Tuesday 29 July 2014

"အလုပ်ကောင်းကောင်းရဖို့ နည်းလမ်းများ" " တွေးခေါ်တတ်ပါ"

အတွေးအခေါ်၊ အတွေးအခေါ်ပညာရှင်၊ တွေးခေါ်ခြင်း၊ ဘ၀မှာ အောင်မြင် ဖို့ တွေးခေါ် တတ်ရမယ်စတဲ့ စကားတွေကို စာဖတ်သူတို့ ကြားဖူးကြမှာပါ။ အလုပ်ကောင်းကောင်းရဖို့၊ မိမိရဲ့အလုပ်မှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ကလည်း တွေးခေါ်တတ်ဖို့ လိုပါတယ်။ အတွေးအခေါ်ကောင်းတဲ့သူတွေဟာ လုပ်ငန်းဆောင်တာတွေကို လျင်လျင်မြန်မြန်နဲ့ ထိထိရောက် ရောက် လုပ်ဆောင်နိုင်ကြပါတယ်။ စာရေးသူတို့တစ်တွေဟာ တွေးခေါ်ရမှာကို အလွန်အင်မတန်မှ ပျင်းကြ ပါတယ်။ တွေးမှာလား၊ သေမှာလား (Think or Die) ဆိုရင် သေမယ် (Die) ဆိုတဲ့သူက များပါတယ်။ စာရေး သူတို့ဟာ ကြီးကြီးမားမားကိစ္စရပ်ကြီးတွေ မှာ တွေးခေါ်လေ့မရှိသလို သေးသေးဖွဲဖွဲကိစ်္စရပ် လေးတွေမှာလည်း တွေးခေါ်လေ့မရှိကြပါဘူး။ ဥပမာ- ဟယ်ရီပေါ်တာရုပ်ရှင်ကားကို ကြည့်တယ်ပဲ ဆိုပါစို့။ တွေးတတ်တဲ့သူက ကြံဖန်တွေးပါတယ်။ ဟယ်ရီပေါ်တာဟာ မှော် အတတ်ကို တတ်ကျွမ်းတဲ့ မှော်ပညာရှင်လေး ဖြစ်ပါတယ်။ သူရဲ့ မှော်နှင် တံလေးနဲ့ သူစေလိုရာ စေနိုင်ပါတယ်။ ဒါဆိုရင် သူကိုယ်တိုင်ကျတော့ရော ဘာဖြစ်လို့ မျက်မှန်အမည်းကြီး တပ်ထားတာပါလဲ။ ဒီမျက်မှန်ကြီး မတပ်ရအောင်၊ သူရဲ့မျက်လုံး အမြင်အာရုံကောင်းမွန်လာအောင် သူရဲ့မှော်ပညာက မစွမ်းဆောင်နိုင်တော့ဘူးလား။ တွေးတတ်ရင် တွေးစရာဖြစ်ပါတယ်။ ဒီအတိုင်း နေလို့ကတော့ ဘယ်သူမှ တွေးတတ်ခေါ်တတ်တဲ့ သူတွေ၊ တွေးခေါ် ပညာရှင်တွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ အသေးအဖွဲ့ကိစ္စလေးတွေက အစတွေးခေါ်တတ်လာအောင် လေ့ကျင့်ယူကြရမှာ ဖြစ်ပါတယ်။
စာရေးသူ အလွန်သဘောကျတဲ့ ညီမျှခြင်း (Equation) လေး တစ်ခုရှိပါတယ်။ အဲဒါက The Right Thought plus the Right People in the Right Environment at the Right Time for the Right Reason = the Right Result တဲ့။ “မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့ ပတ်ဝန်းကျင် အခြေအနေမှာ မှန်ကန်တဲ့သူတွေကို မှန်ကန်တဲ့ အကြောင်းပြချက်နဲ့ မှန်ကန်တဲ့အတွေး အခေါ် တွေပေါင်းထည့်ပေးနိုင်ရင် မှန်ကန်တဲ့ရလဒ် တွေ ထွက်ပေါ်လာပါလိမ့် မယ်” ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
အောင်မြင်မှုနဲ့ ပတ်သက်လာရင် လူတစ်ယောက်ရဲ့ အောင်မြင်မှုကို သူရဲ့ကြွယ်ဝချမ်း သာမှုတွေ၊ ဘွဲ့ဒီဂရီတွေနဲ့ တိုင်းတာတာမဟုတ်ပါဘူး။ သူရဲ့ အတွေးအခေါ်ပမာဏနဲ့တိုင်းတာ တာဖြစ်ပါတယ်။ အလုပ်အကိုင်ကောင်းကောင်း တစ်ခုကို ပိုင်ဆိုင်ရရှိပြီးသူ တစ်ယောက်အနေ နဲ့ မိမိရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ရရှိချင် တယ်ဆိုရင် မိမိရဲ့အတွေးအခေါ် ပမာဏကို ကြီးမားကျယ်ပြန့်သထက် ကျယ်ပြန့်လာအောင် ချဲ့ထွင်ကြိုးပမ်းရ မှာဖြစ်ပါတယ်။
ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီး ဒေါ်နယ်လ်ထရန့် (Donald Trump) ပြောတဲ့စကားလေး တစ်ခွန်းရှိပါတယ်။ အဲဒါက “ဘယ်လိုပဲဖြစ်ဖြစ် သင့်အနေနဲ့ တစ်ခုခုတော့ တွေးရမှာပါပဲ။ ဒီတော့ ဘာဖြစ်လို့ ကြီးကြီးမားမား မတွေးခေါ်ချင် ရတာလဲ”။ သိပ်ကောင်းတဲ့ စကားလေးဖြစ်ပါတယ်။ လူမှာ စိတ် ရယ်လို့ရှိလာရင် တစ်ခုခုတော့ တွေးခေါ်ကြရမယ့်အတူတူ စာရေးသူတို့ရဲ့ အတွေးအခေါ်တွေဟာ မြင့်မားဖို့ အပြုသဘော ဆောင်ဖို့ သတိပေးထားတာဖြစ် ပါတယ်။
စာရေးသူတို့ မြန်မာလူမျိုးတွေဟာ မိမိတို့ ကြုံတွေ့ခဲ့တဲ့အဖြစ်အပျက် (Experience) တွေ ဆီကနေ ပြန်လည်သုံးသပ်တွေးခေါ်မှု (Reflective Thinking) မှာ အလွန်အားနည်းကြပါတယ်။ အနောက်တိုင်းက လူတွေက ဒီနေရာမှာ အလွန်အားသာကြပါတယ်။ ဒီမှာ သူတို့နဲ့ စာရေးသူ တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ကွာခြားသွားတာပါပဲ။ အနောက်တိုင်းကလူတွေက အလုပ်တစ်ခုကို မလုပ်မီကတည်းက စီမံကိန်း (Plan) ကို စနစ်တကျဆွဲသလို၊ လုပ်နေတုန်းမှာလည်း စနစ်တကျ စောင့်ကြည့်ပါတယ်။ လုပ်ပြီးသွားတဲ့အခါမှာ လည်း စနစ်တကျ ပြန်လည်သုံးသပ် တွေးခေါ် (ReflectiveThinking) ပြု လုပ်လေ့ရှိကြပါ တယ်။ တစ်နည်းအားဖြင့် ဒါဟာ အတွေ့အကြုံ က သင်ယူ တာဖြစ်သလို၊ သူတို့ဖွံ့ဖြိုးတိုးတက်မှု ရဲ့ အဓိက လျှို့ဝှက်ချက်လည်း ဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွင်းမှာ စွမ်းဆောင်ရည် မြင့် မားအောင်မြင်လိုသူတစ်ဦး အနေနဲ့ မိမိရဲ့အတိတ် ကို ဆန်းစစ်သုံးသပ်ပြီး မိမိရဲ့လုပ်ကိုင်နိုင်မှု စွမ်းရည်တွေ ကောင်းမွန်သထက် ကောင်းမွန်လာအောင် ကြိုးစားကြရမှာပါ။ ဒါ့အပြင် လို အပ်ရင် မိမိတို့နဲ့ သက်ဆိုင်တဲ့ ဟောပြောပွဲ (Seminar) တွေ၊ အလုပ်ရုံဆွေးနွေးပွဲ (Workshop) တွေကို တက်ရောက်ပြီးတော့လည်း မိမိတို့ရဲ့ အတွေးအခေါ်တွေ ကောင်းမွန်လာaအာင်၊ ခေတ်နဲ့အညီ Up to Date ဖြစ် လာ အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။
အဲသလို ဟောပြောပွဲတွေ၊ သင်တန်းတွေ တက်ရောက်ကြတဲ့အခါမှာ လည်း ဟောပြောနေ တုန်း၊ သင်ကြားပို့ချနေတုန်း နားထောင်ရုံ၊ မှတ်သား ထားရုံသာမကပဲ၊ မိမိရဲ့ပင်ကိုယ်အသိ ဥာဏ်၊ ကိုယ်ပိုင်အတွေ့အကြုံတွေ နဲ့ ပြန်လည် ချိန်ထိုးစဉ်းစားသုံးသပ်တွေးခေါ်ပြီး အတွေးအခေါ်ကနေ လုပ်ဆောင်မှု (Action) ဖြစ်လာ အောင် ပြောင်းလဲယူကြရမှာဖြစ်ပါတယ်။ လူ တစ်ယောက်ဟာ သူရဲ့ပတ်ဝန်းကျင်၊ သူရဲ့ အတွေ့အကြုံကို စဉ်ဆက်မပြတ် သုံးသပ်လေ့ လာတွေးခေါ်ပြီး သူရဲ့လုပ်ဆောင်မှု (Action) တွေကို ကောင်းမွန် သထက် ကောင်းမွန်အောင် ကြိုးစားလာတာနဲ့အမျှ ဘ၀အဆင့်အတန်း မြင့် မားအောင်မြင်လာမှာ အသေအချာပဲ ဖြစ် ပါတယ်။ ကဲ ... မိတ်ဆွေ၊ အောင်မြင် ချင် တယ်ဆိုရင် တစ်စုံတစ်ရာကို တွေးခေါ်ဖို့ ဘယ် တော့မှ မပျင်းပါနဲ့။ ။
See you at the top! 
လင်းသိုက်ညွန့် (မြန်မာ့မြေ)
JOB seekers Journal Vol.3,No.1


No comments:

Post a Comment