Tuesday 29 July 2014

အားလပ်ချိန်နှင့် စာဖတ်ခြင်း

ယနေ့ခေတ်ကာလဟာ တိုးတက်တဲ့နိုင်ငံများမှာ လူတွေဟာ အားလပ်ချိန်ဆိုတာ မရှိသလောက် နည်းပါးကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာတော့ လူငယ်၊ လူရွယ်များမှာ အားလပ်ချိန် အတန်အသင့် ရှိကြပါတယ်။ လူငယ်များတစ်ဦးနဲ့တစ်ဦး သူတို့ရဲ့ အားလပ်ချိန်များကို ကုန်လွန်ပုံချင်း တူချင်မှ တူပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်လက်ထဲမှာရှိတဲ့ ကိုယ့်ရဲ့ အားလပ်ချိန်ဟာ သုံးစွဲသူအပေါ်မှာ မူတည်လို့ ကောင်းကျိုး ဖြစ်စေနိုင်သလို ဆိုးကျိုးလည်း ဖြစ်စေနိုင်ပါတယ်။
အားလပ်ချိန်မှာ စာဖတ်တတ်တဲ့ လူငယ်အချို့ရှိသလို ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ တွေ့ဆုံ စားသောက်ပျော်ပါးခြင်း၊ ငါးမျှားခြင်း၊ ပျော်ပွဲစားထွက်ခြင်း၊ လူမှုရေးအသင်းအဖွဲ့များတွင် ကူညီပေးခြင်း စတာတွေကို တစ်ခုမဟုတ် တစ်ခုတော့ လုပ်ဖြစ်တဲ့ လူငယ်များလည်း ရှိပါတယ်။
အားလပ်ချိန်မှာ မိမိဝါသနာပါရာကို နှစ်သက်ရာကို ပြုလုပ်ခြင်းဖြင့် အကျိုး ကျေးဇူးတစ်စုံတစ်ရာ ရရှိနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ စာဖတ်ခြင်းဖြင့် အသိပညာ၊ ဗဟုသုတ တိုးပွားလာစေနိုင်သလို ရုပ်ရှင်ကြည့်ခြင်းဖြင့်လည်း လူ့သဘာဝ၊ လူ့စရိုက်နှင့် လူမှုပတ်ဝန်းကျင်ကို လေ့လာသိရှိနိုင်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်းများနှင့် တွေ့ဆုံ ပျော်ပွဲစားခြင်းဖြင့်လည်း မိတ်ဆွေများနှင့် ခင်မင်ရင်းနှီးမှု ပိုမိုခိုင်မာလာစေတဲ့ အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ပါတယ်။ လူမှုရေး လုပ်ငန်းများမှာ ဗော်လန်တီယာ ပါဝင်ကူညီခြင်းဖြင့်လည်း ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါတယ်။
အားလုံးထဲမှာမှ လူငယ်တို့အတွက် အကောင်းဆုံးကတော့ စာဖတ်ခြင်းပင် ဖြစ်ပါတယ်။ အကောင်းနဲ့အဆိုးဆိုတာ အမြဲတွဲလျက်ရှိတာကြောင့် စာဖတ်တဲ့အခါမှာလည်း စာအုပ်ထဲက အကြောင်းအရာများဟာ မိမိရဲ့ အတွေးအခေါ်ကို အဆိပ်အတောက် မဖြစ်စေဖို့ကလည်း အရေးကြီးပါတယ်။ စာဖတ်တဲ့ သက်တမ်း ကြာလာတဲ့အခါမှာ ဘယ်လိုစာအုပ်မျိုးက ဖတ်ရှုသင့်သလဲ ၊ ဘယ်လို စာအုပ်မျိုးက မဖတ်ရှုသင့်ဘူးလဲ ဆိုတာကို စာဖတ်သူဟာ သူ့ အလိုလို သိမြင်လာပါတယ်။ စာဖတ်ခြင်းဖြင့် ဝေါဟာရများ ကြွယ်ဝလာသလို ဘာသာစကားကိုလည်း ကျွမ်းကျင်လာပါတယ်။ စာဖတ်ခြင်းကို ဝါသနာပါတဲ့ ဆယ်ကျော်သက်အရွယ်ကလေးများဟာ စာသင်ကျောင်းမှာ အခြားကလေးငယ်များထက် ဥာဏ်စွမ်းရည်ပိုမြင့်မားပြီး စာသင်ကျောင်းနှင့် တက္ကသိုလ် အတန်းများမှာ အမှတ်ကောင်းကြပါတယ်လို့ လေ့လာမှုများက ဆိုပါတယ်။
စာသင်ကျောင်းမှာ သင်ကြားတဲ့ ဘာသာရပ်များဟာ တခုနဲ့တခု မတူညီသော်လည်းပဲ အခြေခံ စာဖတ်ခြင်းအသိပညာကတော့ တူညီကြပါတယ်။ စာဖတ်တယ်။ ပြီးလျှင် တွေးတယ်။ ဆင်ခြင်တယ်။ သုံးသပ်တယ်။ နောက်ဆုံးမှာတော့ ပေးထားတဲ့အချက်အလက်များကို အသုံးပြုပြီးတော့ ဆက်လက်လုပ်ဆောင်သွားတယ်။ ဒီအခြေခံ အသိပညာကတော့ ဘာသာရပ်တိုင်းမှာ အတူတူပင်ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ခြင်းဟာ ဘယ်ဘာသာရပ်ကိုမဆို လေ့လာ သင်ယူနေတဲ့သူများအတွက် အကျိုးကျေးဇူးများပါတယ်။ ထို့အပြင် စာဖတ်ခြင်းဖြင့် စာရေးခြင်း စွမ်းရည်ကိုလည်း တိုးတက်လာစေပါတယ်။
စာဖတ်နေစဉ်မှာ မိမိနဲ့ မကျွမ်းဝင်တဲ့ စာအုပ်ပါအကြောင်းအရာများကို တွေးတော မိတတ်ပါတယ်။ ထိုသို့ တွေးတောခြင်းဟာ ဦးနှောက်ရဲ့ မီးခိုရောင်ဆဲလ်များကိုပါ ပိုမို အသုံးပြုစေတဲ့အတွက် စာဖတ်သူဟာ ပိုမို ထက်မြက်တဲ့သူ ဖြစ်လာပါတယ်။
စာအုပ်များထဲမှနေ၍ မိမိ မရောက်ဖူးသေးတဲ့ နေရာများကို သိရှိနိုင်ပါတယ်။ စာဖတ်ခြင်းဟာ လူတစ်ဦးချင်းစီရဲ့ အရည်အသွေး တိုးတက်ကောင်းမွန်စေတာတင်သာမကပဲ လုပ်ငန်းခွင်မှာလည်း တိုးတက် ကောင်းမွန်စေပါတယ်။ စာအုပ်များထဲမှ ယဉ်ကျေးမှု၊ ဘာသာ၊ စီးပွားရေးများအပြင် အခြား အကြောင်းအရာများစွာကို လေ့လာ သိရှိနိုင်ပါတယ်။ မိမိနဲ့ အတွေးအမြင် ရှုထောင့်မတူညီတဲ့ အာဘော်ကို စာအုပ်ထဲမှာ ဖတ်ရှုရတဲ့အခါမှာ စာရေးဆရာနဲ့ မိမိနဲ့အကြားမှာ ဒီမတူညီတဲ့ အမြင်ရှုထောင့် ဘာကြောင့် ဖြစ်လာရသလဲဆိုတာကို စဉ်းစား ဆင်ခြင်မိစေပါတယ်။ အဲဒီလို မိမိနဲ့ မတူညီတဲ့ဖက် တစ်ခုကနေ တွေးတော စဉ်းစားမိတဲ့အခါမှာ မိမိရဲ့ စိတ်ဟာလည်း အခြားသူများကို နားလည်လာပြီး ပိုမို ပွင့်လင်းလာပါတယ်။ အခြားသူတစ်ဦးရဲ့ ဖြစ်တည်နေမှုကိုလည်း လေးစား လာတတ်ပါတယ်။
မဂ္ဂဇင်းများ၊ ခေတ်လွန်များ၊ ဘဝသရုပ်ဖော် ဝထ္ထုများ ဘယ်စာကို မဆို ဖတ်ဖို့ပဲ အရေးကြီးပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ခြင်းဖြင့် စာရေးဆရာက ရှုထောင့်တစ်မျိုးမှ တင်ပြထားသော်လည်း စာဖတ်သူက လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ပြီး လွတ်လွတ်လပ်လပ် စိတ်ကူး မျှော်မြင်နိုင်ပါတယ်။ စာဖတ်ခြင်းဖြင့် ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ် မြင့်မားလာပါတယ်။ စာများများ ဖတ်လေလေ၊ လူအများက မေးတဲ့ မေးခွန်းတွေကို မိမိက ပိုမို ဖြေလာနိုင်လေလေ ဖြစ်လာပြီးနောက် လူအများ မဖြေရှင်းနိုင်သော ပြဿနာများ၊ အမေးပုစ္ဆာများကို မိမိက ဖြေရှင်းလာနိုင်ပါတယ်။ အဲဒီအတွက် မိမိကိုယ်မိမိ ယုံကြည်မှုတွေ ပိုမိုတိုးပွားလာပါတယ်။
စာအုပ်တစ်အုပ်ကို ဖတ်ရှုတယ်ဆိုရင် စာအုပ်ထဲက ဇာတ်ကောင်များ၊ ဇာတ်လမ်း ဇာတ်ကွက်များကို မှတ်မိတဲ့အလေ့ ဖြစ်လာပြီးနောက် မှတ်နိုင်စွမ်း မှတ်ဥာဏ်ကလည်း ပိုမို ကောင်းမွန်လာပါတယ်။
စာဖတ်တဲ့သူမှာ အများတကာကို ဝေမျှစရာ အကြောင်းအရာများစွာ ရှိနေတတ်ပါတယ်။ စာများများ ဖတ်လေလေ ဝေမျှစရာတွေက မကုန်နိုင်လေပါပဲ။ နောက်ဆုံး ဘာမှ အကျိုးကျေးဇူး မရှိဘူးပဲ ထားပါဦးတော့။ ဘဝရဲ့ နေ့ရက်တွေမှာ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အချိန်တွေ ရှိတော့မှာ မဟုတ်ပါဘူး။ အကျိုးကျေးဇူးများလွန်းတဲ့အတွက် အားလပ်ချိန်မှာ စာဖတ်ခြင်း အလေ့အထဟာ မွေးမြူသင့်တဲ့ အကျင့်ကောင်း တစ်ခုပဲ ဖြစ်ပါတယ်။
Credit-Shwemyotaw.com
ကိုရင် ဒိပ္ပ

No comments:

Post a Comment