Tuesday 29 July 2014

" အ စွဲ "



မိမိ ၁၀ တန်းကျောင်းသားဘဝတုံးက ကျောင်းကို အလွန်စကားထစ်တဲ့ ကျောင်းသား တစ်ယောက် ပြောင်းလာပါတယ်။ ရှေ့ခုံနောက်ခုံ ထိုင်ကြရင်း ရင်းနှီးလာတော့ လူငယ်သဘာဝ သူစကား ထစ်တာကိုပဲ ရီစရာတစ်ခုလုပ်ပြီး စကြ နောက်ကြပါတယ်။ သူကလည်းထစ်တာမှ တော်တော် ထစ်တာပါ။ သူနဲ့စကားပြော တိုင်း ကိုယ်တွေကလည်း သူ့လိုလိုက်ထစ်ပြီး စကြ ပြောင်ကြ သူကလည်းကိုယ်တွေက စ လေ ထစ်လေနဲ့ ရီကာမောကာနဲ့ လူငယ်ဘဝမှာ တော်တော် ဘရုတ်ကျလို့ စခဲ့ နောက်ခဲ့ ဘူးပါတယ်။
အဲ ၃ လ လောက်အကြာမှာတော့ ပြဿနာ တစ်ခုကို သတိထားမိလာကြပါတယ်။ အဲဒါကတော့ သူများကိုစရင်း နောက်ရင်း မိမိတို့ တစ်ဖွဲ့လုံး အကုန် စကားထစ် ကုန်ပါတော့တယ်။ တစ်ရက်မှာသူငယ်ချင်းတွေ လူစုံတုံး ထစ်တဲ့သူကို ဆက်ပြီး စ နေကြမယ် ဆိုရင်တော့ ကြာရင် အားလုံး လုံးဝ ထစ်ကုန်တော့မဲ့ အကြောင်း သတိပေးရပါတယ်။ မိမိဆိုရင် "နှစ်" ဆိုတဲ့ စကားလုံးမှာ ထစ်နေတတ်ပါတယ်။
နှစ် ကိုပြောမယ်ကြံတိုင်း လက်နှစ်ချောင်း ထောင်ပြီး ပါးစပ်က အသံထွက်မရပဲ ထစ်နေတာဟာ ကိုးရို့ကားယားနဲ့ တော်တော် ဆိုးပါတယ်။
ကျန်တဲ့သူငယ်ချင်းတွေကလည်း သူတို့ထစ်တဲ့ နေရာတွေကို တစ်ယောက်ပြီး တစ်ယောက် ပြောကြပါတယ်။
အဲဒီအထဲ မှာသူငယ်ချင်း တစ်ယောက်ကတော့ ဘာမှဝင်မပြောပဲ ငြိမ်နေပါတယ်။
မိမိတို့က ကိုယ်ထစ်တဲ့ အကြောင်းတွေပြောရင်း ရီရင်းနဲ့ ၁၀ မိနစ် လောက်ကြာတဲ့ အခါမှ ကိုယ်တော်ချောက စကားတစ်ခွန်း ဝင်ပြော ပါတယ်။
" ငါါါါါါ……ကမထစ်ဘူးဗျ" တဲ့။
အဲဒီကျမှ အားလုံး ဝိုင်းရီလိုက်ကြတာ တဝါးဝါးနဲ့ ရပ်လို့တောင် မရတော့ပါဘူး။ လက်စသတ်တော့ ၁၀ မိနစ်လုံးသူတစ်ယောက်ထဲ စိတ်ထဲမှာ အဲဒီ "ငါ" ဆိုတဲ့စကားလုံးကို ထစ်နေခဲ့တာကိုး။

မိမိအနေနဲ့ နှစ် ဆိုတဲ့စကားကိုထစ်နေခဲ့တာ ၁၀ နှစ်ကြာပါတယ်။ ငါ ကိုထစ်နေတဲ့ သူငယ်ချင်းဆို RIT နဲ့ကျောင်းပြီးလို့ အရာရှိကြီး ဖြစ်နေ တာတောင် အခုထိ ငါ မှာ ထစ်နေတုံးပါပဲ။ ငါလို့ပြောတိုင်း ထစ်နေလို့ သူများအရီခံနေရတာနဲ့ စိတ်နာပြီး ငါ ဆိုတာ ကိုမသုံးပဲ နေခဲ့ရပါတယ်။
အခုဆိုရင် တရားစကား ပြောရရင် ငါ ပြုတ်သွားပြီ လို့ ပြောရမှာပါပဲ။
အခု ကိုယ်တို့ ကျွန်တော်တို့ ပြောင်းသုံးနေပါတယ်။

ပြောချင်တာကတော့ ဘာမဟုတ်တဲ့ စ ရင်း နောက်ရင်း စွဲခဲ့တဲ့ ဒီစကားထစ်တာလေးကိုတောင် အကျင့်ပါပြီး စွဲခဲ့ရင် ဖျောက်ဖို့ အလွန် ခက်လှ ပါတယ်။
အခုအချိန်အထိ ငယ်ငယ်တုံးကစွဲခဲ့ပြီး ပြင်လို့ မရသေးတဲ့ အကျင့် စရိုက်တွေ ကိုယ့်ဆီမှာ ရှိနေပါသေးတယ်။ ကိုယ့်စိတ်ကလည်း ကောင်းတာကိုသာ မစွဲပဲနေချင်နေမယ်၊ မကောင်းတာကျတော့ အလွန်အစွဲကြီးလှပါတယ်။ ဒီလိုနဲ့အသက်တွေတဖြည်းဖြည်းကြီးလာတာနဲ့အမျှ တစ်ခုပြီးတစ်ခု ပြောင်း ပြောင်းစွဲလာလိုက်တာ နောက်ဆုံး လောဘနဲ့လည်း စွဲလိုက်တာပါပဲ။ ဒေါသနဲ့လည်းအလွတ် မပေးပါဘူး။ ဘာမသိညာမသိနဲ့စွဲခဲ့တာလည်း အနန္တပါပဲ။ အသက်တွေကြီးလာလေလေ အစွဲပေါ်အစွဲဆင့် လို့ နောက်ဆုံးကြုံသမျှကို တစ်နည်းနည်းနဲ့စွဲရမှ နေသာထိုင်သာရှိတဲ့ Professional ဥပါဒါန် လူသားတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာရပါ တော့တယ်။
" စွဲနေပြီ " ဆိုပြီးသီချင်းလေး တငြီးငြီးနဲ့
စွဲတာကိုတောင် ဂုဏ်ယူနေခဲ့ပါသေးတယ်။

ဒီလိုနဲ့တရား ကလေးဘာလေး စိတ်ဝင်စားလာလို့ မိမိက သေချာပြီလို့ တွက်ထားတဲ့ ဆရာနဲ့
နည်းကို အသေချာ ရွေးပြီး အစွဲတွေ သက်သာအောင် တရားတွေ အားထုတ်လို့ ၆ လ လောက် ရှိလာတဲ့ အခါမှပဲ…………………………… ငါ့ဆရာ ဆရာ့နည်း ရိပ်သာအစွဲနဲ့ပိုလို့သာဆိုးလာ ပါတော့တယ်။ ငါ့နည်းမှတပါး တခြားနည်းကို မှန်တယ်လို့မထင် တော့ပါဘူး။ ကိုယ့်ဆရာနဲ့နည်းကို ထိပါးလာရင် မကျေမနပ်နဲ့ ဒေါသတွေဖြစ် ခဲ့ရတာလည်း အခါခါပါ။
ဟိုဟာ ဒီဟာတွေ၊ ဓာတ်တော်ကျတာတွေနဲ့ ကိုင်ပေါက်ရင်း အလွန်အငြင်း သန်ခဲ့ဘူးပါတယ်။ ကိုယ့်ဆရာ တရားခွေတွေ ပေးတာကို တစ်ဖက်လူက တန်ဖိုးမထားရင် ဘဝင်မကျနဲ့ တစ်နုံ့နုံ့ ဖြစ်နေရပါသေးတယ်။
ကိုယ့်ဖက်က သဘောထားမမှန်လို့ ဆရာစွဲ နည်းစွဲ ရိပ်သာစွဲနဲ့ အစွဲကြီးခဲ့လို့ ဖြစ်လိုက်ရတဲ့ အကုသိုလ်တွေ မနည်းလှပါဘူး။
ဒါလည်း အခုအချိန်ပြန်စဉ်းစားပြီး ပြောလို့သာပါ။ အဲဒီတုံးကတော့ ကိလေသာလို့ တစ်ချက်မှ မသိခဲ့ပါဘူး။
အရှိန်ကောင်းလှတဲ့ ကိလေသာကြားကို သတိ ဥာဏ် ကြားမခို နိုင်ခဲ့ပါဘူး။

တရားတွေ ထိုင် နိုင် ထနိုင် လာတော့လည်း အဲဒီထိုင် နိုင် ထနိုင် တာတွေကိုစွဲပြီးတစ် နေ့သုံးကြိမ်လောက်ထိုင် ဖြစ်တာကိုပဲကြိတ်ပြီး ဂုဏ်ယူနေခဲ့တာလည်း မိမိကိုယ်ကိုမိမိအသိဆုံးပါ။ အိမ်က အခန်းလေးတစ်ခန်းထဲမှာ တရား အားထုတ်မှ မှတ်လို့ပိုကောင်းတယ် ဆိုပြီး အချိန်ကျတိုင်း အဲဒီအခန်းလေးထဲကို အခင်းကလေး ယူပြီး နေရာအစွဲနဲ့ သွားသွား တရားထိုင်ခဲ့တာကိုလည်း ခုထိမျက်စိထဲ
မြင်မိပါသေးတယ်။ တရားထိုင်လို့ ငြိမ်နေတာကို သဘောကျ နေရင်း တစ်ယောက်ယောက်က တံခါးပိတ်လို့ အသံကျယ်သွားရင် လန့်ပြီး သမာဓိပျက်တယ် ဆိုပြီး စိတ်ဆိုးမိပါတယ်။ ဘေးအိမ်က ကလးတွေ ဆူလို့ စိတ်ထဲမှာ
ကလေးတွေနဲ့ ရန်ဖြစ်နေမိတာလည်း အကြိမ်ကြိမ်ပါပဲ။

ထူးဆန်းတယ်နော်။ သာမာန်အချိန်တွေမှာ ဒီလိုတံခါးပိတ်တာ၊ ဒီလို ကလေးတွေ ဆော့တာ ကြားနေရတာပဲ။ တစ်ခါမှစိတ်မဆိုးခဲ့ပါဘူး။ တရားထိုင်မှ ဒါတွေအတွက် စိတ်ဆိုးရတာ တစ်ခုခုတော့ လွဲနေပါပြီ။ ကိုယ်ဥာဏ်အားနည်းတာလည်း ဖြစ်နိုင် ပါတယ်လေ။ကိုယ့်သမာဓိက အသံကိုတောင် ကြောက်နေ သေးတာတော့ အမှန်ပါ။ ဘာပဲပြောပြော ကိုယ်စိတ်ထဲ ဒိတ်ကနဲ လန့်သွားတာ၊ အပြစ်တင်လိုက်တာကို သိလိုက်ရတာကိုပဲ ကျေးဇူးတင်မိပါတယ်။ အာရုံတစ်ခုခုထဲ နှစ်ထားပြီး ဘာမှ မသိအောင် တမင်လုပ်နေတာ ထက်စာရင် အခုလို အမှန် အတိုင်း သိလိုက်ရတာ တော်ပါသေးတယ်လေ။
ဆရာတော်တစ်ပါးရဲ့ "တရား အားထုတ်တယ် ဆိုတာ မြတ်စွာဘုရား ဟောကြားထားတဲ့ အတိုင်း သတိပဋ္ဌာန်စတဲ့ အကျင့်တွေနဲ့ အစွဲတွေ နည်းအောင် ကိလေသာတွေပါးအောင် အားထုတ်ရတာ။ ဘယ်သူဟောဟော ဘုရားနည်းမှ တစ်ပါး တခြားနည်းဆိုတာ မရှိပါဘူး။ ဒကာကြီးပြောသလို ဝိပဿနာ ဥာဏ်တွေဖြစ်ပါတယ် ပြောပြီး ဆရာအစွဲ နည်းအစွဲနဲ့ တစ်ခုခုကို အလွန်အမင်း စွဲနေသ၍ တရားနည်းလမ်း မမှန်သေးဘူး။" ဆိုတဲ့ အဆုံးအမကို နာယူခဲ့ရလို့သာ ကိုယ့်ကိုယ်ကို ပြုပြင်ပြီး သက်သာရာရခဲ့တာပါ။ အစွဲကြီးစွဲလို့ အလွဲကြီး မလွဲခဲ့ရတာပါ။
ဒါတောင် တချို့အရာတွေကို စွဲနေတုံးပါပဲ။

ဒီလိုအဖြစ်မျိုးတွေဟာ တရားအားထုတ်တဲ့သူ အတော်များများ ဖြစ်ခဲ့ဘူးကြတာပါ။ အနည်းနဲ့ အများ ကွာတာပဲ ရှိပါလိမ့်မယ်။ မစွဲဖို့ ဘုရားရှင်က ဘယ်လောက်ဟောဟော ဆရာတော်တွေ ဘယ်လောက်ပြောပြော အကျင့်ပါ ခေါက်ရိုးကျိုးနေတဲ့ စိတ်က ကိလေသာနဲ့ စွဲနေတုံးပါပဲ။
အဆိုးဆုံးကတော့ ဆရာစွဲ နည်းစွဲပါပဲ။ ကိုယ့်ဆရာကို အစွဲလွန်တော့ ဘုရားနည်းကိုပဲ "ကြာတယ် စာတွေခံတယ်"ဆိုပြီး အကုသိုလ်တွေ ဖြစ်တတ်ပါတယ်။ ဘုရားဟောတာတွေကို ပယ်ပြီး ဆရာ့နည်းကိုသာ အမှန် လုပ်လာတဲ့အခါ ဓမ္မအန္တရာယ်ထိုက်လို့ အပါယ် ကျတတ်ပါတယ်။ တရား အားထုတ်သူတွေ အနေနဲ့ အဲဒီ အချက်ကိုတော့ များစွာ သတိထားသင့်ပါတယ်။
ဘုရားရှင်က သူဟောကြားခဲ့တဲ့ မဂ္ဂင်ရှစ်ပါး တရားနည်း ကိုတောင် ဖေါင်ပမာကျင့်သုံးပါလို့ မစွဲအောင် သတိပေး ဆုံးမခဲ့တာပါ။

တကယ်တော့ ဒီ အစွဲဆိုတဲ့ ဥပါဒါန်ဟာ မိမိတို့ကို တစ်သံသရာလုံး ဒုက္ခတွေပေးခဲ့တာပါ။
သူကဆက်လို့ ဘဝတွေ အလီလီ ဖြစ်ခဲ့ရသလို၊ အပါယ်ကို အခေါက်ခေါက်လည်း ရောက်ခဲ့ရပြီး ပါပြီ။ဖြစ်နိုင်ရင်တော့ ဘာကိုမှလွန်စွာ မစွဲတာဟာ အကောင်းဆုံးပါပဲ။
ကဲ…ပြောတာဘယ်လောက်လွယ်သလဲ။ အဲဒီလိုပြောတာ လွယ်သလောက် တကယ် ပြည့်စုံအောင် ကြိုးစားနိုင်ဖို့ဆိုတာ အလွန့် အလွန်ကို ခက်ပါတယ်။

အစွဲတွေကိုမစွဲဖို့၊ အစွဲတွေကိုပယ်ဖို့၊ လွှတ်ချဖို့ ဆိုတာ အပြောလွယ်သလောက် လက်တွေ့ ဘဝမှာ မလွယ်လှပါဘူး။ ဆရာကမစွဲနဲ့ ပြောရုံနဲ့ မစွဲဘူးကွာဆိုပြီး ဇွတ်ပယ်လို့လည်း မရပါဘူး။
ဆရာခိုင်းသလို စိတ်ထင်ရာတွေလျှောက်လုပ်ရင်း မစွဲပဲနေလို့ ရတယ်လို့ ထင်နေရင်တော့ ကိုယ့်အထင်နဲ့သာ လမ်းဆုံးရတော့မှာပါ။
အဲဒီလိုလွယ်လွယ်နဲ့ စပါယ် ပွင့်ရိုးထုံးစံ မရှိပါဘူး။
အစွဲတွေကိုပယ်ဖို့ထက် မိမိမှာ အစွဲတွေများစွာ ရှိနေတယ် ဆိုတာကို အရင်ဆုံး သိဖို့က ပိုအရေးကြီးပါတယ်။
" ငါါါါါ …ကမထစ်ဘူးဗျ " လိုတော့ မဖြစ်စေချင်ပါဘူး။ ပုထုဇဉ်ပီပီ တစ်ခုမဟုတ် တစ်ခုတော့ စွဲနေတတ်ပါတယ်။

ဥပမာ ထမင်းစားတယ်ဆိုပါတော့။ ထမင်းစားနေရင်းနဲ့ ကိုယ်ဘယ်ဟင်းကို ဥပါဒါန် အစွဲနဲ့ လောဘတစ်ကြီး ဖြစ်နေသလဲ ဆိုတာ ကိုယ့်ကိုယ်ကို သတိလေးနဲ့ ဂရုစိုက်ကြည့်ရင် အလွန်ထင်ရှားစွာ သိနိုင်ပါတယ်။ မကြိုက်တဲ့ဟင်းကျ တော့လည်း မကြိုက်တဲ့ ဥပါဒါန်အစွဲ နဲ့ ခါးခါးသီး စိတ်ထဲက ငြင်းနေ တတ်တာလည်း ပိုလို့တောင် ထင်ရှားလို့ အလွယ်တကူ သိနိုင်တာပါပဲ။
မစွဲရဘူး မပြောဘူးနော်။စွဲရင် စွဲမှန်းသိ၊ မစွဲဘူးဆိုလည်း မစွဲမှန်း တစ်ချက် နှစ်ချက် လောက်ဖြစ်ဖြစ် အသိအမှတ် ပြုဖို့သာ အကြံပြုလိုတာပါ။

အဲဒီလိုပါပဲ။ တစ်နေ့တစ်နေ့မိမိတို့ပြုကြ။ ပြောကြ၊ ကြံစည်ကြ တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ အလုပ် တွေမှာလည်း အစွဲတွေ ပါမပါ ဂရုစိုက်ပြီး သိစေချင်ပါတယ်။ သိမ်မွေ့တဲ့ ဥပါဒါန် တွေကို မသိနိုင်သေးဘူး ဆိုရင်တောင် ကြမ်းတမ်းတဲ့ ကြီးမားတဲ့ အစွဲတွေကိုတော့ ဖြစ်ရင်ဖြစ်မှန်း၊ မဖြစ်ရင်မဖြစ်မှန်း သိစေချင် ပါတယ်။
အဲဒီလောက်ကတော့ သိချင်စိတ်သာ မွေးပြီး ဂရုစိုက်ရင် ထင်ရှားစွာ သိလို့ရပါတယ်။ လုပ်ကြည့်ရင်းနဲ့လွယ်သွားတာပါပဲ။
အဲဒီလို "ပဇာနာတိ" သေချာသိလေလေ မိမိတို့စိတ်မှာ ကိလေသာတွေ အဖြစ်နည်းပြီး သက်သာလေလေပါပဲ။

ဥပါဒါန်ပါး ကိလေသာနည်းချင် သူတွေအဖို့ ဥပါဒါန် ဖြစ်တာ ကိလေသာဖြစ်တာကို သိတဲ့အကျင့် ကိုတော့ ကျင့်ကို ကျင့်ရမှာပါ။
ဖြစ်တာကိုသိမှသာ ပယ်တာကို နားလည်မှာပါ။ ဖြစ်တာမသိဘဲ ဇွတ်ပယ်လို့လည်း မရပါဘူး။
ကိုယ့်မှာ ကြမ်းတမ်းတဲ့ ကိလေသာတွေဖြစ်ပြီး အကုသိုလ်တွေ ပြုနေ ပြောနေတာကိုတောင် မသိတဲ့သူက ကိလေသာတွေ ပယ်နိုင်ဖို့ဆိုတာ အလွန် အလှမ်း ဝေးလှပါတယ်။

ဒါကြောင့်ဖြစ်တာသိဖို့သာ အရင်ဆုံးအကြံပြုရ တာပါ။
အဲဒီလို ဖြစ်တာကိုသိနေတာကိုကတနည်းအားဖြင့် ပယ်နေတာပါပဲ။ ဒီသဘောတရားတွေကိုလည်း ဖြစ်တာတွေသိရင်း တဖြည်းဖြည်း နားလည်လာပါ လိမ့်မယ်။
ဒီနေ့က စ လို့ မိမိ ရဲ့ကာယကံ၊ ဝစီကံ၊ မနောကံ အမှု တွေမှာ အစွဲ ဥပါဒါန်တွေ ပါမပါ၊ ကိလေသာတွေ ဖြစ်မဖြစ် သေချာ သိအောင် ကြည့်တတ်တဲ့ အလေ့အကျင့်ကလေး တစ်ခု ကိုတော့ စတင် ထူထောင် လေ့ကျင့် ကြည့်စေချင် ပါတယ်။

မေတ္တာဖြင့်

No comments:

Post a Comment