"၀ါဆို” ၏အနက်အဓိပ္ပာယ်ကား “၀ါ” (=ပါဠိ-၀ါသ) သည် နေခြင်းဖြစ်လေ၏။ “ဆို” မှာ ရွတ်ဆိုခြင်း၊ ကတိပေးခြင်း ဖြစ်လေ၏။ ရဟန်းသံဃာတော်များသည် ရောက်ဆဲ မိုးတွင်းသမယဖြစ်သော ဤသုံးလတာ ကာလအတွင်း အခြားတစ်ပါးသို့ အကြောင်းမဲ့ မသွားကြတော့ပါ။ မိမိတို့ ကျောင်းအရံ အတွင်းမှာပင် နေထိုင်သီတင်းသုံးပါမည်ဟု မြတ်စွာဘုရား ရှေ့တော်မှောက်၌- “ဣမသ္မိ ၀ိဟာရေ၊ ဣမံ တေမာသံဝဿံ ဥပေမိ…” ဟူ၍ ရွတ်ဆို ကတိပေးခြင်း ပြုကြရသော အခါသမယဖြစ်လေ၏။
ဤ၀ါတွင်း(၃)လတွင် အပြင်ခရီး ညဥ့်အိပ် ညဥ့်နေ မထွက်ကြရ၊ ကျောင်းပရ၀ုဏ် အတွင်းမှာသာလျှင် ခြိုးခြံဝါဆိုကြရသော အစလပင် ဖြစ်လေ၏။ ယင်းမှ - ၀ါဝင်၊ ၀ါခေါင်၊ ၀ါကပ်၊ ၀ါပြတ်၊ ၀ါကျိုး၊ ၀ါပန်၊ ၀ါကျွတ်…စသည့် ဝေါဟာရများ ဆင့်ပွားပေါ်ထွန်း၍ လာခဲ့လေ၏။
ပုဂံခေတ် ကျောက်စာများ၌ ဤလကို မလွယ်တာ၊ မြွယ်တာ၊ နွယ်တာ၊ နွေတာဟူ၍ အမျိုးမျိုးခေါ်ဝေါ် ကမ္ဗည်းရေးထိုးခဲ့ကြလေ၏။ မြွယ်တာသည် နွေတာ၊ နွယ်တာနှင့် မလွယ်တာတို့မှ ရွေ့လျောလာခြင်းဖြစ်ကြောင်း ယူမှတ်ကြလေ၏။ မြွယ်= လယ်မြေ၊ တာ= တိုင်းတာခြင်းဖြစ်၍ မြွယ်တာလမှာ လယ်မြေများကို တိုင်းတာသော အခါသမယဟု အနက်ရလေ၏။ ထို့အပြင် နွေ= နွေရာသီ၊ တာ(=အတီတ)- လွန်ပြီးသောလဖြစ်၍ နွေတာလ(=နွယ်တာလ)မှာ နွေရာသီမှ လွန်ခဲ့ပြီးဖြစ်သော မိုးအခါသမယလဖြစ်ကြောင်း ဆိုမိန့်ကြလေ၏။ ၀ါဆိုလသည် စတုတ္ထမြောက် မြန်မာလဖြစ်၍ နွေတစ်ပိုင်း မိုးတစ်ပိုင်း လရာသီဖြစ်ကာ ဇွန်လနှင့် ဇူလိုင်လတွင် ကျရောက်သည်။
ဝါဆိုလပြည့်နေ့ကား မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်ခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာများကို ပြသတော်မူခြင်းဟူသော ထူးခြားသည့်နေ့ဖြစ်သည်။ ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် ရဟန်းသံဃာများ ပုရိမ၀ါကပ်ဆိုတော်မူကြသည်။ ထို့ကြောင့် ၀ါဆိုလကို လထူးလမြတ်အဖြစ် သတ်မှတ်ထားကြသည်။
ရှေးမြန်မာဘုရင်များသည် ဗုဒ္ဓသာသနာတော် တိုးတက်စည်ကားပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များကို ရရှိရေးဟူသော ရည်ရွယ်ချက်နှစ်ရပ်တို့ကို အကြောင်းပြု၍ ၀ါဆိုလတွင် ပဉ္စင်းခံ ရှင်ပြုပွဲတော်ကြီးကို ရာသီပွဲတော်အဖြစ် ကျင်းပသည်။
ဝါဆိုလပြည့်၌ဖြစ်စေ၊ လပြည့်ကျော် ၁ရက်နေ့၌ဖြစ်စေ၊ ၀ါဆိုလတွင် ဖူးပွင့်ကြသည့် ပုန်းညက်ပန်း စသော ပန်းမျိုးစုံတို့ကို စေတီပုထိုးများသို့ သွားရောက်လှူဒါန်းရန် ၀ါဆိုပန်းခူးထွက်သည့် ယဉ်ကျေးမှုဓလေ့တစ်ရပ်လည်း ပေါ်ပေါက်ခဲ့သည်။
အချို့က သံဃာတော်များ ၀ါဆိုသည့်အခါ ပူဇော်ကပ်နိုင်ရန် ၀ါဆိုပန်းနှင့် ၀ါဆိုဖယောင်းတိုင်ကြီးများကို ဘုန်းတော်ကြီးကျောင်းများ၌ လှူဒါန်းကြသည်။ ထို့အပြင် သင်္ကန်းများကိုလည်း ကပ်လှူကြသည်။ ၀ါဆိုတော့မည့် သံဃာတော်များအား ၀ါဆိုလဆန်း၌ပင် လှူဒါန်းကြသည့် သင်္ကန်းဖြစ်သောကြောင့် “၀ါဆိုသင်္ကန်း” ဟုခေါ်ကြသည်။
ဤသို့လျှင် ၀ါဆိုလ- ဟူသည်ကား- မိုးရေတို့ဖြင့် ဖွေးဖွေးဖြူ၍ ပုန်းညက်နှင့် မြတ်လေးပန်းတို့လည်း လန်းဆန်းဝေဆာသည်။ သာသနာရေးအရလည်း ထူးခြားသော ဗုဒ္ဓ၀င်မှတ်တိုင်ကြီးများကို စိုက်ထူခဲ့ရာ ၀ိသေသထူးသော လမြတ်အခါပင် ဖြစ်ပါတော့တည်း။
(မှတ်ချက်။ ပြည်ထွန်းရွှေရေးသားသော မြန်မာလများနှင့်စပ်လျဉ်း၍ စာအုပ်နှင့် မြတ်မင်းလှိုင် ရေးသားသော မြန်မာ့ရိုးရာ ၁၂လရာသီပွဲတော် စာအုပ်များမှ ကောက်နှုတ်ဖော်ပြပါသည်။)
Royal Hero Media
No comments:
Post a Comment