ငယ်ပုံအစည်းအဝေးစားပွဲရဲ့ထိပ်မှာ
ဗိုလ်ချုပ်ထိုင်တယ်။
ဘယ်ဘက်မှာ ဦးရွှေဘော်၊ ဦးဘဂျမ်း
၊ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီး အစဉ်အတိုင်းထိုင်တယ်။
ညာဘက်မှာ သခင်မြ၊ ဦးရာဇတ်၊
ဒီးဒုတ်ဦးဘချို၊ ဦးဘ၀င်း၊ မန်းဘခိုင် အစဉ်အတိုင်းထိုင်တယ်။ လူသတ်သမားတွေရောက်မလာခင်
၃၊၄မိနစ်လောက်မှာ တတိယအတွင်းဝန် ဦးအုန်းမောင်ရောက်လာတယ်။
သယ်ယူပို့ဆောင်ရေးစီမံကိန်းတစ်ခုကို
တင်ပြဖို့ပဲ။ အမှန်က ဦးကြင် လာရမှာ။
ဦးအုန်းမောင်က တခြားကိစ္စရှိနေလို့ ဦးကြင်ကိုခွင့်တောင်းပြီး အရင်ဝင်လာတာ။
တံခါးစောင့်ကိုတွန်းဖယ်၊ တံခါးကိုဆောင့်တွန်းပြီး စစ်ဝတ်နဲ့ သုံးလေးယောက် သေနတ်တွေနဲ့ ၀င်လာတာကိုမြင်မြင်ချင်း ဦးဘဂျမ်းက တွေးလိုက်သေးတယ်။ (အရေးကြီးကိစ္စသတင်းပို့ဖို့ဖြစ်မယ်၊ ၀န်ကြီးတွေအစည်းအဝေးလုပ်နေတာတောင် သေနတ်ကိုအပြင်မှာမထားခဲ့ဘူး၊ နားလည်မှုမရှိတဲ့ရဲဘော်တွေပဲ)တဲ့။

အတွေးမဆုံးသေးဘူး စားပွဲအလယ်မှာ
ခြေစုံရပ်ပြီး ဗိုလ်ချုပ်ကို စပစ်တယ်။
ဦးရွှေဘော်နဲ့ ဦးမြက ပြတင်းပေါက်ကိုကျော်ပြီး အစည်းအဝေးခန်းနဲ့ ကပ်လျက် ဦးရွှေဘော်ရုံးခန်းကို ထွက်ပြေးလွတ်မြောက်သွားတယ်။

ဦးဘဂျမ်းက ချက်ချင်းဝပ်ချလိုက်ပြီး
ဦးအောင်ဇံဝေကိုလည်း ဆွဲချလိုက်တယ်။
ဗိုလ်ချုပ်နဲ့ သခင်မြတို့ဘက်ကို အားရပါးရပစ်ပြီးမှ ဦးဘဂျမ်းတို့ ၀ပ်နေတဲ့ဘက်ကို ပစ်တယ်။ ဦးဘဂျမ်းရဲ့ ညာဘက်လက်သူကြွယ်ထိပ်ကိုပဲ ထိတယ်။

ဗိုလ်ချုပ်ကို စပစ်တော့ ထိုင်ရာကထပြီး
လက်ကာပြတယ်၊ တစ်ခုခုအော်ပြောတယ်။ ဘာပြောမှန်းမကြားလိုက်ရဘူး။
ထိုင်နေရာကနေ ညာဘက်အနောက်နားက
သူ့ရုံးစားပွဲကို သွားတယ်။
ဆက်မလျှောက်နိုင်ဘဲ စားပွဲနှစ်ခုကြားမှာ ကျဆုံးသွားတယ်။
မိုင်းပွန်စော်ဘွားကြီးက ထိုင်လျက်သားနဲ့စားပွဲပေါ်ကို လက်ထောက်ပြီး ကျဆုံးတယ်။
ဦးဘ၀င်း နဲ့ မန်းဘခိုင် တို့ကတော့ နေရာမှာပဲ ထိုင်လျက်သား ခေါင်းငိုက်စိုက်နဲ့ ကျဆုံးတယ်။

ဦးရာဇတ် နဲ့ ဒီးဒုတ်ဦးဘချိုတို့က
နည်းနည်းလေး လှုပ်ရှားနေသေးတယ်။
ဦးအုန်းမောင် ဘယ်လိုပုံစံကျဆုံးသလဲ သေချာမသိရပါ။
သခင်မြက သူထိုင်တဲ့နေရာရဲ့ ကြမ်းပြင်ပေါ်မှာ ကျဆုံးတယ်။ ရဲဘော်ကိုထွေးကတော့ လူသတ်သမားတွေပြန်အဆင်း လှေကားရင်းမှာ တွေ့ပြီး ကျဆုံးတယ်။

ဟိန်း Heinn FiveStrings
(နိုင်ငံတော်လုပ်ကြံမှုကြီးအကြောင်း ဦးဘဂျမ်းနှင့် ဦးအောင်ဇံဝေ ပြန်လည်ပြောပြချက်မှ ကောက်နှုတ်သည်)

No comments:
Post a Comment