Thursday 14 November 2013

ကောင်မလေးရေ... မငိုပါနဲ့

Nine Nine Sanay @ နိုင်းနိုင်းစနေ
မိန်းကလေးတိုင်း ငိုတဲ့အချိန်ရှိခဲ့ဖူးကြမယ်။ အငိုလွယ်တဲ့မိန်းကလေးတွေအတွက် ရည်ရွယ်ပါတယ်။

"ကောင်မလေးရေ... မငိုပါနဲ့"

ပျော်ရွှင်ခြင်းကို မျက်ရည်နဲ့ ဘယ်သူလှဲလှယ်နိုင်ခဲ့ဖူးသလဲ

ကျွန်မလှဲခဲ့ပါတယ်လို့ တချို့မိန်းကလေးတွေ ပြောကောင်းပြောလိမ့်မယ်။ မျက်ရည်နဲ့အသနားခံပြီး လှဲခဲ့တဲ့ပျော်ရွှင်ခြင်းကို တကယ့်ပျော်ရွှင်ခြင်းလို့ မမည်ပါဘူး။ အဲဒီအရာကို ကိုယ်ချင်းစာခြင်း ရောနေတဲ့ ကရုဏာလို့ ပြောလို့ရတယ်။ ငိုပြီးတော့လည်း အတိတ်ထဲမှာပဲ သင်ရှင်သန်နေမယ်ဆို မငိုပါနဲ့.. ကောင်မလေး..

ဘဝမှာ အရေးမပါတဲ့အရာတချို့ကြောင့် မငိုလိုက်ပါနဲ့ ကောင်မလေး။ လဲကျရင် ပြန်ထရပ်ပါ။ ကိစ္စမရှိပါဘူး။ သင်ကြုံတွေ့တဲ့အခက်အခဲများလေ အောင်မြင်ခြင်းဆီ သင်ရောက်ဖို့ နီးကပ်လာလေပါပဲ။ စကားတစ်ခွန်းက ဒီလိုဆိုတယ် "ဆောင်းရောက်လာပြီဆိုမှတော့ နွေဦးဝေးတော့မလား"တဲ့။
ချုပ်တည်းထားတာတွေကို သင်ဖောက်ထုတ်ချင်ရင် လူသူမရှိတဲ့ နေရာတစ်ခုမှာ "ငါ ဘယ်သူလဲ.. ငါ ဘယ်သူ့ကို ကြောက်နေရမှာလဲ"လို့ အော်ဟစ်လိုက်ပါ။
ငါကြိုးစားရင်ဖြစ်တဲ့ဆိုတဲ့ စိတ်ထားမျိုးကို ရင်ဝယ်ပိုက်ထားပါ... လေပြင်းမုန်တိုင်းတွေ ဒီထက်ကြမ်းချင်ကြမ်းပါစေပေါ့....

အရေးမပါတဲ့အရာလေးတစ်ခုဆုံးရှုံးလို့ မငိုလိုက်ပါနဲ့ ကောင်မလေး။ ဆုံးရှုံးသွားတဲ့အရာ ပြန်မရနိုင်တော့ပေမယ့် အသစ်တစ်ဖန်ကြိုးစားခွင့်တော့ ငါတို့မှာရှိသေးတယ်။ ပိုင်ဆိုင်ပြီးရင် ဆုံးရှုံးတယ်၊ ဆုံးရှုံးပြီးရင် ပိုင်ဆိုင်တယ်.. ဒီသဘောပါပဲ။ သင်ကသာ ဆုံးရှုံးသွားတဲ့အရာအတွက် ဝမ်းနည်းပူဆွေးပြီး ရယူခဲ့တဲ့အရာကို သတိမမူမိတာပါ။
တစ်ခုခုဆုံးရှုံးသွားတဲ့အခါ စိတ်ငြိမ်ငြိမ်ထားပြီး ငါ့မှာဘာရှိသေးလဲ၊ ငါဘာရခဲ့သလဲဆိုတာကို တွေးတောကြည့်ပါ။ မဆုံးရှုံးခင် တန်ဖိုးထားဖို့ကိုရော သင်သတိရခဲ့ရဲ့လား။ တစ်ခါဆုံးရှုံးရင် တစ်ခါတန်ဖိုးတတ်ဖို့ ပိုနားလည်လာပါတယ်။
ဒါကြောင့် အခုသင်ပိုင်ဆိုင်နေတာတွေကို တန်ဖိုးထားပါ၊ မြတ်နိုးပါ။ သင့်ခြေဖဝါးအောက်က အခုလျှောက်လှမ်းနေတဲ့လမ်းကိုလည်း တန်ဖိုးထားပါ။ ပျော်ရွှင်ခြင်းရှိရာဆီ သင့်ကို သူသယ်ဆောင်သွားပါလိမ့်မယ်။

source : http://www.duwenzhang.com/wenzhang/shenghuosuibi/20130613/258347.html

နိုင်းနိုင်းစနေ (Nov. 14. 2013)

No comments:

Post a Comment