ်သန့်ရှင်းသည့် အကျိုးကျေးဇူး၊ မိမိကိုယ်မိမိ ဝမ်းမြောက်ရွှင်လန်းစွာ ကျေနပ်နှစ်သက်ရခြင်းဟူသော အကျိုးကျေးဇူးမှာ မင်းစည်းစိမ်ထက်ပင် သာလွန်သော အကျိုးကျေးဇူး ဖြစ်ပေသည်ဟု မြတ်စွာဘုရားက ဖြေကြားတော်မူပါသည်။

ထို့ပြင် ဣနြေ္ဒကိုစောင့်ထိန်းခြင်း၊ ကိုယ်နှုတ်အမူအရာတို့၌ သတိသမ္ပဇဉ် ဉာဏ်နှင့်သတိယှဉ် စောင့်ရှောက်ခြင်း၊ သန္တောသတရားလေးပါး လက်ကိုင်ထားသဖြင့် ရောင့်ရဲတင်းတိမ်ခြင်းစသည်ဖြင့် စိတ်၏ ကြည်လင်အေးမြချမ်းသာသော ငြိမ်းချမ်းသော အပြစ်ကင်းသော ကိလေသာ မနှိပ်စက်သော အနဝဇ္ဇစိတ္တသုခ အကျိုးကို ရရှိခံစားနိုင်သည်။

ထို့ပြင် ဈာန်သမာဓိဖြင့် နီဝရဏတရား (၅) ပါးတို့ကို ပယ်ရှားလိုက်သောအခါ ဝိဝေကဇသုခ၊ သမာဓိဇသုခ၊ ပီတိသုခ၊ နိပ္ပီတိကသုခ၊ ဥပေက္ခာနှင့် သတိကြောင့်ဖြစ်သော စတုတ္ထဈာနိကပါရိသုဒ္ဓိက သုခတို့သည်လည်း ရဟန်းဘဝ မျက်မှောက်ရအပ်သော သာမညဖလများပင်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက မင်းကြီးအား ဟောပြပါသည်။

တန်ဆောင်မုန်းလပြည့်ည၏ လပြည့်ဝန်းသည် အရှေ့ဆီက ဂိဇ္ဈကုဋ်တောင်ကို ကျော်တက်လာခဲ့ပြီး၊ ဆရာဇီဝက၏ သရက်တော ကျောင်းတိုက်ကြီးသည် သရက်ပင်ပျိုတို့ လွှမ်းအုပ်ထားသော်လည်း ဘော်ရည်တသွေး ဖြူဖွေးသော လရောင်ဖြင့် အစိမ်းရင့်ပေါ်ဝယ် ဘော်ဖြူရောင် လွှမ်းထားသဖြင့် အစွမ်းကုန် လှပတင့်တယ် အေးချမ်းဘွယ် ဖြစ်နေပါသည်။

မင်းကြီး၏ ကိုယ်ရံတော်တပ်က ထွန်းညှိထားသည့် မီးရှူးတိုင်များကလည်း ငွေရောင်အကြားမှ လွင့်ကာလွင့်ကာ လူးလွန့်လာသည့် ရွှေရောင်ခြည်များပမာ ဓမ္မရာဇာ တရားဘုရင် ဘုရားရှင်ကို တအားဝိုင်း၍ ဖူးမျှော်နေကြပါသည်။

တောင်ငါးလုံးကာခို မြို့တော်ရာဇဂြိုဟ်ကို လရိပ်ကသာမက ဓမ္မရိပ်ကလည်း လွှမ်းခြုံ အေးမြစေပါသည်။ ကြတ္တိကာနက္ခတ် မွန်းတည့်သည့် ညကာလ ကာမဘောဂီ တစ်သိုက်ကတော့ နက္ခတ်ပွဲမှာ ဆီမီးရောင်ရှိန် တထိန်ထိန်ဖြင့် ပျော်မြူးနေကြလေပြီ။

အဇာတသတ်မင်းကြီးသည်လည်း မီးသတ်သမားတွေ ရေပက်အားကောင်းတဲ့အတွက် တဟုန်းဟုန်း လောင်သော မြို့မီးကြီးတစ်ခု မီးညွန့်ကျိုးစ ပြုလာနေသကဲ့သို့ပါပဲ၊

နှလုံးသားက သောကမီးသည် ဖြေးဖြေးချင်း ငြိမ်းစပြုလာနေပါပြီ။
မြတ်စွာဘုရားကိုယ်တော်မြတ်က မင်းကြီးအား သန္ဒိဋ္ဌိက သာမညဖလကို ဆက်လက်၍ ဟောတော်မူပါသည်။

သမာဓိဈာန်ကို အခြေခံ၍ ဝိပဿနာဉာဏ်များဆီသို့ တက်လှမ်းသည့်နည်းကို ညွှန်ပြပါသည်။ ခန္ဓာ၏ အနိစ္စသဘောကိုများ ရှင်းရှင်းမြင်လျှင် လက်ဝယ်တင်ထားသော ပတ္တမြားကဲ့သို့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကင်းသည့် စိတ်အစဉ်သည် မနောမယ၊ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ ဒိဗ္ဗစက္ခု၊ ပုဗ္ဗေနိဝါသ၊ စေတောပရိယ ဟူသော လောကီအကျိုး ဣဒ္ဓိ အမျိုးမျိုးတို့ကို ဖြစ်စေခဲ့လေပြီ။

ဤ ဣဒ္ဓိအဆင့်ဆင့်သည် ရှေးကပြဆိုခဲ့ပြီးတဲ့ သာမညဖလတို့ထက် ထူးကဲလွန်မြတ်သော အကျိုးကျေးဇူးပင် ဖြစ်ပါသည်။ အဋ္ဌာရသအတတ် (၁၈) ရပ်ကို တတ်သောကြောင့် ရရှိသော အကျိုးကျေးဇူးတို့ထက် အလွန်လျှင် လွန်ကဲနေသည်မှာ ဆိုဘွယ်ရာမရှိ ဖြစ်ပါသည်။

နာမ်ရုပ်ကိုထွင်းဖောက် ဣဒ္ဓိအဆင့်ဆင့်သို့ တက်ရောက်ခဲ့သော ဒိဋ္ဌိစင် ယုံမှားမရှိ ပကတိကြည်လင်သည့် ဝိပဿနာဉာဏ်သည် ဒုက္ခ၊ သမုဒယ၊ နိရောဓနှင့် မဂ္ဂတစ်ဖြာ လေးသစ္စာကို ပိုင်းခြားသိရှိ အထွတ်အထိပ်သို့ ရောက်ခဲ့ပါပြီ။ ဒုက္ခကိုသိ၊ သမုဒယကိုပယ်၊ နိရောဓသို့ရောက်၊ မဂ္ဂကိုလျှောက်၊ ထုတ်ချင်းပေါက်ရောက်ခဲ့သည်ကား အာသဝက္ခယအဘိညာဏ် ဖြစ်ပါသည်။

ခန္ဓာသည် ဒုက္ခဟု ယထာဘူတအတိုင်း သိ၏။ တဏှာသည် သမုဒယဟူ၍လည်းကောင်း၊ နိဗ္ဗာန်သည် နိရောဓဟူ၍လည်းကောင်း၊ မဂ္ဂသည် နိရောဓဂါမိနီပဋိပဒါဟူ၍လည်းကောင်း ယထာဘူတနည်းအရ သိ၏။

ဤသည်ကား- အာသဝ၊ ဤသည်ကား- အာသဝသမုဒယ၊ ဤသည်ကား-အာသဝနိရောဓ၊ ဤသည်ကား- အာသဝနိရောဓဂါမိနီပဋိပဒါဟု သိပါ၏။ ဤကဲ့သို့ သိသော ပုဂ္ဂိုလ်၏ စိတ်သည် ဒိဋ္ဌိ၊ တဏှာ၊ အဝိဇ္ဇာဟူသော အာသဝဥပါဒါန်တို့မှ ကင်းကင်းကြီးလွတ်ခဲ့လေပြီ။

ထိုပုဂ္ဂိုလ်သည် ဇာတိ၊ မရဏ၊ ဒုက္ခဇာတ်ကို အဆုံးသတ်ခဲ့လေပြီ။ သာသနဗြဟ္မစရိယကို ကျင့်သုံးခြင်းကိစ္စ ပြီးခဲ့လေပြီ။

ဘဝဇာတ်သိမ်းပြီဖြစ်၍ ပြုဘွယ်ကိစ္စအားလုံး ပြီးဆုံးခဲ့ပါပြီ။ နောက်တစ်ဖန် ဘဝဖြစ်ခြင်းလည်း မရှိတော့ပြီ။ နောက်ထပ်ပြုဘွယ်ကိစ္စလည်း မရှိတော့ပြီ။

ထိုသူသည် ကြွေးမြီကင်းလွတ်ပြီးသော သူကဲ့သို့လည်းကောင်း၊ အနာရောဂါပျောက်ငြိမ်းပြီးသော သူကဲ့သို့လည်းကောင်း၊ အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော သူကဲ့သို့လည်းကောင်း၊ ကျေးကျွန်အဖြစ်မှ လွတ်သောသူကဲ့သို့လည်းကောင်း၊ သစ်ကျား သားရဲထူသော ကန္တာရခရီးကြမ်းကို ကျော်ဖြတ်လွန်မြောက်ပြီးသော သူကဲ့သို့လည်းကောင်း အလွန်လျှင် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်း အတိသုခကို ရရှိပါပြီ။

အတိုင်းအတာမရှိ ပကတိငြိမ်းချမ်းတဲ့ ဒီချမ်းသာခြင်းတွေဟာ သန္ဒိဋ္ဌိက သာမညဖလ ဖြစ်ပါသည်။

ကြည်လင်သော မျက်စိအမြင်ရှိသော သူတစ်ယောက်သည် ကြည်လင်ငြိမ်သက်သော ရေပြင်၏ အောက်၌ ကျောက်ခဲ အိုးခြမ်းကွဲစသည်တို့ ရပ်နေကြသည်ကိုလည်း

မြင်၊ ငါး လိပ် မကရ်းတို့ သွားနေကြသည်ကိုလည်း မြင်သည်မှာ ပီပြင်ကြည်လင်လှလေဘိသကဲ့သို့ ဆိုခဲ့ပြီးသောအတိုင်း သီလ၊ သမာဓိ၊ ပညာတို့နှင့် ပြည့်စုံသောသူသည် ဒုစရိုက် (၁၀) ပါး၊ ကိလေသာ (၁၀) ပါး၊ နီဝရဏ (၅) ပါး၊ အနုသယ (၇)ပါးတို့မှ လုံးလုံးကြီးကင်း သန့်ရှင်းခဲ့ပြီးဖြစ်သောကြောင့် ပရမတ္ထတရား၊ သစ္စာတရား၊ သန္တိတရားတို့ကို ယထာဘူတ ရှင်းလင်းပီပြင် ကြည်လင်စွာမြင်ရ၊ သိရ၊ လက်ဆုပ်လက်ကိုင်ရရှိခြင်းသည် နိယျာနိက ဓမ္မဝိနယသာသနာမှာ ဝင်ရောက်ကြသော အမျိုးကောင်းသား အမျိုးကောင်းသမီး မည်သူမဆို မျက်မှောက်ထင်ထင် ရရှိသော သန္ဒိဋ္ဌိက သာမညဖလပင် ဖြစ်ပါကြောင်း၊

ဥပါဒါန် (၄) ပါး၊ အာသဝေါ (၄) ပါးမှ လွတ်မြောက်သည့် ဝိမုတ္တိသုခသည် အထွတ်အထိပ် သာမညဖလပင် ဖြစ်ပါကြောင်း ကောင်းမြတ်သောကရုဏာဖြင့် အင်္ဂနှင့်မဂဓတိုင်းတို့၏ မင်းမြတ် အဇာတသတ်ဘုရင်အား
မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါသတည်း။

ထိုအခါ တိုင်းကြီးနှစ်ခုတို့၏ မင်းမြတ် အဇာတသတ်သည် ဝေဠုဝန်ကျောင်းဒကာ သောတာပန်အရိယာ သူ၏ဖခင် ဘုရင်ဗိမ္ဗိသာရအား သတ်ခဲ့မိသည့် အပြစ်အတွက် မြတ်စွာဘုရားကို တောင်းပန်ဝန်ချ ကန်တော့ပါသည်။

မိတ်ဆွေယုတ်သည် သူ၏ အပေါင်းအသင်းကို ဒုက္ခ၊ ဒေါမနဿနှင့် အကျိုးယုတ်မှုများစွာကို ဖြစ်စေခဲ့ပြီး စောင့်ရှောက်ကယ်တင်မှု မပြုနိုင်ခဲ့ပေ။

လက်တကမ်းမှာ ရောက်နေခဲ့သော သောတာပတ္တိမဂ်၊ ဖိုလ် အကျိုးကျေးဇူးကား ဆုံးခဲ့ပါပြီ။

အဘသတ်မှုသာ မပြုမိခဲ့သော် ဘုရင်အဇာတသတ်သည် သာမညဖလသုတ်တော်ကို နာကြားပြီးသည့်အဆုံးမှာ သောတာပန်အရိယာဖြစ်မည်မှာ ဧကန်ပင်။ ယခုလည်း သာမညဖလသုတ်တော်၏ ကျေးဇူး၊ သူ၏ ရတနာသုံးပါးအပေါ် မမှိတ်မသုံ ယုံကြည်သော အဝေစ္စပသာဒ၏ ကျေးဇူးတို့ကြောင့် အဝီစိငရဲဘေးမှ လွတ်ခဲ့ပြီး၊ လောဟကုမ္ဘီငရဲမှာသာ အနှစ်ခြောက်သောင်းခံစားပြီး လွတ်မြောက်သောအခါ ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါတစ်ဆူ
ဖြစ်တော်မူလိမ့်မည် ဖြစ်ပါသည်။

ပုထုဇဉ်တို့တွင် သဒ္ဓါဖြင့် သာသနာကိုကြည်ညိုရာ၌ အဇာတသတ်မင်းမြတ်သည် အသာဆုံး အလွန်ကဲဆုံးဖြစ်ပါသည်။

မိုး,လေးလပြည့်၊ လ,လည်းပြည့်သည့် လပြည့်ခေါ်ထုံး တန်ဆောင်မုန်း၏ ကြည်လင်ဝင်းပ လပြည့်ညကား ကြာဖြူလည်းပွင့် ရွှေခဝဲလည်းပွင့်သည်မို့ စန်းပွင့်သီတဂူ နိဗ္ဗူတိဓာတ် တရားမြတ်ကို ကြားလတ်သော်လျှင် ဘုရင်ဥက္ကဋ္ဌ် ဇာတသတ်၏ ကြပ်ကြပ်လောင်ညီး သောကမီးမှာ ငြိမ်းကြီးငြိမ်းကာ ငြိမ်းချမ်းသာသည် ကိန်းခဏ်းအလာ ရာဇဝင်ကစ သာသနာဝင်အလှပြ ဓမ္မာဝင်ကျန သာမညဖလ ဒေသနာကို ဟောကြားတော်မူသည့် အခါတော်နေ့တည်း။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
အဓိပတိဆရာတော်
သီတဂူဗုဒ္ဓတက္ကသိုလ်

၁၃၆၀-ခု တန်ဆောင်မုန်းလပြည့်နေ့
မြန်မာရုပ်မြင်သံကြားမှ အသံလွှင့်ဟောကြားတော်မူအပ်သော
သာမညဖလသုတ္တန်တရားတော်
=   =   =
Today Myanmar
မြတ်ဘုရား ဖော်ထုတ်ခဲ့သော သံဃာ့ကျေးဇူး
အခါတစ်ပါး၌၊ မြတ်စွာဘုရားသည်၊ တစ်ထောင့်နှစ်ရာ့ငါးကျိပ်ရှိသော များစွာသော ရဟန်းသံဃာနှင့်အတူ၊ ရာဇဂြိုဟ်ပြည်ရှိ ဇီဝက၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏။

ထိုအချိန်တွင်၊ မဂဓတိုင်းရှင် အဇာတသတ်မင်းသည၊် မိုးလေးလအဆုံး၊ ကုမုဒြာကြာပွင့်ချိန် တန်ဆောင်မုန်း လပြည့်နေ့ ညဥ့်၌ မင်းအမတ်အပေါင်း ခြံရံလျက်၊ မြတ်သော နန်းပြာသာဒ်၌ နေကာ ဤသို့ ဥဒါန်းကျူးရင့်၏ -
'အချင်းတို့ လသာသော ညဥ့်သည် မွေ့လျော်ဖွယ် ကောင်းစွတကား၊ ဤညဥ့်သည် အလွန်သာယာ လှစွတကား၊ ဤညဥ့်သည် ရှုချင်ဖွယ် ကောင်းစွတကား၊ ဤညဥ့်သည် ကြည်နူးဖွယ် ကောင်းစွတကား၊ ဤညဥ့်သည်မှတ်သားဖွယ် ကောင်းစွတကား၊ ယနေ့ အဘယ်သမဏဗြာဟ္မဏကို ငါတို့ ဆည်းကပ်ရပါ ကုန်အံ့နည်း၊ အဘယ်သမဏဗြာဟ္မဏကို ဆည်းကပ်လျှင် ငါတို့၏ စိတ်သည် ကြည်လင်ရာပါအံ့ နည်း''ဟု ကျူးရင့်၏။

အဇာတသတ်မင်းသည် ဒေ၀ဒတ်နှင့် ပေါင်းမိသဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိသော ပဉ္စာနန္တိယ ကံကြီးကြောင့် အလွန်ကြည်နူး သာယာဖွယ်ကောင်ေးသာ တန်ဆောင်မုန်းလပြည့်ည၏ အလှ အပကို မခံစားနိုင်ဘဲ အိပ်စက်မရနိုင်ခဲ့ပေ။ ခမည်းတော်ကို လုပ်ကြံခဲ့သောအချိန်မှ စ၍ အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်ခဲ့သည်။ သူ၏မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ် ခဲ့သည်။ ထိုဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေသည်။

ထို့အပြင်၊ ရဟန်းပြုခြင်း၏အကျိုး (သာမညဖလ) အမှန်တကယ်ရှိမရှိကို စိတ်ထဲတွင် ပြဿနာဖြစ်၍ နေသည်။ ထင်ရှားလှသော ပဏ္ဍိတ်ကြီးများထံ ချဉ်းကပ်မေးမြန်း ခဲ့ဖူးသော်လည်း၊ ကျေနပ်လောက်အောင် အဖြေမှန်မရခဲ့ချေ။ ဤပြဿနာကို ဘုရားရှင်မှလွဲ၍ မည်သူမျှ မဖြေနိုင်မှန်းလည်း သိ၏။

သို့သော် ခမည်းတော်အား သတ်ခဲ့မိသည့်အတွက် ဘုရားရှင်ကို မဖူးတွေ့ဝံ့အောင် ဖြစ်နေရရှာ၏။
တိုင်းရေးပြည်ရေးကတစ်ဖုံ၊ အဖသတ်မိ၍ နောင်တကြီးစွာ ရနေသည်က တစ်သွယ်၊ သားတော်လေး ဥဒယဘဒ္ဒ ကြီးပြင်းလာသည့်အခါ မိမိကို ပြန်သတ်မှာကို စိုးရိမ်ရသည်က တစ်ကြောင်း၊ သိချင်သည့် ပြဿနာကို မသိရသည်က တစ်ခက် ဖြစ်နေသဖြင့်၊ မာဂဓတိုင်းကြီးရှင် အဇာတသတ်ဘုရင်မှာ စိတ်မရွှင် ဘဲ ရှိနေရရှာသည်။

အဇာတသတ်မင်း၏ မင်းအမတ် ၆-ဦးတို့က၊ တိတ္ထိဆရာကြီး ၆-ဦးတို့၏ ဂုဏ်တို့ကို ဖော်ညွှန်းပြီး၊ ထိုသူ တို့ကို ဆည်းကပ်လျှင် မင်းမြတ်၏စိတ်သည် ကြည်လင်တန်ရာပါ၏ ဟု အသီးသီးလျှောက်ထားကြသော်၊ မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

ထိုစဉ်အခါ၌ (အဘယ) မင်းသားမွေးစားသော ဇီဝကသည်၊ အဇာတသတ်မင်း၏ အနီး၌ ဆိတ်ဆိတ် ထိုင်နေလျက် ရှိ၏၊ ထိုအခါ အေဇာတသတ်မင်းသည် ဇီဝကအား ''အချင်း ဇီဝကသင်သည်ကား အဘယ် ကြောင့် ဆိတ်ဆိတ် နေဘိသနည်း''ဟု ဆို၏။ ထိုအခါတွင်မှ ဇီဝကသည်၊ ဘုရင်ကို လက်အုပ်မချီ ကျောပေး ကာ၊ ဘုရားရှင်ရှိရာ သရက်တောဘက်သို့ လက်အုပ်ချီမိုးပြီး ဘုရားရှင်၏ ဂုဏ်တော်အပေါင်းကို ချီးကျူးပူ ဇော်ကာ ဤသို့ဖြေကြား၏။

''မင်းမြတ် ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာသိ တော်မူသော ဤမြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်တို့၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူပါ၏၊ ထိုမြတ်စွာဘုရား၏ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်ပါ၏ -

'ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ' မည်တော် မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာ သမ္ဗုဒ္ဓ' မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏'ဟု ပျံ့နှံ့၍ ထွက်ပါ၏။

"မင်းမြတ်သည် ထိုမြတ်စွာဘုရားကို ဆည်းကပ်တော်မူပါ၊ မြတ်စွာဘုရားကို ဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏''ဟု လျှောက်၏။

'အချင်း ဇီဝက သို့ဖြစ်လျှင် ဆင်ယာဉ်တို့ကို ပြင်ဆင်စေလော့''။

ဤသို့ဖြင့်၊ ဇီဝကသည် ဆင်မငါးရာနှင့် မင်း၏ စီးတော်ဆင်ကို ပြင်ဆင်စေပြီးလျှင်၊ ဆင်မငါးရာတို့၌ မောင်းမတို့ကို တစ်ဦးစီ စီးစေ၍၊ အဇာသတတ်မင်းက၊ စီးတော်ဆင်ကို စီးပြီး၊ မီးရှူးတိုင်တို့ကို ဆောင်စေ လျက် ဇီဝက၏ သရက်ဥယျာဉ်သို့ သွားလေ၏။

အဇာတသတ်မင်းသည် သရက်ဥယျာဉ်၏ အနီးသို့ရောက်လျှင်၊ ကြောက်ခြင်း တုန်လှုပ်ခြင်း ကြက်သီး မွေးညင်းထခြင်း ဖြစ်၏၊

'အချင်း ဇီဝက - ငါ့ကို မလှည့်ပတ် မဖြားယောင်းသည် မှန်၏လော့၊ ငါ့ကို ရန်သူတို့အား မအပ်နှင်းသည် မှန်၏လော့၊ တစ်ထောင့်နှစ်ရာ့ငါးကျိပ်မျှရှိ မြောက်မြားသော ရဟန်းသံဃာ၏ ချေဆတ်သံ ချောင်းဟန့်သံ စကားပြောသံသည် အဘယ်ကြောင့် မဖြစ်ဘိသနည်း''ဟု ဆို၏။

'မင်းကြီး - ကြောက်တော်မမူပါလင့်။ မင်းမြတ် သင့်ကို မလှည့်ပတ်ပါ၊ သင့်ကို မဖြားယောင်းပါ၊ သင့်ကို ရန်သူတို့အား မအပ်နှင်းပါ။ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ တန်ဆောင်းဝန်း၌ ဤဆီမီးတို့သည် တောက်ပ လျက် ရှိပါကုန်၏''ဟု လျှောက်၏။

ထိုအခါ အဇာတသတ်မင်းသည် တန်ဆောင်းဝန်း တံခါးရှိရာသို့ချဉ်းကပ်၍ ''အချင်း ဇီဝက မြတ်စွာဘုရား အဘယ်မှာနည်း''ဟု ဆို၏။

''မင်းကြီး အလယ်တိုင်ကို မှီ၍ အရှေ့အရပ်သို့ မျက်နှာမူလျက် ရဟန်းသံဃာ၏ ရှေ့၌ ထိုင်နေ သောပုဂ္ဂိုလ် သည် မြတ်စွာဘုရားပါတည်း''ဟု လျှောက်၏။

အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်ပြီးသော် ကြည်လင်သော အိုင်ကြီးကဲ့သို့ (ငြိမ်သက်သော) ဆိတ်ဆိတ်နေသော ရဟန်းသံဃာကို အဖန်ဖန် ကြည့်ရှု၍ (ဤသို့) ဥဒါန်းကျူးရင့်၏ -

''ယခုအခါ ရဟန်းသံဃာသည် အကြင် ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ ငါ၏ (သား) ဥဒယဘဒ္ဒ မင်းသားသည် ဤငြိမ်သက်ခြင်းနှင့် ပြည့်စုံပါစေသတည်း''ဟု ဥဒါန်း ကျူးရင့်၏။

''မင်းကြီး ချစ်မြတ်နိုးရာသို့ သင် (စိတ်အားဖြင့်) ရောက်သွားလေပြီ''ဟု မြတ်စွာဘုရားက မိန့်တော်မူ၏။

ထို့နောက် အဇာတသတ်မင်းသည် မြတ်စွာဘုရားကိုရှိခိုး၍ ရဟန်းသံဃာကို လက်အုပ်ချီပြီးလျှင် တစ်ခု သော နေရာ၌ ထိုင်လျက် ရဟန်းပြုခြင်း၏ အကျိုးတရားတို့ကို မေးလျှောက်ရာ၊ မြတ်စွာဘုရားရှင်သည် သာမညဖလ သုတ္တန် ဒေသနာတော်ကို အကျယ်တ၀င့် အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးအဆင့်ထိ တစ်ဆင့်ပြီး တစ်ဆင့် ဟောကြားတော်မူသည်။

သာမညဖလ သုတ္တန်ကို နာကြားရအပြီးတွင်၊ အဇာတသတ်မင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။

"အရှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည် သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ ကို မြင်ကြလိမ့်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊ ဤအတူသာ လျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊

အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကို လည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊

မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက် ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ၊ အရှင်ဘုရား။ မိုက်သည့် အလျောက်တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးသွား ခဲ့ပါ၏၊

အကျွန်ုပ်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် ဟူသော အကြောင်းကြောင့် သတ်ခဲ့မိပါ၏၊

မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါစောင့်စည်းခြင်းငှါ အပြစ်ဟု လက်ခံတော်မူပါ ဘုရား''ဟု လျှောက်၏။

"မင်းကြီး - မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည်သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသောခမည်းတော်ကို သတ်ခဲ့မိ ၏၊ မင်းကြီး သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အပြစ်အားလျော်စွာကုစားသောကြောင့် သင်၏ ထိုအပြစ် ကို၊ (အပြစ်ဟု) ငါတို့ လက်ခံကုန်၏၊

မင်းကြီး - အကြင်သူသည်အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့် စည်း၏၊ (ထိုသူ၏) ဤ (ကုစားစောင့်စည်းခြင်း) သည် အရိယာ၏ ဝိနည်းအဆုံးအမ၌ ကြီးပွားခြင်း ပင်တည်း" ဟု မိန့်တော်မူ၏။

ထိုအခါ အဇာတသတ်မင်းသည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို အလွန်နှစ်သက်စွာ ခံယူ၍ ဝမ်းမြောက်စွာ ချီးကျူးပြီးနောက် နေရာမှ ထကာမြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

မြတ်စွာဘုရားသည်အဇာတသတ်မင်း ပြန်သွား၍မကြာမီ ရဟန်းတို့ကို (ဤသို့) မိန့်တော်မူ၏-
''ရဟန်းတို့ - ဤမင်းသည် (မိမိတည်ရာကို မိမိ) တူးဖြိုခဲ့၏၊
ရဟန်းတို့ - ဤမင်းသည် (မိမိကိုယ်ကို မိမိ) ဖျက်ဆီးခဲ့၏၊

ရဟန်းတို့ - ဤမင်းသည် တရားစောင့်သော၊ တရားသဖြင့် မင်းပြုသော ခမည်းတော် ကိုမသတ်မိပါမူ၊ ဤမင်းအား ဤနေရာ၌ပင်လျှင် ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ (သောတာပတ္တိ မဂ်ဉာဏ်) သည် ဖြစ်ပေါ်ရာ၏''ဟု မိန့်ဆိုတော်မူ၏။

ထိုနေ့တွင်ဟောကြားသော သာမညဖလ သုတ်တော်ကြောင့် အဇာသတတ်မင်းသည်၊

၁. အိပ်မပျော်သော ရောဂါဝေဒနာ ငြိမ်းအေးသက်သာခဲ့ရ၏။

၂.ရတနာသုံးပါးကို နှစ်နှစ်ကာကာ ယုံကြည်လာခဲ့၏။

၃.ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး ဧတဒဂ်ရရှိခဲ့၏။

၎. နောင်သောအခါ၊ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်။

၅. နှောင်းခတ် ဗုဒ္ဓဘာသာဝင်များအတွက် ဓာတ်တော် များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်။

၆.ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။

၇.ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအ၀ီစီငရဲ၌ မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်။

၈.ငရဲမှ လွတ်ပြီး နောက်အနာဂတ် ကာလ၌ ၀ိဇိတာဝီ အမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ပေ တော့မည်။

တန်ဆောင်မုန်းလပြည့်နေ့တွင်၊ မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလသုတ္တန်ကို ဟော ကြားတော် မူသောကြောင့်၊ ဤနေ့ကို သာမညဖလ အခါတော်နေ့ ဟူ၍ သတ်မှတ်ကာ၊ သံဃာ ရတနာ၏ ဂုဏ်ကျေးဇူးအပေါင်းကို ပူဇော်ကြသည့် အချိန်အခါ ဖြစ်ပါသည်။

( သာမညဖလသုတ်ကိုမှီပြီးရေးသားတင်ပြထားပါသည်)

( ဓမ္မစမ်းရေ)
နှလုံးသားအာဟာရ
 
=   =   =
ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ
တန်ဆောင်မုန်းလနှင့်စပ်၍ မှတ်ဖွယ်အကျဉ်း

ဆိုရိုးစကားများ
…………………
တန်ဆောင်မုန်းတွင် ဆီးနှင်းတပြိုက် မိုးတလိုက်
ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း
ခ၀ဲပွင့်တုန်း တန်ဆောင်မုန်း
တောင်သူရွှင်ပြုံး တန်ဆောင်မုန်း

စာဆိုတို့ ဂုဏ်ပြုဖွဲ့ ဆို
…………………………
သန်မိုးကုန်ဆဲ နှင်းစဖွဲထည့်
ခ၀ဲပွင့်တုန်း တန်ဆောင်မုန်း
{ဆီသည်ရွာစား ဦးအောင်ကြီး}

မီးပန်းပွင့်တုန်း တန်ဆောင်မုန်း ထစ်အုံးမိုးမဖွဲ့ 
မီးနတ်အာကာ ကြတ္တိကာ-သရ၀ဏ် စောင့်မြဲမှန်၏
{ရာဇမတ္တဏ်ကျမ်း}

မြောက်လေပြေ ဆော်ညှင်းလို့  အမင်းမင်းရာဇာ
ဥာတ်ကထိန် ခါသမယကိုလ များဒါန ပြုကြမြဲသာ
{စာဆိုဦးပုည}

ခ၀ဲပွင့်တုန်း တန်ဆောင်မုန်းကား
မချုန်းမိုးသား တိုင်ထွတ်ဖျားတွင်
ငါးပါးကျိုးရှိ မီးပွင့်ညှိ၍
ပြည်ကြီးဖွယ်ရာ သဒ္ဓါအားကြိုး
မသိုးသင်္ကန်း လှူရွှင်လန်းသည်
ရဟန်းသံဃာ အရိယာတို့ 
သစ္စာလေးစုံ ရွှေစည်းခုံဝယ်
ကြည်ယုံလှကျင် ပွဲပုံယင်လျက်
အောက်ထက်ကျော်ရှိန် ပြည်ဆုချိန်သည်
ကထိန်သင်္ကန်းတည့်လေ ။
{အင်းဝခေတ်စာဆို ဦးအောင်ကြီး}

မြန်မာ့ရိုးရာပွဲတော်များ,အခါတော်နေ့ နှင့် ဓလေ့ထုံးစံ
……………………………
ကထိန်သင်္ကန်းလှူဒါန်းပွဲ
မသိုးသင်္ကန်းရက်ပွဲ
ပံသုကူပစ်ပွဲ
ရွှေကြာသင်္ကန်းလှူဒါန်းပွဲ
ရှင်မာလဲပွဲတော်
ကျီးမနိုးပွဲ
သာမညဖလ အခါတော်နေ့ 
မဲဇလီဖူးသုတ် စားသောဓလေ့

အမျိုးသားနေ့ 
မြန်မာ့ရိုးရာ ဆို က ရေး တီး ပြိုင်ပွဲ
နိုင်ငံတကာ သက်ကြီးရွယ်အိုများနေ့ 
……………………
ဝါလေးလကား ကိုင်းမျှမပေါ် မမြော်ကမ်းထိပ် စဲစရိပ်တည့်
မိုးစိပ်မြူးဖွဲ သန်ကြွင်းစဲက ခ၀ဲပွင့်ဝါ သို့ သောခါတုံ
အာကာမထိုင်း မြူမှိုင်းမလည် အလွန်ကြည်လျှက် ။
{အရှင်မဟာသီလ၀ံသ}
=   =   =
ကထိန်အာနိသင်
*************
* မပန်မကြား မခစား
သွားလာနိုင်ပေ ရပ်ထွေထွေ။
* ကိုယ်ပိုင်ဥစ္စာ ထားလိုရာ
ထားပါလျက်ပေ ရန်ကင်းချေ။
* ဝတ်စားဖုံဖုံ လွန်ပြည့်စုံ
ကုံလုံကျက်သရေ လက်လက်ဝေ။
* မန္တန်အပင်း ပြစ်မျိုးကင်း
သန့်ရှင်းစာရေ ရန်မျိုးထွေ။
* သူနှင့်မဆိုင် လွန်ကြံ့ခိုင်
စိုးပိုင်လှပေ ပစ္စည်းတွေ။
* ကထိန်လှူရ မြတ်ဗလ
မှတ်ကြပါလေ ငါးမျိုးဝေ။ ။
=   =   =
တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလ အခါတော်နေ့ ဖြစ်ပါသည်။ သာမညသည် သာမဏ၏အဖြစ် ရသေ့၊ရဟန်း ပြုလုပ်ခြင်း၏ အဖြစ်ဟု အနက်အဓိပ္ပါယ်ရ၍ ဖလသည် အကျိုး
ကျေးဇူးဟု အနက်အဓိပ္ပါယ်ရရှိပါသည် ထို့ကြောင့် သာမညဖလ ဟူသည်မှာ ရသေ့၊ရဟန်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး ဟု အဓိပ္ပါယ်ဖွင့်ဆိုရပါသည်.

အခါတစ်ပါး၌ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် (၁၂၅၀) တစ်ထောင့် နှစ်ရာ့ငါးကျိပ်ရှိသော ရဟန်းသံဃာတော်တို့ နှင့် အတူ ရာဇဂြိုလ်မြို့ အဘယမင်းသား၏ မွေးစားသားဖြစ်သော သမားတော်ကြီး ဆရာ ဇီဝက၏ သရက် ဥယာဉ်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူ၏။

. . . . ထိုနေ့သည်ကား ငွေစန္ဒာ လမင်းကြီး အစွမ်းကုန် ထိန်ထိန်သာသည့် တန်ဆောင်မုန်းပြည့်နေ့ညဥ့်အခါဖြစ်သည်. .

ထိုစဉ်အခါတွင် မာဂဓတိုင်းဘုရင် အဇာတသတ်သည် သူယုတ်မာ ဆရာဒေ၀ဒတ်စကားကို လိုက်နာ၍ သောတပန်အရိယာဖြစ်သော ခမည်းတော် ဗိမ္မိသာရမင်းကြီးကို ခြေဖ၀ါးဓားနဲ့ ခွဲ၊ဆားနှင့်သိပ်ပြီး
မသေသေအောင် သတ်ခဲ့သည်. . . သူ၏သားတော် ဥဒယဘဒ္ဒ ဖွားမြင်သည့်နေ့တွင် မိဘကျေးဇူး ကို စတင်သိခဲ့ရပြီး သူ၏မိုက်ပြစ်ကို နောင်တကြီးစွာ ရလေတော့သည် . . . ထိုအချိန်တွင် သူ၏ဆရာ
ဖြစ်သော ဒေ၀ဒတ်လည်း ဘုရားရှင်အားပြစ်မှားလုပ်ကြံသည့်နောက် မြေမျိုခံခဲ့ရလေသည်. .

ထိုအချိန်မှစပြီး အဇာတသတ်၏ စိတ်အစဉ်သည် မကြသော အတိတ် ကာလဆီက ပြုခဲ့သော အကုသိုလ်ကံ၏ အရိပ်နိမိတ်တို့က သူ့အား အချိန်ရှိတိုင်း ခြောက်လှန့်၍နေသည်. . တစ်နေ့တွင် ညီလာခံ၌ ဆရာဇီဝက၏ လျှောက်တင်ချက်ကို လက်ခံပြီး. . မြတ်ဗုဒ္ဓသီတင်းသုံးတော်မူရာ သရက်ဥယာဉ်ကျောင်းတိုက်သို့ မှုးမတ်ဗိုလ်ပါ အခြံအရံ များစွာခေါ်၍ သွားရောက်လေ၏. . . မြတ်ဗုဒ္ဓ၏ထံတော်ပါးတွင် ရိုသေစွာ ဦးချင် ကန်တော့၍ မြတ်စွာဘုရား အား ဤသို့ လျှောက်တင်လေ၏။

“ ရှင်တော်မြတ်ဘုရား မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်သိမြင်ရသော ရဟန်းပြုခြင်း၏ အကျိုးကိုပြခြင်းငှာ တတ်နိုင်ပါသလော။ ” ထိုအခါ ဗုဒ္ဓမြတ်စွာဘုရားက ရဟန်းပြုရသည့် အကျိုးကျေးဇူးကြောင့် အပူဇော်ခံရခြင်းပမာများ ကိုလည်းကောင်း ၊ စူဠာသီလ၊ မဇ္ဈိမသီလ၊
မဟာသီလ တို့ကို ဖြည့်ကျင့်လျက် ထိုမှ တဆင့် တက်ကာ ဣနြေ္ဒကို စောင့်စည်းခြင်း ၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံ့ခြင်း ၊ရောင့်ရဲလွယ်ခြင်း၊ နီဝရဏတရား ငါးပါးတို့ကို ပယ်ခြင်းတို့ကိုလည်းကောင်း၊ ပထမဈာန်မှ စတုထ္ထဈာန် အထိရနိုင်ပုံကို လည်းကောင်း ထိုမှ
တဆင့် တက်ကာ ၀ိပဿနာဉာဏ်၊ မနေမယိဒ္ဓိဉာဉ်၊ ဣဒ္ဓိ၀ိဓဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ ဒိဗ္ဗသောတဥာဏ်၊ စေတောပရိယဥာဏ်၊ ပုဗ္ဗေနိဝါသဥာဏ်၊ စုကူပပါတဥာဏ်၊ အာသ၀က္ခဥာဏ်၊ မည်သော အရတ္တမဂ်ဥာဏ် တိုင်အောင် အဆင့်ဆင့်သာလွန်မြင့်မြတ်သည့် ၀ိဇ္ဖာရှစ်ပါးတရားထူးကို
ရနိုင်သည့် ရဟန်းပြုရခြင်း၏ မျက်မှောက်ဘ၀အကျိုး (သာမညဖလသုတ်)ကို အကျယ်တ၀င့် ဟောကြားတော်မူလေသည်။

ထို့ကြောင့် ရှင်တော် ဗုဒ္ဓဟောကြားခဲ့သော သာမညဖလ ဟူသည်၏ အနှစ်ချုပ်ကား ကိုယ်ကျင့်တရားဟူသော သီလ၌တည်ပြီး တည်ကြည်ခြင်း ဟူသော သမာဓိရှိသည်၍ ပညာတည်းဟူသော ၀ိပဿနာကို ပွားများ ခြင်းဖြင့် အာသဝေါတရားများကင်းလျက် မဂ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ကြောင်းပင်ဖြစ်သည်. . .

ဗုဒ္ဓဟောကြားတော်မူခဲ့သော သာမညဖလသတ်ကို အဇာတသတ်မင်း နာကြားပြီးသော အခါတွင် လူသစ်စိတ်သစ်နှင့် အတွေးအခေါ်သစ်များ ဖြစ်ပေါ်လာကာ ရတနာသုံးပါး ပူဇော်မှုများကို များစွာ ပြုလုပ်ခဲ့သည်။ ယခင်က စွဲကပ်နေသော စားမ၀င်၊ အိပ်မပျော်မှုများ၊ စိုးရွံ့ထိတ်လန့်မှုများ
လွင့်ပျောက်၍ စားဝင်အိပ်ပျော်လာ ကာ စိတ်သက်သာရ ချမ်းသာ သွားလေသည်။

တန်ဆောင်မုန်းလ၌ ဘာသာရေး အထိမ်းအမှတ်အဖြစ် ထင်ရှားသည်မှာ ကထိန်ခင်းခြင်း ပင်ဖြစ်သည်. . တန်ဆောင်မုန်းလသည် သာယာ အေးချမ်းသောလဖြစ်သည်နှင့် အညီ အများပြည်သူတို့အတွက် ပျော်ပွဲရွှင်ပွဲ မီးပွဲသဘင်များ ဆင်ယင်ကျင်းပချိန်ဖြစ်ပါသည်. . . . မြန်မာ
လူမျိုးသည် ယဉ်ကျေးသိမ်မွေ့သောလူမျိုး၊ ဘာသာရေးကို လေးစား ကိုင်းရှိုင်းတတ်သော လူမျိုး အဖြစ် ကမ္ဘာ့အလယ်တွင် ထင်ရှား ရပ်တည်နေနိုင်ကြသည် မှာ များစွာဂုဏ်ယူရပေတော့သည်။

အောင်မြင့်မြတ်( ပြည်ရွှေဘို)
Dhamma Danã Source

www.facebook.com/youngbuddhistassociation.mm
=   =   =
တန်ဆောင်မုန်းလတွင်ကျင်းပသည့်မြန်မာ့ရိုးရာပွဲတော်များ

တန်ဆောင်မုန်းလသည် မိုးနှောင်းပိုင်း ဆောင်းဦးပိုင်း ကြားကာလဖြစ်၍ ရာသီဥတု သာသာယာယာ ရှိပါသည်။ တန်ဆောင်မုန်းလ အကြောင်းကို တန်ဆောင်မုန်း ဗြိစ္ဆာ၊ ကြိတ္တီကာ၊ ရောင်ဝါရှိန်လို့ဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင် လည်စိုးဟု ကင်းဝန်မင်းကြီးက သံပေါက်လင်္ကာဖြင့် ဖွဲ့ဆိုခဲ့ပါသည်။
တန်ဆောင်မုန်းလကို ဗေဒင်အခေါ်အဝေါ်အရ ဗြိစ္ဆာ ရာသီ ဟုခေါ်သည်။ ရာသီရုပ်မှာ ကင်းမြီးကောက်ရုပ် ဖြစ်သည်။ ရာသီပန်းမှာ ခဝဲပန်းများဖြစ်သည် မြန်မာလူမျိုးတို့သည် တန်ဆောင်မုန်းလတွင် ကထိန်ပွဲတော်ကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြပါသည်။ မြန်မာ ဗုဒ္ဓဘာသာတို့သည် ဤလတွင် သံဃာ့ဂုဏ်ကို အာရုံပြုလှူဒါန်းရသော ပရမတ် အလှူမျိုးဖြစ်သည့် ကထိန်ပွဲတော်ကို ကျင်းပလေ့ရှိပါသည်။
ယနေ့ခေတ်တွင် တစ်ဦးချင်း ကထိန်အလှူထက် စုပေါင်းမဟာဘုံကထိန်များကို ပိုမိုကျင်းပလာခဲ့ပါ သည်။ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက်၊ အသင်းအဖွဲ့အလိုက် စုပေါင်း မဟာဘုံကထိန်များကို လှူဒါန်းကြရာ သံဃာတော်များမှာ ကထိန်ပွဲများသို့ မအားလပ်အောင်ပင် ကြွနေကြရပါသည်။ ကထိန်ပွဲတွင် အလှူပစ္စည်းများ သာမက အလှူရှင်များ၏ အလှူဒါနအတွက် ဝမ်းမြောက် ပျော်ရွှင်စွာ ကခုန်ကြည်နူးနေကြသည့် အလှူမြင်ကွင်းများကိုလည်း တွေ့ရပါသည်။
တန်ဆောင်မုန်းလ၏ ထူးခြားသောပွဲတော်တစ်ခုမှာ မသိုးသင်္ကန်းရက်လုပ်ခြင်းဖြစ်သည်။ သံဃာတော်များ ကိုယ်တိုင် သင်္ကန်း များကို ချုပ်လုပ်ဝတ်ကြသည့်ကာလတွင် ကထိန်သင်္ကန်း၊ မသိုးသင်္ကန်းဟူ၍လည်း ခေါ်ကြပါသည်။ ကထိန်ခင်းရန် လှူဒါန်းမည့်သင်္ကန်းကို ညအိပ်မထားဘဲ ထိုနေ့ အရုဏ်မတက်မီအတွင်း နေ့ချင်းပြီးအောင် လုပ်ဆောင်သည့် သင်္ကန်းမြို့ကို မသိုးသင်္ကန်းဟု ခေါ်ပါသည်။ မြန်မာဘုရင်များလက်ထက်ကလည်း မသိုးသင်္ကန်းရက်လုပ်ပွဲများ ကျင်းပကြပါသည်။
ကိုလိုနီ ခေတ်တွင်မသိုးသင်္ကန်းရက်လုပ်မှုများ ပျောက်ကွယ်သွားပါသည်။
မြန်မာ့မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲများလည်း တိမ်မြုပ် သွားသည်။ လွတ်လပ်ရေးရပြီးနောက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲများ ပြန်၍ ထွန်းကားလာသည်။ ဤပွဲမှာ ထွန်းကား သင့်သော မြန်မာ့ရိုးရာပွဲတစ်ပွဲ ဖြစ်ပါသည်။ တန်ဆောင်မုန်းလသည် ပွဲတော်များဖြင့် ပြည့်လျှံလျက်ရှိသည့်လ ဖြစ်ပါသည်။
တန်ဆောင်တိုင်ပွဲတော်များတွင် ကထိန်သင်္ကန်း၊ မသိုးသင်္ကန်း၊ ပံ့သကူသင်္ကန်းများအပြင် ရှမ်းပြည်နယ်ဘက်တွင် ကြာသင်္ကန်းကပ်လှူပွဲများလည်း ကျင်းပ ပြုလုပ်ကြပါသည်။ တကယ့်ကြာမျှင်များကို သင်္ကန်းရက်၍လည်းကောင်း၊ ပိတ်သင်္ကန်းပေါ်တွင် ကြာပွင့်များ တန်ဆာဆင်၍ လည်းကောင်း ပူဇော်ကြပါသည်။
တန်ဆောင်မုန်းလ၏ အခြားပွဲတော်တစ်ခုမှာ မီးထွန်းပွဲတော် ဖြစ်ပါသည်။ ကြိတ္တီကာ နက္ခတ်စောင့် နတ်သားသည် တန်ဆောင်မုန်း လပြည့်ရောက်လေတိုင်း လူ့ပြည်သို့ ဆင်းသက်လေ့ရှိသည်ကို မင်းနှင့်ပြည်သူ များက မီးထွန်း ပူဇော်သည်။ ထို့ကြောင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် ဖြစ်ပေါ်လာသည်။ ယခုခေတ် မီးထွန်းပွဲတော်သည် ထေရဝါဒဗုဒ္ဓဘာသာ ပိုဆန်လာသည်။
ဘုရားလောင်း၏ဆံတော်ကို ဌာပနာပြီး တာဝတိံသာတွင်တည်ထားသော စူဠာမဏိစေတီကိုရည်မှန်း၍ ပူဇော်ခြင်းဖြစ်သည်။ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် မီးလုံးများ၊ မီးပုံးများချိတ်ဆွဲခြင်း၊ ဖယောင်းတိုင်များ ထွန်းညှိခြင်းဖြင့် အလှဆင်ကြသည်။ ကလေးများကလည်း ရောင်စုံ မီးပန်း များ၊ မီးရှူးများ ပစ်လွှတ်ကစားခြင်းဖြင့် ပျော်ရွှင်ကြသည်။ တန်ဆောင်တိုင် ကာလသည် စပါးပေါ်ချိန်ဖြစ်၍ တောင်သူလယ်သမားများ ငွေရွှင်သောကာလ ဖြစ်သည်။ အားလပ်သောကာလဖြစ်သည်။
တောရောမြို့ပါမကျန် မီးရောင်စုံ၊ လူရောင်စုံများဖြင့် ပျော်ရွှင်ကြည်နူးဖွယ် ဖြစ်သည်။ မြို့များတွင် ရပ်ကွက်၊ မြို့နယ်အလိုက် အကအဖွဲ့များ၊ ယိမ်းအဖွဲ့များ၊ တေးဂီတအဖွဲ့များ၊ ပြဇာတ်များ၊ တေးသရုပ်ဖော်များ စသည့် ပွဲလမ်းသဘင်များဖြင့် စည်ကားလှသည်။
တန်ဆောင်တိုင်ကာလတွင် အခြားကျင်းပလေ့ရှိသော အလှူဒါနပွဲတစ်ခုမှာ နိဗ္ဗာန်ဈေးဖြစ်သည်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက် မိမိလှူဒါန်းလိုသော လှူဖွယ်ပစ္စည်းကိုပြင်ဆင်၍ အယုတ်အလတ် အမြတ်မရွေး ဝင်ရောက်အလှူခံစားသုံး နိုင်သော အလှူပွဲများဖြစ်သည်။ တစ်အိမ်ပြီး တစ်အိမ် ဝင်ရောက်၍ မုန့်မျိုးစုံကိုစားသောက်ခွင့်ရသည့် အင်မတန်ထူးခြားသော အလှူအတန်း ပုံစံမျိုး ဖြစ်၍ ချစ်စရာလည်းကောင်း တန်ဆောင်မုန်းလသည် ထူးခြားသည့် ဝိသေသ လက္ခဏာများ ထုံမွှန်း နေသောလလည်း ဖြစ်ပါသည်။
=   =   =
ကထိန်ခင်းကြ ညီရအင်္ဂါ

ကထိန်ခင်းရာတွင် အင်္ဂါလေးပါနှင့်ညီညွှတ်ရန်အလေးကြီးလှသည်။
အင်္ဂါလေးပါဟူသည်။
၁။ ကထိန်သင်္ကန်းဉတ်မကြီး ကိုအလှူခံမည့် ရဟန်းသည် ကထိန်ခင်းမည့်ကျောင်း၌ ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့မှဝါဆိုခဲ့ပြီး ၀ါတွင်းသုံးလပတ်လုံး ၀ါကျိုး ပြတ်ခြင်းမရှိဘဲ သီတင်းကျွတ်လပြည့်နေ့၌ ပ၀ါရဏာပြုသော ရဟန်းဖြစ်ရမည်။
အခြားကျောင်းတိုက်၌၀ါဆိုသောရဟန်း။
ဤ ကျောင်းတိုက်၌၀ါဆိုသော်လည်း ၀ါကျိုးသောရဟန်း။
ဒုတိယ၀ါမှ ၀ါဆိုသောရဟန်းများမဖြစ်ရပါ။

၂။ ကထိန်သင်္ကန်းပေးရမည့် သံဃာသည် အနည်းဆုံးငါးပါးရှိရမည် ။

၃။ စီဝရမာသ- သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိတစ်လဟူသော သင်္ကန်းကာ လဖြစ်ရမည်။ထိုတစ်လ ကျော်လျှင်ကထိန်သင်္ကန်းမဖြစ်တော့ချေ။ထို့ကြောင့် ကထိန်သင်္ကန်းလှူသူကလည်းတစ်လအတွင်းသာ လှူဒါန်းရမည်ဖြစ်သည်။

၎။ကထိန်ခင်းမည့်သင်္ကန်းသည်အလွန်မွန်မြတ်သောသင်္ကန်းဖြစ်၍တရားနှင့်အညီဖြစ်ပေါ်လာသော သင်္ကန်းဖြစ်ရမည်။
မိုးပေါ်မှအလိုလိုကျရောက်လာသကဲ့သို့ စင်ကြယ်သောသင်္ကန်းဖြစ်ရမည်။
ဒကာ ဒကာမတို့အား သံဃာမှ ကထိန်ခင်းပါ။
ကထိန်ဟာအလွန်မွန်မြတ်တယ်ဘယ်လိုအကျိုးတွေရသည်ဟူ၍ပြောအလှူမခံကောင်း။

မိဘပင်ဖြစ်စေကာမူ လှူဖို့အရိပ်အယောင်မှမပြ အပ်။
ထိုသို့လုံ့လပြု၍ရသောသင်္ကန်းဖြင့်ကထိန်ခင်းလျှင်ကထိန်မမြောက်ရထိန်အာနိသင်မရနိုင်ချေ။


ရဟန်းတော်မှာ လုပ်ဆောင်စရာ

ကထိန်ခင်းပြီဆိုလျှင်ရဟန်းတော်များလုပ်ဆောင်းရမည့်အချက်(၈)ချက်ရှိသည်။ ထို(၈)ချက်အားအတိုခေါက်အားဖြင့်
``ခံ၊ရွေး၊ ပေးနှင်း၊စွန့်၊ထိုးခြင်း၊ တင်၊ခင်း၊နုမောဒါ။´´
(၀ိနယသံခိပ်) ဟူ၍ဖြစ်သည်။

၁။ ခံ- ကထိန်ဒါယကာတို့ လှူဒါန်းသော ကထိန်သင်္ကန်းကို အလှူခံရမည်။အလှူရှင်အားသင်္ကန်းကိုင်စေ၍
`ဣမံ ကထိန စီဝရံ သံဃဿ ဒေမ၊ ဣမိနာ စီဝရေန ကထိနံ အတ္ထရထ´ ဟု
ပါဠိအနက် ဆိုခိုင်းခါ ကထိန်သင်္ကန်းကိုအလှူခံရမည်။

၂။ ရွေး- ကထိန်သင်္ကန်းအား အလှူခံထိုက်သည့်ရဟန်းအားရွေးချယ်ရမည် ။
ကထိန်သည် နေ့မလွန်ရသည့်အတွက် ထိုကထိန်သင်္ကန်း လှူသည့်နေ့၌ပင် ကျောင်းရှိသံဃာကုန် စည်းဝေး၍ အင်္ဂါ(၈)ပါးညီသော ကထိန်ခင်းထိုက်သည့်သံဃာရွေးရမည်။
မရှိလျှင် မထေရ်ကြီးကလက်ခံရမည်။

၃။ ပေးနှင်း- သံဃာတော်များအား ကထိန်ခင်းထိုက်သည့်၊ခံထိုက်သည့် ရဟန်းတော်ကိုပင့်ဆောင်၍သိမ်သို့သွားကာ ဉတ်သင်္ကန်းကို ပေးအပ်ရမည်။
တရားနှင့်အညီ အပ်နှင်းရမည်။

၎။ စွန့်- အဓိဌာန်တင်ထားသော သင်္ကန်းဟောင်းရှိလျှင်စွန့်ရမည်။ အဓိဌာန်ချရမည်။ ထိုသင်္ကန်းမရှိလျှင် အဓိဌာန်ချဖွယ် မလို၊ အဓိဌာန်ချသည်ကို ပစ္စုဒ္ဓိုရ်ပြုသည်ဟုခေါ်သည်။

၅။ ထိုးခြင်း- ကထိန်ခင်းရမည့် သင်္ကန်းကို ကပ္ပဗိန္ဓု ထိုးရမည်။ အပ်စပ်အောင် အဆင်းပျောက်အောင် ဥဒေါင်းမျက်လုံး ပမာဏရှိအစက်အပြောက်လေးအား သင်္ကန်းထောင့်တစ်နရာမှ ထိုးမှုကို ကပ္ပဗိန္ဓု ထိုးသည်ဆိုခြင်းဖြစ်သည်။ သစ်ရွက်ရည်၊သစ် ခေါက်ရေ၊မှင်ရေ၊ခဲတံ စသည်များဖြင့်ထိုးနိုင်သည်။

၆။ တင်- ကထိန်ခင်းမည့် သင်္ကန်းကို အဓိဌာန်တင်ရမည်။သင်္ကန်းကြီးဖြစ်လျှင်- ဣမံ သဃာဋိံ အဓိဌာမိ။ ဧကသီဖြစ် လျှင်- ဣမံဥတ္တရာသင်္ဂံ အဓိဌာမိ။ သင်းပိုင်ဖြစ်လျှင်- ဣမံ အန္တရ၀ါသကံ အဓိဌာမိ ဟုအဓိဌာန်တင်ရမည်။ စိတ်ထဲ၌မိမိကိုယ်ပိုင် ဥစ္စာဟု စွဲမြဲစွာမှတ်သားထားခြင်းကို အဓိဌာန်တင်ခြင်းခေါ်ပါသည်။

၇။ ခင်း- အဓိဌာန်တင်ပြီးသော ဉတ်သင်္ကန်းကို ကိုင်၍
သင်္ကန်းကြီးဖြစ်လျှင်- ဣမာယ သံဃာဋိယာ ကထိနံ အတ္ထရာမိ
ဧကသီဖြစ်လျှင် -ဣမိနာ ဥတ္တရာသင်္ဂေန အတ္ထရာမိ။
သင်းပိုင်းဖြစ်လျှင်- ဣမိနာ အန္တရသင်္ကေန ကထိနံ အတ္ထရာမိ ဟု
ကထိန် ခံမည့်ရဟန်းကသုံးခေါက် ဆိုရမည်။


၈။ ကထိန်အနုမောဒနာပြုရမည်။
ကထိန်ခင်းမည့်သင်္ကန်းသည် ၀ိနည်းနှင့်လျှော်ညီသော ဖြတ်၊ ချုပ်ပြီး၊ ၀ိနည်းနှင့်လျှော်ညီအောင်ဆိုးရည်ဖြင့်ဆိုးထားသော သံဃာဋိ နှစ်ထပ်သင်္ကန်းကြီး၊
ဥတ္တရာသင်္ဂ အပေါ်ရုံဧကသီ၊ အန္တရ၀ါသက ခါးဝတ်သင်းပိုင် သုံးထည်တွင်
တစ်ထည်ထည် ဖြစ်ရမည်။ ယခုခေတ် သင်္ကန်းများသည်ဖြတ်ပြီးမှ ချုပ်သောသင်္ကန်းများမဟုတ်ဘဲ အခန်းဖြစ်ရုံလုံးချုပ်ထားသော သင်္ကန်း ဖြစ်နေတတ်သည်။
ထိုသင်္ကန်းများသည် အဓိဌာန်မစွဲ၍ ကထိန်သင်္ကန်းမဖြစ်နိုင်။
ကထိန်ခင်း၍မရ ခင်းလျှင်ကထိန်မမြောက် အာနိသင်မရချေ။


ကထိန်ခင်းရ ကျိုးဖလ ၊ရဟန်းရရာ ကျိုးငါးဖြာ၊

ထိုသို့သောအချက်အလက် များဖြင့်ပြီးပြည့်စုံစွာကထိန်ခင်းလျှင် မွန်မြတ်လှသောကထိန်အဖြစ်ရောက်ရှိ၍ ရဟန်းတော် များနှင့်လူဒကာဒကာမများ အကျိုးငါးပါးစီ တူညီစွာရနိုင်သည်။


ရဟန်းတော်များရရှိမည့်အကျိုးတရား ငါးပါးဟူသည်မှာ-

၁။ အနာမန္တစာရအကျိုး- ဒကာတစ်ဦး၏ ဖိတ်မှုကိုလက်ခံပြီးနောက်၊ အနီးနားရှိရဟန်းတစ်ပါးကို မပန် မကြားဘဲ အခြားဒကာအိမ်သို့ သွားလျှင် ပါစိတ်အာပတ်သင့်အပြစ်ဖြစ်၏။
ကထိန်အာနိသင် ရသည်မှစ၍မပန်မကြားဘဲငါးလကြာကာလပတ်လုံးနေနိုင်သည်အပြစ်မဖြစ်တော့။

၂။ အသမာဒါနစာရအကျိုး- သင်္ကန်းသုံးထည်တို့တွင်တစ်ထည်တည်းဖြင့် အရုဏ်တက်ချိန်ထိကင်းမနေကောင်း၊
ကင်းလျှင် နိဿဂ္ဂိပါစိတ်အာပတ်သင့်အပြစ်ဖြစ်၏။
ထို့ကြောင့်ရဟန်းများ အမြဲသင်္ကန်းသုံးထည် သွားလေရာရာယူဆောင်ရခြင်း ဖြစ်၏။ ကထိန်အာနိသင်ရလျှင်ကား ငါးလကြာကာလပတ်လုံး ကင်းနေခွင့်ရှိ၏ သွားလေရာယူဆောင်သွားစရာမလို အပြစ်မဖြစ်တော့။

၃။ ဂဏဘောဇနစာရအကျိုး- အပင့်ဖိတ်မတတ်သောဒါယကာတို့မှ ထမင်းစားကြွပါ၊ မုန့်စားကြွပါ ၊ရေသောက်ပါဦး ၊အအေးသောက် ပါဦး၊စသည်ဖြင့် ပြော၍ခဲဖွယ်ဘောဇဉ်များကို ကပ်လျှင်မဘုဉ်းပေးကောင်း၊ဘုဉ်းပေးလျှင်အပြစ်ဖြစ်၏။
ကထိန်အာနိသင်ရလျှင်ကား ငါးလကြာကာလပတ်လုံး မည်သို့ပင်ပြော၍ပင့်ဖိတ်ဆက်ကပ်စေကာမူ ဘုဉ်းပေးသုံးဆောင်ကောင်း၏ ။ အပြစ်မဖြစ်တော့။

၎။ ယာဝဒတ္ထ စီဝရအကျိုး- ရဟန်းသည် မိမိပိုင်သော ပစ္စည်းမှန်သမျှကို ဆယ်ရက်ထက်ကျော်လွန်၍ အဓိဌာန်မတင် ၀ိကပ္ပနာမပြုပဲ မသုံးဆောင်းကောင်း။ သုံးဆောင်လျှင်အပြစ်ဖြစ်၏။ ကထိန်အာနိသင်ရထားလျှင်ကား အပြစ်မဖြစ်နိုင်တော့ချေ။

၅။ ယောစ တတ္ထ စီဝရုပ္ပါဒ အကျိုး- အခြားသောနေ့များတွင်ရလာသောလာဘ်လာဘမှန်သမျှကို ခွဲဝေပေးရာ၌ ဧည်သည် အာဂန္တုရဟန်းရောက်လာလျှင်ထိုရဟန်းကိုပါခွဲဝေပေးရသည်။
ကထိန်ခင်း၍ရသောသင်္ကန်းမှန်သမျှကို ကထိန်ခင်းသောကျောင်း မှ အာနိသင်ရသောရဟန်း များသာပိုင်ဆိုင်ရ၏။
အခြားရဟန်းတော်များအားခွဲပေးရန်မလိုချေ။


မပန်မကြား၊ လိုရာသွား၊ ပြစ်များမရှိပြီ။

သုံးထည်ထဲမှာ၊ ထားလိုရာ၊ ထားကာသွားနိုင်သည်။

လေးပါးတူပင်၊ ဂိုဏ်းဘောဇဉ်၊ စားချင်စားနိုင်သည်။

သင်္ကန်းများစွာ၊ ငါးလမှာ၊ သိမ်းကာထားနိုင်သည်။

သင်္ကန်းလှူငြား၊ သင်္ကန်းများ၊ သူ့အားသာဖြစ်သည်။
(၀ိ၊ ၃၊၃၅၂)


လူများရကြ ကျိုးငါးဝ

လူဒကာ ဒကာမများရနိုင်သည့် အကျိုးငါးပါးဟူသည်မှာ-

၁။ ရောင်းဝယ်ဖောက်ကား သွားလာရာ၌ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ သြဇာအာဏာပေးသူမရှိလွတ်လပ်စွာသွား နိုင်ခြင်း။ ရဟန်းရှင်လူနတ်ဒေ၀ါများ၏ ချစ်ခင်စောင့်ရှောက်မှုကိုခံရခြင်း။
(အခြားဒကာအိမ်သို့ မပန်မကြားပဲ သွားနိုင်၍ တန်ပြန်အ ကျိုးရခြင်း။)

၂။ စုဆောင်းထားသောဥစ္စာပစ္စည်းများ အကြောင်းတစ်မျိုးမျိုးကြောင့်လျှော့သွားခြင်းမရှိ။
အမြဲတည်နေတတ်ခြင်း။ မိမိ စီးစိမ်ဥစ္စာရတနာမှန်သမျှ ရေဘေး၊မီးဘေး၊ ခိုးသူဘေး၊တိုင်းပြည်အုပ်ချုပ်သူမှ သိမ်းသူသည့်ဘေး၊သားဆိုးသမီးဆိုး များဖျက်စီး သောဘေးတို့မှကင်းဝေးခြင်း။
မိမိကမပေးပါဘဲမည်သူတစ်ဦးတစ်ယောက်မျှမယူဆောင်နိုင်ခြင်း။
(သံဃာတော်များ သင်္ကန်းသုံး ထည်လုံးသယ်စရာမလိုပဲ ထား၍သွားလာနိုင်ခွင့်ရသောကြောင့်တန်ပြန်အကျိုး ရခြင်း။)

၃။အ၀တ်အစားအမြဲတောက်ပအောင်ဝတ်ဆင်နိုင်ခြင်း ။ အ၀တ်စားကောင်းဝတ်သူခြင်းအတူတူကိုယ်သာအမြဲအရောင် ပိုမိုတောက်ပနေခြင်း။
(သံဃာတော်များရရှိလာသော သင်္ကန်းစသောကိုယ်ပိုင်ပစ္စည်းများ ဆယ်ရက်ကျော်လွန်၍ငါးလတိုင်တိုင် အဓိဌာန်မတင် ပဲသုံးဆောင်ခွင့်ကိုရသောကြောင်တန်ပြန်အကျိုးခံစားရခြင်း။)

၎။မိမိစားသမျှအစားအစာထဲတွင် အဆိပ်ကင်းခြင်း။ အဆိပ်ခတ်ထားလျှင်တောင်အဆိပ်ပြယ်တတ်ခြင်း။
(ရဟန်းများ အားကြိုက်သလိုပင့်ဖိတ်သည်ကို ဘုဉ်းပေးနိုင်အောင်လုပ်ပေးရာရောက်သောကြောင့်တန်ပြန်အကျိုးခံစားရခြင်း။)

၅။ ပေးမကုန် လှူမခန်းငြိမ်းချမ်းစွာနေနိုင်ခြင်း။
(ကထိန်အာနိသင်ရသောရဟန်းများ သင်္ကန်းကိုပိုင်ဆိုင်ခွင့်ရသော အကျိုး တရားကြောင့်တန်ပြန်အကျိုးခံစားရခြင်း။)


ကထိန်လှူရ၊ မြတ်ဖလ၊ မှတ်ကြပါလေငါးမျိုးပေ။

မပန်မကြား၊ မခစား၊ လာသွားနိုင်ပေရပ်ထွေထွေ။

ကိုယ်ပိုင်ဥစ္စာ၊ ထားလိုရာ၊ ထားပါလျက်ပေရန်ကင်းစေ။

ဝတ်စားဖုံဖုံ၊ လွန်ပြည့်စုံ၊ ကုံလုံကျက်သရေ လက်လက်ဝေ။

မိစ္ဆာအပင်း၊ ပြစ်မျိုးကင်း၊ ရှင်းရှင်းလွတ်ပေရန်မျိုးတွေ။

စည်းစိမ်မြိုင်မြိုင်၊ လွန်ကြံ့ခိုင်၊ စိုးပိုင်လှပေတင့်ဖြိုးဝေ။

(အမရပူရ မဟာဂန္ဓာရုံ နာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ)



သီတင်းဝါကျွတ် ၊ခင်းလွှတ်ကထိန်

နှလုံးစိတ်ဝမ်း ၊ ရွှင်လန်းကထိန်

ကောင်းကျိုးငါးခု ၊ ပေါင်းစုကထိန်

ခင်းပါကြ ၊ မြတ်လှ ဤကထိန်။


တစ်လတစ်နှစ် ၊ ကြုံလစ်ကထိန်

တစ်ရက်တစ်ကျောင်း ၊ ခင်းကောင်းကထိန်

ကာလပေါ်ရ ၊ ဒါနကထိန်

ထူးမြတ်လှ ၊ ခင်းကြဤကထိန်။

(ပီတိ-ပေကြီး)

http://soneseeyar.ning.com/profiles/blogs/6523429:BlogPost:92858
=   =   =
ဓမ္မဒူတမန်မာဗုဒ္ဓဘာသာကျောင်း
ကထိန်နှင့် ပတ်သက်သည့် အမေး၊ အဖြေကဏ္ဍ
ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း
မေး။ ။ ကထိန်ခင်းတယ်ဆိုတာ ဘာပါလဲ။
ဖြေ။ ။ အကျိုးအာနိသင်ငါးပါးကို ခိုင်မြဲစေလို့ ကထိန်လို့ခေါ်ရတဲ့ ပညတ်တစ်မျိုးကို ကျောင်းတိုက်အတွင်းမှာ (ခင်းထား=ဖြန့်ထားသလို) ပြန့်နှံ့အောင်ပြုတာ (ဝိနည်းထုံးစံအတိုင်း စီစဉ်တာ)ကို'ကထိန်ခင်းတယ်' လို့ ခေါ်ပါတယ်။ (ကင်္ခါ ဘာသာဋီကာ၊ ၃၁၉)

မေး။ ။ ကထိန်ခင်းမှုကိစ္စမှာ အနည်းဆုံး သံဃာ ဘယ်နှစ်ပါးရှိမှ ကိစ္စပြီးနိုင်ပါသလဲ။
ဖြေ။ ။ အနည်းဆုံး ရဟန်း ၄ပါး ရှိမှ သံဃာဖြစ်ပါတယ်။အဲဒီ ၄ပါး သံဃာကမှတစ်ဆင့် ဉတ်ကမ္မဝါစာနဲ့ တစ်ပါးအား ပေးရပါတယ်။ ဒါကြောင့် ကထိန်ခင်းမှုကိစ္စမှာ (ပေးမယ့်သံဃာက ၄ပါး၊ သင်္ကန်းကို ခံယူမယ့် ရဟန်းက တစ်ပါး) အနည်းဆုံး ၅ ပါး ရှိမှ ကိစ္စပြီးစီးနိုင်ပါတယ်။အထက်မှာတော့ သံဃာတစ်သိန်းကလည်း ခင်းနိုင်ပါတယ်။ (ကင်္ခါ ဘာသာဋီကာ၊ ၃၁၉) (မဟာဝါ ဘာသာဋီကာ(ဒု)၊ ၁၇၁)

 မေး။ ။ သင်္ကန်း ၃ ထည် (သင်းပိုင်၊ဧကသီ၊နှစ်ထပ်သင်္ကန်းကြီး)ထဲက ဘယ်သင်္ကန်းနဲ့ ကထိန်ခင်း ရပါသလဲ။
ဖြေ။ ။ သုံးထည်ထဲက တစ်ထည်ထည်နဲ့ခင်းရပါတယ်။(သင်းပိုင်နဲ့ ခင်းလိုက သင်းပိုင်နဲ့ ခင်းပါ။ ဧကသီနဲ့ခင်းလိုက ဧကသီနဲ့ ခင်းပါ။ နှစ်ထပ်သင်္ကန်းကြီးနဲ့ခင်းလိုက နှစ်ထပ်သင်္ကန်းကြီးနဲ့ခင်းပါ။ ကထိန်ခင်းမယ့် ရဟန်းရဲ့ ဆန္ဒအတိုင်းပါပဲ။) (မဟာဝါ ဘာသာဋီကာ(ဒု)၊၁၇၄)

 မေး။ ။ ကျောင်းတိုက်တစ်ခုတည်းမှာ အချင်းချင်း မတည့်လို့ နှစ်ကထိန်၊ သုံးကထိန်ခံကောင်း၊ ခင်းကောင်းပါသလား။
 ဖြေ။ ။ မခံကောင်းပါ၊ မခင်းကောင်းပါ။

(မဟာဝါ ဘာသာဋီကာ(ဒု)၊၁၈၄) မဟာစည် ဆရာတော်ကြီး ရေးခဲ့တဲ့ ရဟန်းတွေအတွက်ကထိန်အကျိုးလင်္ကာ
၁။ မပန်မကြား၊ လိုရာသွား၊ ပြစ်များ မရှိပြီ။
၂။ ၃ထည်ထဲမှာ၊ ထားလိုရာ၊ ထားကာ သွားနိုင်သည်။
၃။ ၄ပါးတူပင် ဂိုဏ်းဘောဇဉ်၊ စားချင် စားနိုင်သည်။
၎။ သင်္ကန်းများစွာ၊ ၅လမှာ၊သိမ်းကာ ထားနိုင်သည်။
၅။ သံဃာလှူငြား၊ သင်္ကန်းများ၊ သူ့အားသာ ဖြစ်သည်။
(ဝိ၊၃၊၃၅၂)

မဟာစည်ဆရာတော်ကြီး ရေးခဲ့တဲ့ကထိန်ဒကာတွေ ရတဲ့ အကျိုး ၅ပါးလင်္ကာ
၁။ လှူသူမှာလဲ၊ နည်းတူပဲ၊ ရမြဲ ကျိုးပါးမည်။
၂။ တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊ လိုရာသွားနိုင်သည်။
၃။ တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည်။
၎။ စားလိုရာများ၊ စားသောက်ငြား၊ဘေးကား မရှိပြီ။
၅။ ပစ္စည်းအများ၊ သိမ်းပိုက်ထား၊ ဘေးကား မရှိပြီ။
၆။ကိုယ့်ပစ္စည်းများ၊ သူတစ်ပါး၊ ယူသွားကင်းပသည်။
၇။ ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ လျော်စွာ ရနိုင်သည်။
(သုတ္တာနုလောမ)
၈။သာမန်ကျိုးလဲ၊ များစွာပဲ၊ ရလဲ ရနိုင်သည်။

မေး။ ။ ကထိန်ကို ဘာကြောင့် ဘုရားရှင်က ခွင့်ပြုတော်မူပါသလဲ။
ဖြေ။ ။ ဘုရားရှင်က သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ ပါဝေယျတိုင်းသားဘဒ္ဒဝဂ္ဂီနောင်ညီ ၃ ကျိပ်ဟာ ဓုတင် ၁၃ ပါးကိုဆောင်ကြပါတယ်။ အဲဒီညီနောင် ၃ကျိပ်ဟာ ဘုရားရှင်ကို ဖူးဖို့ သာဝတ္ထိကို လာကြပါတယ်။ ဝါကပ်ရာနေ့ နီးလာတဲ့အခါ သာဝတ္ထိမှာ ဝါဆိုဖို့ မမီနိုင်ကြတော့ပါ။ ခရီးအကြားကသာကေတမြို့မှာ ဝါဆိုကြရ ပါတော့တယ်။ 'ငါတို့ရဲ့အနီးမှာပဲ ဒီသာကေတမြို့က ၆ယူဇနာ ဝေးတဲ့အရပ်မှာ ဘုရားရှင် သီတင်းသုံးတော်မူပေမယ့် ငါတို့ဟာ ဘုရားရှင်ကိုဖူးခွင့်မရကြ' လို့ တွေးကာ ပျင်းရိစွာနဲ့ အဲဒီရဟန်းတွေ ဝါဆို ကြရပါတယ်။ အဲဒီ ရဟန်းတွေ ဝါဆိုပြီးလို့ ၃ လ လွန်တဲ့အခါ ပဝါရဏာ ပြုကြပါတယ်။ ပဝါရဏာပြုပြီး မိုးရွာလို့ ရေပြင်ကြီးဖြစ်နေတဲ့ ရေနဲ့ ရောတဲ့ နွံထဲမှာ မိုးရေစိုနေတဲ့ သင်္ကန်းတွေနဲ့ ပင်ပန်းစွာသာဝတ္ထိမြို့ ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းကို သွားကြပါတယ်။ ဘုရားရှင်ကို ရှိခိုးပြီး သင့်တင့်ရာအရပ်မှာ ထိုင်နေတဲ့ အဲဒီရဟန်းတွေနဲ့အတူ ဝမ်းမြောက်ဖွယ်စကား ဘုရားရှင်က မိန့်ကြားတော်မူပါတယ်။ အာဂန္တု(ဧည့်သည်) ရဟန်းတွေနဲ့ အတူ ဝမ်းမြောက်ဖွယ်စကား မိန့်ကြားတော်မူတာဟာ ဘုရားရှင်တွေရဲ့ အလေ့အကျင့်ပါပဲ။ ဘုရားရှင်က အဲဒီရဟန်းတွေကို ဒီလို မိန့်တော်မူပါတယ်။ 'ရဟန်းတို့ ခန့်ကျန်းကြရဲ့လား၊မျှတကြရဲ့လား၊ ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာ ချမ်းချမ်းသာသာ ဝါဆိုကြရရဲ့လား၊ ဆွမ်းနဲ့ မပင်ပန်းကြပါရဲ့လား။ ခန့်ကျန်းကြောင်း၊ မျှတကြောင်း၊ ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာ ချမ်းချမ်းသာသာ ဝါဆိုခဲ့ရကြောင်း၊ ဆွမ်းနဲ့ မပင်ပန်းကြောင်းကို အဲဒီရဟန်းတွေက လျှောက်ထားပြီး သူတို့ရဲ့အခြေအနေ ဖြစ်ပုံအလုံးစုံကိုလျှောက်ထားပြကြပါတယ်။ ဘုရားရှင်က အဲဒီအကြောင်းအရာကြောင့် တရားစကား မိန့်ကြားပြီး 'ရဟန်းတို့ ဝါဆိုပြီးတဲ့ ရဟန်းတွေအား ကထိန်ခင်းဖို့ ငါဘုရား ခွင့်ပြုတော်မူတယ်' လို့ မိန့်တော်မူပါတယ်။ (မဟာဝါ ပါဠိ၊ ၃၅၁)

မေး။ ။ ကထိန်အဝတ်ကို အလှူခံပြီးနောက် တစ်ရက်လွန်သွားရင် ကထိန်ခင်းကောင်းပါသလား။
ဖြေ။ ။ ကထိန် အဝတ်ကို ရရာနေ့မှာပဲ ခင်းရပါတယ်။ (မဟာဝါ ဘာသာဋီကာ(ဒု)၊၁၇၅)

 မေး။ ။ ကပ္ပဗိန္ဒု မထိုးရသေားတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းနိုင်ပါသလား။ သင်္ကန်းကြီး၊ ဧကသီ၊ သင်းပိုင်ဆိုတဲ့ သင်္ကန်းသုံးထည်မှတစ်ပါး အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ စသည်နဲ့ကော ကထိန်ခင်းနိုင်ပါသလား။
ဖြေ။ ။ မခင်းနိုင်ပါ။ ခင်းလျှင် ကထိန်ခင်းသည် မမည်ပါ။ (မဟာဝါ ဘာသာဋီကာ(ဒု)၊၁၉၁)

 မေး။ ။ ကထိန်ခင်းနိုင်ရာကာလက ဘယ်ကနေ ဘယ်အထိပါလဲ။
ဖြေ။ ။ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်ကနေတန်ဆောင်မုန်းလပြည့်နေ့အထိ ဖြစ်ပါသည်။
=   =   =
မယံဘန္တေ သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ သပရိဝါရံ ဣမံ ကထိနစီဝရံ ကထိနတ္ထာယ သံဃဿ ဒေမ။ ဣမိနာ စီဝရေန ကထိနံ အတ္ထရထ။
အရှင်ဘုရား တပည့်တော်တို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်းအကျိုးငှာ အခြံအရံ လှူဒါန်းဘွယ်နှင့်တကွသော ဤကထိန်သင်္ကန်းကို သံဃာတော်မြတ်အပေါင်းအား လှူဒါန်းပါ၏။ တပည့်တော်တို့ လှူဒါန်းအပ်သော ဤကထိန်သင်္ကန်းဖြင့် ကထိန်ခင်းတော်မူကြပါဘုရား။

ဒါကတော့ သံသရာဝဋ်ဆင်းရဲကလွတ်ဖို့ရာအတွက် သံဃာကိုရည်မှန်း ကထိန်သင်္ကန်း လှူပါတယ်ပေါ့... ဒီသင်္ကန်းနဲ့ ကထိန်ခင်းဖို့ တောင်းဆိုတာလေးပါ...

ယနေ့ အောက်တိုဘာလ ၂၃-ရက်နေ့မှာ ကထိန်သင်္ကန်းလှူဒါန်းကြပါတယ်...
ဆန်ဖရန်စစ်စကို လောကနာထ ဘုန်းကြီးကျောင်းမှာ သံဃာတော် ၆-ပါးကို ကထိန်သင်္ကန်းများနဲ့အတူ လှူဒါန်းဖွယ်ရာ အဖြာဖြာကို ဆရာဝန်များအသင်းက ဦးဆောင်ပြီး ဘေးဧရိယာမှာ ရှိကြတဲ့ အမျိုးကောင်းသားသမီးများက စုပေါင်း၍ လှူဒါန်းခြင်းဖြစ်ပါတယ်...
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZtwhsX2f2nDy6QaJY4-EnD0zHTDpp7MIRDxAQx_F8siaaPBuRt79jcbDCB0ab4NnLYLuFX0iDNuDhekBA8nkgbNhBDqnvXiB0gdEAk6XiNp1iypX0dYqtfAhdvO2gUHnpQalsRO6axHk2/s320/DSCN0601c.jpg

အခန်းအနားကိုတော့
နံနက် ၉နာရီ ၁၅ မိနစ်အချိန်မှာ ဒကာဒကာမများက ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ကြပါတယ်... ဆရာတော် ဦးလောကနာထထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလ ခံယူဆောက်တည်ပြီးနောက် သံဃာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ကြပါတယ်... ပရိတ်တရားတော်များနာကြားပြီး ကထိန်သင်္ကန်းနှင့်အတူ လှူဒါန်းဖွယ်ရာများကို လှူဒါန်းကြလို့ နောက်ဆုံးမှာတော့ လှူဒါန်းမှု အစုစုအတွက် ဝမ်းမြောက်ဖွယ်ရာ အနုမောဒနာစကားကို ဆရာတော် ဦးဂရုဓမ္မကဟောကြားပြီး အမျှဝေ ရေစက်ချ သာဓု သုံးကြိမ်ခေါ်လို့ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်...

အခမ်းအနားပြီး သံဃာတော်များကို ဆွမ်းဆက်ကပ်ကြ၍...
ရောက်ရှိလာသူ ပရိသတ်ကို စားသောက်ဖွယ်ရာများ ကျွေးမွေးကြပါတယ်...

ကထိန်နှင့်စပ်၍ သိဖွယ်ရာ အကျဉ်းမျှ...
ကထိန်သင်္ကန်းဆိုတာ သံဃာကိုရည်မှန်း လှူဒါန်းခြင်းဖြစ်ပါတယ်...
ကထိန်ခင်းတယ်ဆိုတာ ဘုန်းတော်ကြီးများကသာ ခင်းရပါတယ်...
ဒကာဒကာမတို့က သင်္ကန်းအလှူရှင်သာ ဖြစ်ကြပါတယ်... ခင်းသူမဟုတ်ပါ...
ကထိန်သင်္ကန်း အလှူခံခွင့် ရသူများကတော့...
ပထမဝါဆိုထားသူ ဝါမကျိုးမပေါက်သူ ဘုန်းကြီးများသာ အကျိုးရနိုင်ပါတယ်...
ကထိန်သင်္ကန်းအလှူခံခွင့်ဟာ တစ်ကျောင်းတိုက်မှာ တစ်ကြိမ်သာ ရပါတယ်...
ကထိန်သင်္ကန်းကို အလှူခံခွင့်ရသော အချိန်ကာလကတော့
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ထိ ဖြစ်ပါတယ်...


ကထိန်ခင်းသူဘုန်းကြီး ရရှိသောအကျိုး ၅-မျိုးက
၁...စာရိတ္တသိက္ခာပုဒ်-၉၅၊ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားမှု...
၂...ပထမကထိနသိက္ခာပုဒ်-၂၀၊ သင်္ကန်းအပိုဆောင်မှု (အထုပ်ပိုတွေနှင့် ခရီးသွား၍)
၃...ဒုတိယကထိနသိက္ခာပုဒ်-၂၁၊ (ဒုကုဋ်)သင်္ကန်းဖြင့် ညဥ့်ကင်းနေမှု...
၎...ဂဏဘောဇနသိက္ခာပုဒ်-၈၁၊ မအပ်သော အသုံးဖြင့် (စားသောက်ဖွယ်ရာကို)ဖိတ်ကြားမှု...
၅...သံဃိကသင်္ကန်းကို ကထိန်ခင်းသော ရဟန်းတို့သာ ပိုင်ဆိုင်ရခြင်း...
သိက္ခာပုဒ် ၄-မျိုး ကင်းလွတ်၍ လာဘ်လာဘအကျိုး ၁-မျိုးရရှိခြင်းတို့ ဖြစ်ပါတယ်...
သိက္ခာပုဒ်ကင်းလွတ်ခွင့်ကာလကတော့
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ တပေါင်းလပြည့်နေ့ထိ ၅-လတိုင်ဖြစ်ပါတယ်...


ကထိန်ခင်းသူ ဘုန်းကြီးများ အကျိုးတရားများစွာ ရရှိသလို
လှူဒါန်းသူ ဒကာဒကာမများလည်း အကျိုးတရားများ ရရှိမှာဖြစ်ပါတယ်...


ရရှိနိုင်သော အကျိုးတရားများကတော့...


ကထိန်အကျိုးဟာ သည်လိုပါ...
၁...သွားလေရာရာ ဘေးကင်းတာ ကထိန်အကျိုးပါ...
၂...တာဝန်ပေါ့ပါး အလုပ်များ လွယ်လွယ်ပြီးစီးမှာ...
၃...စားကောင်းသောက်ဖွယ် ပေါများတယ် အဆိပ်ဘေးကင်းမယ်...
၎...မိမိပိုင်တယ် ပစ္စည်းရယ် မဖျက်ဆီးနိုင်ကွယ်...
၅...ကိုယ်မပေးလို ပစ္စည်းကို သူယူမရဆို...
ဒီအကျိုးတွေ ကောင်းလှတယ် နှစ်စဉ်တို့ယူမယ်...

ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
ဦးလောကနာထ
၁၀.၂၄.၂၀၁၁
ကထိန် ကဌိန် ကထိန ကဌိန ကထိန်သင်္ကန်း
=   =   =
အလှူရေစက်လက်နှင့်မကွာ လှူဒါန်းကြသော မြန်မာဗုဒ္ဓဘာသာတို့ နယ်ပယ်၌ “ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသော ဆိုရိုးစကားလေးကို လူတိုင်း ကြားဘူးကြမည်ထင်ပါသည်။ ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်၊အဘယ့်ကြောင့်ဆိုသော် သိမ် ကျောင်းသည် ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကို ပြုလုပ်ခြင်းတို့၌ အကျိုးပြုသောကြောင့် ဖြစ်ပေသည်။ ထို့အတူ သင်္ကန်းလှူတာခြင်း အတူတူ “ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပိုမြတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် ကထိန် သင်္ကန်း လှူဒါန်းရာ၌ ထူးခြားချက်များစွာ (စည်းကမ်း များစွာ)ရှိနေသောကြောင့်ဖြစ်ပေသည်။ ကထိန် သင်္ကန်းအလှူ၏ထူးခြားချက်(စည်းကမ်းတို့ )ကို အနည်း ငယ်မျှ ရှင်းပြပါဦးမည်၊ ကထိန်သည် လှူဒါန်းမှု ဖြစ်ပေါ် လာပုံအားဖြင့်လည်းကောင်း၊ အချိန်ကာလအားဖြင့် လည်းကောင်း၊ အလှူခံအားဖြင့်လည်းကောင်း ၊ လှူဒါန်းဖွယ်ရာ ပစ္စည်းအားဖြင့်လည်းကောင်း၊ လှူနည်းအားဖြင့်လည်းကောင်း၊ (၀ိနည်းသိက္ခာပုဒ် ကင်းလွတ်ခွင့်ရခြင်း )အကျိုး အားဖြင့် လည်းကောင်း ၊ တစ်ခြားသော ဒါနတို့နှင့်မတူ “ မူ”များစွာ ထူးခြားနေ သည်ကို တွေ့ရှိနိုင်ပေသည်။
၁။ တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘကိုသော်လည်းကောင်း ၊ဆွေမျိုးကိုသော်လည်း ကောင်း ၊ဖိတ်မာန်ထားသူ (ရဟန်းဒကာ ရဟန်းအမ စသူ) တို့ကိုသော်လည်းကောင်း နှုတ်မြွက်၍ အလှူခံ ကောင်း (တောင်းကောင်း )၏ ၊ကထိန်သင်္ကန်းကိုကား မိဘကို သော်မှလည်း နှုတ်မြွက်၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မအပ်ပေ၊ တစ်ခြားသူတို့ကိုကား အဘယ်မှာ ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း၊ သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်၍ လှူသော ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ အလှူ ခံကောင်း၏ ၊ ( ကောင်းကင်မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေမိုးပေါက်ကဲ့သို့သဒ္ဓါတရား သန့် သန့် လေးဖြင့်လှူသော “ကထိန်သင်္ကန်း” ဖြစ်ရပေမည်။ ယင်းကဲ့သို့သော ကထိန်သင်္ကန်းကိုပင် “မိုးကျကထိန်” ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ (ကထိနံနာမ အတိဥက္ကဋ္ဌံ ၀ဋ္ဋတိ ၊ မာတရမ္ပိဝိညာပေတုံ န၀ဋ္ဋတိ၊အာကာသတော သြတိဏ္ဏသဒိသမေ၀ ၀ဋ္ဋတိ ၊)
၂။ကထိန်သင်္ကန်းသည်တစ်ခြားသော လှူဖွယ် တို့ကဲ့သို့ လှူချင်သည့်အချိန်လှူခွင့် မရပေ၊ သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့်ရှိ၏။ ( ကထိန်ခင်းခွင့် ရှိ၏ ) ကျန်သော အချိန်များ၌ကား လှူခွင့် လုံးဝ မရှိပေ၊ ထို့ပြင် ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊တစ်လမှ တစ်ရက်၊ တစ်ရက်မှ (တစ်ကျောင်း ) တစ်ကြိမ်သာ လှူခွင့် ရှိလေသည်။
၃။လှူဖွယ်ပစ္စည်းအားဖြင့် ကထိန်ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်းတို့တွင် တစ်မျိုးမျိုး ဖြစ်ရပေမည်။ ( တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ် လှူဒါန်းနိုင်ပါသည် )
၎။ လှူနည်းအားဖြင့်သံဃိကဒါနအဖြစ် သံဃာ အားသာ လှူဒါန်းရမည်ဖြစ်ပေသည်။
(ပုဂ္ဂိုလ်စွဲဖြင့် ပုဂ္ဂလိကဒါနအဖြစ် လုံးဝမလှူကောင်းပေ)၊ သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရ၏ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ လှူဒါန်းရသောကြောင့် ကထိန်ခင်းမည့် သင်္ကန်းကို “ ဉတ်သင်္ကန်း” ဟု ခေါ်ဆိုကြလေသည်။
၅။အလှူခံသော ရဟန်းသည်လည်း ပုရိမ၀ါ ကပ်၍ (၀ါမကျိုး မပျက်သော ) သီတင်းကျွတ် လပြည့် နေ့၌ ၀ါမှကျွတ်သော ရဟန်းတော်များသည်သာအလှူခံ ခွင့် ရှိလေသည်။ (ထိုရဟန်းတို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်းကို ပထမဦးစားပေး၍ လှူဒါန်းရမည်ဖြစ်ပေသည်၊ ထိုရဟန်းမရှိမှ မထေရ်ကြီးစသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်း ရမည် ဖြစ်ပေသည်။
၆။ အကျိုးအားဖြင့် ကထိန်အာနိသင်ရသော (ကထိန်ခံသော ရဟန်းနှင့်အနုမောဒနာပြုသော) ရဟန်းတော်များသည် ၀ိနည်းသိက္ခာပုဒ် နှင့်သက် ဆိုင်သည့် ကင်းလွတ်ခွင့် (၅) မျိုးကို သီတင်းကျွတ်လပြည့်ကျော် - ၁ -ရက်နေမှစ၍ တပေါင်းလပြည့် နေ့ထိ ၅ - လ တိုင်တိုင် ရရှိကြလေသည်။
ရဟန်းတော်များ ရနိုင်သောအကျိုး (၅) ပါး
၁။ မပန်မကြား ၊ လိုရာသွား ၊ ပြစ်များမသင့်ပြီ။
ဒကာ ဒကာမတို့၏အိမ်သို့( မြို့တွင်းရွာတွင်းသို့ ) သွားလို သည့်အခါ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားနိုင် ပါသည် ။ (အကယ်၍ ကထိန်အာနိသင်မရမူ ခွင့်မပန်ပဲ သွားလျှင် အာပတ်သင့်၏ )
၂။ သုံးထည်ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။
တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည်တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည် ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားနိုင်ပါသည်။ (အကယ်၍ ကထိန်အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားလျှင် အာပါတ်သင့်၏ )
၃။လေးပါးတူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။
ပင့်ဖိတ်သူဒကာ၊ ဒကာမတို့က အပင့်အဖိတ်မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊ မုန့်ဟန်းခါးစား ကြွပါဘုရား၊ စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့် ရှိ၏၊(အကယ်၍ ကထိန်အာနိသင် မရပဲ ဘုဉ်းပေးလျှင် အာပါတ်သင့်၏)
၎။ သင်္ကန်းများစွာ ၊ ငါးလမှာ ၊ သိမ်းကာ ထားနိုင်သည်။
မိမိရရှိသောသင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ (သင်္ကန်းကာလ- ၅ -လအတွင်း ) ထားပိုင်ခွင့် ရှိသည်၊
( အကယ်၍ ကထိန်အာနိသင် မရရှိပဲမိမိ ပိုင်သင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ ထားရှိပါက - ၁၀ - ရက်ကျော်လျှင် အာပါတ်သင့်၏)။
၅။သံဃာလှူငြား ၊ သင်္ကန်းများ ၊ သူအားသာ ဖြစ်သည်။
ကထိန်ခင်းသောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်းတို့ ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဘန်ခွင့် ရှိသည်။ (အကယ်၍ကထိန်အာနိသင်မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဘန် လျှင် အာပါတ်သင့်နိုင်၏ )။
ကထိန်နှင့်ပါတ်သက်၍ ရဟန်းတော်များ ထူးခြားသော အကျိုးတို့ကို့ ရရှိနိုင်သကဲ့သို့ ကထိန် သင်္ကန်း လှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးထူး များ ရရှိနိုင်ပါသည်။
လှူသူမှာလဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။
၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
မိမိသွားလိုရာအရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့်အရှက်မရှိ လွတ်လွတ်လပ်လပ် သွားလာ နိုင်သည်။
၂။တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။
၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
မည့်သည့် အစားအစာကိုပဲစားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ် သင့်ခြင်း မဖြစ်နိုင်။ (အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ၀မ်းမီးနှင့် ပြည့်စုံသည် )။
၎။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
မိမိပိုင်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန်များ မကျရောက်နိုင်။
၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိကမပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။ ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။
ထို့ပြင် ကထိန်သင်္ကန်းလှူဒါန်းသော အလှူ ရှင်များမှာ --ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသား အရေရှိခြင်း၊ ခန္ဓာကိုယ်၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း ၊ ( အလှဖျက် အနာအဆာ မရှိခြင်း ) ၊ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း ၊ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း ၊ ညိုရွှေဖြူနီစသော ခေတ်ပေါ် အ၀တ်အထည် အမျိုးမျိုးကို ဆင်မြန်းခွင့် ၀တ်ဆင်ခွင့်ရခြင်း ၊ ကျောင်းအမကြီး ၀ိသာခါစသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာကို ဆင်မြန်းခွင့်ရရှိ ခြင်းတို့နှင့် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်း ဟူသော အကျိုးတရားများစွာ တို့ကိုလည်း ရရှိနိုင် ပေသည်။
ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည် သာသနာပြုရာ၌ ဗဟိုဌာနချုပ်သဖွယ်ဖြစ်သော သာဝတ္ထိပြည် အနာထပိဏ်သူဌေး ( သူဌေးကတော်ပုညလက္ခဏဒေ၀ီ ) ဆောက်လုပ်လှူဒါန်းအပ်သော ဇေတ၀န် ကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူ၏။
ထိုစဉ်အခါ တောရကျောင်း၌ သီတင်းသုံး နေထိုင်ခြင်း အာရညက ဓုတင်၊ဆွမ်း ခံ၍ဘုဉ်းပေးခြင်း ပိဏ္ဍပါတ် ဓုတင်၊ လူတို့ကမသုံးလို၍ အမှိုက်ပုံစသည်၌ စွန့်ပစ်ထားသော မြေမှုန့်အလိမ်းလိမ်းကပ်ငြိနေသော အ၀တ်စုပ်ကို သင်္ကန်းချုပ်ဆိုးကာဝတ်ရုံသုံး ဆောင်ခြင်း ပံသူကူဓု တင်၊ သင်းပိုင် ဧကသီ ဒုကုဋ်ဟူ သောသင်္ကန်း သုံးထည် ကို အမြဲဆောင်ခြင်း တိစီဝရိက်ဓုတင်၊ ယင်းဓုတင် အကျင့်မြတ်တို့ကိုကျင့် သုံးကြသော ဘဒ္ဒ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ရှင်တော်မြတ် ဘုရားကို ဖူးမြင်ရန် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ လာကြ ရာ ၀ါဆိုရက် နီးကပ်နေ၍ သာဝတ္ထိ ပြည်သို့လည်း ၀ါဆိုရန်မမှီတော့သည့်အတွက် လမ်းခရီးအကြား သာဝတ္တိ ပြည်နှင့် ခြောက်ယူဇနာ ဝေးသော (တစ်ယူဇနာ- ၈ -မိုင်နှုန်း ) သာကေတမြို့၌သာ ၀ါဆိုကြရရှာလေသည်။ ထိုရဟန်းတော်သုံးကျိပ်တို့ သည် ရှင်တော်မြတ်ဘုရားနှင့် “နီးလျှက်နဲ့ဝေး” ဖြစ်နေကြသောကြောင့် မပျော်ပိုက်ပဲ တစ်ဝါတွင်းလုံ၊ နေကြရလေသည်။
ဝါကားကျွတ်လေပြီ၊ သို့သော် မိုးကား မလွတ် သေးပေ၊ မိုးလွတ်သည်ထိလည်း အချိန်ကုန်ခံ၍ စောင့် မနေနိုင်တော့ပေ၊ ထို့ကြောင့် ၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်နှင့် တပြိုင်နက် မိမိတို့ ၀ါဆိုရာ သာကေတမှ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိသို့ မိုးထဲရေထဲ ရွှံထဲဗွက်ထဲ မှာပင် ဘုရားရှင်ကို ဖူးမြင်ရန် ဆန္ဒ ပြင်းပြကြသဖြင့် မိုးရေစိုရွှဲ ပင်ပမ်းဆင်းရဲစွာ ကြွတော်မူ ကြရလေသည်။
ဘုရားရှင်ထံမှောက် ရောက်ကြ၍ လက်အုပ် ချီမိုး ရှိခိုးကြပြီး သင့်တော်ရာ၌ ထိုင်နေကြသော ထိုဘဒ္ဒ ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့အား ဘုရားရှင်က “ရဟန်းတို့
အသို့နည်း၊ ကျန်းမာကြကုန်၏လော ၊မျှတကြကုန်၏လော၊ အညီအညွတ် ၀မ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြပါကုန်၏လော၊ ဆွမ်းအတွက် မပင်ပမ်းပဲ ရှိကြပါကုန်၏လော”ဟု မေးမြန်းတော်မူရာ၊ ရဟန်းတော်များက “ ကျန်းကျန်းမာမာ မျှမျှတတ ညီညီညွတ်ညွတ် နှင့် နေခဲ့ကြရပါသည် ၊ ဆွမ်းအတွက် လည်း မပင်ပမ်းပဲ ရှိကြပါသည်။ သို့သော် သာဝတ္ထိသို့ ၀ါဆိုမှီရန် လာကြပါသော်လည်း ၀ါဆိုရက်နီးကပ်လွန်း သဖြင့် လမ်းခရီးအကြား သာကေတ၌သာ ၀ါဆို ခဲ့ကြရ ပါသည်၊၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်ဆိုရင်ပဲ မိုးထဲ ရေထဲရွှဲ့ထဲဗွက်ထဲ စိုရွှဲသောသင်္ကန်း များဖြင့်ပင်ပင် ပမ်းပမ်း လာခဲ့ကြရပါသည်ဘုရားဟု” အကြောင်းစုံကို ရှင်တော်မြတ်ဘုရားအား လျှောက်ထားကြလေသည်။ ထိုပါဝေယျကတိုင်းသား ရဟန်းတော်တို့၏ နှစ်ထပ် သင်္ကန်းကိုယ်စီ ဆောင်ထားကြလျှက် မိုးထဲရေထဲ ရွှံ့ထဲ ဗွက်ထဲ၌ မိုးရေများစိုရွှဲကာ ပင်ပမ်းဆင်းရဲကြီးစွာဖြင့် -လာကြရသည်ကို အကြောင်းပြု၍ “ အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ၀ုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊ ရဟန်းတို့ ၀ါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏” ဟု အစရှိသည်ဖြင့် ကထိန်ခင်းခြင်း (ကထိန်သင်္ကန်း) ကို ရှင်တော် မြတ်ဘုရား ခွင့်ပြုတော်မူပါသည်။
၁။ ဥစ္စာဓန၊ ပေါကြွယ်ဝလည်း၊ လောဘစုံမက်၊
မလှူရက်က၊ တသက်လျှာ လူဖြစ်နာ၏။
၂။ ဘုရားသာသနာ၊ ကြုံတွေ့ပါလည်း၊ ကောင်းစွာ
သီလ၊ မတည်ကြလျှင်၊ ဘ၀တွက်တာ လူဖြစ်နာ၏။
၃။ သူတော်တရား၊ နာရငြားလည်း၊ လေးစားကြိုး
ကုတ်၊ အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ လူဖြစ်နာ၏။
၎။ ဗုဒ္ဓတရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက်
လမ်းလွဲလိုက်က၊ အမိုက်ထိပ်ဆုံး လူဖြစ်ရှုံး၏။
၅။ လက်ရှိဘ၀၊ မရှုံးရအောင်၊ ဒါနသီလာ၊ ဘာဝနာကို၊ မကွာနေ့ည၊ ကြိုးစားကြလော့…. ။
အရှင်ကိတ္တိဇယ(ညောင်ကန်အေး)
http://www.linkardipa-ashin.co.cc/ မှ ကူးယူဖော်ပြပါသည်။
 ~~~@@@ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ @@@~~~
 
=   =   =
ဘယ်နေ့ ဝါကျွတ်သနည်း?
(၁)
သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ အရုဏ်တက်လျင် တက်ချင်း ဝါကျွတ်သည်၊ လပြည့်ကျော် (၁)ရက်နေ့မှ ဝါကျွတ်သည်ဆိုသော စကားသည် အလွန်အကဲအားဖြင့် (ဥက္ကဋ္ဌနည်းအားဖြင့်) ဆိုသော စကားမျှသာ ဖြစ်သည်။ (ဝဇိရဗုဒ္ဓိဋီကာ။၁၂၀)
(၂)
အနုဇာနာမိ ဘိက္ခဝေ ဝဿံဝုတ္ထာနံ တီဟိ ဌာနေဟိ ပဝါရေတုံ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ (ဝိ၊၃။၂၂၃) ပါဠိတော်အရ ဝဿံဝုတ္ထရဟန်းမှသာ ပဝါရဏာ ပြုနိုင်သည်ဟူသော စကားအရ ပဝါရဏာပြုနိုင်သော လပြည့်နေ့သည်ပင် ဥပစာအားဖြင့် ဝါကျွတ်သည်၊ မုချအားဖြင့် သီတင်းကျွတ် လပြည့်ကျော်(၁)ရက်နေ့မှ ဝါကျွတ်သည်။ (သာရတ္ထ၊၂။၁၁၆)
(၃)
အနုဇာနာမိ ဘိက္ခဝေ ဝဿံဝုတ္ထာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ (ဝိ၊၃။၃၅၁) ပါဠိတော်ကို ထောက်၍ ကထိန်ခင်းခွင့်ရသော သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့သည်သာ ဝါကျွတ်သော နေ့ဖြစ်သည်။ (ဝိမတိ၊၁။၁၆၃-၄)
(၄)
ဆုံးဖြတ်ချက်
ဂရုကလဟုကေသု ဂရုကေ ဌာတဗ္ဗံ-ဟူသော ပရိဘာသာအရ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်မှ ဝါကျွတ်သည်ဆိုသော ဝိမတိဝါဒကိုသာ ဆရာတို့ကား နာယူမှတ်သား အလေးထားကြပေသည်။ (မစိုးရိမ်ပါရာဇိကဏ်အဖြေ၊ ဒုတိယအုပ်။၁၈။၁၉)

ဝါဆိုလပြည့်ကျော်(၁)ရက်နေ့၌ “ဣမသ္မိံဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ-ဤကျောင်းတိုက်၌ ဤဝါတွင်း(၃)ပတ်လုံး ဝါဆိုဝါကပ်ပါ၏”ဟူသော ပဋိညာဉ်အရ သီတင်းကျွတ်လပြည့်နေ့၌ (၃)လ မပြည့်သေး၊ လပြည့်ကျော်(၁)ရက်နေ့ ရောက်မှ (၃)လပြည့်သည်။
ထို့ကြောင့် သီတင်းကျွတ် လပြည့်နေ့၌ ဝါကျွတ်သည်ဆိုသော သာရတ္ထဋီကာစကားသည် ဥပစာစကားဖြစ်သည်။ လပြည့်ကျော်(၁)ရက်နေ့၌ ဝါကျွတ်သည်ဆိုသော ဝိမတိဋီကာစကားသည် မုချစကားဖြစ်သည်ဟူလို။

(၁)
နဝမိတော ပဋ္ဌာယ ဂန္တုံ ဝဋ္ဋတိ-သီတင်းကျွတ်လဆန်း(၉)ရက်နေ့မှ စ၍ သွားကောင်း၏-ဟူရာ၌ အကြောင်းကိစ္စ အထူးမရှိဘဲ သွားချင်ရုံဖြင့် သွားကောင်းသည်မမှတ်ရ။
ပါဠိတော်၌ သကရဏီယော ပက္ကမတိ-ထုံးစံအတိုင်း မိဘဆရာ စသူတို့၏ ကိစ္စအတွက် ပြုဖွယ်ရှိမှ သွားကောင်းသည်ဟု မှတ်ပါ။
ဤသို့ နဝမီ-ဟု ခေါ်ရသော သီတင်းကျွတ်လဆန်း(၉)ရက်နေ့၌ သွားခြင်းကို "နဝမီသွားခြင်း"ဟု ပြောစမှတ် ပြုကြသည်။
(၂)
သီတင်းကျွတ်လဆန်း(၉)ရက်မှစ၍ (သတ္တာဟ ကရဏီယကိစ္စကြောင့်) ခရီးသွားသူမှာ (၁၅)ရက် လပြည့်နေ့ရောက်သောအခါ ကျောင်းတိုက်ပြင်ဘက်၌ (၇)ရက် ပြည့်လေပြီ၊ ထုံးစံအတိုင်းဆိုလျင် ထိုနေ့၌ ဝါကပ်ရာကျောင်းတိုက်သို့ အရောက်ပြန်လာရမည်၊
သို့သော် သီတင်းကျွတ်လပြည့်နေ့မှ တရက်နေ့အကူး၌ အရုဏ်တက်ပြီးသောအခါ ဝါကျွတ်နေပြီ ဖြစ်သောကြောင့် လပြည့်နေ့တရက်ကို အထူးခွင့်ပြုချက်အနေဖြင့် “အာဂစ္ဆေယျ ဝါ သော ဘိက္ခဝေ ဘိက္ခု တံ အာဝါသံ၊ န ဝါ အာဂစ္ဆေယျ-ဟု ပြန်လာချင် လာ၊ မလာချင် နေ”ဟု မိန့်တော်မူသည်။(လဆန်းကိုးရက်၊ ဝါပန်ထွက်၊ ပြန်ရက်မရှိပါ။)
ဤနောက်ဆုံး သတ္တာဟ၌သာ အထူးခွင့်ပြုချက် အနေအားဖြင့် ပြန်မလာဘဲ နေခွင့်ရသော်လည်း ရှေ့ သတ္တာဟတို့၌ကား ဤသို့ ပြန်မလာဘဲ နေခွင့်မရှိဟု မှတ်ပါ။ (ဝိမတိ)
(၃)
နောက်ဆုံး သတ္တာဟ၌ အထူးခွင့်ပြုချက် ရသကဲ့သို့ ဝါဆိုပြီးသောအခါ ဝါဆို့နေ့ ပထမ ရက်၌ ညမအိပ်ဘဲ သတ္တာဟကိစ္စ ရှိလျင် သွားကောင်းသည်၊ သို့သော် နောက်ရက်များ၌ကား အခြားအရပ်သို့ သတ္တာဟကိစ္စဖြင့် သွားပြီး၍ ပြန်လာသူ၏ ညဥ့်မအိပ်ဘဲ ထပ်၍ သွားခြင်းငှာ မအပ်ဟု မှတ်ပါ။ (ဝိမတိ) (မဟာဝါဘာသာဋီကာ၊ ဒုတိယအုပ်။ ၃၀-၃၁)
=   =   =
ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာ
by
http://bodhiminthar.blogspot.com/

ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာ
အလှူရေစက်လက်နှင့်မကွာ လှူဒါန်းကြသော မြန်မာဗုဒ္ဓဘာသာတို့ နယ်ပယ်၌ “ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသော ဆိုရိုးစကားလေးကို လူတိုင်း ကြားဘူးကြမည်ထင်ပါသည်။ ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်၊အဘယ့်ကြောင့်ဆိုသော် သိမ် ကျောင်းသည် ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကို ပြုလုပ်ခြင်းတို့၌ အကျိုးပြုသောကြောင့် ဖြစ်ပေသည်။ ထို့အတူ သင်္ကန်းလှူတာခြင်း အတူတူ “ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပိုမြတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် ကထိန် သင်္ကန်း လှူဒါန်းရာ၌ ထူးခြားချက်များစွာ (စည်းကမ်း များစွာ)ရှိနေသောကြောင့်ဖြစ်ပေသည်။ ကထိန် သင်္ကန်းအလှူ၏ထူးခြားချက်(စည်းကမ်းတို့ )ကို အနည်း ငယ်မျှ ရှင်းပြပါဦးမည်၊ ကထိန်သည် လှူဒါန်းမှု ဖြစ်ပေါ် လာပုံအားဖြင့်လည်းကောင်း၊ အချိန်ကာလအားဖြင့် လည်းကောင်း၊ အလှူခံအားဖြင့်လည်းကောင်း ၊ လှူဒါန်းဖွယ်ရာ ပစ္စည်းအားဖြင့်လည်းကောင်း၊ လှူနည်းအားဖြင့်လည်းကောင်း၊ (၀ိနည်းသိက္ခာပုဒ် ကင်းလွတ်ခွင့်ရခြင်း )အကျိုး အားဖြင့် လည်းကောင်း ၊ တစ်ခြားသော ဒါနတို့နှင့်မတူ “ မူ”များစွာ ထူးခြားနေ သည်ကို တွေ့ရှိနိုင်ပေသည်။

၁။ တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘကိုသော်လည်းကောင်း ၊ဆွေမျိုးကိုသော်လည်း ကောင်း ၊ဖိတ်မာန်ထားသူ (ရဟန်းဒကာ ရဟန်းအမ စသူ) တို့ကိုသော်လည်းကောင်း နှုတ်မြွက်၍ အလှူခံ ကောင်း (တောင်းကောင်း )၏ ၊ကထိန်သင်္ကန်းကိုကား မိဘကို သော်မှလည်း နှုတ်မြွက်၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မအပ်ပေ၊ တစ်ခြားသူတို့ကိုကား အဘယ်မှာ ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း၊ သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်၍ လှူသော ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ အလှူ ခံကောင်း၏ ၊ ( ကောင်းကင်မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေမိုးပေါက်ကဲ့သို့သဒ္ဓါတရား သန့် သန့် လေးဖြင့်လှူသော “ကထိန်သင်္ကန်း” ဖြစ်ရပေမည်။ ယင်းကဲ့သို့သော ကထိန်သင်္ကန်းကိုပင် “မိုးကျကထိန်” ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ (ကထိနံနာမ အတိဥက္ကဋ္ဌံ ၀ဋ္ဋတိ ၊ မာတရမ္ပိဝိညာပေတုံ န၀ဋ္ဋတိ၊အာကာသတော သြတိဏ္ဏသဒိသမေ၀ ၀ဋ္ဋတိ ၊)

၂။ကထိန်သင်္ကန်းသည်တစ်ခြားသော လှူဖွယ် တို့ကဲ့သို့ လှူချင်သည့်အချိန်လှူခွင့် မရပေ၊ သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့်ရှိ၏။ ( ကထိန်ခင်းခွင့် ရှိ၏ ) ကျန်သော အချိန်များ၌ကား လှူခွင့် လုံးဝ မရှိပေ၊ ထို့ပြင် ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊တစ်လမှ တစ်ရက်၊ တစ်ရက်မှ (တစ်ကျောင်း ) တစ်ကြိမ်သာ လှူခွင့် ရှိလေသည်။

၃။လှူဖွယ်ပစ္စည်းအားဖြင့် ကထိန်ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်းတို့တွင် တစ်မျိုးမျိုး ဖြစ်ရပေမည်။ ( တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ် လှူဒါန်းနိုင်ပါသည် )

၎။ လှူနည်းအားဖြင့်သံဃိကဒါနအဖြစ် သံဃာ အားသာ လှူဒါန်းရမည်ဖြစ်ပေသည်။
(ပုဂ္ဂိုလ်စွဲဖြင့် ပုဂ္ဂလိကဒါနအဖြစ် လုံးဝမလှူကောင်းပေ)၊ သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရ၏ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ လှူဒါန်းရသောကြောင့် ကထိန်ခင်းမည့် သင်္ကန်းကို “ ဉတ်သင်္ကန်း” ဟု ခေါ်ဆိုကြလေသည်။

၅။အလှူခံသော ရဟန်းသည်လည်း ပုရိမ၀ါ ကပ်၍ (၀ါမကျိုး မပျက်သော ) သီတင်းကျွတ် လပြည့် နေ့၌ ၀ါမှကျွတ်သော ရဟန်းတော်များသည်သာအလှူခံ ခွင့် ရှိလေသည်။ (ထိုရဟန်းတို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်းကို ပထမဦးစားပေး၍ လှူဒါန်းရမည်ဖြစ်ပေသည်၊ ထိုရဟန်းမရှိမှ မထေရ်ကြီးစသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်း ရမည် ဖြစ်ပေသည်။

၆။ အကျိုးအားဖြင့် ကထိန်အာနိသင်ရသော (ကထိန်ခံသော ရဟန်းနှင့်အနုမောဒနာပြုသော) ရဟန်းတော်များသည် ၀ိနည်းသိက္ခာပုဒ် နှင့်သက် ဆိုင်သည့် ကင်းလွတ်ခွင့် (၅) မျိုးကို သီတင်းကျွတ်လပြည့်ကျော် - ၁ -ရက်နေမှစ၍ တပေါင်းလပြည့် နေ့ထိ ၅ - လ တိုင်တိုင် ရရှိကြလေသည်။

ရဟန်းတော်များ ရနိုင်သောအကျိုး (၅) ပါး

၁။ မပန်မကြား ၊ လိုရာသွား ၊ ပြစ်များမသင့်ပြီ။
ဒကာ ဒကာမတို့၏အိမ်သို့( မြို့တွင်းရွာတွင်းသို့ ) သွားလို သည့်အခါ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားနိုင် ပါသည် ။ (အကယ်၍ ကထိန်အာနိသင်မရမူ ခွင့်မပန်ပဲ သွားလျှင် အာပတ်သင့်၏ )

၂။ သုံးထည်ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။
တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည်တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည် ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားနိုင်ပါသည်။ (အကယ်၍ ကထိန်အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားလျှင် အာပါတ်သင့်၏ )

၃။လေးပါးတူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။
ပင့်ဖိတ်သူဒကာ၊ ဒကာမတို့က အပင့်အဖိတ်မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊ မုန့်ဟန်းခါးစား ကြွပါဘုရား၊ စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့် ရှိ၏၊(အကယ်၍ ကထိန်အာနိသင် မရပဲ ဘုဉ်းပေးလျှင် အာပါတ်သင့်၏)

၎။ သင်္ကန်းများစွာ ၊ ငါးလမှာ ၊ သိမ်းကာ ထားနိုင်သည်။
မိမိရရှိသောသင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ (သင်္ကန်းကာလ- ၅ -လအတွင်း ) ထားပိုင်ခွင့် ရှိသည်၊
( အကယ်၍ ကထိန်အာနိသင် မရရှိပဲမိမိ ပိုင်သင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ ထားရှိပါက - ၁၀ - ရက်ကျော်လျှင် အာပါတ်သင့်၏)။

၅။သံဃာလှူငြား ၊ သင်္ကန်းများ ၊ သူအားသာ ဖြစ်သည်။
ကထိန်ခင်းသောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်းတို့ ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဘန်ခွင့် ရှိသည်။ (အကယ်၍ကထိန်အာနိသင်မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဘန် လျှင် အာပါတ်သင့်နိုင်၏ )။
ကထိန်နှင့်ပါတ်သက်၍ ရဟန်းတော်များ ထူးခြားသော အကျိုးတို့ကို့ ရရှိနိုင်သကဲ့သို့ ကထိန် သင်္ကန်း လှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးထူး များ ရရှိနိုင်ပါသည်။

လှူသူမှာလဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။

၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
မိမိသွားလိုရာအရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့်အရှက်မရှိ လွတ်လွတ်လပ်လပ် သွားလာ နိုင်သည်။

၂။တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။

၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
မည့်သည့် အစားအစာကိုပဲစားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ် သင့်ခြင်း မဖြစ်နိုင်။ (အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ၀မ်းမီးနှင့် ပြည့်စုံသည် )။

၎။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
မိမိပိုင်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန်များ မကျရောက်နိုင်။

၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိကမပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။ ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။
ထို့ပြင် ကထိန်သင်္ကန်းလှူဒါန်းသော အလှူ ရှင်များမှာ --ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသား အရေရှိခြင်း၊ ခန္ဓာကိုယ်၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း ၊ ( အလှဖျက် အနာအဆာ မရှိခြင်း ) ၊ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း ၊ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း ၊ ညိုရွှေဖြူနီစသော ခေတ်ပေါ် အ၀တ်အထည် အမျိုးမျိုးကို ဆင်မြန်းခွင့် ၀တ်ဆင်ခွင့်ရခြင်း ၊ ကျောင်းအမကြီး ၀ိသာခါစသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာကို ဆင်မြန်းခွင့်ရရှိ ခြင်းတို့နှင့် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်း ဟူသော အကျိုးတရားများစွာ တို့ကိုလည်း ရရှိနိုင် ပေသည်။

ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည် သာသနာပြုရာ၌ ဗဟိုဌာနချုပ်သဖွယ်ဖြစ်သော သာဝတ္ထိပြည် အနာထပိဏ်သူဌေး ( သူဌေးကတော်ပုညလက္ခဏဒေ၀ီ ) ဆောက်လုပ်လှူဒါန်းအပ်သော ဇေတ၀န် ကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူ၏။
ထိုစဉ်အခါ တောရကျောင်း၌ သီတင်းသုံး နေထိုင်ခြင်း အာရညက ဓုတင်၊ဆွမ်း ခံ၍ဘုဉ်းပေးခြင်း ပိဏ္ဍပါတ် ဓုတင်၊ လူတို့ကမသုံးလို၍ အမှိုက်ပုံစသည်၌ စွန့်ပစ်ထားသော မြေမှုန့်အလိမ်းလိမ်းကပ်ငြိနေသော အ၀တ်စုပ်ကို သင်္ကန်းချုပ်ဆိုးကာဝတ်ရုံသုံး ဆောင်ခြင်း ပံသူကူဓု တင်၊ သင်းပိုင် ဧကသီ ဒုကုဋ်ဟူ သောသင်္ကန်း သုံးထည် ကို အမြဲဆောင်ခြင်း တိစီဝရိက်ဓုတင်၊ ယင်းဓုတင် အကျင့်မြတ်တို့ကိုကျင့် သုံးကြသော ဘဒ္ဒ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ရှင်တော်မြတ် ဘုရားကို ဖူးမြင်ရန် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ လာကြ ရာ ၀ါဆိုရက် နီးကပ်နေ၍ သာဝတ္ထိ ပြည်သို့လည်း ၀ါဆိုရန်မမှီတော့သည့်အတွက် လမ်းခရီးအကြား သာဝတ္တိ ပြည်နှင့် ခြောက်ယူဇနာ ဝေးသော (တစ်ယူဇနာ- ၈ -မိုင်နှုန်း ) သာကေတမြို့၌သာ ၀ါဆိုကြရရှာလေသည်။ ထိုရဟန်းတော်သုံးကျိပ်တို့ သည် ရှင်တော်မြတ်ဘုရားနှင့် “နီးလျှက်နဲ့ဝေး” ဖြစ်နေကြသောကြောင့် မပျော်ပိုက်ပဲ တစ်ဝါတွင်းလုံ၊ နေကြရလေသည်။
ဝါကားကျွတ်လေပြီ၊ သို့သော် မိုးကား မလွတ် သေးပေ၊ မိုးလွတ်သည်ထိလည်း အချိန်ကုန်ခံ၍ စောင့် မနေနိုင်တော့ပေ၊ ထို့ကြောင့် ၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်နှင့် တပြိုင်နက် မိမိတို့ ၀ါဆိုရာ သာကေတမှ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိသို့ မိုးထဲရေထဲ ရွှံထဲဗွက်ထဲ မှာပင် ဘုရားရှင်ကို ဖူးမြင်ရန် ဆန္ဒ ပြင်းပြကြသဖြင့် မိုးရေစိုရွှဲ ပင်ပမ်းဆင်းရဲစွာ ကြွတော်မူ ကြရလေသည်။
ဘုရားရှင်ထံမှောက် ရောက်ကြ၍ လက်အုပ် ချီမိုး ရှိခိုးကြပြီး သင့်တော်ရာ၌ ထိုင်နေကြသော ထိုဘဒ္ဒ ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့အား ဘုရားရှင်က “ရဟန်းတို့
အသို့နည်း၊ ကျန်းမာကြကုန်၏လော ၊မျှတကြကုန်၏လော၊ အညီအညွတ် ၀မ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြပါကုန်၏လော၊ ဆွမ်းအတွက် မပင်ပမ်းပဲ ရှိကြပါကုန်၏လော”ဟု မေးမြန်းတော်မူရာ၊ ရဟန်းတော်များက “ ကျန်းကျန်းမာမာ မျှမျှတတ ညီညီညွတ်ညွတ် နှင့် နေခဲ့ကြရပါသည် ၊ ဆွမ်းအတွက် လည်း မပင်ပမ်းပဲ ရှိကြပါသည်။ သို့သော် သာဝတ္ထိသို့ ၀ါဆိုမှီရန် လာကြပါသော်လည်း ၀ါဆိုရက်နီးကပ်လွန်း သဖြင့် လမ်းခရီးအကြား သာကေတ၌သာ ၀ါဆို ခဲ့ကြရ ပါသည်၊၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်ဆိုရင်ပဲ မိုးထဲ ရေထဲရွှဲ့ထဲဗွက်ထဲ စိုရွှဲသောသင်္ကန်း များဖြင့်ပင်ပင် ပမ်းပမ်း လာခဲ့ကြရပါသည်ဘုရားဟု” အကြောင်းစုံကို ရှင်တော်မြတ်ဘုရားအား လျှောက်ထားကြလေသည်။ ထိုပါဝေယျကတိုင်းသား ရဟန်းတော်တို့၏ နှစ်ထပ် သင်္ကန်းကိုယ်စီ ဆောင်ထားကြလျှက် မိုးထဲရေထဲ ရွှံ့ထဲ ဗွက်ထဲ၌ မိုးရေများစိုရွှဲကာ ပင်ပမ်းဆင်းရဲကြီးစွာဖြင့် -လာကြရသည်ကို အကြောင်းပြု၍ “ အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ၀ုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊ ရဟန်းတို့ ၀ါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏” ဟု အစရှိသည်ဖြင့် ကထိန်ခင်းခြင်း (ကထိန်သင်္ကန်း) ကို ရှင်တော် မြတ်ဘုရား ခွင့်ပြုတော်မူပါသည်။

၁။ ဥစ္စာဓန၊ ပေါကြွယ်ဝလည်း၊ လောဘစုံမက်၊
မလှူရက်က၊ တသက်လျှာ လူဖြစ်နာ၏။

၂။ ဘုရားသာသနာ၊ ကြုံတွေ့ပါလည်း၊ ကောင်းစွာ
သီလ၊ မတည်ကြလျှင်၊ ဘ၀တွက်တာ လူဖြစ်နာ၏။

၃။ သူတော်တရား၊ နာရငြားလည်း၊ လေးစားကြိုး
ကုတ်၊ အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ လူဖြစ်နာ၏။

၎။ ဗုဒ္ဓတရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက်
လမ်းလွဲလိုက်က၊ အမိုက်ထိပ်ဆုံး လူဖြစ်ရှုံး၏။

၅။ လက်ရှိဘ၀၊ မရှုံးရအောင်၊ ဒါနသီလာ၊ ဘာဝနာကို၊ မကွာနေ့ည၊ ကြိုးစားကြလော့ ။

http://bodhiminthar.blogspot.com/
=   =   =
ကထိန်
။။။။။။။
သီတင်းကျွတ်ပြီးတဲ့နောက် မြန်မာဗုဒ္ဓဘာသာဝင်တွေ အတွက် ဘာသာရေးဆိုင်ရာ ကုသိုလ်ပွဲတစ်ခုအဖြစ် ကထိန်အလှူပွဲတွေက ထပ်ပြီးရောက်လာကြတော့မှာ ဖြစ်ပါတယ်။ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် သတ်မှတ်ကြကာ မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြတော့မှာ ဖြစ်ပါတယ်။

ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများနေပြီး ဘာကြောင့်လုပ်တယ်၊ ဘယ်လိုအဓိပ္ပါယ်နဲ့ လုပ်ကြတယ်ဆိုတာ အတော်များများ မသိကြဘူး ဖြစ်နေတတ်ပါတယ်။ ကထိန်ဆိုရင် ပဒေသာပင်ကြီးတွေ သီးပြီး ဆိုင်းသံဘုံသံ တညံညံနဲ့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်ကာ နောက်ဆုံးဘုန်းကြီးကျောင်းကို ပို့ဆောင်လှူဒါန်းကြတဲ့ပွဲလို့ အများက သိနေတတ်ကြပါတယ်။ ကထိန်ဆိုတာဘာလဲ…၊ ဘာကြောင့် ဒီအလှူကို ကထိန်လို့ ခေါ်တာလဲ…၊ ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ… စသဖြင့် မေးလာခဲ့မယ်ဆိုရင်တော့ တိတိကျကျ ပြောဆိုရှင်းပြဖို့ ခက်တတ်ကြပါတယ်။ ဒါကြောင့် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေ သိထားဖို့ ကထိန်အကြောင်း သိကောင်းစရာ ဆိုတဲ့ ဒီပို့စ်လေးကို ကထိန်ကာလ မတိုင်မီ ကြိုတင်ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

ကထိန်ဖြစ်ပေါ်လာပုံ
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ အာရညကဓုတင်၊ ပိဏ္ဍပါတဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင်ကို ဆောက်တည်ကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ သာဝတ္ထိပြည်ကိုလာရင်း လမ်းမှာဝါဆိုရမယ့်နေ့ နီးလာတဲ့အတွက် သာဝတ္ထိပြည်အထိ မသွားနိုင်တော့ဘဲ သာဝတ္ထိပြည်နဲ့ ယူဇနာ (၆၀)ဝေးကွာတဲ့ သာကေတမြို့မှာပဲ ၀ါဆိုလိုက်ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီရဟန်းတော်များဟာ ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို မဖူးမျှော်ရပဲ ၀ါဆိုနေရတဲ့အတွက် စိတ်နှလုံး မပျော်မွေ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ၀ါကျွတ်တဲ့အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ မိုးကလည်း အလွန်ကြီးတဲ့အတွက် အဲဒီရဟန်းများ ၀တ်ရုံထားတဲ့ သင်္ကန်းနဲ့ ဓုတင်ဆောင် နှစ်ထပ်သင်္ကန်းများဟာ မိုးရေများနဲ့ အရမ်းကို စိုရွဲနေကြပါတယ်။ ဘုရားထံမှောက် ရောက်လာကြတဲ့ အဲဒီရဟန်းတော်များကို ဘုရားရှင်က ၀ါတွင်းကာလ ချမ်းချမ်းသာသာ သီတင်းသုံးခဲ့ရမှု ရှိမရှိ မေးမြန်းတဲ့အခါ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မိမိတို့ရဲ့ အဖြစ်ကို အကျိုးအကြောင်း လျှောက်ပြပါတယ်။

ဒီလို ရဟန်းတော်တို့ရဲ့ အခက်အခဲ အခြေအနေများကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ခွင့်ပြု၏၊ ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း၊ ထိုကထိန်းခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ ရကုန်၏” စသဖြင့် မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူပါတယ်။ ဒါဟာ ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းအလှူ ဖြစ်ပေါ်မှုရဲ့ အစပဲ ဖြစ်ပါတယ်။

ကထိန်ဆိုတာ
ကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ ပါဠိပျက် ဝေါဟာရစကားလုံး ဖြစ်ပါတယ်။ ကထိနရဲ့ အဓိပ္ပါယ်က ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ကထိန်ဆိုတာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ ၀ါဆိုဝါကပ် ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဒီသင်္ကန်းကို အလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ဒီသင်္ကန်းကို အကြောင်းပြုကာ ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။

ကထိန်ခင်းတယ်ဆိုတာ
ဘယ်မြို၊ ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့ ဆိုတဲ့ အပြောအဆိုအသုံး အနှုန်းကို လူအတော်များများ ပြောဆိုသုံးစွဲတတ်ပါတယ်။ တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ရဟန်းတော်များကသာ ခင်းရတာ ဖြစ်ပါတယ်။ လူတွေက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် သင်္ကန်းကို လှူဒါန်းပေးတဲ့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။ ကထိန်ခင်းတာဟာ သံဃာတော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃဿဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့ ဒီသင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ကထိန်သင်္ကန်း အလှူခံမယ့် ကျောင်းမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို သံဃာအများ သဘောတူမှုနဲ့ ရွေးချယ်ပြီး သင်္ကန်းအလှူရှင်များ လှူဒါန်းထားတဲ့ အဲဒီသင်္ကန်းကို ကမ္မ၀ါစာနဲ့ ရွတ်ဖတ်ကာ ပေးကြရပါတယ်။ အဲဒီလို ကမ္မ၀ါစာနဲ့ ရွေးချယ်ပေးလာတဲ့ သင်္ကန်းကို အလှူခံရရှိလာတဲ့ ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းမှာ ပြန်ပြီးဒီသင်္ကန်းကို ခင်းရပါတယ်။

ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ စွန့်သင့်တဲ့သင်္ကန်းကို စွန့်၊ အဓိဋ္ဌာန်တင်သင့်တဲ့ သင်္ကန်းကို တင်ပြီး လက်ရှိအလှူခံ ရရှိလာတဲ့ သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ အဲဒီခင်းထားတဲ့ အကျိုးအာနိသင်ကိုလည်း အဲဒီကျောင်းတိုက်မှာ ရှိတဲ့ အခြားသံဃာတော်များကို အနုမောဓနာပြု သာဓုခေါ်စေပြီး ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ကထိန်အာနိသင် ငါးမျိုးကို အညီအမျှ ရစေတာဖြစ်ပါတယ်။ ဒီလို ကမ္မ၀ါစာနဲ့ သင်္ကန်းပေးပြီး မိမိဝါဆိုရာ ကျောင်းတိုက်မှာ ကထိန်ပြန်ခင်းကာ အတူတူဝါဆိုဝါကပ် ပြုကြတဲ့ အခြားရဟန်းတော်များနဲ့အတူ အကျိုးအာနိသင်ကို ရယူတဲ့ အစီအစဉ်ကိုပဲ ခြုံငုံပြီး ကထိန်ခင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကထိန်ခင်းတယ်ဆိုတာ လူတွေက ခင်းရတာမဟုတ်ဘဲ ကထိန်ခံ ရဟန်းက ခင်းရတာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ ဒီလို မသိုးသင်္ကန်းဖြစ်မှလည်း ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းများ၊ ပဒေသာပင်များဟာ ကထိန်ခင်းထိုက်တဲ့ အရာများ မဟုတ်ပါဘူး။ အလိုရှိသလို အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်း အလှူများပဲ ဖြစ်ပါတယ်။

ကထိန်ခင်းနိုင်တဲ့ သင်္ကန်းနဲ့ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူများ
ဝိနည်းကြောင်းအရ ကထိန်းခင်းနိုင်တဲ့ သင်္ကန်းအမျိုးအစားဟာ ကြိုတင်လှူဒါန်းထားခြင်း မဟုတ်ဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လှူဒါန်းတဲ့ ဒီနေ့လှူ ဒီနေ့ခင်းရမယ့် ညမလွန်တဲ့ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ အဲဒီလို သင်္ကန်းမျိုးဆိုရင် သင်္ကန်းသုံးထည်လို့ ခေါ်တဲ့ အပေါ်ရုံ ကိုယ်ဝတ် ဧကသီသင်္ကန်း၊ အောက်ခါးဝတ် သင်းပိုင်သင်္ကန်းနဲ့ ပုခုံးတင် နှစ်ထပ်ဒုကုဋ်သင်္ကန်း တွေထဲက သင့်တော်ရာ တစ်မျိုးမျိုးနဲ့ ခင်းနိုင်ပြီး ဒီသင်္ကန်းအလှူကိုတော့ ရဟန်း၊ ရှင်၊ လူ ဘယ်သူမဆို လှူဒါန်းနိုင်ပါတယ်။

အကြောင်းစုံမှ ခင်းလို့ရ
ကထိန်အလှူဟာ အမြတ်ဆုံး အလှူဖြစ်သလို ကထိန်အလှူ မြောက်ဖို့ဆိုတာလည်း ခက်ခဲတဲ့ သဘောရှိပါတယ်။ ဆရာဒကာ နားလည်မှုနဲ့ အကြောင်းစုံ ညီညွတ်မှ ဒီအလှူ အထမြောက် အောင်မြင်တာ ဖြစ်ပါတယ်။ တကယ်လို့ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော် တစ်ပါးပါးဟာ မိမိကျောင်းမှာ ကထိန်မရှိ၊ ကထိန်သင်္ကန်း လှူဒါန်းသူမရှိလို့ ဆိုပြီး နီးစပ်ရာ၊ ကြည်ညိုရင်းနှီးရာ ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ သွားပြီး အလှူခံကာ မိမိတို့ ပယောဂကြောင့် ရလာတဲ့ သင်္ကန်းဖြစ်ခဲ့မယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်းဟာ ရဟန်းတော်များ အနေနဲ့ တိုက်ရိုက်အလှူခံကောင်းတဲ့ သင်္ကန်းလည်း မဟုတ်ပါဘူး။ ကထိသင်္ကန်း အလှူရှင်က မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃာဿဒေမ - သံဃားတော်အား လှူဒါန်းပါ၏လို့ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ အရှင်ဘုရားအတွက်၊ ဘယ်ဆရာတော်အတွက် စတဲ့ ပုဂ္ဂိုလ်ရည်မှန်းပြီး လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူသင်္ကန်းနဲ့ဆိုလည်း ကထိန်းမခင်းနိုင်ပါဘူး။ ရဟန်းတော်များဘက်က ပယောဂကင်းဖို့လိုသလို သင်္ကန်းအလှူရှင်ဘက်ကလည်း သံဃိက အလှူဖြစ်ဖို့လိုကာ ဒီလို နှစ်ဘက်နားလည် ညီညွတ်မှုနဲ့ ရလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ နောက် ကာလသတ်မှတ်ချက်ကလည်း တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ သင်္ကန်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ၊ တစ်လမှာလည်း ၀ါဆိုရာ နယ်နိမိတ် သတ်မှတ်ချက်မတူတဲ့ ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်ပဲ ခင်းနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ကထိန်ခင်းဖို့အတွက် သိမ်ရှိဖို့လိုသလို လေးပါးလေးပါးအထက် ရှိတဲ့သံဃာ အရေအတွက် ပြည့်မီဖို့လည်း လိုပါတယ်။ ဒီလို အကြောင်းအချက်အလက် စုံမှပဲ ကထိန်ခင်းမှု အထမြောက်တယ်၊ ကထိန်အလှူ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ ထူးခြားမှု
ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဒီအလှူဟာ
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း စတဲ့ ထူးခြားချက်များကြောင့် အမြတ်ဆုံးအလှူ၊ အထူးခြားဆုံး အလှူလို့ ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ အကျိုးတရား
ဒီအလှူရဲ့ လက်တွေ့အကျိုးကတော့ သင်္ကန်းအလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ကထိန်အာနိသင် ရလိုက်တဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း ဆိုတဲ့ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။

လူပုဂ္ဂိုလ်များအတွက်ကတော့ ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန) စတဲ့ အကျိုးတရားများကို ရစေနိုင်တဲ့အပြင် ရဟန်းတော်များအား အထက်ပါ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ အထူးကတော့ ရှားရှားပါးပါး ခက်ခက်ခဲခဲ လှူဒါန်းရတဲ့အလှူ ဖြစ်တဲ့အတွက် ရဖို့ခဲရင်းတဲ့ အရာတွေကို ရနိုင်ပြီး နောက်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပါ အထောက်အကူပေးနိုင်တဲ့ အကျိုးတရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းများက ဒီကထိန်အလှူဟာ အကောင်းဆုံးနဲ့ အမြတ်ဆုံးအလှူလို့ ဆိုကြတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သမျှကို အနည်းငယ်မျှ သိရှိခွင့် ရလောက်မယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချို့အကြောင်းအရာများဟာ အကျယ်ရှင်းပြဖို့ လိုပေမယ့် လူတွေအတွက်တော့ ကထိန်နဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ကထိန်အလှူအကြောင်း၊ ကထိန်လုပ်ရခြင်းအကြောင်း၊ ကထိန်အလှူရဲ့ အကျိုးတရားများအကြောင်း အတော်အသင့် ပြောဆိုဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ အကျယ်သိလိုသူတွေ အနေနဲ့တော့ ၀ိနည်းမဟာဝဂ္ဂပါဠိတော်၊ ကထိနက္ခန္ဓကမှာ ကြည့်ရှုနိုင်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။

(ဧရာဝတီ စာကြည့်တိုက် ၀က်ဘ်ဆိုက်မှ)
=   =   =
သာမညဖလ အခါတော်နေ့ (သို့မဟုတ်) သံဃာ့ကျေးဇူး မမေ့ဘူး အထူးပူဇော်မယ်…
-----------------------------------------------------------
တန်ဆောင်မုန်းလပြည့် ဆိုတာကတော့ ထူးခြားမှုတွေမျာစွာ ပြည့်စုံတဲ့ အချိန်အခါ ပါပဲ..။သာမညဖလသုတ္တန်ဒေသနာတော် (ရဟန်းပြုခြင်းအကျိုး)ကိုဟောကြားခဲ့လို့ သာမညဖလအခါတော်နေ့ လို့ သတ်မှတ်ထား ပါတယ်..။ကထိန်သင်္ကန်း ကပ်လှူပွဲ ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ ပံ့သကူပစ်ပွဲ ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲ တွေကျင်းပကြတဲ့ ထူးမြတ်တဲ့ အခါသမယဖြစ်နေပါတယ်..။ကြာသင်္ကန်း ရက်လုပ်ပွဲ၊ အသီးတစ်ထောင်၊ အပွင့်တစ်ထောင် ၊ ထမင်းအုပ်တစ်ထောင် ၊ဆီမီးတစ်ထောင် ပူဇော်တဲ့ ထောင်ပြည့်ပွဲတော်လှေကားပွဲတော် (ခေါ်) ရှင်မာလဲပွဲတော် ဆိုတာလည်း ကျင်းပကြပါတယ် လို့ကြားဘူးမှတ်ဘူးခဲ့ပါတယ်..။

ထိုင်းနိုင်ငံမှာ နေစဉ်ကတော့ အဲဒီနေ့ ဆို ဆီမီးများစွာ အလှဆင်လို့ရေကန်ထဲ မျှောစေတဲ့ Loi Krathong လွိုင်ကထုန် ပွဲတော် ကို သူငယ်ချင်းတွေနဲ့အတူ ညဥ့်နက်သည်ထိ ဆင်နွှဲခဲ့ဘူးတာ အမှတ်ရနေခဲ့ပါတယ်..။

အခုတော့ ထူးကဲသောညကာလကို တစ်ဦးတည်း ကျော်ဖြတ်လွန်မြောက်ရမှာဖြစ်တာမို့ ပူဇော် ဆဲ ပဋ္ဌာနပါဠိကို ပဲဆက်လက်ရွတ်ဆိုပူဇော်ဘို့ဆုံးဖြတ်ရင်း တစ်ခါက ကျွန်မရေးသားဘူးတဲ့ ပိုစ့်လေးကို ပြန်လည် တင်ဆက်လိုက်ပါရစေရှင့်..။

ဒီနှစ်မှာလည်း.... သင်တန်းတစ်ခု ပေးစရာရှိတာ နဲ့ အင်းလေးကန် ထဲက ရွာလေးတစ်ရွာ မှာရှိနေပါမယ်...။ ဒါကြောင့်ကြိုတင် မျှဝေလိုက်ပါတယ်

***************************************************************

မေမေချစ်သော သားသား နဲ့မီးမီးရေ

လောက၌ အမြတ်ဆုံး ရတနာ သုံးပါးရှိတဲ့အထဲမှာ တန်ဆောင်မုန်းလပြည့် အချိန်အခါ ကာလ သမယဟာ သံဃာ ရတနာရဲ့ ဂုဏ်ကျေးဇူးကို ပူဇော် ကြတဲ့ အချိန်အခါ ဖြစ်နေပါတယ်နော်။ အဲလို အချိန်မျိုးမှာ မေမေဟာ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ တရား ရိပ်သာမှာ တရားအားထုတ်ဘို့ ရောက်ရှိလို့ နေခဲ့တဲ့ အတွက် ထူးကဲတဲ့ ကံတရားကို ကျေးဇူးတင်နေမိပါတယ်။ ကျေးဇူးတော်ရှင် ပိုင်းလော့ ဆရာတော်ဘုရားကြီး ကလည်း ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော်ဘုရားကြီး ရဲ့ ကျေးဇူးကို တုန့်ဆပ် ပူဇော် လိုတဲ့အတွက် မိုးကုတ် မြို့ မင်္ဂလာ တိုက်ဟောင်းမှာ တရားပြသ နေရာမှ တန်ဆောင်မုန်း လပြည့် မတိုင်ခင် နှစ်ရက် အလိုမှာ ပြန်လည် ကြွ ရောက်ခဲ့ပါပြီ။

တရားစခန်းသိမ်းပွဲ အဖြစ် ဆရာတော် ဘုရားကြီးက မိုးကုတ်မြို့မှ ဝါရင့် မိုးကုတ်ယောဂီများကို ဟောကြားတဲ့ တရားကို မေမေတို့ကို ပြန်လည် ဟောကြားပေးတာနာယူရတော့ မေမေ့မှာ အလွန် ဝမ်းမြောက်ပီတိ ဖြစ်ရပါသေးတယ်။ မေမေတို့ ယောဂီ သီလရှင် များ အားလုံး ပူဇော်ကန်တော့ခွင့် ရရှိခဲ့ တာကတော့မေမေ့ ဘဝမှာ ထူးကဲတဲ့ တိုက်ဆိုင်မှုပါပဲလေ။ မေမေ့ဘဝထဲမှ ကျေးဇူးရှိ ခဲ့ဘူးသော သံဃာ ရတနာ များအားလုံး ကို ပူဇော် ဦးခိုက်တဲ့ အနေနဲ့ သည်စာစုကို ရေးဖြစ်ပါတော့တယ် ကလေးတို့ရေ..။

အခုဆိုရင် မိုးညှင်းသိင်္ဂီကျောင်းတိုက်ရဲ့ ဓမ္မာရုံ ထဲမှာ ပဒေသာပင် လာရောက်လှူ ဒါန်းကြသူများနဲ့ စည်ကားနေတာပေါ့လေ။
မေမေတို့ ငယ်ငယ် ကတော့ တော်တော်လေး ပျော်ခဲ့ဘူးပါတယ်။ တန်ဆောင်တိုင်ပွဲတော် ဆိုရင် ကန်တော့ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန် သင်္ကန်း အလှူ ပွဲတော် မသိုးသင်္ကန်း ယက်လုပ် ပူဇော်ပွဲတော်၊ မဲ ဇလီ ဖူးသုပ် ဝေငှသော ပွဲတော်၊ ကျီးမနိုးပွဲတော် တွေကိုပြုလုပ်ခဲ့ ကြတာရဲ့ အတိတ်ခန္ဓာ အစဉ်တန်းဟာ အခုပြန် တွေး အခု ပြန် ပေါ်လာတော့တာပေါ့။
တန်ဆောင်မုန်း လပြည့်နေ့ကို သာမည ဖလ အခါတော်နေ့ အဖြစ် သတ်မှတ်တာ ကတော့မေမေ အရင် က မပြောပြ ဘူးသေး ပါဘူး။
ဂေါတမ ဘုရားရှင်လက်ထက်တော် အခါက တန်ဆောင်မုန်း လပြည့် ညမှာ အဇာ တသတ် မင်းသား မူးမတ် ပေါင်းစုံလင်စွာဖြင့် ညီလာခံသဘင်ဆင်ယင်ကျင်းပနေပါတယ်။ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုး ငါးဝကင်း စင်ပပြီး ကြည်နူးသာယာ ဘွယ်ကောင်းတဲ့ တန်ဆောင်မုန်းလပြည့် ညရဲ့ အလှအပကို ကြည့်ပြီး အဇာတသတ် မင်းသားက
၁။ ရမဏီယာ ဝတ= မွေ့လျော်ဖွယ်ကောင်းသော ညပါတကား။
၂။ အဘိရူပါ ဝတ= အလွန်လှပသော ညပါတကား။
၃။ ဒဿနီယာ ဝတ = ရှုဖွယ်ကောင်းသောညပါတကား။
၎။ ပါသာဒိကာ ဝတ=ကြည်လင် ရွှန်းပသော ညပါတကား။
၅။ လက္ခညာ ဝတ= မေ့မရနိုင်သောညပါတကား။
လို့ စကားငါးခွန်းနဲ့ ချီးမွမ်းတော် မူပါသတဲ့။ အဇာတသတ်မင်းတရားဟာ အဖေကို သတ်မိတဲ့အကုသိုလ်ကံ ကြောင့် အလွန် ကြည်နူးသာယာ ဖွယ်ကောင်းတဲ့ တန်ဆောင်မုန်း လပြည့်ညရဲ့ အလှအပကို မခံစားနိုင်ပဲ အိပ်စက် မရအောင် ဖြစ်နေပါတယ်။
အဇာတသတ် မင်းသားလေးဟာ ငယ်ရွယ်စဉ် အခါမှာ ဒေဝဒတ် ကိုဆရာတင်မိပြီး အပေါင်းအသင်း မှားတဲ့ အတွက် ဖခင် ဘုရင်ကြီးကို သတ်မိသည်အထိ ဆိုးသွမ်း ခဲ့ဘူးတာ ကလေးတို့ သိပြီးသားဖြစ်မှာပါ။ ပဉ္စာနန္တိယ ကံကြီးထိုက်ပြီးတဲ့ အချိန်က စလို့ အိပ်မပျော်တဲ့ ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။
အဲဒီ ဝေဒနာပျောက်ကင်းအောင် မည်သည့်ဆေး နှင့်မှ ကုစား မရဖြစ်နေခဲ့တာ အမတ်တွေအကြံ ပေးတဲ့အတိုင်း တိတ္ထိ ဆရာကြီး ၆ ယောက် တို့ ထံ သွားရောက်ခဲ့ပါတယ်။ အဇာတသတ် ဘုရင်က သူသိလိုတဲ့ သာမညဖလ (ရဟန်း ပြုခြင်း အကျိုး ) ကိုမေးတဲ့ အခါ မှာ ကျေနပ်လောက်တဲ့အဖြေကို မရတဲ့အတွက် ပြန်လာခဲ့ရပါတယ်။
သမားတော်ကြီး ဇီဝက ကျေးဇူးကြောင့် ဘုရားရှင်ကို ဖူးတွေ့ မေးမြန်းသိရှိပြီးမှ အိပ်စက်လို့ ရသွားပါတော့တယ်။
အဇာတသတ်မင်းတရား ဘုရားရှင်ကို အဖူးအမျှော်သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်း ချိန်ခါ ကလေးပေါ့။ အဲဒီ အချိန်မှာ မြတ်စွာဘုရားဟာ ရာဇဂြိုလ် မြို့အနီး သမားတော် ကြီး ဆရာ ဇီဝက လှူ ဒါန်း ထားတဲ့ သရက် ဥယျာဉ် မှာ သီတင်းသုံးနေတဲ့ အချိန်ဖြစ်နေပါသေးတယ်။ သရက်ဥယျာဉ် ထဲမှာပဲ ဘုရားရှင်ဟာ အဇာတသတ်မင်းကို သာမညဖလ သုတ္တန် ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။
အလွန် သာယာလှပတဲ့ တောတောင်ရိပ်နဲ့ လပြည့်ညမှာ ဟောကြားတဲ့ တရားတော်ဟာ နောင်တ တစ်ဖန် ပူပန်မှုတွေနဲ့ ဆူပွက်လောင်မြိုက်တဲ့ နှလုံးသားကို အေးချမ်းသာယာမှုကို ဆောင်ကျဉ်း ပေးနိုင်ခဲ့တာပေါ့လေ..။
အဲဒီ သာမညဖလသုတ္တန်ဟာ ဒီဃ နိကာယ်၊ သီလက္ခန္ဓ ဝဂ္ဂ ပါဠိတော်မှာ ပါရှိပါတယ်။ ရဟန်းသံဃာတော်တွေ အတွက် ကြေးမုံမှန်တစ်ချပ် သဖွယ်ဖြစ်ပြီး ကိုယ်ကျင့်သီလ ရှိတယ် မရှိဘူးဆိုတာကို ဤသုတ္တန် ဖြင့်ထင်ဟပ်စေနိုင်ပါတယ်။
ရဟန်းပြုခြင်း အကျိုးတွေကို ဟောကြားတဲ့ နေ့ဖြစ်တဲ့အတွက် တန်ဆောင်မုန်း လပြည့်နေ့ကို သံဃာ တော်များနေ့လို့ ခေါ်ဆိုခဲ့တာ ကိုလည်းမှတ်သားထားလိုက်ပါ အုံးနော်။
သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့------
၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။
၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၎။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။
၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။
၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။
၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။
၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။
၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။
အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး
၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။
အဇာတသတ်မင်းသားဟာ သာမညဖလသုတ္တန် ကိုနာယူလိုက်ရတဲ့အချိန်က စပြီး ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ် ကလေးတို့ရေ..။
သူရဲ့ အမှား ကို နောင်တ ဖြစ်ပြီး သတိတရားရလာ ခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် ကို အသက်ပေးပြီး ကြည်ညိုလာ တဲ့သူဖြစ်လာ ပါတယ်။
****မြတ်စွာဘုရား တပည့်တော်သည် မိုက်၍ တွေဝေ၍ မလိမ္မာ၍ အပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါပြီ။ တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် ( အာဏာ) ဟူသော အကြောင်းကြောင့် တပည့်တော် သတ်မိခဲ့ပါ၏။ ထို တပည့်တော် ၏ အပြစ်ကို နောင် အခါစောင့်စည်းခြင်းငှာ အပြစ်ဟု မြတ်စွာဘုရား ကလက်ခံတော် မူပါဘုရား။**** လို့ ဘုရားရှင်ထံပါး မှာ လျှောက်ထားခဲ့ပါတယ်။
မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွာ ကုစား၏။ နောင်အခါ စောင့်စည်း၏။ ထိုသူ၏ ကုစားစောင့်စားခြင်းသည် အရိယာ၏ ဝိနည်း အဆုံး အမ၌ ကြီးပွားခြင်း ပင်တည်းဟု ပြန်လည် မိန့်တော်မူ ပြီးစိတ်သက်သာရာရ စေခဲ့ပါတယ်။
နောက်တော့လည်းသူဟာပထမ သင်္ဂါယနာ တင်ပွဲကြီး ဖြစ်မြောက်အောင် ဒါယကာ အဖြစ်ခံယူ ကူညီခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့ပါတယ်။
ပိဋကတ်တော်များ ကို မပျက် မစီးရအောင် သံင်္ဂါ ယနာ အဆက်ဆက် တင်၍ ယနေ့တိုင်အောင် ထိန်းသိမ်း ထားနိုင်တာတွေ၊ ဓာတ်တော်များကို ရှာဖွေ ပြီး စုဆောင်း ထိန်းသိမ်းထားခဲ့လို့သာ သီရိဓမ္မာသော ကမင်းကြီး ကစေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုနိုင်တာတွေဟာ အဇာတသတ်မင်းသားရဲ့ ကျေးဇူးလို့ နားလည် လက်ခံရမှာပါပဲ ကလေးတို့ရေ..။
အဇာတသတ်မင်း တရား ဘုရားရှင်ကို အဖူးအမျှော် သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်းချိန်ခါ ကလေးပေါ။ နန်းတော်က ဘုရား ကျောင်းဆောင်ကို သွားတဲ့အခါ နန်းမြို့တော် အရှေ့ဘက် တံခါးကထွက် ရလို့ အရှေ့ဘက်ရှိတောင်ရိပ်နဲ့ သစ်ပင် အရိပ်များလူသွားလမ်းပေါ် ကျရောက်နေလို့ မှောင်မဲ နေတာပေါ့လေ..။ ဒါကြောင့် လိုက်ပါသူတွေအားလုံးဟာမီးရှူး မီးတိုင်တွေ အလင်းရောင်တွေ ထွန်းညှိပြီး သွားရောက်ခဲ့တာက အစပြုလို့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ဟာ ဘုရားရှင်ကို ပူဇော်ပွဲအလေ့အထ စတင် ဖြစ်တည်ခဲ့ရပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟောကြားခဲ့တဲ့ သာမညဖလ သုတ္တန်ကို နာကြားခဲ့လိုက်တဲ့ အဇာတသတ်မင်းတရား အဘို့ တရားအဆုံးမှာ သောတာပန် တည်နိုင်တာပေါ့။ သူကျူးလွန်ခဲ့တဲ့ ကံက မဂ်ဉာဏ် ဖိုလ် ဉာဏ် ကို တားမြစ်ထားခဲ့တာပေါ့လေ..။ ဒါကို သင်္ခန်းစာယူရပါလိမ့်မယ်။ သည် ဘဝမှာ မဂ်ဉာဏ် မရနိုင်တာကို သိပေမဲ့ အားတော့ မလျှော့ပါဘူး။ ကျေးဇူးတော်ရှင် မြတ်စွာဘုရားကို ကြည်ညိုပြီးသာသနာကို ကြိုးစား စောင့်ရှောက်ခဲ့ပါတယ်။
၁။ အိပ် မပျော်တဲ့ ရောဂါ ဝေဒနာ ငြိမ်းအေးသွားခဲ့ပါတယ်။
၂။ ရတနာသုံးပါးကို နှစ်နှစ် ကာကာ ယုံကြည် လာပါတယ်။
၃။ ပုထုဇဉ်တွေ ထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် အဖြစ်မှတ်တမ်းတင်ခံရပါတယ်။
၎။ အပြစ်ကြီးလေးသော မဟာ အဝီ စိ ငရဲ မှာ မခံစားရတော့ပဲ အပြစ်ပေါ့တဲ့ လောဟ ကုမ္ဘီ ငရဲမှာသာ ခံရ ပါတော့တယ်။
၅။ နောင် အနာဂတ်ကာလမှာ ဝိဇိတာဝီ အမည် ဖြင့် ပစ္စေက ဗုဒ္ဓါ ဖြစ်ပြီး ကျွတ်တမ်းဝင် ရပါလိမ့်မည်။
မေမေ ကတော့ ပိုင်းလော့ဆရာ တော်ဘုရားကြီးသင်ကြားပေးလိုက်တဲ့ လင်္ကာလေးကို အမှတ်ရမိတယ်။
ကိုယ် မိုက်- မိုက်မှန်းသိ --- လူမိုက်ပညာရှိ
ကိုယ်ဆိုး- ဆိုးမှန်းသိ - လူဆိုးပညာရှိ
ဆိုးလျက်နဲ့ပင် တော်သည်ထင် ဆိုးမြဲ ဆိုးမည်ပင်။
ကလေးတို့လည်း အဇာတသတ်မင်းသားကို နမူနာ ယူပြီး သံသရာမှာ ကိုးကွယ် ဆည်းကပ်သင့်တဲ့ ဆရာမှားခဲ့ လို့ရခဲ့တဲ့ ဆိုးကျိုးတွေ အပေါ် သင်္ခန်းစာယူ နိုင်ကြပါစေ။ မေမေတို့ ကို သံသရာ့ချောက်ထဲ မကျအောင် လမ်းကြောင်း မှန်ကိုသွန်သင် ဆုံးမသင်ကြားပြသပေးတဲ့ ကျေးဇူးတော်ရှင် သံဃာတော် အပေါင်းကို သာမညဖလ အခါတော်နေ့မှာ ရိုသေလေးမြတ်စွာ ရှိခိုးပူဇော်ကြရအောင်နော်။

(မာဂဓီ-သာစည်ရဲ့ ရာသီပွဲတော် နေ့များစာအုပ်ကို ဖတ်ရှု ကိုးကားရေးသား ပါတယ်။ မာဂဓီ-သာစည် အရှင်မြတ်နှင့်အတူ ကျေးဇူးတော်ရှင် သံဃာတော် အပေါင်းကို ပူဇော် ဦးခိုက်၊ ကန်တော့လိုက်ပါတယ်။)

မေတ္တာဖြင့်-သစ္စာအလင်း

No comments:

Post a Comment