Tuesday 29 July 2014

သံဃာကို ဘယ်လိုကြည်ညိုရမလဲ

အမေရိကုန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိ(စ်) ခရိုင်၊ ဆန်ဂေးဘရီယယ်မြို့မှာ ရှိတဲ့ ဒေါက်တာ ဦးမောင်မောင်၊ ဒေါ်မေယု မိသားစုတို့ရဲ့ ဓမ္မစက္ခုဓမ္မာရုံမှာ ပြုလုပ်တဲ့ ဓမ္မသင်တန်းမှာ သင်တန်းကို ၁ နာရီဟောပြပြီး `မေးလိုရာမေး´ ဆိုတဲ့ အစီအစဉ်ကိုလည်း နောက်ဆက်တွဲအဖြစ် ထည့်ထားပါတယ်။

အဲဒီမှာမေးတဲ့ မေးခွန်းတွေထဲက ဗုဒ္ဓဘာသာဝင်အများနဲ့ ဆိုင်တဲ့ မေးခွန်းတစ်ခုကတော့....

`ရတနာသုံးပါးကို မတုန်မလှုပ် ယုံကြည်ရမယ်ဆိုတဲ့အထဲက သံဃာတော်ကို မတုန်မလှုပ် ယုံကြည်မှုတွင် သံဃာ၏အဓိပ္ပါယ် နှင့် သံဃာကို မတုန်မလှုပ် ယုံကြည်ရန် မည်ကဲ့သို့ စိတ်ထားရမည်ကို ရှင်းပြပေးတော် မူပါဘုရား´။ မေးခွန်းရှင်က မခိုင်ခိုင်ဌေး (Rosemead မြို့) တဲ့။

ဖြေ။ ။ ဒီမေးခွန်းမှာ မေးထားတာ အဆင့်နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်က သံဃာ၏ အဓိပ္ပါယ် တဲ့။
`သံဃာ´ ဆိုတာ `အယူဝါဒရော၊ အကျင့်သီလပါ တူညီစွာနဲ့ ကိလေသာကင်းစင်ရေးကို ကျင့်ကြံအားထုတ်တော်မူတဲ့ ပုဂ္ဂိုလ်အပေါင်း´ လို့ အဓိပ္ပါယ် ရပါတယ်။ ရတနာသုံးပါးအရာမှာတော့ သာသနာ့ဝန်ထမ်းဖြစ်တဲ့ `ရှင်ရဟန်းအပေါင်း´ လို့ အဓိပ္ပါယ် ရပါတယ်။

ဒုတိယအဆင့်က သံဃာကို မတုန်မလှုပ် ယုံကြည်ရန် မည်ကဲ့သို့ စိတ်ထားရမည်ကို ရှင်းပြပေးပါ ဘုရားတဲ့။

`မည်ကဲ့သို့စိတ်ထားရမည်´ ဆိုတာကတော့ သံဃာ့ဂုဏ်တော်ထဲမှာ ပါတဲ့အတိုင်း.....

(၁) သုပ္ပဋိပန္နော = ဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း ကောင်းမွန်မှန်ကန်စွာ ကျင့်တော်မူပါပေ၏။
(၂) ဥဇုပ္ပဋိပန္နော = ဖြောင့်မတ်တည့်မှန်စွာ ကျင့်တော်မူပါပေ၏။
(၃) ဉာယပ္ပဋိပန္နော = နိဗ္ဗာန်နှင့်ထိုက်တန်အောင် ကျင့်တော်မူပါပေ၏။
(၄) သာမီစိပ္ပဋိပန္နော = ရိုသေလေးစားစွာ ကျင့်တော်မူပါပေ၏။
(၅) အာဟုနေယျော = ရှေးရှုကော်ရော်ပူဇော်သည်ကို ခံတော်မူထိုက်ပါပေ၏။
(၆) ပါဟုနေယျော = အထူးပြုလုပ်ပူဇော်သည်ကို ခံယူထိုက်ပါပေ၏။
(၇) ဒိက္ခိဏေယျော = နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းသည်ကို ခံတော်မူထိုက်ပါပေ၏။
(၈) အဉ္စလီကရဏီယော = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံတော်မူထိုက်ပါပေ၏။
(၉) အနုတ္တရံ ပုညက္ခေတ္တံ လောကဿ = လူအပေါင်း၏ ကောင်းမှုကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူပါပေ၏လို့ အာရုံပြုနှလုံးသွင်းတဲ့ စိတ်ထားရမှာပါ။

မေးခွန်းရှင်က တစ်သက်လုံး `သံဃံ သရဏံ ဂစ္ဆာမိ´ ဆိုလာခဲ့ပြီး အခုမှ `မည်ကဲ့သို့စိတ်ထားရမည်´ ဆိုတဲ့အချက်ကို မေးမြန်းတာကို အကဲခတ်ကြည့်ရတာ `သံဃာ´ ထဲမှာ အပါအဝင်ဖြစ်တဲ့ အချို့ရဟန်းတော်များအပေါ်မှာ ကြည်ညိုစိတ်ထားဖို့ အမြင်မကြည်လင်စရာတွေ ကြားနေ၊ မြင်နေရတဲ့ ပြဿနာနဲ့ ကြုံနေရတဲ့ သဘောမျိုး ရှိပုံရတယ်နော်။

ဒီလိုစိတ်ထားမျိုး ရှေးကလည်း ပုထုဇဉ်ရဟန်းအချို့ရဲ့ အပြုအမှုတွေအပေါ် မကြည်လင်တဲ့အတွက် မိလိန္ဒမင်းကြီးမှာ ဖြစ်ပေါ်ခဲ့ပုံရပါတယ်။ မိလိန္ဒမင်းကြီးက အရှင်နာဂသေနမထေရ်ကို ဒီသဘောမျိုးနဲ့ အဓိပ္ပါယ်တူတဲ့ မေးခွန်းကို မေးလျှောက်ဖူးတယ်။ ဒီအမေးနဲ့ပတ်သက်ပြီး အရှင်နာဂသေနမထေရ်ရဲ့ ဖြေကြားချက်ကလည်း ဗုဒ္ဓဘာသာဝင်တွေ လိုက်နာမှတ်သားဖို့ အတော်လေး ကောင်းပါတယ်။ အရှင်နာဂသေနရဲ့ အဖြေကတော့....

` မင်းကြီး၊ လောကမှာ ရေဆိုတာ ကျိုက်ကျိုက်ဆူအောင် ပူလောင်နေတယ်ဆိုစေဦးတော့၊ မီးတောက် မီးခဲကိုတော့ ငြိမ်းစေနိုင်ပါတယ်။ ထို့အတူပဲ ပုထုဇဉ်ရဟန်းအချို့မှာ အသင်မင်းကြီးတွေ့ရသလို ကိလေသာအပူမကင်းတဲ့ အပြုအမူတွေ ရှိနေတယ်ဆိုစေဦးတော့၊ သူတို့ရဲ့ ကိလေသာအပူက ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးပူမျိုးသာ ဖြစ်တယ်။ လူဝတ်ကြောင် ပုထုဇဉ်တို့မှာ ရှိနေတဲ့ ကိလေသာ အပူတွေက မီးတောက်မီးခဲလို အပူတွေဖြစ်တယ်လို့ နှိုင်းယှဉ် နှလုံးသွင်းကြည့်လိုက်ရင်လည်း ကြည်ညိုစိတ် ဖြစ်လာနိုင်ပါတယ်။

မင်းကြီး၊ လောကမှာ ရေဟာ သောက်သုံးဖို့ မဆိုထားနှင့်၊ ခြေဆေးဖို့လောက်တောင် မဖြစ်နိုင် လောက်တဲ့ ရွှံ့နွံရေပင်ဖြစ်စေဦးတော့၊ မစင်အညစ်အကြေးကိုတော့ ဆေးကြောဖယ်ရှားနိုင်ပါတယ်။
ထို့အတူပဲ ပုထုဇဉ်ရဟန်းအချို့ရဲ့ အပြုအမူတွေက ကိလေသာတွေနဲ့ နောက်ကျူနေတဲ့ ရွှံ့နွံရေလောက်ပဲရှိတယ်။ လူဝတ်ကြောင် ပုထုဇဉ်တွေရဲ့ ကိလေသာအညစ်အကြေးတွေကတော့ မစင်အညစ်အကြေးလောက် ရှိနေတယ်လို့ နှိုင်းယှဉ်နှလုံးသွင်းလိုက်ရင်လည်း ကြည်ညိုစိတ် ဖြစ်လာနိုင်ပါတယ်။

မင်းကြီး... စားကောင်းတဲ့ သစ်သီး တစ်လုံးဟာ အပုပ်အနာတွေ မကင်းဘူးဆိုရင်တောင်မှ အလွန့်အလွန် ဆာလောင်မွတ်သိပ်နေသူရဲ့ ဝမ်းမီးအပူကိုတော့ ငြှိမ်းပေးနိုင်ပါတယ်။ အဲဒီလိုပါပဲ၊ ပုထုဇဉ်ရဟန်းအချို့ရဲ့ အပြုအမူတွေဟာ အပုပ်အနာမကင်းတဲ့သစ်သီးလို ဖြစ်နေတယ်ဆိုစေဦးတော့၊ သံသရာတစ်လျှောက်လုံး ကိလေသာအဆာဓာတ်တွေနဲ့ ပူလောင်နေကြတဲ့ ပုထုဇဉ် လူဝတ်ကြောင်တို့ရဲ့ စိတိအပူဓာတ်ကိုတော့ `အရဟတ္တဇ´ လို့ခေါ်တဲ့ ဘုရားအမွေတော် သင်္ကန်းရောင်ကလေးကပင် ငြိမ်းအေးစေနိုင်ပါပေတယ်လို့ နှလုံးသွင်းလိုက်ရင် ကြည်ညိုစိတ် ဖြစ်လာနိုင်ပါတယ်....တဲ့။´

သံဃာကို ကြည်ညိုတတ်တဲ့ စိတ်ကလေး ဖြစ်ပေါ်လာစေဖို့ `ယောနိသော မနသိကာရ´ လို့ခေါ်တဲ့ ကုသိုလ်ဖြစ်အောင် တွေးပုံကလေးတွေကို အရှင်နာဂသေနက ဖြေဆိုပေးလိုက်တာပါ။ ဒါကို ဗုဒ္ဓဘာသာဝင်တိုင်း အတုယူလိုက်နာကြရင် အကုသိုလ်ကင်းပြီး ကုသိုလ်တိုးပွားနိုင်ပါလိမ့်မယ်။
*********

ဒီမေးခွန်းနဲ့ ဆက်စပ်ပြီးတော့ မေးခွန်းထဲမှာ မပါပေမဲ့ နည်းနည်းပြောချင်တာ ရှိပါတယ်။
တချို့က `သံဃာဆိုတိုင်း အတုမှန်းမသိ၊ အစစ်မှန်းမသိဘဲ ကြည်ညိုလှူဒါန်းပူဇော်နေတော့ရော၊ အစစ်အမှန်မဟုတ်ဘဲ လှူဒါန်းပူဇော်တာ ဘာအကျိုးရှိမှာလဲ ´ ဆိုတဲ့ သံသယမျိုးလည်း ရှိတတ်ပါတယ်။ ဒါမျိုး မေးမြန်းတာလည်း ကြုံဖူးတယ်။ ဒါနဲ့ပတ်သက်ပြီး ကြားရဖူးတဲ့ အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြချင်တာပါ။

အင်းဝခေတ်မှာ ရှင်ဘုရင် တစ်ပါးက တစ်ညမှာ အိပ်မက် ထူးထူးခြားခြားမက်တယ်။ သူ့အိပ်မက်က `ရဟန္တာမထေရ်မြတ်ကြီးတစ်ပါး သူ့နန်းတော်အထိ ဆွမ်းခံကြွလာလို့ သူကိုယ်တိုင် ရဟန္တာမထေရ်မြတ်ကြီးကို ဆွမ်းလောင်းလှူလိုက်ရတယ်´ လို့ မက်တာတဲ့။

နောက်နေ့ ပွဲတော်တည်ဖို့ ပြင်ဆင်ပြီးရောက်လာတော့ ရှင်ဘုရင်ကြီးက သူ့အိပ်မက်ကို ပြောပြပြီး `နေကြဦး၊ မွန်းမတည့်မချင်း ငါပွဲတော်မတည်ဘူး၊ ရဟန္တာအရှင်မြတ်ကြီး ဆွမ်းခံကြွလာရင် စားဦးစားဖျား လောင်းလှူနိုင်အောင် စောင့်မယ်´ ဆိုပြီး ပွဲတော်မတည်သေးဘဲ ဒီအတိုင်း အသင့်ပြင်ပြီး စောင့်နေသတဲ့။

အဲဒီအချိန်မှာ မြို့ပြင်က သုသာန် ဇရပ်မှာနေကြတဲ့ သူတောင်းစားလင်မယားမှာ မယားက ကိုယ်ဝန်ဆောင်ထားချိန်ဖြစ်လို့ `ရှင်ဘုရင့် ပွဲတော်အုပ်ကို စားချင်တဲ့ချင်ခြင်း´ ဖြစ်သတဲ့။ သူချင်ခြင်း လင်ယောက်ျားကို ပြောပြတဲ့အခါ ယောက်ျားက `နင်ချင်ခြင်းက သေပေါက်တိုးမယ့် ချင်ခြင်ကြီးဖြစ်လို့ ငါလည်း ဘာမှမတတ်နိုင်ဘူး´ ဆိုပြီး ငြင်းတယ်။

မယားက `ရှင်ယောက်ျားဖြစ်ပြီး ဒီလောက်တောင်ညံ့ရသလား။ ရှင် မသိဘူးလား။ ဒီနိုင်ငံက ရှင်ဘုရင်ကြီးဆိုတာ ရဟန်းသံဃာကို အလွန်ကြည်ညိုတယ်။ ကဲ.... ရှင်ဘာမှငြင်းမနေနဲ့။ ကျုပ်ပြောသလို လုပ်ချေ၊ ရှင့်မှာ ကတုံးလည်း တုံးပြီးသားပဲ၊ သွား...ကျောင်းတိုက်တစ်ခုခုမှာ သံဃာတော်တွေ မသုံးတော့ဘဲ စွန့်ပစ်ထားတဲ့သင်္ကန်းအိုတစ်စုံနဲ့ သပိတ်အိုတစ်လုံး ရအောင်တောင်း၊ ပြီးရင် အဲဒီသင်္ကန်းကိုရုံ၊ သပိတ်ကိုပွေ့ပြီး နန်းတော်ထဲ သွားပေရော့။ ရှင်ဘုရင်ကြီးက သူ့ပွဲတော်အုပ်ကို လောင်းလှူလိုက်လိမ့်မယ်´ ဆိုပြီး တိုက်တွန်းလိုက်တယ်။ ယောက်ျားခမျာလည်း ခပ်ကြောက်ကြောက် ဖြစ်ပေမဲ့ မယားအကြံက ဖြစ်တော့ဖြစ်နိုင်တယ်ဆိုပြီး သူပြောတဲ့အတိုင်း လုပ်ရတော့တာပေါ့။

အချိန်ကလည်း မွန်းတည့်ခါနီးနေပြီ၊ ရှင်ဘုရင်ကြီးကလည်း သူ့အိပ်မက်အတိုင်း ရဟန္တာအရှင်မြတ်ကြီး ဆွမ်းခံကြွလာနိုးနိုးနဲ့ စောင့်နေရတာ မအောင့်နိုင်တော့ဘဲ နန်းတော်ပြတင်းနားအထိထွက်လာပြီး အပြင်ကို လှမ်းမျှော်နေတုန်းမှာပဲ.... ကိုယ်တော်ကြီးက မရိတ်တာကြာတော့ ခပ်ရှည်ရှည်ကြီး နေမှာပေါ့။ သင်္ကန်းသပိတ်တွေကလည်း အိုအိုနွမ်းနွမ်းတွေနဲ့။

ရှင်ဘုရင်က ဒီပုဂ္ဂိုလ်လည်း တွေ့လိုက်ရော `ဟေ့၊ ဟေ့ အမတ်တွေ လာကြည့်ကြစမ်း၊ ဟောဟိုက ကြွလာတဲ့ကိုယ်တော်ကြီးဟာ ဆံပင်တွေလည်း ရှည်နေပြီ၊ သင်္ကန်းသပိတ်တွေကလည်း အိုအိုနွမ်းနွမ်းနဲ့၊ ဧကန္တ တောရဆောက်တည်နေတဲ့ ရဟန္တာပုဂ္ဂိုလ်မြတ်ကြီး ဖြစ်မှာသေချာတယ်၊ ကဲ... ပွဲတော်အုပ်ကို မ, ခဲ့ကြ´ ဆိုပြီး ကိုယ်တိုင်လည်း နန်းတော်အောက် ဆင်းစောင့်နေလိုက်သတဲ့။
ကိုယ်တော်ချောကလည်း ခပ်ကြောက်ကြောက်နဲ့ ဣနြေ္ဒဆည်ပြီး ခပ်ဖြေးဖြေးလျှောက်လာလို့ နန်းတော်ရှေ့လည်းရောက်ရော ရှင်ဘုရင်ကြီးက ဝမ်းမြောက်ဝမ်းသာနဲ့ ပွဲတော်စာတွေ သပိတ်နဲ့အပြည့် လောင်းလှူလိုက်သတဲ့။

ကိုယ်တော်ကြီးလည်း ကြွသွားရော ရှင်ဘုရင်က သူ့အိပ်မက်ဘယ်လောက်ထိ မှန်သလဲဆိုတာသိရအောင် အမတ်တစ်ယောက်ကိုခေါ်ပြီး `ကိုယ်တော်ကြီးနောက်က မယောင်မလည် မျက်ခြေမပြတ် လိုက်ကြည့်စမ်း၊ ရဟန္တာမထေရ်မြတ်ကြီးတွေဆိုတာ တောရပ်မှာနေကြတာ၊ မြို့ပြင်ရောက်ရင် ဈာန်အဘိညာဉ်နဲ့ ကောင်းကင်ကို ပျံတက်ချင်တက်သွားလိမ့်မယ်´ ဆိုပြီး လိုက်ကြည့်ခိုင်းသတဲ့။

ကိုယ်တော်ကြီးက မြို့ပြင်လည်းရောက်ရော `အသက်ဘေးကတော့ လွတ်ပြီဟဲ့´ ဆိုပြီး ခပ်သွက်သွက်နဲ့ သုသာန်ဘက်ကို သုတ်ခြေတင်တော့တယ်။ အမတ်ကလည်း ခပ်သွက်သွက်နဲ့ မျက်ခြေမပြတ် လိုက်ချောင်းရတော့တာပေါ့။ သုသာန်ဇရပ်လည်း ရောက်ရော ကိုယ်တော်ကြီးက သူ့မယားကို `ကဲ... မင့်ချင်ခြင်းတော့ ရခဲ့ပြီ၊ ကံကောင်းလို့ ခေါင်းမပြတ်တာပေါ့ကွာ´ လို့ပြောရင်း သပိတ်ကို မယားလက်ထဲအပ်၊ သူလည်း အဝတ်တွေလဲပြီး သင်္ကန်းတွေကိုတော့ မြေထဲ ယက်ပြီးဖို့ ပစ်လိုက်တော့သတဲ့။

ဒါကို အစအဆုံးမြင်နေရတဲ့ အမတ်က--
`အင်း... ငါမြင်ရတဲ့အတိုင်းသာ ရှင်ဘုရင်ကြီးကို သံတော်ဦးတင်လိုက်ရင် ရှင်ဘုရင်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတဲ့ သူ့စေတနာတွေ ပျက်သွားမယ်။ ဒီသူတောင်းစား လင်မယားလည်း ဇက်ပြတ်ကုန်တော့မှာပဲ´ လို့တွေးပြီး အဆင်ပြေအောင် သံတော်ဦးတင်ဖို့ စဉ်းစားရင်း နန်းတော်ကို ပြန်လာတယ်။

မြန်မာတွေ အမှတ်အပြော မှားနေတဲ့ စကားပုံတစ်ခုရှိတယ်။ `မုသားမပါ၊ လင်္ကာမချော´ ဆိုတာပေါ့။ အမှန်က `မုတမပါ လင်္ကာမချော´ လို့ ဆိုတာပါ။ `ဒိဋ္ဌ၊ သုတ၊ မုတ´ ဆိုတာ ရှိတယ်။
ဒိဋ္ဌ - ဆိုတာ မျက်ဝါးထင်ထင် မြင်ရတာ။
သုတ - ဆိုတာ နားနဲ့ ဆတ်ဆတ်ကြားရတာ။
မုတ - ဆိုတာကတော့ အဲဒီမြင်ရကြားရတာကို အချိန်အခါ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် အသုံးချဖို့ နှိုင်းယှဉ် စဉ်းစားတာကို ပြောတာပါ။
` အဲဒီ မုတ ပါမှ အဆင်ပြေချောမွေ့မယ်´ လို့ ဆိုလိုတဲ့ စကားပုံပါ။

အခုလည်း အမတ်က အဆင်ပြေချောမွေ့အောင်၊ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်အောင် ဘယ်လိုလျှောက်တင်ရမလဲလို့ စဉ်းစားနေတာ။ နန်တော်ပြန်ရောက်တော့ ရှင်ဘုရင်ကြီးက ပွဲတော်တောင် မတည်နိုင်သေးဘူး။ သူလွှတ်လိုက်တဲ့ အမတ်ပြန်အလာကို မျှော်ရင်းစောင့်နေတာ။ အမတ်လည်း ပြန်ရောက်လာရော သံတော်ဦးတင်တာကိုတောင် မစောင့်နိုင်တော့ဘူး၊ `ဘယ့်နှယ်လဲ အမတ်ကြီး၊ ငါ ကိုယ်တော် အိပ်မက်မြင်တဲ့အတိုင်း အမှန်ပဲမဟုတ်လား´ ဆိုပြီး အလောတကြီး မေးတော့တာပဲ။

အမတ်ကြီးက `မှန်လှပါ၊ အရှင်မင်းကြီးအမိန့်တော်အတိုင်း ဘုရားကျွန်တော်မျိုး မျက်ခြေမပြတ် လိုက်ကြည့်တဲ့အခါ သုသာန်ဇရပ်လည်း ရောက်ရော သင်္ကန်းရောင် ပျောက်သွားပါတယ် ဘုရား´ လို့ သံတော်ဦးလည်း တင်လိုက်ရော ရှင်ဘုရင်ကြီးက ဝမ်းသာအားရနဲ့ `ငါဟဲ့ယောက်ျား၊ လောကမှာ ငါလို ရဟန္တာအစင်စစ်ကို ဆွမ်းလောင်းလှူခွင့် ရတဲ့လူ ခုအချိန်မှာ ဘယ်သူရှိနိုင်သေးတုံး´ ဆိုပြီး လက်ခမောင်းခတ် ဝမ်းသာနေလိုက်တာ အဲဒီ တစ်နပ် ပွဲတော်တောင် မတည်နိုင်တော့ဘူးတဲ့။

အဲဒီနေ့ညနေစောင်းမှာပဲ တခြားပြည်နယ်တစ်ခုက ဆင်ဖမ်းသမားတွေက ဆင်ဖြူတော်တစ်ကောင် ရလို့ဆိုပြီး ရှင်ဘုရင်ကြီးကို လာဆက်သတဲ့။ အဲဒီရှင်ဘုရင်ကြီးလည်း ဆင်ဖြူရှင်မင်းတရားကြီးအဖြစ် ထင်ရှားသွားသတဲ့။ `မုတပါလို့ လင်္ကာချော´ သွားတဲ့ သဘောလို့လည်း ယူဆနိုင်မယ်ထင်ပါတယ်။

ဒီနေရာမှာ ပြောလိုရင်းကတော့ ဗုဒ္ဓဘာသာဝင် တော်တော်များများကပဲ အလှူတစ်ခုအကျိုးကြီးဖို့ဆိုတာ `အလှူခံပုဂ္ဂိုလ် မြင့်မြတ်ဖို့ အရေးကြီးတယ်´ ဆိုပြီး အလှူခံပုဂ္ဂိုလ်မြတ်၊ မမြတ် ရွေးချယ်တတ်ကြသူတွေ များနေတယ်။ ပါရမီတော်အရပြောရင်....
`ပုဂ္ဂိုလ်ယုတ်မြတ် ရွေးချယ်လှူတဲ့ဒါနဟာ ပါရမီမမြောက်ဘူး´ လို့ ဆိုပါတယ်။ (မြန်မာလိုကြည့်ချင်ရင် တိပိဋကဆရာတော်အရှင် သုမင်္ဂလာလင်္ကာရ ရေးတဲ့ `ပါရမီ´ ဆိုတဲ့ စာအုပ်မှာကြည့်ပါ။)
မြတ်စွာဘုရားကလည်း `စေတနာ ဟံ ဘိက္ခဝေ ကမ္မံဝဒါမိ = ပေးလှူပြု လုပ်သူရဲ့ စေတနာကိုသာ ကံလို့ ငါဘုရား ဆုံးမတယ်´ လို့ မိန့်ကြားထားပါတယ်။

အခုပြောခဲ့တဲ့ ဆငိဖြူရှင်မင်းကြီးဆိုတာကလည်း `ဒါဟာ ဒဏ္ဍာရီတွေပါ၊ ဟုတ်ချင်မှ ဟုတ်မှာပါ´ လို့ သံသယဖြစ်သူလည်း ရှိကောင်းရှိနေဦးမယ် ထင်ပါတယ်။
ခိုင်မာထင်ရှားတဲ့ သာဓကတစ်ခုအဖြစ်နဲ့ ဝေဿန္တရာမင်းကြီးရဲ့ သားတော်၊ သမီးတော်တို့ကို လှူဒါန်းတဲ့အလှူပွဲကို အသေအချာ လေ့လာကြည့်ပါ။ ဒီအလှူပွဲဟာ ကြီးကျယ်မြင့်မြတ်လွန်းတဲ့အတွက် မြေကြီးကတောင် သာဓုခေါ်သည့်အလား သိမ့်သိမ့်တုန်အောင် ခုနစ်ကြိမ်လှုပ်တယ်လို့ ဆိုပါတယ်။ ဒီအလှူပွဲမှာ အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ ဇူဇကာပုဏ္ဏားကြီးဆိုတာကတော့ အသက်ကြီးကြီးမှ မယားငယ်ငယ်လေးကို ယူထားတဲ့ ကိလေသာအိုး အလှူခံဆိုးကြီးဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်။

ကဲ.... ဒီလောက်ဆို သံဃာကို ကြည်ညိုတတ်အောင် ဘယ်လိုစိတ်ထားရမယ်ဆိုတာလည်း သဘောပေါက်လောက်ပါပြီ။
ကုသိုလ်ဖြစ်အောင် စိတ်ထားတတ်ကြပါစေ။

ဆရာတော် ဓမ္မဘေရီ အရှင်ဝီရိယ
(တောင်စွန်း)

[အလင်းတန်း ဂျာနယ်]

No comments:

Post a Comment